အခန်း ၁၇၆
Vol. 14 Ch. 176
အခန်း (၁၇၆) အပြန်အလှန် အကျိုးပြုပြီး အတူတကွ တိုးတက်ခြင်း
အပျက်အစီးဓားခန္ဓာဟူသော အစွမ်းထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုရရှိပြီးနောက် လက်ရှိ လင်းပေါင်အာမှာ အလွန်အစွမ်းထက်နေ၏။
သူမ၏ စွမ်းအားက ကျူးရှို့တိုက်ကြီးရှိ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အဆင့်သို့ တိုးဝင်သွားပြီဟုပြော၍ရသည်။
ဤကျူးရှို့တိုက်ကြီးတွင် အင်မော်တယ်နယ်မြေမှ ဝင်စား၍ ပြန်လည်ကျင့်ကြံသော ပါရမီရှင်များကို ရင်ဆိုင်ရလျှင်ပင် လင်းပေါင်အာအတွက်မူ သူမက သူတို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။
ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်များကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။
ပိုင်ယွဲ့အတွက်မူ။
သူမမြင်တွေ့ခဲ့ရသမျှက သူမ၏ အသိဉာဏ်ကို ရိုက်ချိုးပစ်လိုက်တော့သည်။
ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်၏။
ဤကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို အခြားသူများကို တကယ်ပေးအပ်နိုင်သည်။
ပို၍ အရေးကြီးသည်မှာ လင်းပေါင်အာကို ပေးအပ်လိုက်သည်က ဤမျှကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖြစ်နေခြင်းပင်။
ထို့ကြောင့်ပင် ပိုင်ယွဲ့ကို သံသယ ဝင်လာစေသည်။
ချမ်ချန်ကန်း၏ လက်ထဲတွင် အခြားအစွမ်းထက် ခန္ဓာကိုယ်များ ရှိနေသေးသလား။
ဤသည်က မသိနိုင်သောအရာပင်။
ချမ်ချန်ကန်းကို ကြည့်လိုက်၏။
သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ခပ်ဖွဖွအပြုံးတစ်ခုရှိနေကာ ခန့်မှန်းရခက်သော အသွင်ရှိ၏။
လူများကို အဆုံးအစမဲ့ ကြောက်ရွံ့ရိုသေမှုများ ခံစားရစေသည်။
ဤကဲ့သို့သော ပြိုင်ဘက်ကင်းသိုင်းဆရာကြီး တစ်ဦးက ကျူးရှို့တိုက်ကြီးတွင် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူက စိတ်ကူးကြည့်နိုင်မည်နည်း။
ပိုင်ယွဲ့ကို ဝမ်းသာစေသည့်တစ်ခုတည်းသော အရာမှာ သူမက ချမ်ချန်ကန်းကို ရန်မစခဲ့သလို ချမ့်ချန်ကန်း၏ ရန်သူလည်း မဖြစ်ခဲ့ခြင်းပင်။
ထိုသို့သာ မဟုတ်ခဲ့လျှင် ယခုအခါ သူမ သေနေလောက်ပြီဟု ပိုင်ယွဲ့ ယုံကြည်၏။
တစ္ဆေပြည်နယ်။
ဖာထျန်း ရောက်လာသည်။
သူ၏ မျက်လုံးများက အေးစက်နေပြီး တစ်လမ်းလုံး ပျံသန်းလာခဲ့၏။
အချိန်တို အတွင်းမှာပင် အင်မော်တယ်တံဆိပ်ကို ပြန်လည် တည်ဆောက်ခြင်းဖြင့် ကျူးရှို့တိုက်ကြီး၏ သက်စောင့်စွမ်းအင်နှင့် သွေးများကို မျိုချခဲ့သည်။
ယနေ့ ဖာထျန်း၏ ကျင့်ကြံမှုက ခုန်ပျံကျော်လွှား တိုးတက်လာခဲ့ပြီး နတ်ဘုရား အသွင်ပြောင်းခြင်းပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။
အင်မော်တယ်နယ်မြေမှ ပါရမီရှင်တစ်ဦးဖြစ်ပြီး ပို၍အရေးကြီးသည်မှာ သူက နတ်ဘုရားနှင့်နတ်ဆိုးအာဏာရှင်ခန္ဓာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ဤအောက်ဘုံ၏ ကျင့်ကြံမှု အဆင့်ထိုးဖောက်ခြင်းက သူ့အတွက် ရိုးရှင်းလွယ်ကူသော ကိစ္စတစ်ခုဖြစ်၏။
“ဒါက တစ္ဆေပြည်နယ်ပဲ...”
