အခန်း ၁၅၄
Vol. 12 Ch. 154
အခန်း (၁၅၄) စွမ်းရည်ကို ရှာဖွေတွေ့ရှိခြင်းနှင့် နှလုံးကြေကွဲဖွယ်ရာ အဖြစ်အပျက်
“သောက်ကျိုးနည်း... ပြင်ပလောကက တကယ့်ကို အန္တရာယ်များတာပဲ။ သတိမထားမိရင် ကပ်ဘေးဆိုက်တော့တာပဲ။ ကံကောင်းထောက်မစွာပဲ ဒါက ကိုယ်ပွားဖြစ်နေလို့”
ချမ်ချန်ကန်းသည် ယန်ယွီမျှော်စင်ထဲ၌နေပြီး ပြင်ပက လှုပ်ရှားမှုများကို နားထောင်ရင်း မကျေမနပ် ညည်းတွားနေမိသည်။ ထို့နောက် အပြင်ဘက်က အခြေအနေကို လှမ်းကြည့်လိုက်သည်။ ယနေ့ ဟွာလုံမြို့သည် ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်နေပြီး တစ်မြို့လုံးတွင်ရှိသော သက်ရှိအားလုံး တစ္ဆေများ၏ လက်ချက်ကြောင့် သေကြေပျက်စီးရတော့မည့် အခြေအနေဖြစ်နေသည်။
စင်မြင့်ထက်က ကူချင်အရှေ့တွင် အပြင်က အသံများကို နားထောင်ရင်း ချမ်ချန်ကန်းက မတ်မတ်ထိုင်ကာ သူ့ရှေ့တွင်ရှိသော ကူချင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
“တကယ်လို့ ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး။ ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးပြီး ဖေးရှန့်တောင်ကိုပဲ ပြန်တော့မယ်”
ချမ်ချန်ကန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ဝူး... ဝူး...”
ယန်ယွီမျှော်စင်၏ အပြင်ဘက်၌ တစ္ဆေများ၏ အော်သံများက ထွက်ပေါ်နေသည်။ တံခါးကြီး ပွင့်ထွက်သွားပြီး တစ္ဆေဒါဇင်ကျော်က ချမ်ချန်ကန်း၏ အငွေ့အသက်ကို ခံစားမိပုံရကာ ခန်းမထဲသို့ အတင်းတိုးဝင်လာခဲ့သည်။
ချမ်ချန်ကန်းက ခေါင်းမော့ကာ ထိုတစ်ဒါဇင်လောက်ရှိသော တစ္ဆေများကို စိုက်ကြည့်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“ငါက မိန်းမပျိုလေးတွေရှေ့မှာပဲ ငါ့ရဲ့ကူချင်ပညာကို ပြချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ မိန်းကလေးတွေမရှိတော့ဘူးဆိုတော့ မင်းတို့လို တစ္ဆေသရဲတွေ ရှေ့မှာပဲ ငါ့ရဲ့ပညာကို ပြရတော့တာပေါ့”
ပြောပြီးသည်နှင့် ချမ်ချန်ကန်းသည် ကူချင်ကြိုးများကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ထိတွေ့လိုက်ရာ ရင်းနှီးမှုနှင့် စိမ်းသက်မှု ခံစားချက်နှစ်ခု သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူယခင်ဘဝက တီးခဲ့ဖူးသော ကူချင်တီးလုံးများက သူ၏စိတ်ထဲပေါ်လာပြီး ပြိုင်ဘက်ကင်းနယ်မြေစနစ်၏ လုပ်ဆောင်ချက်ကို သူက အသုံးပြုလိုက်သည်။
ပထမတစ်ခုမှာ အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ‘အမှတ်ပြည့်အထူးလုပ်ဆောင်ချက်’ ဖြစ်သည်။
“ဒင်...”
