← Chapters

အခန်း ၁၅၂

Vol. 12 Ch. 152

အခန်း ၁၅၂

Vol. 12 Ch. 152

အခန်း (၁၅၂) ကူချင်အတတ်ကို တစ်ခုနှစ်ခုတော့ သိထားပါတယ်

ချမ်ချန်ကန်းသည် မျက်စိမှိတ်ကာ မိန်းကလေးများ၏ ပြုစုမှုကို ခံယူနေစဉ် သူ၏စိတ်ထဲမှာ ရုတ်တရက် အေးစိမ့်သော ခံစားချက်တစ်ခုကို ရလိုက်သည်။ စိတ်ထဲက ရေရွတ်လိုက်မိသည်။

*ငါ့ကို အမြဲတမ်း အန္တရာယ်ပြုချင်တဲ့သူတွေ ရှိနေတာပဲ။ ဘယ်သူကများ ငါ့ကို ရန်စချင်နေသေးတာလဲ*

ထိုအခိုက် မိန်းကလေးတစ်ယောက်၏ တိုးညင်းသော အသံက သူ့နားထဲ ရောက်လာခဲ့သည်။

“သခင်လေး”

“ဘာဖြစ်လို့လဲ”

ချမ်ချန်ကန်းက မျက်လုံးဖွင့်ပြီး ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ ယန်ယွီမျှော်စင်တွင်ရှိသော လူတိုင်းနီးပါးက သူ့ကိုကြည့်နေကြသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ကြည့်ရှုသူများ၏ မျက်လုံးများထဲမှာ အေးစိမ့်သော အလင်းတန်းများက သူ့ကို စားမတတ် ဝါးမတတ် စိုက်ကြည့်နေကြသည်။

သူတို့၏ စိတ်ထဲတွင် ဤကဲ့သို့ သာမန်လူတစ်ယောက်က လှပခန့်ညားသောသူတောင် မဟုတ်ဘဲနဲ့ မိန်းကလေးမိန်နျင်၏ ကူချင်တီးခတ်မှုရဲ့ အားနည်းချက်ကို ဘယ်လိုလုပ် ထောက်ပြနိုင်မှာလဲဟု တွေးနေကြခြင်း ဖြစ်သည်။

သူတို့က မယုံကြည်ကြပေ။ သူတို့၏ အမြင်တွင် ချမ်ချန်ကန်းကဲ့သို့သောသူက မိန်နျင်ကို အကြံပေးရန် ကြိုးစားခြင်းက မိန်နျင်အပေါ် စော်ကားခြင်းသာ ဖြစ်သည်ဟု ယူဆကာ ဤလူ့ကို ကောင်းကောင်းပညာပေးရမည်ဟု တွေးနေကြခြင်း ဖြစ်သည်။

ချမ်ချန်ကန်းက ချောင်းနှစ်ချက်ဟန့်ကာ တည်ငြိမ်သော အမူအရာဖြင့် ဘာဖြစ်နေတာလဲဟု ဘေးနားတွင် ရှိသော မိန်းကလေးကို မေးလိုက်သည်။ သူက စောစောက မိန်းကလေးများ၏ ပြုစုယုယမှုကို ခံကာ ဇိမ်ခံနေသဖြင့် မိန်နျင်ပြောသည့် စကားများကို မကြားလိုက်ရပေ။

“သခင်လေး...၊ မိန်နျင်က သခင်လေးကို ကြည့်နေတာပါ”

“ငါ့ကို ကြည့်နေတာ ဟုတ်လား”

ချမ်ချန်ကန်းက အံ့အားသင့်သွားပြီး သူ၏ မေးစေ့ကို ပွတ်ကာ တွေးလိုက်သည်။

*ငါက အရမ်းပေါ်လွင်ခြင်းမရှိဘဲ အေးအေးဆေးဆေး နေနိုင်ဖို့ ‘အမှတ်ပြည့်အထူးလုပ်ဆောင်ချက်’ကိုတောင် သုံးထားတာပဲ။ ဒါတောင်မှ ငါ့ရဲ့ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်သေးပါလား။*

ချမ်ချန်ကန်းက သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ သို့သော် ဘေးနားက မိန်းကလေးက တိုးတိုးလေး ထပ်ပြောလာသည်။

“သခင်လေး...၊ မိန်နျင်က သူမရဲ့ကူချင်အတတ်မှာ အားနည်းချက်တွေရှိရင် သခင်လေးက ထောက်ပြနိုင်ပါတယ်လို့ ပြောနေတယ်။ ပြီးတော့ သခင်လေးဆီက အကြံဉာဏ်ယူချင်တဲ့ပုံပဲ”

ချမ်ချန်ကန်းက ဆွံ့အသွားသည်။ သူက မှားယွင်းတွေးတောမိခြင်းသာ ဖြစ်ပုံရသည်။ သူသည် ယခင်ဘဝက ကူချင်အတတ်ကို အနည်းငယ်သာ လေ့လာခဲ့ဖူးသော်လည်း မိန်နျင်ကို သင်ကြားပြသပေးရန် အဆင့်တော့ မစွမ်းဆောင်နိုင်သေးပေ။ သူက ခြောက်ကပ်ကပ်ဖြင့် အနည်းငယ် ရယ်မောပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“မိန်နျင်ရဲ့ ကူချင်အတတ်က တကယ့်ကို ထူးကဲလွန်းပါတယ်။ ကျွန်တော့်ဘက်က ထောက်ပြနိုင်စရာ ဘာမှမရှိပါဘူး”

