အခန်း ၁၆၀
Vol. 13 Ch. 160
အခန်း (၁၆၀) ပြန်လည်ဝင်စားလာသော မင်းသားကိုး ဖာထျန်း
ကျူးရှိူ့တိုက်ကြီး၊ သွေးပြည်နယ်၊ ချီထျန်းမြို့။
တောက်ပသော အလင်းတန်းတစ်ခုသည် ကောင်းကင်ဘုံကိုးခုမှ ဆင်းသက်လာကာ စံအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားလေ၏။
သုံးရက်အကြာတွင် ကလေးငယ်တစ်ဦး မွေးဖွားလာခဲ့ချေသည်။
ထိုခဏ၌ပင် တစ်မြို့လုံးသည် အဆုံးမဲ့သော သွေးစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့်တမျှ မြင့်မားသော တိုက်ခိုက်လိုစိတ်များသည် အတိုင်းအဆမဲ့သော သတ်ဖြတ်လိုစိတ်များနှင့်အတူ ပေါ်ထွက်လာခဲ့ပေသည်။
ကလေးငယ်၏ ခန္ဓာကိုယ်သည် ကြည်လင်တောက်ပနေပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်နှက်နေ၏။
နဖူးပြင်ပေါ်တွင်မူ တောက်ပနေသော ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော် ရှိနေချေသည်။
မှန်ပေသည်။ သူကား အထက်ဘုံမှ ပြန်လည်ဝင်စားလာသော ပါရမီရှင်၊ ရွှယ်ဝူအင်မော်တယ်နယ်မြေ၏ မင်းသားကိုး၊ ဖာထျန်းပင် ဖြစ်ချေ၏။
“ဒါက ကျူးရှိူ့တိုက်ကြီးပဲ”
သူ၏ အပြစ်ကင်းစင်သော မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်နေပေသည်။
မင်းသားကိုး ဖာထျန်းသည် မွေးဖွားလာသည်နှင့်တပြိုင်နက် ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော်ကို နိုးထစေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
“ဒီခန္ဓာကိုယ်က သေးလွန်းတယ်”
ဖာထျန်း၏ မျက်လုံးထဲတွင် အနီရောင်အလင်းများ ဖြတ်ပြေးသွားပြီး ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော်၏ စွမ်းအားများကို စုပ်ယူလိုက်သောအခါ ကလေးငယ်၏ နုနယ်သော ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာခဲ့လေ၏။
အချိန်အနည်းငယ်အတွင်းမှာပင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် ဖြစ်သွားချေသည်။
ဘေးနားတွင်မူ ယခုဘဝ၌ ဖာထျန်း ပြန်လည်ဝင်စားလာသော မိဘများ ရှိနေကြသည်။
လောကကြီးထဲသို့ ရောက်ရှိလာသော ကလေးငယ်ကို ကြည့်ရင်း သူတို့ လုံးဝ ကြက်သေသေနေကြပေ၏။
ဤသည်က သူတို့၏ ကလေးဟုတ်ပါလေစ။
အဘယ်ကြောင့် ရုတ်တရက်ကြီး ဤမျှ ကြီးထွားသွားရသနည်း။
ထိုအချိန်၌ပင် ဖာထျန်းသည် လှုပ်ရှားလိုက်ပြီး သူ၏မိဘများ၏ လည်ပင်းကို ချိုးလိုက်လေ၏။
သူတို့ ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးစွမ်းအင်များ အားလုံးကို ဖာထျန်းက အကုန်အစင် စုပ်ယူပစ်လိုက်သည်။
ဖာထျန်းသည် သူ၏ ခန္ဓာကိုယ်တွင်းရှိ ကျင့်ကြံခြင်းစွမ်းအားများ တိုးတက်လာသည်ကို ခံစားလိုက်ရပေသည်။
သာမန်လူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခြင်းက သူ့အတွက် ချီသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ပြီး ကျင့်ကြံသူတစ်ဦး ဖြစ်လာစေရန် လုံလောက်ပေလိမ့်မည်။
သူ၏ မိဘများကို ပြန်ကြည့်လိုက်ရာ ချီနှင့် သွေးများ စုပ်ယူခံလိုက်ရပြီးနောက် မံမီရုပ်အလောင်းနှစ်လောင်းအဖြစ်သာ ကျန်ရစ်နေခဲ့ချေပြီ။
ဖာထျန်းသည် ၎င်းတို့ကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ ရှိမနေခဲ့ပေ။
သူ့အတွက်မူ အောက်ဘုံမှ ပုရွက်ဆိတ်များသည် သူ၏မိဘများဖြစ်ရန် မည်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။
သူသည် စံအိမ်ထဲမှ ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင် တိုက်ခိုက်လိုစိတ်များနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပေသည်။
