အခန်း ၁၅၆
Vol. 12 Ch. 156
အခန်း(၁၅၆) မှားစရာ အကြောင်းမရှိဘူး၊ သူပဲ ဖြစ်ရမယ်
စင်မြင့်ထက်တွင် လှဲလျောင်းရင်း ချမ်ချန်ကန်းတစ်ယောက် မကြုံဖူးလောက်အောင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။
“ငါ့ကို ပြုစုဖို့အတွက် အခုဆို မိန်းကလေးအယောက်နှစ်ဆယ်လောက် လိုနေပြီလို့ ငါ ခံစားနေရတယ်”
သီချင်းတစ်ပုဒ်ကို တီးခတ်ရန်အတွက် အစစ်အမှန်တာအို၏ လုပ်ဆောင်ချက်နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့ကို အသုံးပြုရသည်က ဤလောက်အထိ စိတ်စွမ်းအားများ ကုန်ခမ်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဤသည်မှာ သူ၏ကိုယ်ပွားဖြစ်သောကြောင့်လည်း ပါနိုင်ပေသည်။ ဒါ့အပြင် သူ၏ကိုယ်ပွားသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်သာရှိသေးသည် မဟုတ်ပါလား။
သို့ပေမဲ့ ယခု ယန်ယွီမျှော်စင်မှ ပြင်ပလောကဆီ ပျံ့လွင့်သွားသော ကူချင်သံမှတစ်ဆင့် ချမ်ချန်ကန်းသည် သူကိုယ်တိုင် ကူချင်သံနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူသည် ဟွာလုံမြို့တစ်ခုလုံး၏ အခြေအနေကို မြင်တွေ့လိုက်ရသည်။ ယခုဆိုလျှင် မြို့တော်တွင် ရှိသော သရဲတစ္ဆေများအားလုံး သုတ်သင်ခံလိုက်ရပြီဖြစ်ပြီး မြို့ထဲမှ သန်းနှင့်ချီသော စိတ်ဝိညာဉ် သန်းပေါင်းများစွာကို သူ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
“အရမ်း ပင်ပန်းတာပဲ၊ တကယ်ပင်ပန်းနေပြီ”
ချမ်ချန်ကန်းသည် သူ့ကိုယ်သူ အတင်းအကျပ် မတိုက်တွန်းတော့ဘဲ စင်မြင့်ထက်၌ လှဲလျောင်းပြီး အိပ်ပျော်သွားတော့သည်။ သို့ပေမဲ့ မအိပ်ခင်တော့ တစ်ခုတည်းသော နောင်တက ကျန်ရစ်ခဲ့သည်။
ဤညသည် အလွန်ဗလာနတ္ထိဖြစ်ပြီး အထီးကျန်အေးစက်ဖို့ ကံကြမ္မာပါလာပုံ ရပေသည်။ သူ၏ရင်ခွင်ထဲ၌ ပွေ့ဖက်ထားရမည့် အလှနတ်ဘုရားမလေးလည်းမရှိသလို ဖြူဖွေးသော ယုန်ပေါက်လေးများနှင့်လည်း ဆော့ကစားရန် ကံကြမ္မာမပါခဲ့ပုံရသည်။
ဟွာလုံမြို့တော်၏ ကောင်းကင်ယံထက်၌ ကူချင်သံက အတိုင်းအဆမဲ့သော စည်းချက်များ ကိန်းအောင်းနေပေသည်။ ထိုအသံများ ပျောက်ကွယ်သွားလျှင်ပင် မိန်နျင်ကတော့ မျက်စိမှိတ်ထားဆဲ ဖြစ်သည်။ အရာအားလုံးကို တိတ်တဆိတ် ခံစားကြည့်နေမိသည်။ ကူချင်သံက တောက်ပနေပြီး စည်းချက်ကလည်း တာအိုစည်းချက်များ ဝန်းရံထားသည်။
ထို့အပြင် အဆင့်မြင့်လမ်းစဉ်၏ ကူချင်သံအောက်၌ သူမ၏နယ်ပယ်ကလည်း ပို၍ပင် တိုးတက်လာပုံရသည်။ ထို့ကြောင့် သူမ၏ အသားအရေက တောက်ပလာပြီး မိန်နျင်ကို ပို၍ လှပသွားစေခဲ့သည်။
