အခန်း ၁၇၅
Vol. 14 Ch. 175
အခန်း (၁၇၅)ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပေးခြင်း၊ အပျက်အစီးဓားခန္ဓာ
“စနစ်၏သတိပေးချက် - အင်မော်တယ်များကို သတ်ဖြတ်ပြီးနောက် ငါးဆားနယ် ရတနာသေတ္တာသည် ပိုရှင် သို့မဟုတ် ပိုရှင်၏ တပည့်အတွက်ဖြစ်လာပါမည်။ ရရှိရန် ရာခိုင်နှုန်းက အတိုင်းအတာတစ်ခုရှိပါသည်။ သတ်ဖြတ်ခံရသော အင်မော်တယ်၏ ကျင့်စဉ်အဆင့် မြင့်မားလေလေ ငါးဆားနယ် ရတနာသေတ္တာရရှိရန် အခွင့်အလမ်း ပိုများလေလေဖြစ်ပါသည်။”
စနစ်၏ ရှင်းလင်းချက်ကို ကြားသောအခါ ချမ်ချန်ကန်းက ချက်ချင်း နားလည်သွား၏။
“စနစ်၏သတိပေးချက် - ပိုင်ရှင့်အနေဖြင့် ငါးဆားနယ်ရတနာသေတ္တာကို ဖွင့်လိုပါသလား...”
“ဖွင့်မယ်...”
“စနစ်၏သတိပေးချက် - ပိုင်ရှင်သည် အင်မော်တယ်နယ်မြေရတနာသေတ္တာကို ဖွင့်လိုက်ပါသည်။ နယ်မြေတန်ဖိုးအမှတ် တစ်သိန်းရရှိပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံကတ်ပြား အပျက်အစီးဓားခန္ဓာကိုရရှိပါသည်။”
*ခန္ဓာကိုယ်ဖွဲ့စည်းပုံကတ်ပြားလား…*
သူ့စိတ်ထဲတွင် ဤခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားနှင့် ပတ်သက်သော အချက်အလက်များရရှိလာ၏။
ချမ်ချန်ကန်းလည်း အံ့အားသင့်သွားသည်။
“ပိုင်ရှင်က ဤခန္ဓာကိုယ်ဖွဲ့စည်းပုံကတ်ပြားကို အခြားသူများအပေါ် အသုံးပြုနိုင်သည်။ အသုံးပြုပြီးနောက် အပျက်အစီးဓားခန္ဓာဟုခေါ်သော အစွမ်းထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။”
အပျက်အစီးဓားခန္ဓာက အလွန်သန်မာမည် ဆိုသည်မှာ စဉ်းစားကြည့်ရုံဖြင့် သိနိုင်၏။
မည်သို့ပင်ဖြစ်စေ စနစ်မှထုတ်လုပ်သော အရာများက ထိပ်တန်းအရည်အသွေးများသာ ဖြစ်ရမည်။
ဤနည်းဖြင့် ထိုအင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် ကို သတ်ဖြတ်ပြီးနောက် နယ်မြေတန်ဖိုး စုစုပေါင်းသုံးသန်းရရှိသည့်အပြင် အပျက်အစီးဓားခန္ဓာကဲ့သို့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားတစ်ခုပါရရှိခဲ့သည်။
များပြားလှသော ဆုလာဘ်ပင်ဖြစ်၏။
ချမ်ချန်ကန်းက မိန်နျင်ကို အလွန် ကျေးဇူးတင်မိသွားစေ၏။
အကယ်၍ မိန်နျင်ကသာ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို ခေါ်မလာခဲ့လျှင် ဤအရာများကို သူရရှိမည် မဟုတ်ပေ။
ထို့အပြင် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ရုပ်အလောင်းပင်ဖြစ်လင့်ကစား ဤသည်က အထက်ဘုံ အင်မော်တယ်အရှင်သခင်၏ ခန္ဓာကိုယ်ဖြစ်ပြီး ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအင်များ ပါဝင်နေသည်။
အလဟဿ ဖြစ်သွားမည်ကို နှမြောသော စိတ်ကူးဖြင့် ချမ်ချန်ကန်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုလိုက်၏။
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ ခန္ဓာကိုယ်ထဲရှိ ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအင်များကို ဆေးလုံးတစ်လုံးအဖြစ် တိုက်ရိုက် သန့်စင်လိုက်သည်။
ထိုဆေးလုံးတွင် အင်မော်တယ်အဆီအနှစ်များ စီးဆင်းနေပြီး အင်မော်တယ်အလင်းတန်းများ ဖြာထွက်နေကာ အတွင်း၌ ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအင်များ ပါဝင်နေ၏။