သူသည် ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော်၏ စွမ်းအားများကိုစုပ်ယူရင်း ချီထျန်းမြို့အတွင်း သတ်ဖြတ်မှုများ ပြုလုပ်နေလေ၏။အချိန်တိုင်း စက္ကန့်တိုင်းတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကြီးမားစွာ တိုးတက်လာသည်။
ချီထျန်းမြို့အတွက်မူ ဤသည်မှာ ကပ်ဘေးကြီးတစ်ခုပင်ဖြစ်တော့သည်။
နေ့တစ်ဝက်ခန့်အကြာ။
ချီထျန်းမြို့သည် လူသူကင်းမဲ့သော သေမင်းတမန်မြို့တော်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူတိုင်းသည် ဖာထျန်း၏ လက်ချက်ဖြင့် သေဆုံးကာ သူ၏ ကျင့်ကြံခြင်းအတွက် သွေးအာဟာရများ ဖြစ်သွားခဲ့ကြပေသည်။
ယခုအခါ ဤမြို့တစ်မြို့လုံးကို သတ်ဖြတ်လိုက်ခြင်းက ဖာထျန်းအား ချီသန့်စင်ခြင်းပဉ္စမအဆင့်သို့ ရောက်ရှိသွားစေခဲ့၏။
ဖာထျန်းသည် ထိုအချိန်၌ မြို့ရိုးထိပ်တွင် ရပ်နေကာ သေဆုံးနေသော ဤမြို့ကြီးကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေလေသည်။
သူသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်ကာ အနီရောင်ဆံပင်ရှည်များနှင့် အေးစက်သော မျက်နှာအမူအရာရှိပြီး ကလေးဆန်သောအမူအရာက အလျဉ်းမရှိတော့ပေ။
ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် သူ ခေါင်းမော့ကြည့်လိုက်၏။
အင်မော်တယ်သက်တံတစ်ခုသည် ကောင်းကင်ကို ခွဲခြမ်းကာ ချီထျန်းမြို့သို့ ဆင်းသက်လာခဲ့သည်။
အင်မော်တယ်သက်တံ ပျောက်ကွယ်သွားသောအခါ အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်တစ်ဦး ပေါ်လာခဲ့ချေသည်။
အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်သည် သေဆုံးနေသော ချီထျန်းမြို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာလည်း ထိုနည်းတူပင် အေးစက်နေကာ ဖာထျန်းအား အရိုအသေပေးလိုက်လေ၏။
“မင်းသားကိုး”
“အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်... မင်း နောက်ကျတယ်”
“တောင်းပန်ပါတယ် မင်းသားကိုး၊ ကျွန်တော် ရွှယ်ဝူအင်မော်တယ်နယ်မြေကနေ ထွက်လာပြီး ချက်ချင်းပြေးလာခဲ့တာပါ၊ ဒါပေမဲ့ မင်းသားကိုးရဲ့ ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော်က ဒီလောက် မြန်မြန် နိုးထလာလိမ့်မယ်လို့ မထင်ထားခဲ့မိလို့ပါ”
သာမန်အားဖြင့်ဆိုလျှင် အထက်ဘုံမှ ပြန်လည်ဝင်စားလာသော ပါရမီရှင်များသည် ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော် နိုးထလာစေရန်အတွက် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်ပေသည်။
သို့သော် ဖာထျန်းမှာမူ ပြန်လည်ဝင်စားပြီး ရက်အနည်းငယ်အကြာမှာပင် ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော်ကို နိုးထစေခဲ့ခြင်းဖြစ်ရာ အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်ကို အံ့သြတုန်လှုပ်သွားစေခဲ့၏။
ဖာထျန်းသည် လှောင်ပြုံးပြုံးလိုက်ပြီး
“ဒါကြောင့် ငါက နယ်မြေကျောက်တိုင်ရဲ့ အသိအမှတ်ပြုမှုကို အရင်ရယူခဲ့တာပေါ့၊ နယ်မြေကျောက်တိုင်ရဲ့ အသိအမှတ်ပြုမှုကို ရထားသရွေ့ ငါ့ရဲ့ ပြန်လည်ဝင်စားခြင်း အင်မော်တယ်စည်းတံဆိပ်တော်ကို ကြိုတင်နိုးထစေနိုင်တယ်၊ တခြားပါရမီရှင်တွေက ငါ့ထက်စောပြီး အောက်ဘုံကို ဆင်းလာခဲ့ရင်တောင် ဘာဖြစ်လဲ၊ ငါက သူတို့ကို ကျော်တက်နိုင်သေးတယ်” ဟု ဆိုလေသည်။
ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များသည် ဒေါသတကြီး စီးဆင်းနေသော မြစ်ရေလှိုင်းများပမာ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာရာ အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်ပင် ထိတ်လန့်သွားပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရချေသည်။