သူမ မျက်လုံး ဖွင့်လိုက်သောအခါ ထိုမျက်ဝန်းများက တောက်ပနေပြီး အရောင်ရွှန်းလဲ့နေခဲ့သည်။ သူမ၏ ကျင့်စဉ်က ဤမျှလောက် လွယ်လွယ်ကူကူနှင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်က မိန်နျင်အတွက်တော့ တကယ့်ကို အိပ်မက်တစ်ခုလို ခံစားနေရသည်။
ဟွာလုံမြို့တော်တွင် အမှန်တကယ် ပုန်းကွယ်နေသော ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ရှိနေရပေမည်။ ထိုသူသည် ကောင်းကင်ဘုံအင်မော်တယ်လျှို့ဝှက်နယ်ပယ်အဆင့် သို့မဟုတ် ထို့ထက်မြင့်သော အင်မော်တယ် သူတော်စင်တစ်ပါးတောင် ဖြစ်နိုင်ပေသည်။ ဤကဲ့သို့ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက ဤသို့နိမ့်ကျသော အောက်ဘုံ၌ ပုန်းအောင်းနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ရှဲပေါ်နှင့် ကျွမ်းမင်တို့၏ အော်ဟစ်သံများက ရပ်တန့်သွားခဲ့သည်။ သူတို့၏ အသက်ရှူသံများကလည်း ငြိမ်သက်သလောက်ဖြစ်သွားပြီး ကူချင်တာအိုအောက်၌ သူတို့၏ အသက်ဓာတ်များကလည်း ပြိုကွဲပျက်စီးသွားတော့သည်။ အထူးသဖြင့် ကျွမ်းမင်ဆိုလျှင် သူ မသေဆုံးခင်၌ မကျေမနပ်နှင့် အော်ဟစ်သွားသေးသည်။
“ငါက ဂုဏ်သိက္ခာကြီးမားတဲ့ စန်းလော့နယ်မြေရဲ့ သခင်လေးပဲ။ အထက်ဘုံက ပါရမီရှင်တစ်ယောက်ပဲ။ ဘာလို့ ဒီလိုမျိုး သေးနုပ်တဲ့ နေရာလေးမှာ သေရမှာလဲ။ ငါ မကျေနပ်ဘူး.... တကယ် မကျေနပ်ဘူး.....”
ပြောပြီးသည်နှင့် ကျွမ်းမင်က ပြာပုံအဖြစ် ပြောင်းလဲသွားပြီး လောကကြီးမှ ပျောက်ကွယ်သွားတော့သည်။ သိုလှောင်လက်စွပ်တစ်ကွင်းသာ ကျန်ရစ်ခဲ့တော့သည်။
ရှဲပေါ်ကတော့ အနည်းဆုံး အင်မော်တယ်တစ်ပါးဖြစ်သောကြောင့် ကျွမ်းမင်ထက်စာလျှင် သူ၏အသက်ဓာတ်က ပို၍ ပြင်းထန်ပေသည်။ သို့ပေမဲ့ ကူချင်တာအိုအောက်၌ သူ၏စိတ်ဝိညာဉ်က ကွဲအက်နေသော ကြွေထည်တစ်ခုလို ဖြစ်သွားတော့သည်။ သူ့ကို ထိလိုက်ရုံနှင့် သူက လုံးဝကို ကြေမွသွားတော့မှာ ဖြစ်သည်။ ရှဲပေါ်၏ မျက်နှာက ဖြူဖျော့ပြီး ကြောက်လန့်တကြား တောင်းပန်နေတော့သည်။
“နတ်ဘုရားမချန်းမိန်...၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး”
မိန်နျင်၏ရှေ့၌ နတ်ဘုရားကူချင်တစ်လက် ပေါ်လာခဲ့သည်။ သူမက မျက်စိမှိတ်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် ကြိုးကို တီးခတ်လိုက်သည်။
“ဒန်... ဒန်... ဒန်... ဒန်...”
ကူချင်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထက်ရှသော နတ်ဘုရားဓားတစ်စင်းအဖြစ် ပြောင်းလဲသွားကာ ရှဲပေါ်ကို ပိုင်းဖြတ်လိုက်တော့သည်။
ရှဲပေါ်သည် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ပေမဲ့ သူ၏စိတ်ဝိညာဉ်က ဒဏ်ရာဗရပွနဲ့မို့ မရှောင်တိမ်းနိုင်တော့ပေ။
“အား... နတ်ဘုရားမချန်းမိန်...နင်လည်း ကောင်းကောင်းနေရမှာ မဟုတ်ဘူး။ နင်လည်း.......”
