အခန်း ၁၆၅
Vol. 13 Ch. 165
အခန်း (၁၆၅)ဓာတ်တော်ထဲမှ ထွက်ပေါ်လာသော ခမ်းနားလှသည့် သက်စောင့်စွမ်းအင်များ
အခြေခံအုပ်မြစ်တည်ဆောက်ခြင်းအဆင့် ကိုယ်ပွားတစ်ခုတည်းဖြင့် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ရှိ ကျွမ်းမင်ကို သတ်ဖြတ်နိုင်ရုံသာမက တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်ရှဲ့ပေါ်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိခဲ့ပေသည်။
ဤစွမ်းအားသည် ပြိုင်ဘက်ကင်းသော တာအိုဒဏ်ရာဟု ဆိုနိုင်ပေသည်။
တာအိုဒဏ်ရာသည် စိတ်ဝိညာဉ်ကို ပစ်မှတ်ထားပြီး ၎င်းကို ခုခံနိုင်မည့် ထိရောက်သော နည်းလမ်းမရှိချေ။
ပို၍ မြင်သာအောင် ပြောရလျှင် တကယ်တမ်း၌ သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီးနောက်တွင်မူ
ချမ်ချန်ကန်းနှင့် မိန်နျင်ပြောသော အင်မော်တယ်သူတော်စင်တို့သည် တကယ်တမ်း၌ အတူတူပင် ဖြစ်သွားချေသည်။
ဤလုပ်ဆောင်ချက်သည် နောင်တစ်ချိန် ချမ်ချန်ကန်း ပြိုင်ဘက်ကင်းနယ်မြေမှ ထွက်ခွာသွားသောအခါ အနည်းဆုံးတော့ တိုက်ခိုက်မှုစတင်ရန် နည်းလမ်းတစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
မဟုတ်လျှင် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကိုသာ အမြဲတမ်းအားကိုးပြီး ရန်သူကို ခြောက်လှန့်နေရမည်ဖြစ်သည်။
ချမ်ချန်ကန်းအတွက် ဤသည်မှာ ရှက်စရာကောင်းလွန်းလှပေသည်။
သူက ဤသည်ကို သဘောမကျပေ။
တွေးတောနေရင်း ချမ်ချန်ကန်းသည် နောက်တစ်ကြိမ် ထပ်မံ စမ်းသပ်ကြည့်လိုက်၏။
လက်ညှိုးကို လှုပ်ရှားလိုက်ပြီး တစ်ချိန်တည်းမှာပင် သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလိုက်လေသည်။
ဝေးကွာသော တောင်ထွတ်တစ်ခုမှ ဧရာမ ကျောက်ပြာကြီးတစ်တုံး ကောင်းကင်ယံသို့ ပျံတက်လာသည်ကို မြင်လိုက်ရ၏။
ထို့နောက် ချမ်ချန်ကန်း၏ လက်ညှိုးလှုပ်ရှားမှုများကြားတွင် ထိုကျောက်တုံးသည် ကျောက်ရုပ်ထုတစ်ခုအဖြစ် ထွင်းထုခံလိုက်ရချေသည်။
ထိုကျောက်ရုပ်ထုကို ထွင်းထုပြီးသွားသောအခါ
ထူးခြားမှုမရှိဘဲ သာမန်အတိုင်းသာဖြစ်နေ၏။
သို့သော် ၎င်းတွင် အဆုံးမဲ့သော တာအိုစည်းချက်များက ပြည့်နှက်နေပြီး အလွန် ထူးခြားလှပေသည်။
ဤကျောက်ရုပ်ထုသည် ပန်းပုထုခြင်းလမ်းစဉ်ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံထားသော အင်မော်တယ်သူတော်စင်တစ်ပါး ထွင်းထုထားသည်ဟု ပို၍ထင်မှတ်ရပေသည်။
