အခန်း ၁၇၀
Vol. 14 Ch. 170
အခန်း (၁၇၀) အနာဂတ်က ကြိုတင်မှန်းဆမရ၊ ထွက်ခွာခြင်း
“အား.. ယိုး ယိုး”
သူ ခံစားလိုက်ရသည်မှာ တစ်စုံတစ်ရာက သူ၏ တစ်နေရာရာကို တုံးတိတိအရာ တစ်ခုဖြင့် ထိုးစိုက်လိုက်သကဲ့သို့ဖြစ်သည်။
ဖော်ပြ၍ မရနိုင်သော ထုံကျဉ်သည့် ခံစားမှုတစ်ခု ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများ ပြာဝေသွားစေပြီး အော်ညည်းသံတစ်ချက် ထွက်ပေါ်လာသည်။
သူက သူ၏ တင်ပါးကို လက်ဖြင့် ဖုံးအုပ်ထားလိုက်ပြီး ခွန်အားများ အားလုံး ကုန်ခမ်းသွားသကဲ့သို့ မျက်လုံးက မည်းမှောင်ကာ မှောက်လျက်လဲကျသွား၏။
မိုဝမ်ထျန်းက သူ၏ ညာခြေဖြင့် တတိယသခင်၏ တင်ပါးပေါ်သို့ တက်နင်းထားလိုက်သည်။
သူက မသိရသောနေရာသို့ ထိုးစိုက်ထားသည့် သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး ကိုယ်နေဟန်ထားတစ်ခုကို ကောင်းစွာ ယူလိုက်၏။
သူ၏ ဖူးယောင်နေသော မျက်နှာက သူ့ကို မာနထောင်လွှားနေသည့်ပုံစံ ပေါက်စေပြီး သူ၏ ဖရိုဖရဲဆံပင်များက လေထဲတွင် လွင့်ခါနေသော်လည်း သူ၏ ထိန်းချုပ်မရသော မာနကိုတော့ ဖုံးကွယ်မထားနိုင်ပေ။
ဘယ်ဘက်လက်တွင်ဓားကို ကိုင်ဆောင်ထားမှုက လူ့ဘုံသို့ကျဆင်းလာသော ဓားအင်မော်တယ် တစ်ပါးကဲ့သို့ ခံစားရစေသည်။
ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် လမ်းမကြီးတစ်ခုလုံး အလွန် တိတ်ဆိတ်သွားပြီး ကြည့်ရှုနေသူအားလုံးမှာ အံ့အားသင့်ကာ ဆွံ့အသွားကြသည်။
မိုဝမ်ထျန်းက ရုတ်တရက် နောက်ကြောင်းလှည့်၍ ပြန်လည် တိုက်ခိုက်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
“ဟမ့်.. ဒီသခင်လေးက ဟွာလုံမြို့မှာ နေလာတာ ဆယ်နှစ်ကျော်ပြီ... မင်းတို့ ချင်းလုံဂိုဏ်းရဲ့ တတိယသခင် ဆိုတာလည်း ဒီလောက်ပဲလား...”
“အား... ခွေးကောင်လေး... မင်းကို ငါ သတ်မယ်...”
လူအများရှေ့တွင် တတိယသခင်က မည်သည့်အချိန်က ဤမျှ အရှက်ခွဲခံခဲ့ရဖူးပါသနည်း။
သူ၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေ၏။ သို့သော်လည်း အဘယ်ကြောင့်မှန်း မသိပေ။ သူ၏ နောက်ပိုင်းမှာ အထိုးခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ မာနစွမ်းအင်များကို စုစည်း၍ မရတော့ဘဲ အနည်းငယ်မျှသော စွမ်းအားကိုပင် အသုံးပြု၍ မရနိုင်တော့ပေ။
“ဟားဟားဟား... တတိယသခင်... မင်းက သခင်လေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်ကို ခံလိုက်ရပြီ...”
“တစ်နာရီအတွင်း ဘယ်လို စွမ်းအားမျိုးကိုမှ သုံးဖို့ မစဉ်းစားနဲ့...”
“မင်းလို့ မပြောနဲ့... ချင်းလုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်လာရင်တောင် သခင်လေးရဲ့ ဒီအကွက်ကို ခံလိုက်ရရင် ဒူးထောက်ပြီး အဖေလို့ ခေါ်ရလိမ့်မယ်...”
