အခန်း ၁၈၈
Vol. 15 Ch. 188
အခန်း (၁၈၈)မင်းရဲ့ မျှော်လင့်ချက်တွေကို အချည်းနှီး မဖြစ်စေရဘူး
မိန်နျင်က ကျောက်တုံးဓားကို ယူလိုက်သည်။
ကျောက်တုံးဓားထဲတွင်ပါဝင်သော တာအိုစည်းချက်ကို ခံစားလိုက်ရပြီး သစ်သားဓားထဲတွင် ပါဝင်သော တာအိုစည်းချက်ထက် များစွာသာလွန်နေ၏။
“ဒီကျောက်တုံးဓားက အဆင့်မြင့် တာအိုစည်းချက်ပစ္စည်းတစ်ခုဖြစ်ရမယ်...”
ဤအချိန်၌ ဝူမင်၏ အသံက ထွက်ပေါ်လာပြီး အနည်းငယ် ဒေါသထွက်နေသည့် အသံပါဝင်နေ၏။
“ဒကာမ... မင်းပြောတာက ဆရာ့ကို စော်ကားလိုက်တာပဲ...”
“ဒီကျောက်တုံးဓားက ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတစ်ခုဖြစ်နေပြီ...”
ဝူမင်က ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချမ်ချန်ကန်း၏ ဘေးတွင် ထွက်ပေါ်လာသည်။
သို့သော် သူက ချမ်ချန်ကန်း၏ ပေါင်ကို ထပ်မဖက်တော့ပေ။
ချမ်ချန်ကန်းက ထပ်မံကန်ထုတ်လိုက်မည်ကို စိုးရိမ်နေ၏။
“ထိပ်တန်းအဆင့်တာအိုစည်းချက် မှော်လက်နက်...”
မိန်နျင်နှင့် ပိုင်ယွဲ့တို့က မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသည်။
ဝူမင်က အေးစက်စက် ပြုံးလိုက်၏။
“ဒကာမနှစ်ယောက်က ပစ္စည်းတွေကို မသိကြဘူးပဲ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံမှု အဆင့်က အရမ်းနိမ့်လွန်းတာကိုး။ ပြီးတော့ ကိုယ်တော်ကတော့ နယ်မြေတစ်ခုရဲ့အရှင်သခင်လေ... ဒီအမြင်ရှုထောင့်မှာတော့ သိတာတွေ ရှိပါသေးတယ်...”
ဝူမင်၏ လက်ထဲတွင် ဖီးနစ်သစ်သားဆွဲသီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
ကျောက်တုံးဓားကဲ့သို့ပင် ဤသည်ကလည်း ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းတစ်ခုဖြစ်သည်။
အရည်အသွေးအရဆိုလျှင် ထိုကျောက်တုံးဓားထက်ပင် ပိုမို မြင့်မားနေသေး၏။
အကယ်၍ ကျောက်တုံးဓားက အဆင့်မြင့် တာအိုစည်းချက်ပစ္စည်းတစ်ခုသာဖြစ်ခဲ့လျှင် နယ်မြေအရှင်သခင်တစ်ဦးအနေဖြင့် ဝူမင်က ဤမျှရိုင်းစိုင်းမည်မဟုတ်ပေ။
ဝူမင်ပင်လျှင် အင်မော်တယ်တာအိုလမ်းစဉ်ကို ပြန်လည်တည်ဆောက်ရန်ဆန္ဒရှိခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကျောက်တုံးဓား၏ အရည်အသွေးက ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့်ပင်ဖြစ်၏။
ချမ်ချန်ကန်းက အကောင်းဆုံး တာအိုစည်းချက် ပစ္စည်းများကို ပန်းပုထု၍ ဖန်တီးနိုင်ခဲ့သည်။
အတိတ်တွင်လည်း မရှိခဲ့သလို အနာဂတ်တွင်လည်း ရှိမည်မဟုတ်ဘဲ လောကတွင် ပထမဆုံးပုဂ္ဂိုလ်ပင်ဖြစ်၏။
ဝူမင်က ကျိန်ဆိုလိုက်၏။
*သေစမ်း ငါတော့ ဖိနပ်လျက်တဲ့ ခွေးတစ်ကောင် ဖြစ်လာတော့မယ်။ ဆရာသဘောကျအောင် သေချာပေါက် ဖားရမယ်…*
ဤနည်းဖြင့် ဆရာက သူ၏ကျင့်ကြံမှုအတွက် ထိပ်တန်းအဆင့်တာအိုစည်းချက်ပစ္စည်း အများအပြားကို ဆုချလိမ့်မည်ဟု ခန့်မှန်းရ၏။
ချမ်ချန်ကန်းက စကားမပြောဘဲ ကြည့်နေရုံသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တာအိုစည်းချက် ပစ္စည်းများနှင့် ပတ်သက်၍ သူ သိပ်မသိပေ။
ဝူမင်၏ စကားများက အမှန်အမှားဖြစ်သည်ကို သူ မသိသော်လည်း မှန်ကန်သည့်ပုံ ပေါက်၏။
မိန်နျင်က ဤနေရာတွင်ရှိနေပြီး ဤကျောက်တုံးဓားကို ဂရုတစိုက် ကိုင်ဆောင်ထားသည်။
ဝူမင်က သရော်ပြုံး ပြုံးလိုက်၏။
“အကယ်၍ ကိုယ်တော့်ကို မယုံဘူးဆိုရင် ဒီကျောက်တုံးဓားကို အင်မော်တယ်နယ်မြေရဲ့အရှင်သခင်ဆီ ယူသွားပြီး စစ်ဆေးခိုင်းလို့ ရတယ်။ အဲဒီအခါကျရင် ကိုယ်တော်ပြောတာ မှန်လား မှားလားဆိုတာ ဒကာမသိလာပါလိမ့်မယ်...”