အကယ်၍ ဤဆေးလုံးကို စုပ်ယူနိုင်မည် ဆိုပါက ကျင့်စဉ်အဆင့် မည်မျှအထိ တိုးတက်နိုင်မည်ကို မသိနိုင်ပေ။
ပိုင်ယွဲ့က ဤမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေပြီး ဆေးလုံးကို စိုက်ကြည့်နေ၏။
“အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ရဲ့ အဆီအနှစ်တွေက ဆေးလုံးတစ်လုံးအနေနဲ့ စုစည်းသွားတယ်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ချမ်ချန်ကန်း၏ စွမ်းအားက အမြဲတမ်း ပိုင်ယွဲ့၏ အသိဉာဏ်ကို လွှမ်းမိုးနေ၏။
လင်းပေါင်အာအတွက်မူ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သတ်ဖြတ်ခြင်းက လွယ်ကူသောကိစ္စတစ်ခု မဟုတ်ပေ။
နောက်ဆုံးတွင် တုကူးဓားသိုင်းကိုးကွက်ကို အားမကိုးခဲ့ရဘူးဆိုပါက လင်းပေါင်အာက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ လက်ထဲတွင် အချိန်ကြာမြင့်စွာကပင် သေဆုံးသွားလောက်ပြီဖြစ်သည်။
လင်းပေါင်အာ၏ ပါရမီက တိုးတက်လာခဲ့ပြီး အနာဂတ်တွင် သူမ၏ ကျင့်ကြံမှု၌ လျင်မြန်စွာ အဆင့်ထိုးဖောက်နိုင်မည် ဖြစ်သော်လည်း အင်မော်တယ်နယ်မြေမှ ထိုပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်က ကြီးမားနေဆဲ ဖြစ်၏။
ဥပမာအားဖြင့် အင်မော်တယ်နယ်မြေ၏ ပါရမီရှင်များတွင် ပြိုင်ဘက်ကင်းသော ပါရမီများရှိကြသည်။ ထို့အပြင် သူတို့တွင် အစွမ်းထက်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံများလည်း ရှိကြ၏။
ဤသည်ကား အင်မော်တယ်နယ်မြေ ပါရမီရှင်များ၏ အစွမ်းထက်သော စွမ်းအားများအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။
မှန်ပါသည်။
သူ့ရှေ့ရှိ ပိုင်ယွဲ့တွင်လည်း အစွမ်းထက်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိ၏။ ၎င်းကို အညစ်အကြေးကင်းစင်သော အင်မော်တယ်ခန္ဓာဟုခေါ်ပြီး အင်မော်တယ် ထောင်သောင်းချီရှိသော လောကတွင် ထိပ်တန်းခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
သို့သော် ရွှယ်ဝူအင်မော်တယ်နယ်မြေတွင်မူ အသိအမှတ်ပြုမှု အခံရဆုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ နဝမမြောက်မင်းသားဖာထျန်းပိုင်ဆိုင်သော နတ်ဘုရားနှင့်နတ်ဆိုး အာဏာရှင်ခန္ဓာဖြစ်သည်။
ပိုင်ယွဲ့ ပိုင်ဆိုင်ထားသော အညစ်အကြေးကင်းစင်သော အင်မော်တယ်ခန္ဓာပင်လျှင် ထိုအရာထက် အနည်းငယ် အားနည်းနေသေး၏။
ထို့ကြောင့် ချမ်ချန်ကန်းက ဤခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားကို ရရှိပြီးနောက် မည်သူ့ကို ပေးရမည်ကို ဆုံးဖြတ်ပြီးဖြစ်သည်။
သူ၏ ပထမဆုံးတပည့်အနေဖြင့် လင်းပေါင်အာကို ဤခန္ဓာကိုယ်ဖွဲ့စည်းပုံ သေချာပေါက် ပေးအပ်ရမည်။
“ပေါင်အာ... မင်းက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ကို သတ်ဖြတ်ပြီး မင်းကိုယ်မင်းသက်သေပြခဲ့ပြီ။ ဒါပေမဲ့ မင်းမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မရှိသေးဘူး။ ဒီကနေ့ ဆရာက မင်းကို အပျက်အစီးဓားခန္ဓာပေးမယ်...”
