အခန်း ၁၆၉
Vol. 14 Ch. 169
အခန်း (၁၆၉) ဟွမ်ဖူမိသားစု၊ လူငယ်လေး မိုဝမ်ထျန်း
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျူးရှို့ဒယ်စောက်ကို ထုတ်ယူလိုက်၏။ ပိုင်ယွဲ့၏ မျက်လုံးအိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားသည်။
“ကျူးရှို့ဒယ်စောက်..”
ထိုအချိန်၌ပင် ချမ်ချန်ကန်းက ကျူးရှို့ဒယ်စောက်ကို ထုတ်ယူလိုက်သောအခါ သူမ၏ မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ ဒယ်စောက်ကို ထုတ်ယူပြီးနောက် ၎င်း၏ ကောင်းကင်တာအို ပြောင်းလဲမှုကို သူ ခံစားလိုက်ရသည်။
ဤကျူးရှို့ဒယ်စောက်က သူ၏ ထိန်းချုပ်မှုမှ ရုန်းထွက်ပြီး ပိုင်ယွဲ့ကို သခင်အဖြစ် အသိအမှတ်ပြုရန်ပင် ရည်ရွယ်နေသည်။
ကျူးရှို့ဒယ်စောက်က အထက်ဘုံတွင် ဝင်စား၍ ပြန်လည်ကျင့်ကြံမည့် ပါရမီရှင်များအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်မှာ သေချာလှ၏။
သို့သော်လည်း ပြိုင်ဘက်ကင်းနယ်မြေထဲတွင် သူက ကျူးရှို့ဒယ်စောက်ကို တိုက်ရိုက် ဖိနှိပ်ထားလိုက်သည်။
သူ၏ ခွင့်ပြုချက် မပါဘဲ ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုဖြင့် ကျူးရှို့ဒယ်စောက်ကို ရယူနိုင်ရန် ဆိုသည်မှာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။
“ပိုင်ယွဲ့... မင်းက တပည့်လက်ခံပွဲကို သွားမှာဆိုပေမဲ့ ဤကျူးရှို့ဒယ်စောက်ကို ရယူဖို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိ အပေါ်မှာ မူတည်နေသေးတယ်...”
“စီနီယာ... ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်...”
ပိုင်ယွဲ့မှာ အလွန်ပင် တည်ကြည်လေးနက်နေ၏။ သေချာပေါက် ချမ်ချန်ကန်းက ဤကိစ္စကို ပြောပြရန် သက်သက်အတွက် ပိုင်ယွဲ့ကို ခေါ်လိုက်ခြင်း မဟုတ်ပေ။
ပို၍ အရေးကြီးသော ရည်ရွယ်ချက်တစ်ခု ရှိသေး၏။
“ပိုင်ယွဲ့... မင်းက အထက်ဘုံ အင်မော်တယ်နယ်မြေက လာတာဆိုတော့ အင်မော်တယ်ကျောက်တုံးတွေ အကြောင်းကို ဘယ်လောက်သိလဲ...”
ပိုင်ယွဲ့က တခဏမျှ စဉ်းစားလိုက်သည်။
“စီနီယာ... အင်မော်တယ်တွေကို ကျင့်ကြံတဲ့အခါ အင်မော်တယ်တာအိုကို နားလည်သဘောပေါက်ဖို့ လိုအပ်ရုံသာမက အင်မော်တယ်စွမ်းအင် အရင်းအမြစ်လည်း လိုအပ်ပါတယ်... အင်မော်တယ် ကျောက်တုံးတွေက အင်မော်တယ်စွမ်းအင်ရဲ့ အရင်းအမြစ်ဖြစ်ပြီး အင်မော်တယ်တွေ စုပ်ယူမှုကို မြန်ဆန်စေကာ ကျင့်စဉ်အဆင့် အတားအဆီးဆီကို အမြန်ရောက်ရှိစေပါတယ်...”
“ဒါ့အပြင် ခန္ဓာကိုယ်ထဲက အင်မော်တယ်စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့အခါ အင်မော်တယ် ကျောက်တုံးတွေကနေ တစ်ဆင့် မြန်မြန်ဆန်ဆန် ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်...”
“စီနီယာက ဘာဖြစ်လို့ ဒါကိုမေးတာလဲ...”
“ဒါဆို အင်မော်တယ်ကျောက်တုံးတွေက အင်မော်တယ်နယ်မြေမှာ အရမ်းတန်ဖိုးကြီးတဲ့ ပုံပဲ...”
