← Chapters

အခန်း ၁၆၁

Vol. 13 Ch. 161

အခန်း ၁၆၁

Vol. 13 Ch. 161

အခန်း (၁၆၁) ကိုယ်ပွား၊ မိန်နျင်၏ တုန်လှုပ်မှု

ဟွာလုံမြို့၊ ယန်ယွီမျှော်စင်

ချမ်ချန်ကန်းနှင့် မိန်နျင်တို့ စကားပြောဆိုပြီးလုနီးပါး ဖြစ်နေချေပြီ။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချမ်ချန်ကန်းသည် ပို၍ပို၍ ပင်ပန်းနွမ်းနယ်လာသည်ဟု ခံစားလာရ၏။

ဤခံစားချက်သည် အလွန် နေရခက်လှပေသည်။

အစစ်အမှန်တာအို၏လုပ်ဆောင်ချက်နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့ကို အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်နေနိုင်မည်လော။

ကိုယ်ပွားသည် ကြေမွပျောက်ကွယ်တော့မည့်ဟန် ခံစားနေရသည်။

အမှန်တကယ်ပင်။

ဤကိုယ်ပွား၏ စွမ်းအားများ ကုန်ခန်းတော့မည် ဖြစ်ရပေမည်။

နှစ်ရက်ခန့် ခံနိုင်ရည်ရှိမည်ဟု ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ တစ်ရက်ပင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ချမ်ချန်ကန်း၏ မျက်နှာက ဖြူဖျော့ကာ မျက်မှောင်ကြုတ်လျက် ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောအခါ…

“စီနီယာ... ဘာဖြစ်လို့လဲ”

ချမ်ချန်ကန်းက လက်ယမ်းပြကာ “ဒါက ငါ့ရဲ့ ပင်မကိုယ်ခန္ဓာကနေ ဖန်တီးထားတဲ့ ပြင်ပကိုယ်ပွားတစ်ခုပါပဲ၊ ခုနက ကူချင်တီးပြီးတဲ့နောက် ဒီကိုယ်ပွားရဲ့ စွမ်းအားတွေ ကုန်သလောက်ဖြစ်သွားပြီမို့ ပျောက်ကွယ်ရမယ့် အချိန်ရောက်နေပြီလေ”

ချမ်ချန်ကန်း၏ စကားထွက်လာသည်နှင့်တပြိုင်နက် မိန်နျင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားကာ အလွန်အမင်း အံ့အားသင့်သွားချေသည်။

သူမရှေ့မှ စီနီယာသည် ကိုယ်ပွားတစ်ခုသာ ဖြစ်နေခဲ့သည်လော။

ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။

လုံးဝအပြစ်အနာအဆာကင်းမဲ့ပြီး အားနည်းချက်မမြင်ရသော ချမ်ချန်ကန်းသည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်နေခဲ့ပေသည်။

သူမတွင် အင်မော်တယ်အရှင်သခင် ကျင့်ကြံခြင်းအဆင့်ရှိနေသော်လည်း မည်သည့် ထူးခြားမှုကိုမျှ မရိပ်မိခဲ့ပေ။

စီနီယာသည် ခန့်မှန်းရခက်လွန်းလှပြီး အင်မော်တယ်သူတော်စင်များသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေစွ။

“ကိုယ်ပွားတစ်ခုပဲ ဖြစ်နေတာလား”

မိန်နျင်သည် ချမ်ချန်ကန်းပြောသောစကားကို မယုံနိုင်သေးဘဲ ရေရွတ်လိုက်မိ၏။

တစ်ချိန်တည်းမှာပင် မိန်နျင်၏ စိတ်နှလုံးမှာ တုန်လှုပ်နေခဲ့သည်။

စီနီယာ၏ ကိုယ်ပွားသည်ပင် ဤမျှ ကြီးမားသော ဘုန်းတန်ခိုးနှင့် ကျယ်ပြန့်လှသော တာအိုစည်းချက်များကို ပိုင်ဆိုင်ထားပြီး ကူချင်တစ်ပုဒ် တီးခတ်ရုံဖြင့် သူမအား နယ်ပယ်တစ်ခု ချိုးဖျက်နိုင်ရန် ကူညီပေးနိုင်ခဲ့သည်။

စီနီယာ၏ ပင်မကိုယ်ခန္ဓာအစစ်သာ ရောက်လာခဲ့လျှင် မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်နည်း။

မိန်နျင်သည် လုံးဝ စိတ်ကူး၍ပင် မရနိုင်ချေ။

“မိန်နျင်... ငါ မင်းနဲ့ အထက်ဘုံက အင်မော်တယ်ကျောက်တုံးတွေအကြောင်း ဆွေးနွေးစရာ နည်းနည်းရှိသေးတယ်၊ ဒါပေမဲ့ အခု ငါ့မှာ အချိန် သိပ်မရှိတော့ဘူး”