အကယ်၍ အင်မော်တယ်များသာ ဤကျောက်ရုပ်ထုကို မြင်တွေ့ခွင့်ရမည်ဆိုပါက သူတို့သည် သေချာပေါက် သိမြင်နားလည်မှုအချို့ ရရှိကြမည်ဖြစ်သည်။
အင်မော်တယ်များသည် ကျောက်ရုပ်ထုများမှ တာအိုစည်းချက်များကို စုပ်ယူလိုက်ပါက သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ခက်ခဲတော့မည်မဟုတ်ပေ။
ဤကျောက်ရုပ်ထုသာ အထက်ဘုံသို့ ရောက်ရှိသွားပါက သွေးထွက်သံယိုမှုများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။
မရေမတွက်နိုင်သော အင်မော်တယ်များ၏ လုယက်တိုက်ခိုက်မှုများကို ဆွဲဆောင်နိုင်မည် ဖြစ်၏။
“တာအိုစည်းချက်တွေ ပြည့်နှက်နေပေမယ့် ငါ့ရဲ့ ပန်းပုထုတဲ့စွမ်းရည်က မကောင်းတော့ အရုပ်ဆိုးလွန်းတယ်”
ချမ်ချန်ကန်းက ခေါင်းခါယမ်းကာ မျက်လုံးများကို မှေးစင်းလိုက်၏။
ထို့နောက် အထက်ဘုံတွင် အင်မော်တယ်နယ်မြေအတွက် အင်မော်တယ်များကြား တိုက်ပွဲများ ဖြစ်ပွားစေပြီး အထက်ဘုံကို သွေးထွက်သံယို ဖြစ်စေမည့် ကျောက်ရုပ်ထုကို ဖျက်ဆီးပစ်လိုက်လေသည်။
နှမြောစရာပင်။
လက်ရှိ ချမ်ချန်ကန်းသည် သူ၏ လုပ်ဆောင်ချက်အသစ်ဖြစ်သည့် သန့်စင်သောစည်းချက်ပေါင်းစပ်ခြင်းက မည်မျှအားကောင်းသည်ကို မသိရှိသေးပေ။
နောင်အနာဂတ်တွင် အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာအတွက် မည်မျှ တုန်လှုပ်ဖွယ်ရာ ဖြစ်လာမည်နည်း။
ခြံဝင်းအတွင်း တစ်ချက်ဝေ့ကြည့်လိုက်ရာ လင်းပေါင်အာနှင့် အမြီးလေးတို့ နှစ်ဦးစလုံး အလေးအနက် ကျင့်ကြံနေကြသည်ကို မြင်တွေ့လိုက်ရ၏။
ကျူးရှိူ့ပွဲတော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများအပြီး၌ လင်းပေါင်အာနှင့် အမြီးလေးတို့က သူတို့၏ လိုအပ်ချက်များကို သဘောပေါက်သွားခဲ့ကြချေပြီ။
သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အလွန် အားနည်းနေသေးကြောင်း သူတို့ တွေ့ရှိသွားခဲ့ကြသည်။
ချမ်ချန်ကန်းကို လုံးဝ မကူညီနိုင်ခဲ့ပေ။
သူတို့၏ ယခုပန်းတိုင်မှာ ပိုမို အားကောင်းလာရန် ကြိုးစားပြီး ချမ်ချန်ကန်းကို အရှက်မကွဲစေရန်ပင် ဖြစ်သည်။
သေချာသည်မှာ ချမ်ချန်ကန်းကလည်း ဤမြင်ကွင်းကိုမြင်ရသဖြင့် ဝမ်းသာနေမိ၏။
သူတို့နှစ်ဦး၏ ပါရမီများအပြင် အင်မော်တယ်နယ်မြေနှင့် နေ့စဉ် သောက်သုံးနေရသော အင်မော်တယ်ဆေးများ၏ စွမ်းအားများ ပေါင်းစပ်လိုက်သောအခါ ယခု သူတို့ အလေးအနက် ကျင့်ကြံနေကြရာ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် လျင်မြန်စွာ တိုးတက်နေချေသည်။
