← Chapters

အခန်း ၁၆၃

Vol. 13 Ch. 163

အခန်း ၁၆၃

Vol. 13 Ch. 163

အခန်း(၁၆၃) ကူချင်သံစဉ်က ယူဆောင်လာသော အပြောင်းအလဲများ၊ ထပ်မံချိုးဖျက်နိုင်ခဲ့ပြန်ပြီ

ဖေးရှန့်တောင်၊ သက်ရှည်ကျောင်းတော်။

ကိုယ်ပွားကြေမွသွားသည်နှင့်အမျှ ချမ်ချန်ကန်း၏ အသိစိတ်က သူ၏ ပင်မကိုယ်ခန္ဓာဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သက်ရှည်ကျောင်းတော်အတွင်းရှိ လင်းပေါင်အာနှင့် အမြီးလေးတို့၏ အငွေ့အသက်များကို ခံစားလိုက်ရလေ၏။

သူတို့ ပြန်ရောက်နေကြပြီဖြစ်သည်။

သူ၏ လက်ထဲတွင် သိုလှောင်ကွင်းလေးကွင်း ပေါ်လာခဲ့၏။

ဤသည်မှာ ကျွမ်းမင်၊ ဦးလေးရှဲ့နှင့် အသူရာအင်မော်တယ်နယ်မြေက အင်မော်တယ်များထံမှ သူရရှိခဲ့သော အရာများပင် ဖြစ်ချေသည်။

သိုလှောင်ကွင်းလေးကွင်းကို ကြည့်ရင်း ချမ်ချန်ကန်းက တီးတိုးရေရွတ်လိုက်၏။

“တကယ်ပါပဲ... ငါ့ရဲ့ပြိုင်ဘက်ကင်းနယ်မြေက သေးလွန်းနေသေးတယ်”

“အင်မော်တယ်ကျောက်တုံးသာမရှိရင် ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို ဘယ်တော့ လွှမ်းခြုံနိုင်မလဲ မသိနိုင်တော့ဘူး”

“အထက်ဘုံ အင်မော်တယ်နယ်မြေကနေ အင်မော်တယ်ကျောက်တုံးတွေ ထပ်ရဖို့ လိုအပ်တယ်”

“ဒီလိုဆိုရင်တော့...”

ချမ်ချန်ကန်း၏ မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လက်သွားခဲ့ချေသည်။

ယနေ့ည ယန်ယွီမျှော်စင်သို့ သွားရသည်မှာ ခံစားချက်ကောင်းလှပေသည်။

ဖျော်ဖြေမှုအတွက် ဂီတကို နားဆင်ရသည်မှာ ဤကဲ့သို့သော နေရာမျိုးသည် ခံစားချက်ကို သာယာယစ်မူးစေပြီး စိတ်နှလုံးကို ငြိမ်းချမ်းစေ၏။ နောင်တစ်ချိန် ပြိုင်ဘက်ကင်းနယ်မြေသည် တောင်ပေါင်းတစ်သိန်းတောင်တန်း အပြင်ဘက်ရှိ မြို့ကိုပါ လွှမ်းခြုံသွားသောအခါကျ မကြာခဏ သွားရောက်သင့်ပေသည်။

ဟွာလုံမြို့တွင် ချမ်ချန်ကန်း၏ ကိုယ်ပွားသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း

မြို့တစ်မြို့လုံးတွင် ကူချင်သံစဉ်သည် အဆုံးမသတ်သေးဘဲ တာအိုစည်းချက်များက ထာဝစဉ်တည်ရှိနေသကဲ့သို့ ဖြစ်နေသည်။

မြို့ထဲရှိ ကျင့်ကြံသူများသည် ကူချင်သံစဉ်ထဲမှ မည်မျှကြာမှ နိုးထလာကြသည်ကို မသိနိုင်ပေ။

သူတို့၏ ကိုယ်ပိုင်အပြောင်းအလဲများကို မြင်တွေ့ရသောအခါ ဤကျင့်ကြံသူများသည် အလွန် အံ့အားသင့်သွားကြလေ၏။

“ဘုရားရေ... ငါ့ဒဏ်ရာတွေ သက်သာသွားပြီ”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မင်း ဘာဖြစ်သွားတာလဲ”

“ငါ... ငါ... ငါ့ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့တဲ့ အတွင်းဒဏ်ရာတွေ အကုန်လုံး ပျောက်ကင်းသွားပြီ”

ခန္ဓာကိုယ်ထဲရှိ အတွင်းဒဏ်ရာများသည် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကို တန့်နေစေမည်ဆိုသည်ကို သိထားရပေမည်။