ရှဲပေါ်၏ အော်ဟစ်သံက ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ကူချင်သံကနေ ပြောင်းလဲလာသော နတ်ဘုရားဓားက သူ့ခေါင်းကို ဖြတ်ပိုင်းလိုက်သောကြောင့် ဖြစ်သည်။ သူ၏စိတ်ဝိညာဉ် ချုပ်ငြိမ်းသွားပြီး ပြာအဖြစ် လောကကနေ ပျောက်ကွယ်သွားတော့သည်။
စန်းလော့နယ်မြေ၏ ဂုဏ်သိက္ခာကြီးမားသော အင်မော်တယ်တစ်ပါးက မိန်နျင်၏ လက်ထဲ၌ အသက်ပျောက်ခဲ့ရသည်။ မိန်နျင်၏ရှေ့၌ နတ်ဘုရားကူချင်က ပျောက်ကွယ်သွားတော့သည်။
“ရှင့်ရဲ့အင်မော်တယ်ဝိညာဉ်က ကူချင်တာအိုကြောင့် ဒဏ်ရာရသွားတာပဲ။ ရှင်ပြေးနိုင်ရင်တောင်မှ အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်မက လမ်းကြုံပို့ပေးလိုက်တာပဲ။ ဒီအောက်ဘုံကို လာတဲ့ အင်မော်တယ်တွေထဲမှာ ရှင်က တကယ့်ကို အရှက်တကွဲနဲ့ သေခဲ့ရတဲ့သူပဲ”
မိန်နျင်က တီးတိုးရေရွတ်ရင်း ဟွာလုံမြို့ကို လှမ်းကြည့်လိုက်သည်။ ယခုဆိုလျှင် မြို့တော်က လုံးဝကို တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။ မြို့ထဲတွင်ရှိသော ကျင့်ကြံသူများက စစ်မြေပြင်တလင်းကို ရှင်းလင်းနေကြပေသည်။ ကျွမ်းမင် ခေါ်ယူခဲ့သော သစ္ဆေသရဲများက ကူချင်သံကြောင့် ပျောက်ကွယ်သွားပေမဲ့ အသေအပျောက်က မနည်းလှပေ။ အနည်းဆုံး လူသောင်းနှင့်ချီ သေဆုံးသွားခဲ့ပေသည်။
သို့ပေမဲ့ ဤသည်က အကောင်းဆုံးရလဒ်ဖြစ်သည်။ အကယ်၍ ချမ်ချန်ကန်းသာ ဝင်မပါခဲ့ပါက မြို့တော်တစ်ခုလုံး အလောင်းပြင်ကြီး ဖြစ်သွားနိုင်သည်။ မိန်နျင်ဆိုလျှင် ရှဲပေါ်၏ တားဆီးမှုကြောင့် မြို့တော်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
“စောစောက ကူချင်သံက မြို့ထဲကနေ လာတာပဲ။ ဒီလိုမျိုး သာမန်သတ္တဝါတွေကို ကယ်တင်နိုင်တဲ့ ပုန်းကွယ်နေတဲ့ ပုဂ္ဂိုလ်မျိုး ရှိလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး။ ဖြစ်နိုင်တာက ငါ ကူညီနေတာကို မြင်တွေ့ခဲ့လို့ ငါ့ကိုပါ ကောင်းချီးပေးလိုက်တာ ထင်ပါရဲ့”
ယခုတော့ ကူချင်သံက ရပ်သွားခဲ့ချေပြီ။ သို့ပေမဲ့ မိန်နျင်ကမူ ထိုကူချင်သံက ဘယ်ကလာလဲဆိုတာ သတိထားမိလိုက်ပေသည်။ ဤသည်က မိန်နျင် တစ်ခါမှ မစဉ်းစားဖူးသော နေရာဖြစ်သည်။
ဟုတ်ပေသည်။ ထိုနေရာသည် သူမ ယခင်က ဖျော်ဖြေဖူးသော ယန်ယွီမျှော်စင်ပင် ဖြစ်သည်။
မိန်နျင်လည်း အံ့အားသင့်သွားသည်။ သူမ စောစောက ကူချင်တီးနေတုန်း ထိုစီနီယာက နားထောင်ခဲ့ခြင်း ဖြစ်ရပေမည်။ ရုတ်တရက် မိန်နျင်က တုန်လှုပ်သွားသည်။
*အဲဒါက သူများလား*
မိန်နျင်၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဤသည်ကတော့ ဒုတိယထပ်က ခန်းမထဲတွင် ထိုင်နေခဲ့သော ရိုးရိုးရှင်းရှင်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ကူချင်သံကို မခံရသည့် တစ်ဦးတည်းသောသူက သူပဲဖြစ်နေလို့သာ ဖြစ်သည်။ သူကလွဲ၍ တခြားဖြစ်နိုင်သူ မရှိတော့ပေ။
“မှားစရာ အကြောင်းမရှိဘူး။ ကျိန်းသေပေါက် သူပဲ ဖြစ်ရမယ်”