← Chapters

အခန်း ၁၆၂

Vol. 13 Ch. 162

အခန်း ၁၆၂

Vol. 13 Ch. 162

အခန်း (၁၆၂) ရုတ်တရက် သံစဥ်နှင့်စည်းချက်ပေါင်းစပ်သွားခြင်း

အသံသည်ကား ရေပမာ နူးညံ့လှပေသည်။

၎င်းသည် ရေလှိုင်းလေးများအဖြစ် ပြောင်းလဲသွားပြီး ယန်ယွီမျှော်စင်ကို ဗဟိုပြုကာ ဟွာလုံမြို့တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားလေသည်။

လူတိုင်းကို ရှင်းလင်းပြတ်သားစွာ ကြားနိုင်စေ၏။

ခမ်းနားလှသော တာအိုစည်းချက်များ။

အဆုံးမဲ့သော သမုဒ္ဒရာ။

မကြာမီမှာပင် ဟွာလုံမြို့တစ်မြို့လုံး လွှမ်းခြုံသွားချေသည်။

ဟွာလုံမြို့ကြီးတစ်ခုလုံးကို ငြိမ်သက်သွားစေခဲ့၏။

ကျင့်ကြံသူအားလုံးကိုလည်း ၎င်းထဲသို့ လုံးလုံးလျားလျား စီးမြောသွားစေခဲ့သည်။

အင်မော်တယ်နယ်မြေတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ စိတ်ဝိညာဉ်များအားလုံး လုံးဝကို ပြေလျော့သွားကြသည်။

၎င်းမှာ တာအိုစည်းချက်များပင် ဖြစ်၏။

ယန်ယွီမျှော်စင်မှစ၍ ပျံ့နှံ့လာခြင်းဖြစ်သည်။

ယခုအခါ ဟွာလုံမြို့အတွင်း၌ ကျင့်ကြံသူအားလုံးသည် ဤခမ်းနားကျယ်ပြန့်သော ကူချင်သံစဉ်တွင် စွဲလမ်းနစ်မြောနေကြချေပြီ။

ထို့နောက်တွင်မူ တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့သည်။

ကူချင်သံစဉ် ဖြတ်သန်းသွားသောအခါ ယခင်က နတ်ဆိုးတစ္ဆေများနှင့် တိုက်ခိုက်စဉ် ဒဏ်ရာရခဲ့သော ကျင့်ကြံသူများ၏

ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် တာအိုစည်းချက်များနှင့်အတူ စီးဆင်းသွားကာ လျင်မြန်စွာ သက်သာလာကြလေ၏။

ယခင်ကရခဲ့ကြသော အတွင်းဒဏ်ရာများ ခံစားနေရသော ကျင့်ကြံသူများသည်လည်း

ကူချင်သံစဉ် ဖြတ်သန်းသွားသည်နငင့်တပြိုင်နက် လုံးဝ ပျောက်ကင်းသွားကြတော့သည်။

ဤနည်းလမ်းသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

ပို၍ တုန်လှုပ်ဖွယ် ကောင်းသည်မှာ မြို့တွင်းရှိ ကျင့်ကြံခြင်းအဆင့် ပိတ်နေသူများသည်

ဤခမ်းနားကျယ်ပြန့်သော ကူချင်သံစဉ်ကို ကြားပြီးနောက် သူတို့၏ ပိတ်ဆို့နေမှုများ ချက်ချင်း ပြေလည်သွားကာ ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာခဲ့ကြခြင်းပင်ဖြစ်သည်။

သေချာသည်မှာ မြို့တွင်းရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကိုမူ

သူတို့ကိုယ်တိုင်မသိရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့သည် ကူချင်သံစဉ်ထဲ၌ နစ်မြောနေကြဆဲ ဖြစ်သောကြောင့်ဖြစ်သည်။

ရုန်းထွက်၍ မရနိုင်ပေ။

ဤသည်မှာ ရေပမာ နူးညံ့သော အသံပင် ဖြစ်၏။

တောင်တန်းများ၊ မြစ်များ၊ တောင်ကျချောင်းများ၊ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းများကဲ့သို့ပင်။

ဟွာလုံမြို့တစ်မြို့လုံးရှိ အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူအားလုံးအတွက်မူ ဤသည်မှာ တစ်ခါမျှ မကြုံဖူးသော အခွင့်အရေးကြီးတစ်ခု ဖြစ်ချေသည်။

သေချာသည်မှာ

နူးညံ့သော ကူချင်သံစဉ်ကို ချမ်ချန်ကန်းသည် အချိန်မရွေး သတ်ဖြတ်ခြင်း ကူချင်သံစဉ်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေသည်။

ဤသို့သော သတ်ဖြတ်ခြင်းကူချင်သံစဉ်ကို အစစ်အမှန်တာအို၏လုပ်ဆောင်ချက်နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့ဖြင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ချမ်ချန်ကန်းသာ အလိုရှိပါက ကိုယ်ပွားမပျောက်ကွယ်မီ