ဤအခိုက်၌ ချီသန့်စင်ခြင်း စတုတ္ထအဆင့်ရှိ ချင်းလုံဂိုဏ်းမှ ဂိုဏ်းသားနှစ်ယောက်က အသံကြားသဖြင့် ရောက်လာကြပြီး ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားကြ၏။
“ခွေးကောင်လေး... မင်း တတိယသခင်ကို ဘာလုပ်လိုက်တာလဲ...”
“တတိယသခင်ရဲ့ ဖင်ပေါ်က မင်းရဲ့ ခွေးခြေထောက်တွေကို ဖယ်လိုက်စမ်း...”
မိုဝမ်ထျန်းက ပြုံးလိုက်သည်။
“ငါက သေချာပေါက် တတိယသခင်နဲ့ သိုင်းပညာ ဖလှယ်နေတာလေ...”
“မင်းက ငါ့ကို ဖယ်ခိုင်းတိုင်း ငါက ဖယ်ပေးရမှာလား... အဲဒါက ရှက်စရာ မကောင်းဘူးလား...”
တတိယသခင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
“မင်းတို့ ဘာလုပ်နေကြတာလဲ... ဒီခွေးကောင်လေးကို မဖမ်းဘူးလား... သူ့ကို ငါ သတ်ပစ်မယ်...”
ဂိုဏ်းသားနှစ်ယောက်က ပြေးဝင်လာရာ မိုဝမ်ထျန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
“ဒီသခင်လေးရဲ့ နောက်ထပ် ထိပ်တန်းသိုင်းကွက် တစ်ခုကို စမ်းကြည့်လိုက်ဦး... အစစ်အမှန်ထွက်ပြေး လွတ်မြောက်ခြင်း သိုင်းကွက်ပဲ...”
သူက သူ၏ ရင်ခွင်ထဲမှ အဖြူရောင် အမှုန့်များကို ထုတ်ယူ၍ ကောင်းကင်ယံသို့ ပက်ကြဲလိုက်ရာ လမ်းမကြီး တစ်ခုလုံး ချက်ချင်းပင် လွှမ်းခြုံသွား၏။
အဖြူရောင် အမှုန့်များ ကင်းစင်သွားသောအခါ မိုဝမ်ထျန်းမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“တတိယသခင်...”
ဂိုဏ်းသားနှစ်ယောက်က တတိယသခင်ကို အလျင်အမြန် တွဲထူလိုက်ကြ၏။
တတိယသခင်က နာကျင်နေသော သူ၏ တင်ပါးကို ဖက်၍ သူ၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။
“အမိန့်ပေးလိုက်... ချင်းလုံဂိုဏ်းတစ်ခုလုံးကို စေလွှတ်လိုက်... အဲဒီခွေးကောင်လေးကို ရအောင်ရှာရမယ်... သူ့ကို ငါ သေချာပေါက် သတ်ပစ်မယ်...”
ညအချိန်၌ ယန်ယွီမျှော်စင်တွင် ပိုးကြိုးနှင့် ဝါးကြိုးများ တီးခတ်သံများနှင့်အတူ ရှင်းလင်းပြတ်သားပြီး စိတ်ဝင်စားဖွယ် ကောင်းသောအသံများဖြင့် အလွန် စည်ကားနေသည်။
အစွန်အဖျားကျသော အခန်းငယ်တစ်ခုမှာမူ အလွန်တိတ်ဆိတ်နေပြီး မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်က လင်းလက်နေ၏။
အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။
အမျိုးသားမှာ ယနေ့ချင်းလုံဂိုဏ်း အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ လုပ်ခဲ့သော မိုဝမ်ထျန်းဖြစ်သည်။
သူ၏ နှာခေါင်းများ ပွန်းပဲ့ကာ မျက်နှာတစ်ခုလုံး ဖူးယောင်နေဆဲ ဖြစ်သည်ကို မြင်တွေ့နိုင်ပြီး သူ၏ဘေးတွင် လှပသော မိန်းကလေးတစ်ယောက်ရှိနေ၏။
သူမက မိုဝမ်ထျန်းနှင့် ရွယ်တူခန့်ရှိသည်။
ဆံပင်အရှည်ကို အထက်သို့ စည်းနှောင်ထားပြီး မျက်ခုံးများက လှပကာ မျက်လုံးများက တောက်ပ၍ ကြည်လင်နေ၏။
သူမက ဖူးယောင်နေသော သူ၏ မျက်နှာပေါ်သို့ ဆေးကို ဂရုတစိုက်နှင့် ညင်သာစွာ လိမ်းပေးနေသည်။
မိုဝမ်ထျန်း၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခုရှိနေ၏။
“ချင်းလုံဂိုဏ်းက ကောင်တွေက ဒီနေ့ မြို့ထဲမှာ ငါ့ကို လိုက်ရှာနေကြတယ်... ငါက ယန်ယွီမျှော်စင်မှာ ပုန်းနေမယ်လို့ သူတို့ ဘယ်တော့မှ ထင်မှာ မဟုတ်ဘူး...”