မိန်နျင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“ကျွန်မ ကူချင်တီးနေတုန်းက သခင်လေးရဲ့ မျက်နှာပေါ်မှာ မကျေနပ်တဲ့ အရိပ်အယောင်တွေကို မြင်တွေ့ခဲ့ရတယ်။ သခင်လေးမှာ တစ်ခုခု ထင်မြင်ချက်ရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်မကို လမ်းညွှန်ပေးပါဦး”

ချမ်ချန်ကန်းက စကားမပြောနိုင် ဖြစ်သွားသည်။ သူက မကျေနပ်ခြင်း မဟုတ်ဘဲ ပျင်းနေ၍ စိတ်မဝင်စားသည့် အမူအရာသာ ပြမိခြင်းဖြစ်သည်။

ချမ်ချန်ကန်း ဘာမှမပြောသည်ကို မြင်သောအခါ မိန်နျင်က ပြုံးလိုက်ပြီး တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အကယ်၍ သခင်လေးသာ ကျွန်မကို လမ်းညွှန်မှုပေးနိုင်မယ်ဆိုရင် ဒီည သခင်လေးက ကျွန်မနဲ့အတူ တစ်ညတာ ကုန်ဆုံးဖို့ ရွေးချယ်နိုင်ပါတယ်”

ထိုစကား ထွက်လာသည်နှင့် ပရိသတ်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ချမ်ချန်ကန်းသည် မရေတွက်နိုင်သော ကျင့်ကြံသူများ၏ သက်ပြင်းချသံများနှင့် နှလုံးကွဲကြေသံများကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

*မိန်နျင်က ဒီလိုမျိုး သာမန်လူတစ်ယောက်ကို ညအိပ်အဖော်အဖြစ် ရွေးချယ်ချင်တာလား*

ချမ်ချန်ကန်းသည် မိန်နျင်ပြောသည့် တစ်ညတာ ကုန်ဆုံးခြင်းဆိုသည်မှာ ဘာကိုဆိုလိုသည်ကို လူကြီးတစ်ယောက်အနေဖြင့် နားလည်ပေသည်။ သို့သော် သူသည် ထိုကဲ့သို့သောလူစား မဟုတ်ပေ။ သူက ဖေးရှန့်တောင်သို့ ပြန်ရဦးမည်ဖြစ်သည်။

တကယ်တမ်း အရေးကြီးဆုံးအချက်မှာ ကူချင်တီးရုံမှလွဲ၍ မိန်နျင်၏ အာနည်းချက်ကို သူ အမှန်တကယ် မထောက်ပြနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ခပ်လျော့လျော့လေး ပြုံးကာ ပြောလိုက်သည်။

“မိန်နျင်ရဲ့ လက်ရာက အံ့မခန်းပါပဲ။ ငါ့မှာ တကယ်ပဲ ထောက်ပြစရာ မရှိပါဘူး”

“ဒါဆို သခင်လေးက ကူချင်တီးတတ်တယ်ပေါ့ ဟုတ်လား”

“အနည်းနဲ့အများတော့ သိပါတယ်”

မိန်နျင်၏ မျက်လုံးများက တောက်ပသွားပြီး ထပ်မေးလိုက်သည်။

“ဒါဆို သခင်လေး တစ်ပုဒ်လောက် တီးခတ်ပေးနိုင်မလား”

ချမ်ချန်ကန်းက ခေါင်းခါယမ်းပြီး ငြင်းဆန်လိုက်သည်။

“မကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ လူကြားထဲမှာ အရှက်မကွဲချင်ဘူး”

မိန်နျင် ဆွံ့အသွားရပြန်သည်။ ဤမျှ သာမန်ဆန်သော သခင်လေး၏ ငြင်းပယ်ခြင်းကို ထပ်ခါတလဲလဲ ခံလိုက်ရသဖြင့် သူမ၏ ဆွဲဆောင်မှုအပေါ် ပထမဆုံးအကြိမ် သံသယဝင်သွားမိသည်။ မိန်နျင်သည် ချမ်ချန်ကန်းကို စိတ်ဆိုးသလို စိုက်ကြည့်လိုက်မိသည်။

ထို့နောက် သူမက ချမ်ချန်ကန်း၏ စိတ်ကို ရှုပ်ထွေးစေရန် အင်မော်တယ်နည်းစနစ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပေသည်။ ချမ်ချန်ကန်းကို ဘယ်လိုလုပ် စကားပြောခွင့်ပေးနိုင်မည်နည်း။ ချမ်ချန်ကန်းက သူမ၏ ကူချင်စွမ်းရည်၏ အားနည်းချက်ကို ထောက်ပြနိုင်မလားဆိုတာ ကြည့်ချင်မိသည်။

သို့ပေမဲ့ ထိုအချိန်၌ ယန်ယွီမျှော်စင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အေးစက်သော အရှိန်အဝါများ ပျံ့နှံ့သွားကာ သရဲများနှင့် ဝံပုလွေများ၏ လှိုက်လှိုက်လှဲလှဲ အော်ဟစ်နေသော စူးရှအသံများက ဟွာလုံမြို့တစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့သည်။

မိန်နျင်က မျက်မှောင်ကြုတ်လိုက်မိသည်။

“အဲဒါက စန်းလော့နယ်မြေရဲ့ အငွေ့အသက်ပဲ”

ထို့နောက် မိန်နျင်က ချမ်ချန်ကန်းကို တစ်ချက်ကြည့်ကာ ကူချင်ကိစ္စကို ဘေးဖယ်ထားလိုက်တော့သည်။ သူမသည် နတ်ဘုရားအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ယန်ယွီမျှော်စင်မှ ထွက်ခွာသွားတော့သည်။

All Chapters