လမ်းတစ်လျှောက်တွင် ဖာထျန်းက ချမ်ချန်ကန်းသည် ဖေးရှန်းတောင်၌ တပည့်လက်ခံပွဲ ကျင်းပမည့် သတင်းကို နေရာတိုင်းလိုလို ကြားခဲ့ရသည်။
ထို့အပြင် ဖေးရှန်းတောင်သို့ သွားရောက်မည့် ကျူးရှို့တိုက်ကြီးမှ ပါရမီရှင်များစွာနှင့်လည်း ဆုံတွေ့ခဲ့၏။
သို့သော် အနည်းငယ် သနားစရာ ကောင်းသည်မှာ တပည့်လက်ခံပွဲတွင် ပါဝင်ရန် ဖေးရှန်းတောင်သို့ သွားရောက်စဉ်လမ်းတွင် သူ့ကို ဆုံတွေ့ခဲ့သူအားလုံးမှာ သူ၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြရသည်။
“တပည့်လက်ခံပွဲ... အင်မော်တယ်နယ်မြေက ဝင်စားလာတဲ့ တခြားပါရမီရှင်တွေလည်း လာကြမှာပဲ... ချမ်ချန်ကန်းဆိုတဲ့သူက ကမ္ဘာတိုင်း၌ပြိုင်ဘက်ကင်းသူအဖြစ် ဟန်ဆောင်နေတာ စိတ်ဝင်စားဖို့ ကောင်းသားပဲ...”
သူက ရေရွတ်လိုက်၏။
ဖာထျန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ရုတ်တရက် ဖာထျန်းက တစ်စုံတစ်ခုကို သတိပြုမိသွားသည့်ပုံ ပေါက်သွား၏။
သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးအိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားကာ အနည်းငယ် အံ့အားသင့်သွားသည်။
“အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ရဲ့ သက်စောင့်စွမ်းအင်ပြတ်တောက်သွားပြီ...”
အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က ဖာထျန်း၏ တာအိုစောင့်ရှောက်သူဖြစ်သည်။
သူတို့နှစ်ဦးကြားတွင် အင်မော်တယ် ဆက်သွယ်မှုတစ်ခုရှိ၏။
ပြောရလျှင် ကျူးရှိုးတိုက်ကြီးတွင် ဖာထျန်း ဖြစ်စေ အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်ဖြစ်စေ တစ်ဦးနှင့်တစ်ဦး၏ သက်စောင့်စွမ်းအင်ကို အာရုံခံနိုင်သည်။
သေချာပေါက် ကြိုတင်အခြေအနေအနေဖြင့် အင်မော်တယ်တံဆိပ်ကို နိုးထစေပြီး ပြန်လည် ကျင့်ကြံရန် လိုအပ်၏။
ထို့ကြောင့်ပင် မိန်နျင်က သတ္တမမင်းသမီး ဟွမ်ဖူပိုင်ယွဲ့ကို ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုနည်းတူစွာ ဖာထျန်း မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်က သူ့ကို ရှာတွေ့နိုင်ခဲ့ခြင်း အကြောင်းရင်းလည်းဖြစ်၏။
ဤအရာအားလုံးက ထိုအကြောင်းရင်းကြောင့်ပင်။
သို့သော် ယခုအခါ ဖာထျန်းနှင့် နီးကပ်စွာ ဆက်သွယ်ထားသော အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင်၏ သက်စောင့်စွမ်းအင်က ရုတ်တရက် ပြတ်တောက်သွားသည်။
၎င်းက အဓိပ္ပာယ် တစ်ခုတည်းကိုသာ ဖော်ပြနိုင်၏။
ထိုအင်မော်တယ်အရှင်သခင်ကား သေဆုံးသွားပြီ ဖြစ်သည်။
ထို့အပြင် ဖာထျန်းက အင်မော်တယ်အရှင်သခင်သိုင်းသူတော်စင် သေဆုံးသွားသည့် နေရာကို အာရုံခံမိလိုက်၏။
၎င်းက ဤတစ္ဆေပြည်နယ်ထဲတွင်ဖြစ်သည်။
ခမ်းနားကြီးကျယ်သော အင်မော်တယ် ကျင့်ကြံမှုနှင့် အင်မော်တယ်အရှင်သခင်အဆင့်တွင် ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ကြီးဟုလည်း ခေါ်ဆိုနိုင်သည်။
သို့သော် အလွယ်တကူ သေဆုံးသွားခဲ့၏။ မည်သို့ပင် ဆိုစေကာမူ ယုံကြည်နိုင်စရာ မရှိပေ။
မထင်မှတ်ထားသောအရာပင်ဖြစ်၏။
“တခြားတာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်ရဲ့ လက်ချက်လား...”