ဘေးနားရှိ ပိုင်ယွဲ့က ချမ့်ချန်ကန်း၏ စကားကို ကြားသောအခါ သူမ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။
“အပျက်အစီးဓားခန္ဓာ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ပိုင်ယွဲ့က အပျက်အစီးဓားခန္ဓာနှင့် ပတ်သက်၍ အချို့အရာများကို ကြားဖူးထား၏။
အပျက်အစီးဓားခန္ဓာသည် ဤအမြင့်မြတ်ဆုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်သည်။
အင်မော်တယ်နယ်မြေရှိ ထောင်သောင်းချီသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများအနက် ထိပ်တန်း ဆယ်ခုစာရင်းတွင်ပါဝင်သည်။
အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်သူတိုင်းက သာမနါကောင်းကင်ဘုံပါရမီရှင်များ မဟုတ်ကြဘဲ အနာဂတ်တွင် အင်ပါယာတစ်ပါးဖြစ်လာရန် အရည်အချင်းရှိသော ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ဖြစ်ကြ၏။
သူမ ပိုင်ဆိုင်ထားသော အညစ်အကြေးကင်းစင်သော အင်မော်တယ်ခန္ဓာပင် ဖြစ်လင့်ကစား နဝမမြောက်မင်းသား ဖာထျန်း ပိုင်ဆိုင်ထားသော နတ်ဘုရားနှင့်နတ်ဆိုး အာဏာရှင်ခန္ဓာပင်လျှင် အပျက်အစီးဓားခန္ဓာနှင့် မယှဉ်နိုင်ပေ။
မဟုတ်ဘူး... နှိုင်းယှဉ်ဖို့တောင် အရည်အချင်း မမီပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံများက အပျက်အစီးဓားခန္ဓာရှေ့တွင် ဖိနပ်သယ်ပေးရန်ပင် အရည်အချင်း မပြည့်မီသောကြောင့်ဖြစ်၏။
ယုတ္တိအရဆိုရလျှင် ဤသည်ကား သမိုင်းရေစီးကြောင်းထဲတွင် အချိန်ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့သော ဒဏ္ဍာရီလာ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုဖြစ်သည်။
အမှောင်ခေတ်အထိ နောက်ကြောင်းပြန်ကြည့်လျှင်ပင် ဤခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ဆိုင်သူ တစ်ယောက်ယောက်ရှိသည်ဟု မည်သူကမျှ မကြားဖူးခဲ့ကြပေ။
ပိုင်ယွဲ့က သူမ၏အကြားအာရုံ ချို့ယွင်းသွားသည်ဟုပင် တစ်ခဏမျှ ထင်လိုက်မိ၏။
သို့သော် ချမ်ချန်ကန်း၏ ညာဘက် လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ရွှေရောင် ကတ်ပြားတစ်ခု ညှပ်ထားသည်ကို မြင်လိုက်ရသည်။
သေချာပေါက် ဤကတ်ပြားကို ချမ်ချန်ကန်း တစ်ယောက်တည်းသာမြင်နိုင်၏။
ကတ်ပြားကို ပစ်လွှတ်လိုက်၏။
ချက်ချင်းပင် စူးရှတောက်ပသော ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ရွှေရောင် ကြယ်တံခွန်တစ်ခုကဲ့သို့ပင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှေရောင် ကြယ်တံခွန်က လင်းပေါင်အာ၏ ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားပြီး သူမ၏ ခန္ဓာကိုယ်နှင့် လုံးဝပေါင်းစပ်သွားသည်။