မိန်နျင်၏ ဦးရေပြားများ ထုံကျဉ်သွား၏။
*ဒါက တကယ်ပဲ ထိပ်တန်းအဆင့်တာအိုစည်းချက် ပစ္စည်းလား*
အကယ်၍ မှန်ကန်ခဲ့လျှင် ထိပ်တန်းအရည်အသွေးရှိ အင်မော်တယ် ကျောက်တုံးတစ်ထောင်က ပြဿနာ မရှိပေ။
ချမ်ချန်ကန်းက စကားဆိုလိုက်၏။
“မိန်နျင်... ဒီကျောက်တုံးဓားရဲ့ အရည်အသွေးက ဘယ်လိုပဲဖြစ်ဖြစ် ဒီအရှင်က ဂရုမစိုက်ဘူး။ သိမ်းထားလိုက်ပြီး အကဲဖြတ်ဖို့ အင်မော်တယ်နယ်မြေကို ပြန်ယူသွားလိုက်ပါ...”
“ဟုတ်ကဲ့ပါ စီနီယာ...”
မိန်နျင်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ချမ်ချန်ကန်းကို ပို၍ပင် လေးစားအားကျသွား၏။
ဤကျောက်တုံးဓားက ထိပ်တန်းဖြစ်စေ မဟုတ်သည်ဖြစ်စေ အလွန်အဖိုးတန်သည်။
သို့သော် ဤနေရာရှိ ချမ်ချန်ကန်းအတွက်မူ အရေးမပါသော ပစ္စည်းတစ်ခုသာ ဖြစ်သည့်ပုံ ပေါက်၏။
ချမ်ချန်ကန်းက တာအိုစည်းချက်ပစ္စည်းနှစ်ခုကို လွယ်လွယ်ကူကူ ဖန်တီးခဲ့သည့်ပုံ ပေါက်သော်လည်း အပြင်ပန်းတွင် ဤမျှ ရိုးရှင်းလိမ့်မည်ဟု မိန်နျင် မထင်ခဲ့ပေ။
အလွန် ခက်ခဲလိမ့်မည်မှာ သေချာ၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်က တာအိုစည်းချက်ပစ္စည်းတစ်ခုဖြစ်သည်။
ဤအချိန်၌ ဘေးနားတွင် တိတ်ဆိတ်နေသော ပိုင်ယွဲ့က ပြောလိုက်၏။
“စီနီယာ... စီနီယာက အင်မော်တယ် ကျောက်တုံးတွေကို လိုအပ်နေတဲ့ပုံပဲ...”
“ဟုတ်တယ်...”
“စီနီယာက ဘာဖြစ်လို့ ဒီလောက်များတဲ့ အင်မော်တယ် ကျောက်တုံးတွေကို လိုအပ်နေမှန်း ကျွန်မ မသိပေမဲ့ စီနီယာ အင်မော်တယ်ကျောက်တုံးတွေပိုရအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ကျွန်မဆီမှာ ရှိပါတယ်...”
ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပသွား၏။
“ဘာနည်းလမ်းလဲ...”
“အကယ်၍ စီနီယာဆီမှာ အပိုတာအိုစည်းချက်ပစ္စည်းတွေရှိနေတယ်ဆိုရင် ဟွမ်ဖူမိသားစုကို ယုံကြည်နိုင်တယ်ဆိုရင် လေလံပစ်ဖို့ ဟွမ်ဖူမိသားစုဆီ အပ်နှံလို့ ရပါတယ် အဲဒါဆိုရင် ဈေးကောင်း သေချာပေါက် ရပါလိမ့်မယ်...”