“ဒါမှမဟုတ် ဖေးရှန်းတောင်က ချမ်ချန်ကန်းရဲ့ လက်ချက်လား...”
ဖာထျန်း၏ မျက်လုံးများထဲတွင် တောက်ပလိုက်၊ မှေးမှိန်လိုက်ဖြစ်နေသော အလင်းတန်းများ ဖြတ်ပြေးသွား၏။
ဝန်ခံရမည်ဆိုလျှင် သူ၏ ကိုယ်ပိုင်စွမ်းအားကို ယုံကြည်မှုရှိသော်လည်း သို့သော် အခြား တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များ၏ တိုက်ခိုက်ခြင်းကိုခံရပါက နှစ်ဦးကြားရှိ စွမ်းအားကွာဟချက်က အလွန် ကြီးမားနေသည်။
သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များကို ရင်ဆိုင်ရန် အလွန်ခက်ခဲလှ၏။
လုံးဝ မဖြစ်နိုင်ဟုပင် ဆိုနိုင်သည်။
ယနေ့ ဖာထျန်းအတွက် အကယ်၍ အခြား တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များနှင့်ဆုံတွေ့ပါက သူ၏ အခြေအနေက အလွန်အန္တရာယ် များမည်ဖြစ်၏။
ဖာထျန်းက အေးစက်စက် ပြုံးလိုက်သော်လည်း သူက စိုးရိမ်ပူပန်ခြင်းမရှိဘဲ သူ၏ မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်များက ပိုမို ပြင်းထန်လာသည်။
“ငါ့ရဲ့တာအိုအစောင့်အရှောက်ကို ဘယ်သူ သတ်သွားလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ကောင်းကင်ယံတွင် ရှေးဟောင်းတံခါးကြီးတစ်ခု ထွက်ပေါ်လာသည်။ တံခါးပေါက်ထဲမှ ရဟန်းအိုကြီးတစ်ပါး ထွက်လာ၏။
သူ၏ မျက်ခုံးများနှင့် မျက်လုံးများက ကြင်နာတတ်သည့်ပုံပေါက်နေပြီး ဗုဒ္ဓစွမ်းအင်များက ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်များ လွှမ်းခြုံနေသဖြင့် ရွှေသွန်းလောင်းထားသကဲ့သို့ ရှိနေသည်ကို မြင်တွေ့နိုင်သည်။
ဤရဟန်းအိုက ရှမီအင်မော်တယ်နယ်မြေမှ ပြန်လာသော ရဟန်းအနန္တဖြစ်၏။
သူက ကျူးရှို့တိုက်ကြီး၏ အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ရှုပ်ထွေးနေသည်။
ပြီးခဲ့သည့် အကြိမ်က တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ချမ်ချန်ကန်းနှင့် ဆုံတွေ့ခဲ့စဉ်က ပြိုင်ဘက်ကင်းသောဟန်ပန်နှင့် သူ အသုံးပြုခဲ့သော ထိတ်လန့်ဖွယ် ဗုဒ္ဓဘာသာနှင့် တာအိုနည်းစနစ်များက အသက်ရှင်နေသော ဗုဒ္ဓအစစ်အမှန်တစ်ပါးကဲ့သို့ပင် သူ့ကို အလွန် ကြောက်ရွံ့သွားစေခဲ့၏။
သူ့သခင်လေးပင် ရိုးရိုးရှင်းရှင်းလေးပင် ချမ်ချန်ကန်း၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။
သူက ဝင်ရောက်ကူညီရန်ပင် မဝံ့ရဲခဲ့ပေ။
နောက်ဆုံးတွင် သူက ထွက်ပြေးရန်သာ ရွေးချယ်နိုင်ခဲ့၏။
အင်မော်တယ်အရှင်သခင်အဆင့်ရှိ သူအတွက်မူ ကျူးရှိုတိုက်ကြီးတွင် ဖြစ်ပျက်ခဲ့သော ဤအရာအားလုံးက အရှက်ရစရာတစ်ခုသာဖြစ်သည်။
သူ ထပ်မတွေးချင်တော့သော အရာတစ်ခု ဖြစ်၏။
သူက ကျူးရှို့တိုက်ကြီးသို့ ဘယ်တော့မှ ပြန်မလာတော့ဘူးဟု ထင်ခဲ့သည်။
သို့သော် ကံကြမ္မာကလူများကို လှည့်စားတတ်ပြီး ဗုဒ္ဓသားတော်ရုပ်အလောင်း၏ နောက်ကွယ်ရှိ ဓာတ်တော်က အလွန်အရေးကြီးနေ၏။