“အင်မော်တယ်ကျောက်တုံး ဟုတ်လား”

မိန်နျင်က အံ့သြသွား၏။

“အင်း”

ချမ်ချန်ကန်းသည် ရယ်မောလိုက်သည်။

“အင်မော်တယ်ကျောက်တုံးကိစ္စကို ငါ သိပ်မလောပါဘူး၊ မင်း အချိန်ရရင် ဖေးရှန့်တောင်ကို လာခဲ့ပါ၊ အဲဒီကျရင် ငါတို့ အသေးစိတ် ဆွေးနွေးကြတာပေါ့”

“ဖေးရှန့်တောင်... စီနီယာကများ အဲ့ဒီစီနီယာများလား...”

မိန်နျင်က ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။

သူပင် ဖြစ်ရမည်။

ဖေးရှန့်တောင်၊ ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ၊ ကျူးရှိူ့ပွဲတော်တွင် အထူးချွန်အပြောင်မြောက်ဆုံးပုဂ္ဂိုလ် ချမ်ချန်ကန်း။

အင်မော်တယ်အရှင်သခင်ကိုပင် တုန်လှုပ်စေခဲ့ပြီး ပြိုင်ဘက်ကင်းသူဖြစ်သည်။

ထိုသို့သော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ဟွာလုံမြို့တွင် သူ၏ ကူချင်သံစဉ်က လောကကြီးကို တုန်လှုပ်စေခဲ့ခြင်းမှာ အဆန်းမဟုတ်တော့ပေ။

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“ကြည့်ရတာ မင်း သိသွားပြီထင်တယ်”

“စီနီယာ ဖြစ်နေတာကိုး”

မိန်နျင်၏ စိတ်လှုပ်ရှားမှုကို ငြိမ်သက်ရန် ခက်ခဲနေပြီး ထိုအချိန်တွင် မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။

“မိန်နျင်... မင်းဆီမှာ ကူချင်ရှိသေးလား”

“စီနီယာ... ဘာလုပ်မလို့လဲ”

မိန်နျင်က နားမလည်နိုင် ဖြစ်သွား၏။

“မင်းနဲ့ငါ ယန်ယွီမျှော်စင်မှာ ဆုံတွေ့ခဲ့တာက ရေစက်တစ်ခုပဲလေ၊ ဒီကိုယ်ပွားက စွမ်းအား နည်းနည်း ကျန်နေသေးတော့ မင်းအတွက် နောက်ထပ် သီချင်းတစ်ပုဒ် တီးပြချင်လို့ပါ”

မိန်နျင်လည်း လန့်သွားခဲ့၏။ ချမ်ချန်ကန်းက ဤစကားမျိုးပြောလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ချမ်ချန်ကန်းက ရယ်မောလိုက်သည်။

“ဘာလို့ မိန်နျင်က စကားမပြောတာလဲ... သဘောမကျလို့လား”

မိန်နျင်လည်း သတိဝင်လာ၏။ သူမသည် သဘာဝအတိုင်း ဆွဲဆောင်မှုရှိပြီး လှပလွန်းသဖြင့် ချမ်ချန်ကန်းပင် ဒုတိယအကြိမ် ထပ်ကြည့်မိသွားချေသည်။

“စီနီယာ လုပ်ပေးခဲ့တာတွေအတွက် ဒီမိန်းကလေးက ဘယ်လို ကျေးဇူးဆပ်ရမှန်း မသိလို့ပါ”

“အင်း... ဘယ်လို ကျေးဇူးဆပ်ရမှန်း မသိရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တာက မဆိုးပါဘူး”

ချမ်ချန်ကန်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း သူ၏ အသံက မိန်နျင်ဆီသို့ ရှင်းလင်းစွာ ရောက်ရှိသွားပေသည်။

မိန်နျင်၏ လှပသော မျက်နှာလေးသည် နီရဲသွားကာ အလွန်လှပနေတော့သည်။

နာမည်ကျော်ကြားလှသော၊ ကျူးရှိူ့တစ်ခုလုံးက သိရှိထားသော အင်မော်တယ်သူတော်စင်ကြီးက ဤကဲ့သို့သော စကားများကို ပြောလိမ့်မည်ဟု မိန်နျင်တစ်ယောက် လုံးဝမျှော်လင့်မထားခဲ့သဖြင့် သူမ၏ အသိဉာဏ်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်သွားရသည်။