ချမ်ချန်ကန်းသည် တစ်လအကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲကို မျှော်လင့်နေမိသည်။
လင်းပေါင်အာနှင့် အမြီးလေးတို့၏ ကျင့်ကြံခြင်းအဆင့်သည် မည်သည့်နယ်ပယ်သို့ ရောက်ရှိသွားမည်နည်း။
ပြန်လည်စဉ်းစားကြည့်ရာ ချမ်ချန်ကန်းသည် နတ်ဆိုးသုံးကောင်ဖြစ်သည့် ဟုန်ရီ၊ ထို့ပါယဲ့နှင့် ရှဲ့ကျီနယ့်တို့ကို သတိရသွား၏။
သူက မျက်မှောင်ကြုတ်လိုက်သည်။
“အချိန်ကကြာနေပြီ ယွင်ကျိုးဘက်က ဘာသတင်းမှ မကြားရသေးဘူး၊ သူတို့ အခု ဘယ်လိုနေကြလဲမသိဘူး”
သူ့ဆရာဖုန်းချီယွင်၏ သေခြင်းရှင်ခြင်းကို သူ အလွန်စိုးရိမ်နေမိသည်။
ခေါင်းခါယမ်းလိုက်ပြီး သတင်းစောင့်ရန်မှလွဲ၍ သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
အကယ်၍ နတ်ဆိုးသုံးကောင်သာ ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင်
သတင်းပြန်ရောက်လာရန် အချိန်ကြာမည် မဟုတ်ပေ။
ထိုပါယဲ့သည် ယွမ်ယင်အဆင့်မော်တယ်အဆင့် မဟုတ်ပါလား။
နတ်ဆိုးသုံးကောင်သည် ယွင်ကျိုးပြည်နယ်၏ အသက်အန္တရာယ်ရှိသော တားမြစ်နယ်မြေထဲတွင် ရှိနေလျှင်တောင် ပြဿနာသိပ်မကြီးနိုင်ပေ။
စိတ်ထဲတွင် တွေးလိုက်သည်နှင့်တပြိုင်နက် ချမ်ချန်ကန်းသည် နေရာမှ ပျောက်ကွယ်သွားလေ၏။
ပြန်ပေါ်လာသောအခါ ရှောင်ဟေး ကျင့်ကြံနေသော ရေကန်နက်ကြီးဆီသို့ ရောက်ရှိနေချေပြီ။
“ရှောင်ဟေး”
ကျင့်ကြံနေသော ရှောင်ဟေးက သူ့ကို တွေ့ရန် အမြန် ထွက်လာခဲ့သည်။
“သခင့်ကို ဂါရဝပြုပါတယ်”
“မင်း ကောင်းကင်နတ်ဆိုး ရှေးဟောင်းမြေခွေးမျိုးနွယ်ဆီသွားပြီး ပိုင်ယွဲ့ ပြန်ရောက်ပြီလား သွားကြည့်ချေ”
“ပိုင်ယွဲ့ ပြန်ရောက်နေရင် သူ့ကို သက်ရှည်ကျောင်းတော်ဆီလာခဲ့ဖို့ ပြောလိုက်”
ပိုင်ယွဲ့သည် ရွှယ်ဝူအင်မော်တယ်နယ်မြေ၏ သတ္တမမင်းသမီးဖြစ်ပြီး ပြန်လည်မွေးဖွားလာသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
မိန်နျင်က ဖေးရှန့်တောင်ဆီသို့ ရောက်မလာသေးသဖြင့်
ချမ်ချန်ကန်းသည် ကိစ္စအချို့ကို ပိုင်ယွဲ့နှင့် အရင်ဆွေးနွေးသင့်သည်ဟု တွေးလိုက်၏။
“အမိန့်အတိုင်းပါ”
ရှောင်ဟေးသည် ခန္ဓာကိုယ်ကို နဂါးတစ်ကောင်အဖြစ်ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားပြီး ဖေးရှန့်တောင်မှ ထွက်ခွာကာ တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အတွင်းပိုင်းရှိ ကောင်းကင်နတ်ဆိုး ရှေးဟောင်းမြေခွေးမျိုးနွယ်ဆီသို့ ထွက်သွားလေတော့သည်။