သူက လာရောက်ရန် အမိန့်ပေးခံခဲ့ရသည်။
သူလည်း အလွန်ရှင်းလင်းစွာ သိထား၏။
အကယ်၍ ဤတစ်ကြိမ်တွင် ကျောင်းထိုင်ဆရာတော် ပေးအပ်သော တာဝန်ကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ပါက သူ သေချာပေါက် သေရမည်ဖြစ်သည်။
ညာလက်ကိုဖြန့်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်သွား၏။
သူ၏ လက်ထဲတွင် ထွက်ပေါ်လာသည်မှာ ကျောင်းထိုင်ဆရာတော်က သူ့ကို ပေးအပ်လိုက်သော အရေးကြီးသည့် ဗုဒ္ဓဘာသာနှင့် တာအိုလက်နက်ဖြစ်သည့် ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်ဖြစ်သည်။
ဤဗုဒ္ဓဘာသာနှင့် တာအိုလက်နက်ဖြင့် ရဟန်းအနန္တက သူ၏ ကိုယ်ပိုင်စွမ်းအားအပေါ် ယုံကြည်မှုအပြည့်ရှိနေ၏။
ချမ်ချန်ကန်းကို ရင်ဆိုင်နိုင်မည်ဟု သူ ယုံကြည်သည်။
*အရှက်ရမှုတွေကို ဆေးကြောပစ်မယ်... အဲဒီ ဓာတ်တော်ကို သေချာပေါက် ပြန်ယူနိုင်ရမယ်…*
ဗားဂျရာနတ်ဆိုးနှိမ်နင်းတုတ်က ရွှေရောင် အလင်းတန်းတစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး ရဟန်းအနန္တ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွား၏။
သူက လက်အုပ်ချီလိုက်ပြီး သူ၏ပါးစပ်မှ ‘အမိတ္တဘ’ ဟု တိုးတိုးလေး ရွတ်ဆိုလိုက်သည်။
ထို့နောက် သူက အင်မော်တယ်သက်တန့်တစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွား၏။
သူ သွားမည့် ဦးတည်ရာက တောင်ပေါင်းတစ်သိန်းတောင်တန်းဖြစ်သည်။
အပြင်လောကမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တစ်လအကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲနှင့် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။
ကျူးရှို့ဒယ်စောက်၊ ကောင်းကင်တာအို စောင့်ရှောက်သူ။
ကျူးရှို့တိုက်ကြီး၏ အုပ်စိုးသူဖြစ်လာရန်။
ပြိုင်ဘက်ကင်း ဆရာကြီး၏ အသိအမှတ်ပြုမှုကိုရယူရန်။
မည်သူက ချမ်ချန်ကန်း၏တပည့် မဖြစ်ချင်ဘဲ နေပါမည်နည်း။
ယခုအခါ ဖေးရှန်းတောင်က ကျူးရှို့တိုက်ကြီးရှိ တစ်ခုတည်းသော သန့်စင်သည့်မြင့်မြတ်တောင်တန်းဖြစ်လာလေပြီ။
ပို၍အရေးကြီးသည်မှာ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအင်များ ပါဝင်သည့် အင်မော်တယ်မြေရှိနေခြင်းဖြစ်၏။
ဤကဲ့သို့သော အင်မော်တယ်မြေမျိုးကို အထက်ဘုံတစ်ခုတည်းကသာ ပိုင်ဆိုင်နိုင်သည်ဟု ကြားသိရသည်။
အင်မော်တယ်မြေတွင် ကျင့်ကြံခြင်းက တစ်ရက်လျှင် မိုင်ထောင်ချီ ခရီးပေါက်နိုင်သည်ဟုပင် ဆိုကြ၏။
ကျင့်စဉ်စွမ်းအင်များက လျင်မြန်စွာ တိုးတက်လာပြီး ကျင့်ကြံမှုအတားအဆီးများ ကြုံတွေ့နေရသော ကျင့်ကြံသူများစွာက အင်မော်တယ်မြေထဲတွင် အတားအဆီးများကို ဖောက်ထွက်နိုင်ခဲ့ကာ သူတို့၏ ကျင့်စဉ်စွမ်းအင်များကို တိုးတက်စေခဲ့သည်။