“ဟုတ်ပါတယ် စီနီယာ... အင်မော်တယ်တွေ ထောင်သောင်းချီရှိပေမဲ့ အင်မော်တယ် ကျောက်တုံးတွေကို အင်မော်တယ်မိုင်းတွင်းတွေကနေပဲ ထုတ်လုပ်နိုင်ပါတယ်... အင်မော်တယ်မိုင်းတွင်းတွေက ရှားပါးပြီး အင်မော်တယ်မိသားစုကြီးတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိကြပါတယ်... လူတိုင်းက အင်မော်တယ် ကျောက်တုံးတွေကနေတစ်ဆင့် ကျင့်ကြံနိုင်တာ မဟုတ်ပါဘူး...”
“တိတိကျကျဆိုရင် ဘယ်လောက်လောက် ရှိလဲ...”
“ပုံမှန်အားဖြင့် အင်မော်တယ်မိုင်းတွင်း တစ်ခုကနေ တစ်နှစ်ကို အင်မော်တယ် ကျောက်တုံး ရာဂဏန်းလောက် ထွက်ပါတယ်...”
“ပြီးတော့ အင်မော်တယ် ကျောက်တုံးတွေကို ထိပ်တန်းအဆင့်၊ အဆင့်မြင့်၊ အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့်ဆိုပြီး အဆင့်လေးဆင့် ခွဲခြားထားပါတယ်...”
“ကောင်းပြီ... ငါ မေးချင်တာက ဒီအင်မော်တယ်မိုင်းတွင်းတွေရဲ့ ထွက်ကုန်တွေထဲမှာ အဆင့်အသီးသီးက အင်မော်တယ် ကျောက်တုံးတွေရဲ့ အချိုးအစားက ဘယ်လောက်လဲ...”
“စီနီယာ... ကျွန်မ နားမလည်ဘူး...”
ချမ်ချန်ကန်းက သူ၏ မျက်လုံးများကို အနည်းငယ် မှေးလိုက်၏။
“နောက်မေးခွန်း တစ်ခုအနေနဲ့ ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ အင်မော်တယ်မိုင်းတွင်း ဘယ်နှခုရှိလဲ...”
ပိုင်ယွဲ့မှာ အနည်းငယ် အနေခက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း စီနီယာ၏ ဤမေးခွန်းများက တကယ့်ကို ခက်ခဲလှ၏။
အင်မော်တယ်မိုင်းတွင်းက အရပ်ရပ်မှ အင်မော်တယ်မျိုးနွယ်စု အင်အားစုကြီးများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သူမ ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။
“စီနီယာ... တိတိကျကျတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ ကျွန်မတို့ ဟွမ်ဖူမိသားစုမှာတော့ အင်မော်တယ်မိုင်းတွင်းဆယ်ခုရှိပါတယ်...”
ဤစကားကိုကြားသည်နှင့် ချမ်ချန်ကန်း၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပသွား၏။
အင်မော်တယ်မိုင်းတွင်း တစ်ခုက တစ်နှစ်လျှင် အင်မော်တယ် ကျောက်တုံးရာဂဏန်းခန့် ထုတ်လုပ်နိုင်သဖြင့် မိုင်းတွင်းဆယ်ခုဆိုလျှင် အင်မော်တယ် ကျောက်တုံးတစ်ထောင်ခန့် ရှိမည်ဖြစ်သည်။
အဆင့်နိမ့်အင်မော်တယ် ကျောက်တုံးတစ်ခုအတွက် လဲလှယ်ရရှိမည့် နယ်မြေတန်ဖိုးက အမှတ်ငါးထောင်ဖြစ်၏။
အကယ်၍ အားလုံးက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများသာဖြစ်ခဲ့လျှင် နယ်မြေတန်ဖိုးသန်းငါးဆယ် တန်ဖိုးရှိနိုင်သည်။
ကျွတ် ကျွတ်... ဤသည်က ဟွမ်ဖူမိသားစု၏ တစ်နှစ်စာထွက်ကုန်သာရှိသေးသည်။ အကယ်၍ ဟွမ်ဖူမိသားစု၏ အင်မော်တယ်မိုင်းတွင်း ဆယ်ခုသာမက အင်မော်တယ်နယ်မြေရှိ အခြားအင်မော်တယ် မျိုးနွယ်စုများ၏ မိုင်းတွင်းများကိုပါ ရရှိနိုင်မည်ဆိုပါက။
ဤပြိုင်ဘက်ကင်းနယ်မြေကို ကျူးရှို့တိုက်ကြီးတစ်ခုလုံး လွှမ်းခြုံသွားစေရန်မှာ လက်တစ်ကမ်းသာ လိုတော့မည် ဖြစ်၏။
ချမ်ချန်ကန်းက အရောင်လက်နေသော မျက်လုံးများဖြင့် ပိုင်ယွဲ့ကို စိုက်ကြည့်လိုက်သည်။
ပိုင်ယွဲ့၏ မျက်နှာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွား၏။
ချမ်ချန်ကန်း၏ အကြည့်ကို ခံရသောအခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖောက်ထွင်း မြင်ခံရသကဲ့သို့ ခံစားလိုက်ရပြီး အလွန် စိတ်မသက်မသာ ဖြစ်သွားသည်။
စီနီယာက ဘာလုပ်ချင်မှန်း သူမ မသိပေ။
ရုတ်တရက် ချမ့်ချန်ကန်းက ပိုင်ယွဲ့ထံသို့ လျှောက်သွားလိုက်၏။
ပိုင်ယွဲ့၏ ကိုယ်ပေါ်မှ သစ်ခွပန်းရနံ့ သင်းသင်းလေးကို သူ ရှူရှိုက်မိလိုက်သည်။
“ပိုင်ယွဲ့... ငါနဲ့ အရောင်းအဝယ် တစ်ခုလောက်လုပ်ရင် ဘယ်လိုလဲ...”