“ဝမ်ထျန်း... နင် တကယ်ဆုံးဖြတ်ပြီးပြီလား...”
မိန်းကလေး၏ အမူအရာက ရှုပ်ထွေးနေပြီး သူမ၏ မျက်လုံးများက တောက်ပလျက် မေးလိုက်သည်။
မိုဝမ်ထျန်းက အနည်းငယ် လန့်သွားပြီးနောက် ဆေးလိမ်းပေးနေသော မိန်းကလေး၏ လက်ကို ဆွဲကိုင်လိုက်၏။
ရေ၏ အေးစက်မှုက လူငယ်နှင့် မိန်းကလေး နှစ်ဦးစလုံး၏ နှလုံးသားများကို တုန်လှုပ်သွားစေပြီး ရင်ခုန်သံများ မြန်ဆန်လာစေသည်။
မှိန်ဖျော့နေသော ဖယောင်းတိုင် မီးရောင်အောက်တွင် မိန်းကလေး၏ ပါးပြင်များက ရဲတက်လာပြီး ခေါင်းငုံ့သွားသည်။
“ငါ ဟွာလုံမြို့မှာရှိတဲ့ ဂိုဏ်းတိုင်းနီးပါးကို ရောက်ခဲ့ဖူးတယ်... ဘယ်ဂိုဏ်းကမှ ငါ့ကို လက်မခံချင်ကြတော့ ငါ ဆုံးဖြတ်ပြီးပြီ...”
“ဒါပေမဲ့...”
မိန်းကလေး၏ အသံက ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းနေ၏။ မိုဝမ်ထျန်းက မိန်းကလေး၏ စကားကို ဖြတ်ပြောလိုက်ပြီး မိန်းကလေး၏ လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
“ညီအရူဟွာ... ငါ့ရဲ့ ပါရမီက ပြိုင်ဘက်ကင်းတယ်... ဒါပေမဲ့ ဟွာလုံမြို့က ဒီကောင်တွေက မျက်စိကန်းနေပြီး မမြင်နိုင်ကြဘူး... အဲဒီသခင်က ဖေးရှန်းတောင်မှာ တပည့်လက်ခံပွဲ လုပ်မယ်လို့ ကြားတယ်... ဒါကြောင့် ငါသွားကို သွားရမယ်... ငါ့ရဲ့အရည်အချင်းနဲ့ဆိုရင် သူ့ရဲ့ တပည့် သေချာပေါက် ဖြစ်လာမှာပဲ...”
“ဟုတ်ပြီ... အစ်ကိုဝမ်ထျန်း သေချာပေါက် လုပ်နိုင်မယ်လို့ ငါ ယုံတယ်...”
မိန်းကလေး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များရှိနေပြီး မိုဝမ်ထျန်းအပေါ် ယုံကြည်မှုအပြည့်ရှိနေ၏။
“ဟေး... မနေ့ညက အဲဒီသခင်က ဟွာလုံမြို့ကို ကယ်တင်ခဲ့တယ်လို့ကြားတယ်... ကံမကောင်းစွာနဲ့ ငါ မမြင်လိုက်ရဘူး... မနေ့ညက အဲဒီသခင်သာမရှိရင် မင်းနဲ့ငါ မနေ့ညက သရဲတစ္ဆေတွေ လက်ထဲမှာ သေသွားလောက်ပြီ...”
“ညီမရူဟွာ... ညီမယန်ယွီမျှော်စင်မှာ နေရစ်ခဲ့ပါ... တစ်လလောက်ကြာလို့ ငါသာ အဲဒီသခင်ရဲ့တပည့် ဖြစ်လာတဲ့အခါ ညီမကို လာခေါ်မယ်...”