ဤသည်မှာ အနာဂတ် မှောင်မိုက်သွားခြင်းဟုလည်း အဓိပ္ပာယ်ရချေသည်။

ယခုအခါ ခန္ဓာကိုယ်ထဲရှိ အတွင်းဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီဖြစ်ရာ ဤကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ပိုမို အားကောင်းသောအဆင့်ဆီသို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။

ဤသည်က ထိုကျင့်ကြံသူများကို မည်သို့ ဝမ်းသာပီတိမဖြစ်စေဘဲ နေနိုင်မည်နည်း။

ဤအရာက ဤကျင့်ကြံသူများကို ဒုတိယအသက်တစ်ချောင်း ပေးအပ်လိုက်သည်မှာ သေချာလှပေသည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် ချိုးဖျက်နိုင်သွားပြီ”

“တကယ်ကြီး ဘာတွေဖြစ်နေတာလဲ”

“ဟွာလုံမြို့မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကူချင်သံစဉ်နဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်”

“ငါတို့ကို ကယ်တင်ပြီး အခွင့်အရေးပေးခဲ့တဲ့ ပြိုင်ဘက်ကင်းပညာရှင်ကြီးတစ်ယောက် သေချာပေါက် ရှိရမယ်”

မြို့တွင်း၌ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြပေသည်။

ကျင့်ကြံသူများစွာသည် ဒူးထောက်ချလိုက်ကြလေ၏။

ဟွာလုံမြို့ကို ကယ်တင်ပေးခဲ့သူအား ရည်စူး၍ သူတို့အား အခွင့်အရေးပေးခဲ့သော ပြိုင်ဘက်ကင်း ပညာရှင်ကြီးကို ကျေးဇူးတင်ကြောင်း ဖော်ပြနေကြခြင်း ဖြစ်သည်။

သို့သော် နှမြောစရာ ကောင်းသည်မှာ

ထိုပြိုင်ဘက်ကင်း ပညာရှင်ကြီးသည် ပေါ်ထွက်မလာခဲ့သဖြင့် မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိကြချေ။

ထိုအချိန်၌ပင် ယန်ယွီမျှော်စင်တွင် ပြိုင်ဘက်ကင်းစွာ အားကောင်းလှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

၎င်းသည် အားကောင်းသော်လည်း ကြမ်းတမ်းခြင်းမရှိဘဲ အလွန်နူးညံ့လှကာ မြို့တွင်းရှိ ကျင့်ကြံသူများအပေါ် မည်သည့် သက်ရောက်မှုမျှ မဖြစ်စေခဲ့ပေ။

ထိုသို့ဖြစ်လင့်ကစား တုန်လှုပ်ဖွယ် ကောင်းလှချေသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါလဲ”

“ဟွာလုံမြို့ကို ကယ်တင်ပြီး ငါတို့ကို အခွင့်အရေးပေးခဲ့တဲ့ ပြိုင်ဘက်ကင်း ပညာရှင်ကြီးများလား”

မြို့တွင်းရှိ ကျင့်ကြံသူများသည် ယန်ယွီမျှော်စင်မှ ပေါက်ကွဲထွက်ပေါ်လာသော အားကောင်းသည့် အရှိန်အဝါရှိရာအရပ်သို့ ဦးတည်သွားကြလေ၏။

ယန်ယွီမျှော်စင်အတွင်း၌။

မိန်နျင်သည် တာအိုစည်းချက်များကို စုပ်ယူပြီး ဖြည်းညင်းစွာ နိုးထလာခဲ့သည်။

အင်မော်တယ်ကူချင်ဘေးသို့ ကြည့်လိုက်ရာ ချမ်ချန်ကန်း၏ ကိုယ်ပွားသည် ပျောက်ကွယ်သွားခဲ့ချေပြီ။

မိန်နျင်က ရှုပ်ထွေးသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

“စီနီယာရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို ကျွန်မ ပြန်မဆပ်နိုင်တော့ပါလား”

သူမ၏ စိတ်နှလုံးထဲတွင် သူမသာလျှင် အသိဆုံးဖြစ်ပေသည်။

ချမ်ချန်ကန်း ကူချင်တီးခတ်နေစဉ်အတွင်း ထွက်ပေါ်လာသော ခမ်းနားလှသည့် တာအိုစည်းချက်များက သူမကို မည်မျှ အံ့မခန်း အကူအညီများ ပေးအပ်ခဲ့သည်ဆိုသည်ကိုပင်။