ချမ်ချန်ကန်းက ကူချင်များကို တီးခတ်လိုက်သည့်အခါ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကျယ်လောင်ပြီး အားမာန်ပါကာ နှလုံးသားကိုပင် ထိခိုက်စေခဲ့သည်။
သာမန်ကူချင်တစ်ခုထဲမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ မဟာတာအို၏ စွမ်းအားသည် ထိုအခိုက်အတန့်၌ အမြင့်မြတ်ဆုံး သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ပေါက်ကွဲထွက်လာတော့သည်။
ထိုတစ္ဆေဒါဇင်ကျော်သည် မူလက စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ထိုသတ်ဖြတ်ခြင်း အသံလှိုင်းအောက်၌ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ဆွဲဖြဲခံလိုက်ရသလို နာကျင်မှုကို ခံစားလိုက်ရပြီး ခဏချင်းမှာပင် ပြာအဖြစ်သို့ ကြွေလွင့်သွားတော့သည်။
ချမ်ချန်ကန်း ခေါင်းမော့ကြည့်လိုက်သောအခါ တစ္ဆေဒါဇင်ကျော်လောက် ပြာဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများက အရောင်တောက်ပလာခဲ့သည်။
“ငါ ယခင်ဘဝက သင်ထားခဲ့တဲ့ ကူချင်တီးလုံးက စိတ်မြေပြင်မှာ သတ်ဖြတ်ခြင်း သီချင်းတစ်ပုဒ်ပဲ။ ‘အမှတ်ပြည့်အထူးလုပ်ဆောင်ချက်’နဲ့ အစစ်အမှန်တာအိုရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီတစ္ဆေတွေကို တကယ်ပဲ ထိခိုက်စေနိုင်တာပဲ”
ချမ်ချန်ကန်းက အံ့အားသင့်သွားသည်။ သူက ပြိုင်ဘက်ကင်းနယ်မြေစနစ်၏ လုပ်ဆောင်ချက်များကို ဆက်လက်ရှာဖွေခြင်းဖြင့် ပိုမိုထိရောက်သော အကျိုးသက်ရောက်မှုများကို ရရှိနိုင်ခဲ့ပုံရသည်။
ကူချင်တီးခြင်းက အလုပ်ဖြစ်မှတော့ ဟွာလုံမြို့ကို ကယ်တင်ရန် နည်းလမ်းကို ချမ်ချန်ကန်းက တွေ့ရှိသွားသဖြင့် သူက တုံ့ဆိုင်းမနေတော့ပေ။ ဤအခိုက်အတန့်၌ သူက စနစ်၏ လုပ်ဆောင်ချက်နှစ်ခုစလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
“ဒင်... ဒင်... ဒင်... ဒင်… ဒင်…”
ပြင်းထန်လှသည့် တီးလုံးသံများ ထွက်ပေါ်လာခဲ့သည်။ သာမန်ကူချင်လေးမှာ အစစ်အမှန်တာအိုလုပ်ဆောင်ချက် စွမ်းအား၏အောက်၌ အဖိုးမဖြတ်နိုင်သော ပြိုင်ဘက်ကင်းကူချင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ချမ်ချန်ကန်း၏ လက်ချောင်းများအောက်၌ ထွက်ပေါ်လာသော ကူချင်သံများက ယန်ယွီခန်းမမှတစ်ဆင့် တစ်မြို့လုံးကို ပျံ့နှံ့သွားတော့သည်။
ဘာကြောင့်မှန်းမသိ သူ ကူချင်မတီးသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း ယခု တီးခတ်စဉ်မူ သူ့၌ စိမ်းသက်မှုကို လုံးဝမခံစားရပေ။ “စစ်သည်တစ်သိန်းဖြင့်ဝန်းရံခြင်း”ဟူသော ဤတေးသွားသည် သူနှင့်တစ်သားတည်းဖြစ်နေသကဲ့သို့ အကြိမ်ပေါင်းထောင်ချီ တီးခတ်ဖူးသကဲ့သို့ ခံစားနေရသည်။ ဤခံစားချက်သည် ယခင်က ထို့ပါယဲ့ကို သင်ကြားပေးခဲ့သော အမည်မဲ့နိဗ္ဗာနသီအိုရီကဲ့သို့ပင် ရင်းနှီးနေခဲ့သည်။
“ဂီတတစ်ပုဒ်ကြောင့် အသည်းနှင့်အူများ တစ်စစီ ကြေကွဲခဲ့ရတယ်။ ငါ့ရဲ့ ရင်ကွဲဖော်ကို ဘယ်မှာရှာရမည်နည်း........”