ကူချင်ကြိုးများကို အသာအယာ ခတ်လိုက်ရုံဖြင့် အသံကို ပြောင်းလဲနိုင်ပေသည်။

ဖြစ်နိုင်သည်မှာ မျက်တောင်တစ်ခတ်အတွင်း၌ပင် ဟွာလုံမြို့တစ်မြို့လုံးရှိ ကျင့်ကြံသူအားလုံးသည် ကူချင်သံစဉ်အောက်၌ သေဆုံးသွားကြပေလိမ့်မည်။

ဤမျှကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းကို တူးဖော်တွေ့ရှိလိုက်ရသဖြင့်

ချမ်ချန်ကန်းကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

သေချာသည်မှာ အင်မော်တယ်တာအိုသည် ရက်စက်ကြမ်းကြုတ်ပြီး ဤကမ္ဘာကြီးသည် အားနည်းသူကို အားကြီးသူက ဝါးမျိုသည့် နေရာဖြစ်သည်။

ချမ်ချန်ကန်းသည် ဤအချက်ကို အစမှအဆုံးတိုင် နားလည်ထားပေသည်။

ချမ်ချန်ကန်းအတွက်မူ သူသည် သတ်ဖြတ်ခြင်းကိုစိတ်ဝင်စားမှုမရှိပေ။

အထက်ဘုံမှ အင်မော်တယ်များကဲ့သို့

အောက်ဘုံမှ ကျင့်ကြံသူများကို မွေးမြူရေးပုရွက်ဆိတ်များသဖွယ် ဆက်ဆံခြင်းမျိုး လုံးဝမဖြစ်နိုင်ချေ။

သူ့တွင် အမြဲတမ်း ကိုယ်ပိုင် ကျင့်ဝတ်စည်းမျဉ်းရှိပေသည်။

“လူတွေ ငါ့ကို မစော်ကားရင်

ငါလည်း ဘယ်သူ့ကိုမှ မစော်ကားဘူး။

တစ်ယောက်ယောက်ကများ ငါ့ကို စော်ကားလာရင်တော့

ဆောရီးပဲ... ငါက မင်းတို့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို ဖျက်ဆီးပစ်ရုံပဲ ရှိတော့တယ်”

ကူချင်သံစဉ်သည် တိုးညင်းသော စကားသံလေးများပမာ လွင့်ပျံနေ၏။

တိတ်ဆိတ်ငြိမ်သက်နေသော အအေးဓာတ်၊ ကြည်လင်အေးမြမှု၊ ထင်းရှူးမြစ်များကြားမှ တသွင်သွင် စီးဆင်းနေသော စမ်းရေကဲ့သို့ စီးဆင်းနေတော့သည်။

ချမ်ချန်ကန်းသည် သူ ရှာဖွေတွေ့ရှိခဲ့သော လုပ်ဆောင်ချက်က အင်မတန် အစွမ်းထက်ကြောင်း ပို၍ သေချာသွားခဲ့ပေသည်။

ထိုအချိန်၌ပင် သူ၏ စိတ်ထဲတွင် စနစ်၏ အသံ ပေါ်ထွက်လာခဲ့၏။

“စနစ်အသိပေးချက် -ပိုင်ရှင်မှ အစစ်အမှန်တာအို၏လုပ်ဆောင်ချက်နှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်တို့အား ပေါင်းစပ်လိုက်သည်ကို ထောက်လှမ်းသိရှိရသဖြင့် လုပ်ဆောင်ချက်အသစ် သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်းကို ရရှိပါသည်”

ချမ်ချန်ကန်း အံ့အားသင့်သွားချေသည်။

“သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်းဟုတ်လား”

ဘယ်လိုအသစ်လဲ။

ရုတ်တရက်ကြီး လုပ်ဆောင်ချက်အသစ်တစ်ခု ရလာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

ဤသည်မှာ ချမ်ချန်ကန်း လုံးဝ မမျှော်လင့်ထားသောအရာပင်ဖြစ်၏။

သို့သော်လည်း ချမ်ချန်ကန်းသည် လုပ်ဆောင်ချက်အသစ်ကို စစ်ဆေးမကြည့်သေးပေ။

ဤကိုယ်ပွား၏ စွမ်းအားများက ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူ ခေါင်းမော့ကာ ဘေးနားရှိ မိန်နျင်ကို ကြည့်လိုက်၏။

မြို့ထဲရှိ ကျင့်ကြံသူများကဲ့သို့ပင် မိန်နျင်သည်လည်း ကူချင်သံစဉ်ထဲသို့ လုံးဝ ပေါင်းစပ်သွားပြီး သူမ၏ ခန္ဓာကိုယ်တွင် တာအိုစည်းချက်များ စီးဆင်းနေပေသည်။

ယခုအခါ သူမသည် ချမ်ချန်ကန်း တီးခတ်နေသော ကူချင်မှ တာအိုစည်းချက်များကို သယ်ဆောင်ထားချေပြီ။