ယခုအခါ မိန်နျင်၏ အင်မော်တယ်တာအို လမ်းစဉ်သည် တောက်ပနေသည်ဟု ဆိုနိုင်ပေသည်။

ချမ်ချန်ကန်း သူမအား ပေးသနားခဲ့သော တာအိုစည်းချက်များကို စုပ်ယူနိုင်သရွေ့

သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အချိန်တိုအတွင်း အင်မော်တယ်အရှင်သခင် နယ်ပယ်ကို ချိုးဖျက်နိုင်ပြီး ကောင်းကင်လျှို့ဝှက်နယ်ပယ်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သူမ ယုံကြည်ထားချေသည်။

ကောင်းကင်လျှို့ဝှက်နယ်ပယ် မည်သူမျှ မရောက်ရှိနိုင်သော နယ်ပယ်တစ်ခုဖြစ်သည်။

ရှေးခေတ်မှ ယနေ့တိုင် အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာ၌ ကောင်းကင်လျှို့ဝှက်နယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့သော အင်မော်တယ် မည်မျှရှိပါသနည်း။

“ဝုန်း…”

ရုတ်တရက် မိန်နျင်၏ အင်မော်တယ်တာအို လမ်းစဉ်အပေါ် ပိုမိုနက်ရှိုင်းသော သိမြင်နားလည်မှုရရှိသွားပြီး ပိုမိုအားကောင်းကာ အံ့မခန်းဖြစ်သော စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့လေ၏။

မိန်နျင်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း

အင်မော်တယ်အရှင်သခင် သတ္တမအလွှာမှ အင်မော်တယ်အရှင်သခင် အဋ္ဌမအလွှာသို့ ချိုးဖျက်နိုင်ခဲ့ချေပြီ။

“ချိုးဖျက်နိုင်ခဲ့ပြီလား...”

မိန်နျင်သည် မယုံနိုင်အောင်ဖြစ်ရကာ သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ ကိုယ်ပိုင်ချိုးဖျက်နိုင်မှုက လွယ်ကူလွန်းနေသဖြင့် နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားရပြန်၏။

“စီနီယာက ကြီးမားတဲ့ အင်မော်တယ်ကံကြမ္မာကို ပေးသနားခဲ့တာပဲ။ စီနီယာကို ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ”

မိန်နျင်၏ လှပသော မျက်လုံးများတွင် အလင်းရောင်များလက်သွားပြီး သူမ၏ အမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။

ဤကဲ့သို့သော ကျေးဇူးတရားမျိုးသည် သူမ ပြန်ဆပ်နိုင်သော အရာမဟုတ်ပေ။

ရုတ်တရက် မိန်နျင်သည် ချမ်ချန်ကန်း၏ စကားများကို သတိရသွား၏။

“ဒါနဲ့ စီနီယာက ငါ့ကို ဖေးရှန့်တောင်ဆီလာခဲ့ဖို့ ပြောခဲ့တာပဲ၊ ဆွေးနွေးစရာ တစ်ခုခု ရှိနေပုံရတယ်”

ထိုအကြောင်းကို တွေးမိသောအခါ မိန်နျင်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့ချေသည်။

ဤသည်ကား စီနီယာကို ကူညီနိုင်ကောင်း ကူညီနိုင်ပေလိမ့်မည်။

ထိုသို့တွေးမိသည်နှင့် မိန်နျင်သည် ယန်ယွီမျှော်စင်တွင် ဆက်လက်နေထိုင်ရန် မရည်ရွယ်တော့ပေ။

သူမသည် ကောင်းကင်သို့ ထိုးတက်သွားသော အင်မော်တယ်အလင်းတန်းအဖြစ် ပြောင်းလဲကာ ဖေးရှန့်တောင်ရှိရာ အရပ်သို့ သွားရန် ပြင်ဆင်လိုက်လေ၏။

သို့သော် မိန်နျင် ယန်ယွီမျှော်စင်မှ ထွက်ခွာလာချိန်တွင် ယန်ယွီမျှော်စင်အပြင်ဘက်၌ ကျင့်ကြံသူများစွာ စုရုံးနေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

ဤကျင့်ကြံသူများသည် မိန်နျင်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြချေ၏။

“စီနီယာ့ရဲ့ အကူအညီနဲ့ ဟွာလုံမြို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“စီနီယာ... ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းကို ကျေးဇူးတင်ပါတယ် စီနီယာ”

“စီနီယာ့ရဲ့ အကူအညီသာမပါရင် ကျွန်တော် အဆင့်ပိတ်ဆို့နေတာကို ဘယ်နှစ်နှစ်လောက်ကြာမှ ချိုးဖျက်နိုင်မလဲဆိုတာ မသိနိုင်တော့ပါဘူး၊ စီနီယာရဲ့ နောင်အနာဂတ်မှာ ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက် ဖြောင့်ဖြူးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”

“…”

All Chapters