“ဝုန်း…”
ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
လင်းပေါင်အာ၏ ခန္ဓာကိုယ်ထဲမှ အလွန်ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခု စတင်နိုးထလာစေသည်။
သူမလက်ထဲရှိ မြင့်မြတ်အင်မော်တယ်ဓားက ရုတ်တရက် အပိုင်းပိုင်း ကွဲကြေသွားပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲကာ လင်းပေါင်အာ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွား၏။
တစ်မုဟုတ်ချင်းပင် သူမက အပျက်အစီးများနှင့် ဟင်းလင်းပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ရှိနေသည်။
ထိုအပျက်အစီးများထဲတွင် ပြိုင်ဘက်ကင်း နတ်ဘုရားဓားတစ်လက်သာ တဖြည်းဖြည်း မွေးဖွားလာပြီး လျှပ်စီးကြောင်းများနှင့် ခရမ်းရောင်အလင်းတန်းများဝန်းရံကာ အဆုံးစွန်သော တာအိုစွမ်းအားများ ပါဝင်နေ၏။
မထင်မှတ်ထားသောအရာပင်ဖြစ်၏။
ပြိုင်ဘက်ကင်းနတ်ဓားက အပြည့်အဝ ပုံပေါ်လာပြီး ဓားတစ်ချက်က အပျက်အစီး ကမ္ဘာကို ခုတ်ပိုင်းလိုက်ရာ အရာအားလုံး ပြောင်းလဲသွားပြီး အပျက်အစီးဓားခန္ဓာ မွေးဖွားလာလေပြီ။
ယခုအခါ ကျူးရှို့တိုက်ကြီးတစ်ခုလုံးနှင့် ရေတွက်၍ မရနိုင်သော အောက်ဘုံများနှင့် ထောင်သောင်းချီသော အင်မော်တယ်နယ်မြေများတွင်ပင် ထိတ်လန့်ဖွယ်ရာ နိမိတ်လက္ခဏာများ ပေါက်ကွဲထွက်ပေါ်လာ၏။
ကျယ်ပြောလှသော ကမ္ဘာကြီးနှင့် အဆုံးမဲ့ ဟင်းလင်းပြင်ကို မြင်တွေ့လိုက်ရသည်။
ထိုအရာများက ကွယ်လွန်သွားကြပြီဖြစ်သော ရှေးဟောင်းသူရဲကောင်းများ၏ ဝိညာဉ်များ ဖြစ်ကြပြီး သူတို့တစ်ဦးစီတိုင်းက မသေဆုံးမီက ကြောက်မက်ဖွယ် ကောင်းသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးများဖြစ်ခဲ့ကြသည်။
ထို့အပြင် သူတို့အားလုံးက ကောင်းကင် အင်မော်တယ် လျှို့ဝှက်နယ်မြေမှ အမြင့်မြတ်ဆုံး အင်မော်တယ်များပင် ဖြစ်ကြ၏။
သူတို့က ဒူးထောက်ချလိုက်ကြပြီး အားလုံးက ဦးတည်ရာ တစ်ခုတည်းသို့သာ ဒူးထောက်နေကြသည်ကို တွေ့လိုက်ရသည်။
ထိုဦးတည်ရာက ကျူးရှို့တိုက်ကြီးရှိရာဖြစ်၏။
ထောင်သောင်းချီသော အင်မော်တယ်များက ရေတွက်၍ မရနိုင်သော အင်မော်တယ်များကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
“နတ်ဘုရားတွေ ဒူးထောက်ပြီးအရိုအသေပေးနေကြတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ဘယ်လိုခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး နိုးထလာလို့ ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ နိမိတ်လက္ခဏာကို ဖြစ်ပေါ်စေရတာလဲ...”