ပိုင်ယွဲ့ခမျာ လန့်သွားသည်။
“အရောင်းအဝယ်...”
“အင်…အင်း...”
ဟွာလုံမြို့။
ပြီးခဲ့သည့်ညက မြို့ပျက်သုဉ်းလုနီးပါး ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားပြီးနောက် မြို့မှာ ယခင်ကဲ့သို့ ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ချင်းလုံဂိုဏ်းမှာ ဟွာလုံမြို့ရှိ နာမည်မကြီးသော ဂိုဏ်းတစ်ခုဖြစ်သည်။
ဤနေ့တွင်ကား ချင်းလုံဂိုဏ်းစံအိမ်၌ဖြစ်၏။ နဂါးဦးချိုကြီးနှင့် လူသန်ကြီးတစ်ယောက်က ဖာထေးထားသောအင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်ကို ဖမ်းဆွဲ၍ ထွက်လာသည်။
“မိုဝမ်ထျန်း... ခွေးကောင်လေး။ ငါတို့ ချင်းလုံဂိုဏ်းကိုမလာနဲ့။ ငါတို့ဂိုဏ်းက တောရိုင်းတိရစ္တာန်လိုကောင်တွေကို မကူညီဘူး။ ငါ့ကိုရိုင်းတယ်လို့ အပြစ်မတင်နဲ့...”
ထိုဦးချိုကြီးနှင့် လူသန်ကြီးမှာ ချင်းလုံဂိုဏ်း၏ တတိယသခင်ဖြစ်ပြီး ချီသန့်စင်ခြင်း အဆင့်ရှစ် ကျင့်ကြံမှုရှိသူဖြစ်သည်။
သူက စကားပြောပြီးသည်နှင့် မိုဝမ်ထျန်းကို အမှိုက်တစ်စကဲ့သို့ လမ်းမပေါ်သို့ လွှင့်ပစ်လိုက်ပြီး ခြေထောက်ဖြင့် အချက်အနည်းငယ် ကန်ကျောက်လိုက်၏။
ဤသည်က ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ၏ အာရုံကို ဆွဲဆောင်သွားပြီး လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုလာကြသည်။
“ဒါက ဟွာလုံမြို့ရဲ့ အမှိုက်ကောင် မိုဝမ်ထျန်း မဟုတ်ဘူးလား...”
“ဟုတ်တယ်... မနေ့ညက သရဲတစ္ဆေတွေ သတ်ဖြတ်တဲ့ထဲမှာ ဒီသူတောင်းစားလေး မသေသွားဘူးလို့ မထင်ထားဘူး...”
“ဟီးဟီး... ဒီကောင်လေးက ဒီရက်ပိုင်းအတွင်းမှာ ဟွာလုံမြို့က ဂိုဏ်းပေါင်း ဆယ်ဂဏန်းလောက်ကို ဝင်ဖို့ ကြိုးစားခဲ့တယ်လို့ ကြားတယ်... ကံမကောင်းစွာနဲ့ ဘယ်ဂိုဏ်းကမှ သူ့ကို လက်မခံကြဘူး...”
“ဒီလိုလုပ်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိဘူး... ဒီကောင်လေး မိုဝမ်ထျန်းက ပါရမီ မပါဘူးလို့ ကြားတယ်... သူက နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပေမဲ့ အခုမှ ကျင့်ကြံသူစဖြစ်တဲ့ ချီသန့်စင်ခြင်း ပထမအဆင့်မှာပဲ ရပ်တန့်နေသေးတယ်... ချင်းလုံဂိုဏ်းက ဒီအမှိုက်ကောင်ကို ဘယ်လိုလုပ် လိုချင်ပါ့မလဲ...”