သူမထံမှ အပြောင်းအလဲကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

ချမ်ချန်ကန်းထံမှ တာအိုစည်းချက်များကို သယ်ဆောင်ပြီးနောက် သူမ၏ ကိုယ်ပိုင် အင်မော်တယ်တာအိုသည် ပိုမို အားကောင်းလာခဲ့၏။

ယင်း၏ အဓိပ္ပာယ်မှာ မိန်နျင်၏ ကျင့်ကြံခြင်းစွမ်းအား တိုးတက်နေခြင်းပင် ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အင်မော်တယ်အရှင်သခင် သတ္တမအလွှာသို့ မြင့်တက်သွားခဲ့ချေပြီ။

ယခုအခါ အင်မော်တယ်အရှင်သခင် အဋ္ဌမအလွှာနယ်ပယ်ဆီသို့ပင် တက်လှမ်းနေပေသည်။

ဤအဓိပ္ပာယ်မှာ အထက်ဘုံမှ အင်မော်တယ်များပင် ဤအရာကို မြင်တွေ့ရလျှင် အံ့အားသင့်သွားကြမည် ဖြစ်သည်။

အင်မော်တယ်တာအိုလမ်းစဉ်၏ သိမြင်နားလည်မှုကို မြှင့်တင်ရန် မည်မျှ ခက်ခဲကြောင်း အထက်ဘုံတွင်ရှိသူတိုင်း သိကြပေသည်။

အဆင့်ငယ်တစ်ခုစီကို ချိုးဖျက်ရန်မှာ ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှ၏။

ယခုမူ ချမ်ချန်ကန်း၏ အကူအညီဖြင့် မိန်နျင်သည် အင်မော်တယ်အရှင်သခင် ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ချိုးဖျက်နိုင်ခဲ့ပေသည်။

ပို၍ မြင့်မားသော နယ်ပယ်သို့ပင် ချိုးဖျက်နေချေပြီ။

ဤသတင်းသာ အထက်ဘုံသို့ ရောက်ရှိသွားပါက အထက်ဘုံတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားလိမ့်မည်။

သေချာသည်မှာ ချမ်ချန်ကန်းသည် ဤအရာကိုလုံးဝ မသိရှိပေ။

ယခုတစ်ကြိမ် လေ့ကျင့်မှုက သူ့ကို ပိုမို ရှင်းလင်းစွာ သိမြင်စေခဲ့ခြင်းသာဖြစ်၏။

သူ၏ စွမ်းရည်အသစ် သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်းသည် အင်မော်တယ်များကိုပင် နယ်ပယ်ချိုးဖျက်နိုင်ရန် ကူညီပေးနိုင်ကြောင်းပင်ဖြစ်၏။

ဤသည်က အလွန်အံ့မခန်းဖြစ်ပေသည်။

ဝါကျတစ်ကြောင်းတည်းဖြင့်ဖော်ပြရလျှင်

“ဝိုး….စောက်ရမ်းမိုက်တာပဲ”

ကိုယ်ပွား၏ ကျန်ရှိနေသော စွမ်းအားက

မိန်နျင်ကို နောက်ထပ် နယ်ပယ်တစ်ခု ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်ဦးမည်လော မသိပေ။

ရုတ်တရက် ချမ်ချန်ကန်းသည် ကူချင်ကြိုးခတ်ခြင်းကို ရပ်တန့်လိုက်လေ၏။

အဘယ်ကြောင့်ဆိုသော် ကိုယ်ပွား၏ စွမ်းအားက ကုန်ခန်းသွားသောကြောင့် ဖြစ်သည်။

သို့သော် ဟွာလုံမြို့တစ်မြို့လုံးတွင်မူ ကူချင်သံစဉ်သည် ရပ်တန့်မသွားဘဲ ဆက်လက် လွင့်ပျံနေဆဲဖြစ်သည်။

အမြင့်မြတ်ဆုံးသော တာအိုစည်းချက်များက ဟွာလုံမြို့တစ်မြို့လုံးတွင် စီးဆင်းနေဆဲဖြစ်သည်။

စွမ်းအားများ လုံးဝ ကုန်ခန်းသွားပြီဖြစ်ရာ ချမ်ချန်ကန်း၏ ကိုယ်ပွားသည်လည်း ကြေမွသွားကာ လောကကြီးထဲမှ ပျောက်ကွယ်သွားလေတော့၏။

*နှမြောစရာပဲ။ မနည်း အပြင်ထွက်လာရတာကို ပန်းမိန်းကလေးတွေနဲ့တောင် ကောင်းကောင်း မအိပ်လိုက်ရဘူး*

*ဒီလိုပဲ ပြန်သွားရတယ်။

ဘယ်လိုပဲ တွေးတွေး နည်းနည်းတော့ စိတ်မချမ်းသာစရာပဲ*

All Chapters