ဖာထျန်းသည် ကျင့်ကြံခြင်းစွမ်းအားများကို ယခုမှ စတင်မြှင့်တင်ရုံသာ ရှိသေးသော်လည်း ပေါက်ကွဲထွက်ပေါ်လာသော တိုက်ခိုက်လိုစိတ်များနှင့် သတ်ဖြတ်လိုစိတ်များကြောင့် သူပင် ထိတ်လန့်သွားရသည်။
သူသည် နတ်ဘုရားနတ်ဆိုးလွှမ်းမိုးခြင်းခန္ဓာကို ပိုင်ဆိုင်ထားသူနှင့် အမှန်ပင် ထိုက်တန်ပေ၏။
ဖာထျန်းက အေးစက်စွာ ပြောလိုက်သည်။
“အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်... ပါရမီရှင်စာရင်းမှာ ကျန်နေတဲ့ ရှစ်ယောက်စလုံး ငါ့လက်ချက်နဲ့ သေရမယ်၊ ဒီလောကက အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်နေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်”
“မင်းသားကိုးရဲ့ အင်မော်တယ်လမ်းစဉ် အဓွန့်ရှည်ပါစေ”
“အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင် မင်းအတွက် တာဝန်တစ်ခုရှိတယ်”
“မိန့်ကြားပါ မင်းသားကိုး”
“ပါရမီရှင်ဆိုတာ မရေမတွက်နိုင်အောင် ရှိတယ်၊ ဒီကျူးရှိူ့တိုက်ကြီးက ပြန်လည်ဝင်စားဖို့ သင့်တော်တယ်ဆိုတော့ ဒီကျူးရှိူ့တိုက်ကြီးကို ပြန်လည်ဝင်စားလာတဲ့ အင်မော်တယ်ပါရမီရှင်တွေရှိနေမှာ သေချာတယ်၊ ငါ ဒီကျူးရှိူ့တိုက်ကြီးမှာ ပြန်လည်ဝင်စားနိုင်တယ်ဆိုတာက ကောင်းကင်တာအိုအစောင့်အရှောက်က ဘယ်သူမှ ဖြစ်လာတဲ့သူမရှိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”
“မင်းရဲ့တာဝန်က ဒီကျူးရှိူ့တိုက်ကြီးမှာ ပြန်လည်ဝင်စားလာတဲ့ ပါရမီရှင်တွေကို ရှာဖွေဖို့ပဲ၊ ငါ သူတို့ကို တစ်ယောက်ချင်းစီ သတ်ပစ်မယ်၊ ဒီကျူးရှိူ့တိုက်ကြီးကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ မတွေးကြနဲ့”
“နောက်ထပ် တာဝန်တစ်ခုက ကျူးရှိူ့ဒယ်စောက်ကို ရှာဖွေဖို့ပဲ”
“အမိန့်အတိုင်းပါ”
“သွားတော့”
အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင်သည် ခေါင်းညိတ်လိုက်ပြီး အချိန်ကြာကြာ မနေတော့ဘဲ အင်မော်တယ်သက်တံအဖြစ် ပြောင်းလဲကာ ချီထျန်းမြို့မှ အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်ခွာသွားလေ၏။
အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင် ချီထျန်းမြို့မှ ထွက်ခွာသွားပြီးနောက် ဖာထျန်းသည် အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ၏ အနီရောင်ဆံပင်များသည် ရူးသွပ်စွာ လွင့်ပျံနေပြီး မျက်လုံးများမှ နီရဲသော အလင်းတန်းများ တောက်ပနေပေသည်။
သူသည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးပမာ ချီထျန်းမြို့မှ စတင်ကာ အခြားမြို့များဆီသို့ ဦးတည်သွားလေ၏။
သူ ဖြတ်သန်းသွားရာ မြို့တိုင်း၌ မည်သူမျှ အသက်မရှင်ကျန်ရစ်ခဲ့ဘဲ အားလုံးသည် ဖာထျန်း၏ ကျင့်ကြံခြင်းစွမ်းအား တိုးတက်စေရန် အာဟာရများ ဖြစ်သွားခဲ့ကြပေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အချိန်တိုင်း စက္ကန့်တိုင်းတွင် တိုးတက်နေချေသည်။
ချီသန့်စင်ခြင်းအဆင့်။
အခြေခံအုပ်မြစ်တည်ဆောက်ခြင်းအဆင့်။
ရွှေဗဟိုချက်အဆင့်။
မကြာမီမှာပင် သူ သတင်းတစ်ချက် ရရှိခဲ့လေသည်။
ကျူးရှိူ့ဒယ်စောက်အကြောင်း၊ ကောင်းကင်တာအိုအစောင့်အရှောက်အကြောင်းနှင့် “ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ” ချမ်ချန်ကန်းအကြောင်းပင်ဖြစ်သည်။
“နောက်တစ်လအကြာမှာ တပည့်လက်ခံပွဲ၊ တစ္ဆေပြည်နယ်ဟုတ်လား”
သန်းနှင့်ချီသောသက်ရှိများ နေထိုင်သည့် မြို့ကြီးတစ်မြို့သည် သေမင်းတမန်မြို့တော် ဖြစ်သွားခဲ့ချေပြီ။
ဖာထျန်းသည် မြို့ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပြီး သူ ဦးတည်သွားရာ အရပ်မှာ တစ္ဆေပြည်နယ်ပင် ဖြစ်ချေသည်။