ချီ... ချီ…
ရုတ်တရက် ချမ်ချန်ကန်း တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သက်ရှည်ကျောင်းတော်ရှိရာ အရပ်သို့ကြည့်လိုက်၏။
ဗုဒ္ဓအလင်းတန်းများ တောက်ပနေပြီး ရွှေရောင်ဗုဒ္ဓအလင်းတန်းများသည် ကောင်းကင်ကို ထိုးဖောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ချမ်ချန်ကန်း မျက်လုံးများကို မှေးစင်းလိုက်ပြီး ရေကန်နက်ကြီးထံမှ ပျောက်ကွယ်သွားလေ၏။
ပြန်ပေါ်လာသောအခါ သက်ရှည်ကျောင်းတော်ဆီသို့ ပြန်လည်ရောက်ရှိနေချေပြီ။
ထိုအချိန်တွင် သက်ရှည်ကျောင်းတော်၌ ကျင့်ကြံနေကြသော လင်းပေါင်အာနှင့် အမြီးလေးတို့သည်လည်း ဗုဒ္ဓအလင်းတန်းများကြောင့် လန့်နိုးနေကြပြီ ဖြစ်သည်။
သူတို့သည် ဗောဓိပင်အောက်ရှိ ဓာတ်တော်ကို ကြည့်နေကြ၏။
“ဆရာ... ဒီဓာတ်တော်က သက်စောင့်စွမ်းအင်တွေ ပြည့်နှက်နေပြီး တစ်ခုခု မွေးဖွားလာတော့မယ့် ပုံစံမျိုး ဖြစ်နေတယ်”
လင်းပေါင်အာက ပြောလိုက်သည်။
ချမ်ချန်ကန်းက ခေါင်းညိတ်ပြလိုက်၏။
သူက ဓာတ်တော်ကို ကြည့်လိုက်သည်။
ဓာတ်တော်သည် တောက်ပနေပြီး အဆုံးမဲ့သော ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်နေကာ ဗုဒ္ဓသံစဉ်များ ထွက်ပေါ်နေပြီး ထိုဓာတ်တော်ထဲမှ ခမ်းနားလှသော သက်စောင့်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်နေချေသည်။
ဂျွတ်… ဂျွတ်...ဂျွတ်…
ရုတ်တရက် ဓာတ်တော်၏ မျက်နှာပြင်ပေါ်တွင် မရေတွက်နိုင်သော အက်ကွဲကြောင်းများ မြောက်မြားစွာ ပေါ်လာပြီး တောက်ပသော ရွှေရောင်အလင်းတန်းများက လင်းပေါင်အာနှင့် အမြီးလေးတို့၏ မျက်လုံးများကို မဖွင့်နိုင်လောက်အောင် စူးရှကာ ဓာတ်တော်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းပေါင်အာနှင့် အမြီးလေးတို့၏ မျက်လုံးများမှ မျက်ရည်များ ကျလာခဲ့ချေသည်။
ချမ်ချန်ကန်းသည် မျက်လုံးများကို မှေးစင်းလိုက်သော်လည်း သူ၏အပေါ် မည်သည့် သက်ရောက်မှုမျှမရှိခဲ့ပေ။
တောက်ပသော ရွှေရောင်အလင်းတန်းများအောက်တွင် ဓာတ်တော်၌ ဖြစ်ပေါ်နေသော ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲများကို သူ စောင့်ကြည့်နေလေ၏။
ရုတ်တရက် သူသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး အနည်းငယ် အံ့အားသင့်သွားကာ ထိုဓာတ်တော်ထဲတွင် စိတ်ဝင်စားစရာ တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားချေသည်။