“ဝမ်ထျန်း... ငါ နင့်ကို စောင့်နေမယ်...”
“အဟမ်း... ဒါနဲ့...ညီမရူဟွာ… ငါက တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသွားဖို့ ခရီးအဝေးကြီး သွားရဦးမှာဆိုတော့ ဒုက္ခရောက်မှာစိုးလို့...”
မိုဝမ်ထျန်းက အလွန်အနေခက်နေ၏။ မိန်းကလေးက ကုတင်အောက်ရှိ အံဝှက်ထဲမှ သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူကာ ဖွင့်လိုက်ရာ အတွင်း၌ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးခုနှင့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဒါဇင်ခန့် ရှိနေသည်။
“အစ်ကိုဝမ်ထျန်း... ဒါတွေ ယူသွားလိုက်...”
စိတ်ဝိညာဉ်ကျောက်တုံးများမှ ထွက်ပေါ်လာသော ခမ်းနားကြီးကျယ်သည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။
မိုဝမ်ထျန်းလည်း အာမေဍိတ်သံ ထွက်သွား၏။
“ညီမရူဟွာ... ဒီသုံးခုက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ တူတယ်...”
“အင်း... မနေ့ညက သခင်လေးတစ်ယောက် ယန်ယွီမျှော်စင်ကို လာကစားရင်း စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ့်သုံးခု ဆုချသွားတယ်... ယန်ယွီမျှော်စင်ကို ပေးရတာတွေကလွဲရင် ငါ့အတွက် စိတ်ဝိညာဉ်ကျောက်တုံး သုံးခုရလိုက်တယ်...”
“ယန်ယွီမျှော်စင်က အရမ်း မှောင်မိုက်လွန်းတယ်... မင်းကို သုံးခုပဲ ပေးတယ်...”
မိန်းကလေးက ပြုံး၍ ခေါင်းခါလိုက်ပြီး ဂရုမစိုက်ပေ။
“တစ်နေ့ကျရင် ညီမရူဟွာကို စားဝတ်နေရေးအတွက် ပူပန်စရာမလိုအောင် ထားပြီး ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားစေရမယ်...”
“ပြီးတော့ ညီမရူဟွာကိုခေါ်ပြီး ကမ္ဘာမြေအဆုံးထိ ဓားကိုင်ပြီးသွားမယ်...”
မိုဝမ်ထျန်းက စိတ်ပိုင်းဖြတ်လိုက်၏။
သန်းခေါင်ယံအချိန်တွင် ယန်ယွီမျှော်စင်မှ ဧည့်သည်များ ပြန်သွားကြပြီး ကျန်ရစ်သူများမှာ အနားယူနေကြကာ ဟွာလုံမြို့တစ်ခုလုံး တိတ်ဆိတ်နေသည်။
မိုဝမ်ထျန်းက သူ၏ ခရီးဆောင်အိတ်ကို ပြင်ဆင်လိုက်ပြီး မိန်းကလေးက သူ့ကို ယန်ယွီမျှော်စင်၏ နောက်ဖေးပေါက်မှတစ်ဆင့် လိုက်ပို့ပေးခဲ့၏။
“ညီမရူဟွာ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ… ငါ အဲဒီသခင်ရဲ့ တပည့်ဖြစ်လာတဲ့အခါကျ ပြန်လာပြီး ခေါ်မယ်...”
ဆယ်ကျော်သက် မိန်းကလေးက ပြုံးလိုက်သည်။
“အစ်ကိုဝမ်ထျန်း... ငါ နင့်ကို စောင့်နေမယ်...”
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...”
မိုဝမ်ထျန်းက မိန်းကလေးကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး လှည့်ကာ ပြတ်သားစွာ ထွက်ခွာသွားတော့၏။
အမှောင်ထုထဲတွင် အေးစက်သော လေပြေက မိန်းကလေး၏ ဆံပင်များကို တိုက်ခတ်နေသည်။
သူမက မိုဝမ်ထျန်း၏ ကျောပြင်က အမှောင်ထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေမိပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမ၏ မျက်လုံးများကတော့ မသိမသာ မျက်ရည်များဖြင့် ဝေဝါးနေလေပြီ။