မိန်နျင် ဤသို့ဖြစ်နေသည်ကို မြင်သောအခါ

ချမ်ချန်ကန်းသည် စိတ်ထဲမှ မကောင်းတော့ဘူးဟု တွေးလိုက်မိ၏။

စိတ်ထဲရှိသည့်အတိုင်း ဘာကြောင့်လွှတ်ခနဲ ပြောထွက်သွားရသနည်း။

မိန်နျင်၏ ပုံစံကို ကြည့်ရသည်မှာ သူမ သေချာပေါက် ကြားသွားခဲ့ပြီဖြစ်သည်။

လူကြီးလူကောင်း ပညာရှင်ကြီးတစ်ဦး၏ ပုံရိပ်ကား ယခုတော့ ပျက်စီးသွားခဲ့ပြီဟု ထင်ရပေသည်။

မိန်နျင်ရှေ့တွင် အင်မော်တယ်သူတော်စင်ကြီးတစ်ဦး၏ ပုံရိပ် ပျက်စီးသွားပြီဖြစ်၍ ချမ်ချန်ကန်းလည်း သိပ်ဂရုမစိုက်တော့ဘဲ ပညာရှင်ကြီးတစ်ဦးကဲ့သို့ ဟန်ဆောင်နေရသည့် ဝန်ထုပ်ဝန်ပိုး မရှိတော့ပေ။

ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူဟူသော နာမည်ပြောင်အောက်တွင် မျက်နှာပြောင်တိုက်နိုင်စွမ်းက မြို့ရိုးထက်ပင် ထူထဲနေသေးသည် မဟုတ်ပါလော။

“မိန်နျင်... မင်းက ကူချင်ကို ကျင့်ကြံနေသူဆိုတော့ မင်းဆီမှာ ကူချင်ရှိမှာပဲ၊ ထုတ်လိုက်ပါဦး”

မိန်နျင်က ခေါင်းညိတ်ကာ အင်မော်တယ်ကူချင်ကို ထုတ်ယူလိုက်၏။

အင်မော်တယ်ကူချင်ထဲတွင် တာအိုစည်းချက်များ စီးဆင်းနေပြီး အင်မော်တယ်အလင်းတန်းများ တောက်ပနေကာ အလွန်ထူးခြားလှပေသည်။

ချမ်ချန်ကန်းသည် ကြိုးများကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။

“မိန်နျင်... မင်း အဆင်သင့်ဖြစ်ပြီလား”

လက်ရှိ ချမ်ချန်ကန်းအတွက်မူ မိန်နျင်က သူ့အား အင်မော်တယ်သူတော်စင်ဟု ပြောနေသော်လည်း။

ချမ်ချန်ကန်းကမူ သူသည် ဘာမှမဟုတ်မှန်း သိနေပေသည်။

သူ အားကိုးသမျှ အရာအားလုံးသည် အစစ်အမှန်တာအို၏လုပ်ဆောင်ချက်နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့သာ ဖြစ်သည်။

ဤကိုယ်ပွား၏ ကျန်ရှိနေသော စွမ်းအားများကို အသုံးပြု၍ မိန်နျင်အတွက် ကူချင် ထပ်မံတီးခတ်ပေးရန် ဆုံးဖြတ်လိုက်ပြီး ၎င်းက အသုံးဝင်သေးခြင်းရှိမရှိ စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။

မိန်နျင်က မတ်မတ် ထိုင်လိုက်၏။

“စီနီယာ... ကျွန်မ အဆင်သင့်ဖြစ်ပါပြီ”

“အရမ်းကောင်းတယ်”

ချမ်ချန်ကန်းသည် အပိုစကားမပြောတော့ဘဲ သူ၏ စွမ်းအားများကို လက်ညှိုးနှစ်ဖက်ဆီသို့ ပို့လွှတ်လိုက်ကာ အစစ်အမှန်တာအို၏လုပ်ဆောင်ချက်နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့ကို အသုံးပြုလိုက်လေ၏။

ထိုခဏ၌ပင် အဆုံးမဲ့သော တာအိုစည်းချက်များသည် အဆုံးမရှိသော သမုဒ္ဒရာကြီးပမာ လှိုင်းလုံးများထကာ သူနှင့် မိန်နျင်အား လွှမ်းခြုံသွားချေသည်။

ဒင်…

ကူချင်ကြိုးများကို ခတ်လိုက်သောအခါ ကူချင်သံစဉ်တစ်ခုသည် ယန်ယွီမျှော်စင်မှ ထွက်ပေါ်လာကာ ဟွာလုံမြို့တစ်မြို့လုံးသို့ လွှမ်းခြုံသွားလေတော့၏။

All Chapters