ထို့ကြောင့် တပည့်လက်ခံပွဲတွင် ပါဝင်ရန် သို့မဟုတ် ကြည့်ရှုရန် သွားရောက်ကြသော ကျင့်ကြံသူ အရေအတွက် မရေမတွက်နိုင်အောင် များပြားလာသောအခါ သူတို့က ဤအခွင့်အရေးကို အသုံးချ၍ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ကျင့်ကြံရန်လည်း ရည်ရွယ်ခဲ့ကြ၏။
လက်ရှိ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ကျင့်ကြံသူများ ပြည့်နှက်နေပြီး အခြေတည်စိတ်ဝိညာဉ်၊ နတ်ဘုရား အသွင်ပြောင်းခြင်း နှင့် ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများပင် ရှိကြသည်။
သူတို့က ယခုအခါ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ပုန်းအောင်းနေကြပြီး အရေအတွက်ကလည်း မနည်းလှပေ။
မည်သို့ပင် ဆိုစေကာမူ ကျင့်ကြံခြင်းခရီးစဉ်ပြီးဆုံးပြီးနောက် မည်သူက အင်မော်တယ်အဖြစ် ကောင်းကင်သို့ မတက်လှမ်းချင်ဘဲ နေပါမည်နည်း။
သို့သော် ကျူးရှို့တိုက်ကြီးတွင် ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေများက အလွန်နည်းပါးလှ၏။
ထိုကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေများ၊ ကောင်းကင်ဘုံကဲ့သို့ သာယာလှပသော နေရာများပင်လျှင် တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ အင်မော်တယ်မြေနှင့်နှိုင်းယှဉ်လျှင် အလှမ်းဝေးလွန်းလှသည်။
နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်ရှိသူများ၊ အင်မော်တယ်အဖြစ် ကျင့်ကြံနေသော ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် အင်မော်တယ်မြေသို့ လာရောက်၍ ကျင့်ကြံကြ၏။
နေ့စဉ်နေ့တိုင်း ကျင့်စဉ်စွမ်းအင်များ တိုးတက်နေသည်။
ဤသည်က အရုဏ်ဦး၏အလင်းရောင်ဖြစ်သည်။
မျှော်လင့်ချက်လည်း ဖြစ်သည်။
သူတို့က ယုံကြည်မှုအပြည့်ရှိကြ၏။
အကယ်၍ သူတို့သာ အင်မော်တယ်မြေတွင် အမြဲတမ်း ကျင့်ကြံနေနိုင်မည်ဆိုပါက သူတို့က သေချာပေါက် အင်မော်တယ်များအဖြစ် ကောင်းကင်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။
စီနီယာက သဘောထားကြီးစွာဖြင့် သူတို့ကို အင်မော်တယ်မြေတွင် ကျင့်ကြံခြင်းမှ မတားဆီးခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို လျစ်လျူရှုထားခဲ့၏။
သူတို့ကို အင်မော်တယ်မြေတွင် ကျင့်ကြံခွင့် ပေးခဲ့သည်။
ချမ်ချန်ကန်းကို ပို၍ပင် ကျေးဇူးတင်မိကြ၏။
သေချာပေါက် ဤသည်က ချမ်ချန်ကန်း၏ ရည်ရွယ်ချက်လည်းဖြစ်သည်။
အပြန်အလှန် အကျိုးပြုပြီး အတူတကွ တိုးတက်ခြင်းမည်၏။
ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံသူများပိုများလေလေ နယ်မြေတန်ဖိုးများ ပိုမို ရရှိလေလေဖြစ်၏။
နေ့စဉ်နေ့တိုင်း ချမ်ချန်ကန်းက သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို ပတ်ဝန်းကျင်သို့ ဆက်လက်ချဲ့ထွင်ရန် ရရှိလာသော နယ်မြေတန်ဖိုးများကို အသုံးပြုနေသည်။