“…”
မိုဝမ်ထျန်းက အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်သာရှိသေးပြီး ချီသန့်စင်ခြင်း ပထမအဆင့်တွင် ကျင့်ကြံနေသူ ဖြစ်သည်။
သူက ဘယ်ဘက်လက်တွင် သစ်သားဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ဖရိုဖရဲ ဆံပင်များနှင့် ညှို့ယူဖမ်းစားနိုင်သော အနီရောင်မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားကြောင်း မြင်တွေ့နိုင်သည်။
ယခုအချိန်တွင်တော့ သူ၏ နှာခေါင်းများ ပွန်းပဲ့ကာ မျက်နှာတစ်ခုလုံး ဖူးယောင်နေ၏။ သူက မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး သူ၏ ယိမ်းယိုင်နေသော ခန္ဓာကိုယ်က အချိန်မရွေး ပြိုလဲကျသွားနိုင်သည့်အလား ရှိနေသည်။
သို့သော်လည်း မိုဝမ်ထျန်းက ချင်းလုံဂိုဏ်း၏ တတိယသခင်ကို ရင်ဆိုင်ရမည်ကို မကြောက်ရွံ့ခဲ့ပေ။ ထွီခနဲ တံတွေးထွေးအသံနှင့်အတူ သူက မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်၏။
သူ၏ ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေသံများကိုမူ သူ လုံးဝ မကြားသည့်အလား ရှိနေသည်။
ဓားက တတိယသခင်ထံသို့ ချိန်ရွယ်ထားပြီး ဖူးယောင်နေသော မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေ၏။
သူက အော်ဟစ်လိုက်သည်။
“တတိယသခင်... ဒီသခင်လေးက မင်းတို့ရဲ့ ချင်းလုံဂိုဏ်းကိုဝင်ချင်တာ မင်းတို့အတွက် ကြီးမားတဲ့ ဂုဏ်ကျက်သရေပဲ... ဒါပေမဲ့ မင်းက သခင်လေးကို လက်မခံဘူးဆိုတော့ မင်းရဲ့ ခွေးမျက်လုံးတွေ ကန်းနေတာပဲ...”
“မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်မှာ အနှစ်သုံးဆယ်... လူငယ်တစ်ယောက် ဆင်းရဲတာကို မထီမဲ့မြင် မလုပ်နဲ့...”
“ဒီနေ့တော့ မင်းရဲ့ ချင်းလုံဂိုဏ်းက သခင်လေးရဲ့ မေတ္တာကို လျစ်လျူရှုလိုက်ပြီ... မနက်ဖြန်ကျရင်တော့ သခင်လေးက မင်းရဲ့ ချင်းလုံဂိုဏ်းကို အထွတ်အထိပ် ရောက်အောင် လုပ်ပေးမယ်...”
တတိယသခင်က ဤစကားကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်၏။
“ခွေးကောင်လေး... မင်းကို သင်ခန်းစာပေးရတာ မလုံလောက်သေးဘူးနဲ့ တူတယ်...”
သူက သူ၏ ညာလက်ဖြင့် မိုဝမ်ထျန်းကို ဖမ်းဆွဲလိုက်ပြီး ကောင်းကောင်း သင်ခန်းစာ ပေးရန် ဆုံးဖြတ်လိုက်သည်။
မိုဝမ်ထျန်းက ဟမ့်ခနဲ အသံပြု၍ နောက်သို့ အမြန်ရှောင်တိမ်းလိုက်၏။
ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်ကြားတွင် အကွာအဝေး အနည်းငယ်ရှိနေသဖြင့် မိုဝမ်ထျန်းမှာ လွယ်ကူစွာ ရှောင်တိမ်းနိုင်ခဲ့ပြီး ဘေးနားရှိ လူအုပ်ထဲသို့ ရောနှောဝင်ရောက်ကာ မည်သည့်နေရာသို့ ပုန်းရှောင်သွားမှန်း မသိတော့ပေ။
တတိယသခင်က အေးစက်စက် နှာမှုတ်လိုက်ပြီး မိုဝမ်ထျန်း၏ ပုံရိပ်ကို မမြင်ရတော့သဖြင့် ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်၏။
“ကျီးကန်းပါးစပ်နဲ့ ခွေးကောင်လေး... နောက်တစ်ခါ ထပ်တွေ့ရင် မင်းကိုငါ သတ်ပစ်မယ်...”
တတိယသခင်က လှည့်၍ စံအိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ ရုတ်တရက် မိုဝမ်ထျန်း၏ အသံက သူ၏ နားထဲသို့ ဝင်ရောက်လာ၏။
“တတိယသခင်... သခင်လေးက ဆယ့်ခြောက်နှစ်လောက် လေ့လာထားတဲ့ သိုင်းကွက်ကို စမ်းကြည့်လိုက်ပါဦး... အစစ်အမှန် ထောင်စုနှစ်သတ်ဖြတ်ခြင်း သိုင်းကွက်...”