“ကောင်းကင်ဘုံရဲ့ လောကကြီးတစ်ခုလုံးမှာ မြင့်မြတ်ပေမဲ့ မြေကြီးပေါ်မှာ ဒူးထောက်နေကြတယ်ဆိုတော့ ဒါက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် မွေးဖွားလာတာ အသေအချာပဲ။ ပြီးတော့ အင်မော်တယ်အင်ပါယာတစ်ပါးဖြစ်လာမယ့် အရိပ်အယောင်တောင် ရှိနေတယ်။ အနာဂတ်မှာ သူက အင်မော်တယ်အင်ပါယာနေရာကို လုယူပြီး ထောင်သောင်းချီတဲ့ အင်မော်တယ်နယ်မြေတွေကို ဦးဆောင်နိုင်တဲ့ အခွင့်အရေးရလိမ့်မယ်...”
ထောင်သောင်းချီသော အင်မော်တယ်များ၊ ရေတွက်၍ မရနိုင်သော အင်အားစုကြီးများ၊ မသေမျိုးအင်မော်တယ်များ၊ ရှေးဟောင်းမြင့်မြတ်များနှင့် ရုတ်တရက် ထွက်ပေါ်လာသော ကောင်းကင်နှင့် မြေကြီး၏ နိမိတ်လက္ခဏာများက ရေတွက်၍ မရနိုင်သော ပုဂ္ဂိုလ်ကြီးများ၏ အံ့အားသင့်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကို ဆွဲဆောင်သွား၏။
ဤအခိုက်တွင် ကျူးရှို့တိုက်ကြီး၊ ဖေးရှန်းတောင်၏ အထက်ကောင်းကင်ယံ၌။
လောကကို ဖျက်ဆီးပစ်နိုင်သော မိုးကြိုးကပ်ဘေးကြီး ကျရောက်လာသည်။
ထိုအရာက ဓားအဖြစ် ပြောင်းလဲသွားသော မိုးကြိုးတစ်ခုဖြစ်၏။
ချမ်ချန်ကန်းက သူ၏ လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။
တစ်မုဟုတ်ချင်းပင် ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသော ကမ္ဘာဖျက် မိုးကြိုးကပ်ဘေးကြီးမှာ အပိုင်းပိုင်း ကွဲကြေသွား၏။
ကောင်းကင်တစ်ခုလုံး ကြည်လင်နေပြီး တိမ်တိုက်များက ပါးလွှာကာ လေပြေများ တိုက်ခတ်နေသည်။
ကမ္ဘာဖျက် မိုးကြိုးကပ်ဘေးကြီးကား လုံးဝကို မရှိခဲ့သည့်အလားပင်။
လင်းပေါင်အာကို ကြည့်လိုက်၏။
ဤအခိုက်တွင် သူမက အသက် ဆယ့်တစ်နှစ်သာ ရှိသေးသည်။
သို့သော် အရင်ကနှင့် နှိုင်းယှဉ်လျှင် သူမ၏ အငွေ့အသက်က ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားသကဲ့သို့ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွား၏။
အရင်က နူးညံ့သိမ်မွေ့သော ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားပြီး အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်လိုက်ခြင်းက သူမကို အတွင်းမှအပြင်သို့ အဆုံးစွန်သော ထက်ရှမှု တစ်မျိုးကို ထုတ်လွှတ်နေစေသည်။
အဖျက်အစီးမြူခိုးများက စီးဆင်းနေပြီး အသားစတစ်လက်မ၊ အရေပြား တစ်လက်မနှင့် ဆံပင်တစ်မျှင်တိုင်းက ဓားတိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည့်အလားရှိနေ၏။
သူမက ထက်မြက်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထက်ရှနေသည်။
ပိုင်ယွဲ့ပင်လျှင် တိုက်ရိုက် မကြည့်ရဲပေ။
လင်းပေါင်အာ၏ မျက်လုံးများကို ထပ်ကြည့်လိုက်၏။