အစပိုင်းတွင် ကူချင်သံက ညင်သာစွာ စည်းချက်ကျပြီး ကျစ်လျစ်သိပ်သည်းလာသည်။ စစ်သည်တော်ထောင်ပေါင်းများစွာ ရှေ့သို့ ချီတက်နေသကဲ့သို့ပင်။
ချက်ချင်းဆိုသလိုပင် ကူချင်သံက မြင့်မားပြီး ပြင်းထန်ကာ ရက်စက်သော ခံစားချက်မျိုး ပေးစွမ်းပြီး လေးဘက်လေးလံမှ ဝန်းရံပိတ်ဆို့ထားသော ဓားအလင်းတန်းများ၊ သွေးချောင်းစီးနေသော တိုက်ပွဲများကြား သူရဲကောင်းဆန်သော မြင်ကွင်းများကို ပေါ်လွင်စေသည်။
ထိုသတ်ဖြတ်လိုသည့် အော်ဟစ်သံများသည် ကောင်းကင်ကို တုန်ခါစေပြီး တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။ မြို့ထဲတွင် ရှိသော လူတိုင်းက ထိုပြင်းထန်လှသော ကူချင်သံကို ကြားနေရသည်။
ယန်ယွီခန်းမဘက်မှ ကူချင်သံများသည် ရေလှိုင်းလုံးများကဲ့သို့ အလိပ်လိုက် အလိပ်လိုက် ထွက်ပေါ်လာပြီး စစ်သည်တော် ထောင်နှင့်ချီသော စစ်တပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ကူချင်သံ ရောက်သည့်နေရာတိုင်းရှိ တစ္ဆေသရဲများအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤအခိုက်အတန့်၌ တစ်မြို့လုံး တိတ်ဆိတ်သွားတော့သည်။ မည်သည့်အသံမှ မကြားရတော့ချေ။ မြို့ထဲတွင် ရှိသော ကြည့်ကျန်သူများ အားလုံးက မှင်တက်သွားကြသည်။
“ဒါက ဘယ်လိုဖြစ်တာလဲ”
ထိုကြောက်မက်ဖွယ်ရာကောင်းသော တစ္ဆေများသည် ကူချင်သံ၏အောက်၌ ပျောက်ကွယ်သွားပုံရသည်။ ကူချင်သံထဲတွင် မည်သည့်စွမ်းအားမျှ မပါဝင်ဟု ထင်ရသော်လည်း တစ္ဆေများကမူ မခုခံနိုင်ကြပေ။
တကယ့်ကို ကြောက်စရာကောင်းပေသည်။ တကယ့်ကို တုန်လှုပ်စရာကောင်းလှပေသည်။
ကူချင်သံက တစ်မြို့လုံးကို ပျံ့နှံ့သွားသောအခါ တစ္ဆေသရဲများ အားလုံးက ကူချင်သံနှင့်အတူ ပျက်စီးသွားကြတော့သည်။ ဟွာလုံမြို့၏ အပြင်ဘက်တွင် မြို့ကို ဝန်းရံထားသော တစ္ဆေမြူခိုးကြီးကလည်း ကူချင်သံ၏အောက်၌ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
“ဒါ… ဒါက ဘယ်လိုဖြစ်တာလဲ”
“ငါတို့ အသက်ချမ်းသာရာရပြီ”
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ကူချင်သံပဲ။ မြို့ထဲက တစ္ဆေတွေကို သတ်ပစ်တာပဲ။ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းပဲ”
“ဟုတ်တယ်။ ဟွာလုံမြို့ထဲမှာ ပုန်းကွယ်နေတဲ့ ပညာရှင်တစ်ယောက် ရှိနေမှာ အသေအချာပဲ”
ကျင့်ကြံသူများသည် ကပ်ဘေးမှ လွတ်မြောက်လာပြီးနောက် အံ့အားသင့်ကာ တုန်လှုပ်သွားကြတော့သည်။