ကြယ်သန်းပေါင်းများစွာကဲ့သို့ တောက်ပ၍ စူးရှနေပြီး အတွင်း၌ ဓားစွမ်းအင် သန်းပေါင်းရာချီ ပုန်းကွယ်နေကာ ဓားသွေးကြောများနှင့် တောင်တန်းများကို ပုံဖော်၍ ကြီးမားသော ဓားတာအိုကမ္ဘာ တစ်ခုအဖြစ် ပြောင်းလဲသွားကာ အဆုံးအစမဲ့ ထိတ်လန့်ဖွယ် ကောင်းနေ၏။
လင်းပေါင်အာက သူမ၏ ကိုယ်ပိုင် ပြောင်းလဲမှုများကို ခံစားမိပြီး ကြက်သေသေသွားသည်။
သူမ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှ ပြောင်းလဲမှုများက သူမကို ဖော်ပြ၍ မရနိုင်အောင်ဖြစ်စေပြီး ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုရှိနေသည်ကိုသာ ခံစားနေရ၏။
လင်းပေါင်အာ၏ ပြောင်းလဲမှုများကို မြင်သောအခါ ချမ်ချန်ကန်းက ပြုံးလိုက်သည်။
မိုင်ထောင်ချီ အကွာအဝေးတွင် ပေတစ်ထောင်မြင့်သော တောင်တစ်လုံးရှိ၏။
ထိုတောင်က ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ပါဝင်သည်။ စိတ်အာရုံလှုပ်ရှားလိုက်သည်နှင့် တောင်ပေါ်ရှိသက်ရှိများကို အဝေးသို့ ရွှေ့ပြောင်းပေးလိုက်၏။
“ပေါင်အာ... အဲဒီတောင်ပေါ်မှာ မင်းရဲ့ လက်ရှိ စွမ်းအားကို စမ်းကြည့်လိုက်...”
လင်းပေါင်အာက ခေါင်းညိတ်လိုက်ပြီး အခြေတည်စိတ်ဝိညာဉ် ဒုတိယအဆင့် ကျင့်ကြံမှုက ပေါက်ကွဲထွက်လာ၏။
ညာဘက် လက်ညှိုးနှင့် လက်ခလယ်က ဓားလက်ချောင်းအဖြစ် ပုံဖော်လိုက်ပြီး မိုင်ထောင်ချီ အကွာအဝေးရှိ တောင်ကို ခုတ်ပိုင်းလိုက်သည်။
အပျက်အစီး ဓားအလင်းတန်း၊ အဆုံးစွန်သော ဓားစွမ်းအားတို့က ဓားလက်ချောင်းများမှ ထွက်ပေါ်လာ၏။
ဝုန်း...
မိုင်ထောင်ချီအကွာအဝေးရှိ တောင်ထွတ်က အပျက်အစီးဓားအလင်းတန်း၏ ခုတ်ပိုင်းမှုကို ခံလိုက်ရပြီး တစ်မုဟုတ်ချင်းပင် အမှုန်အမွှားများနှင့် ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားသည်။
ပိုင်ယွဲ့လည်း မြင်လိုက်ရသောအခါ သူမ၏ ဦးရေပြားများ ထုံကျဉ်သွား၏။
“ဒါက အပျက်အစီးဓားခန္ဓာရဲ့ စွမ်းအားလား... အရမ်းသန်မာတာပဲ...”
ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားက အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိသင့်သော တိုက်ခိုက်ရေး စွမ်းအားထက် လုံးဝ ကျော်လွန်နေလေပြီ။
အကယ်၍ သူမသာ အစွမ်းကုန်ထုတ်သုံးမည် ဆိုပါက လက်ရှိလင်းပေါင်အာက မည်သည့် ကျင့်ကြံသူမျိုးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည်နည်း။
အနည်းဆုံးတော့ လက်ရှိသူမကိုယ်တိုင်က နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံမှုရှိနေသော်လည်း လင်းပေါင်အာကို အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည် မဟုတ်သည်မှာ သေချာ၏။