ဝူမင်က ပိုင်ယွဲ့၏ စကားကို သဘောတူလိုက်၏။
“အဓိပ္ပာယ်ရှိတယ်။ လေလံပွဲတွေမှာ ထိပ်တန်းအဆင့်တာအိုစည်းချက် ပစ္စည်းတွေက အမြဲတမ်း မတွေ့ရတတ်ဘူး။ တစ်ခါက ကိုယ်တော် လေလံပွဲတစ်ခုမှာ ပါဝင်ခဲ့ဖူးတယ်။ အဲဒီလေလံပွဲမှာ တိုက်ဆိုင်စွာပဲ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတစ်ခုရှိနေခဲ့ပြီး ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး နှစ်ထောင်ကျော်နဲ့ လေလံအောင်သွားခဲ့တယ်...”
ချမ်ချန်ကန်း၏ မျက်လုံးများက တောက်ပသွား၏။
ဤထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းက အလွန် တန်ဖိုးကြီးလှသည်။
ဝူမင်က ထပ်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် နယ်မြေအရှင်သခင် တွေတောင်မှ ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းတွေကို လိုအပ်တယ်လေ။ နှမြောစရာကောင်းတာက အဲ့တာအိုစည်းချက်ပစ္စည်းက လက်ဖက်ရည်တာအိုကို ကျင့်ကြံတဲ့ အင်မော်တယ်တွေအတွက်ပဲ ရည်ရွယ်ထားလို့ မဟုတ်ရင် တာအိုစည်းချက်ပစ္စည်းတွေက ဒီထက်ပိုပြီး ဈေးကောင်း ရနိုင်လောက်တယ်...”
ချမ်ချန်ကန်းက မျက်လုံးများကို မှေးလိုက်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။
“လေလံပွဲလား...”
သူ့တွင် အစီအစဉ်တစ်ခုရှိနေပြီဖြစ်သည်။
“ပိုင်ယွဲ့... မိန်နျင်... ငါက မင်းတို့အတွက် တာအိုစည်းချက်ပစ္စည်းအချို့ ထောက်ပံ့ပေးမယ်။ ပြီးရင် ရွှယ်ဝူအင်မော်တယ်နယ်မြေမှာ လေလံပစ်ဖို့ ဟွမ်ဖူမိသားစုကိုအပ်နှံမယ်...”
မိန်နျင်နှင့် ပိုင်ယွဲ့တို့ အံ့အားသင့်သွားကြ၏။
“ကျေးဇူးတင်ပါတယ် စီနီယာ...”
“စီနီယာ့အတွက် အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်...”
“အမိတ္တဘ... ဒကာမနှစ်ယောက် ဆရာထောက်ပံ့ပေးတဲ့ တာအိုစည်းချက် ပစ္စည်းတွေက အကောင်းဆုံး အရည်အသွေးတွေဖြစ်ပြီး အကောင်းဆုံးတွေလည်းဖြစ်တယ်။ အထက်ဘုံကို ပြန်ရောက်တာနဲ့ ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်မြေက အစွမ်းထက် ပုဂ္ဂိုလ်တွေကို ယှဉ်ပြိုင်ဖို့ သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်။ မင်းတို့ရဲ့ နောက်ကွယ်က အင်အားစုတွေက သခင်ရဲ့ တာအိုစည်းချက် ပစ္စည်းတွေကို ကာကွယ်နိုင်ပါ့မလားဆိုတာတော့ ကိုယ်တော် မသိဘူး...”
ပိုင်ယွဲ့က ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများက ပြတ်သားနေ၏။
“မိသားစုက စဉ်းစားပြီးသားပါ။ အင်မော်တယ်တံခါးပေါက်အနီးမှာ စောင့်ရှောက်ဖို့ လူတွေ စေလွှတ်ထားပါတယ်။ အခြားအင်မော်တယ်တွေကို စီနီယာရဲ့ ဒီတာအိုစည်းချက် ပစ္စည်းတွေကို ယူဆောင်သွားခွင့် ဘယ်တော့မှ မပြုပါဘူး...”
မိန်နျင်က ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဟွမ်ဖူမိသားစုက ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်ထောင်ကို ထုတ်ယူခဲ့၏။
ဤကဲ့သို့သော အင်မော်တယ် ကျောက်တုံးမျိုးကို ဟွမ်ဖူမိသားစု၏ အင်မော်တယ်မိုင်းတွင်းဆယ်ခုက မကြာသေးမီ နှစ်များအတွင်း တစ်ကြိမ်လျှင် အလုံး ၂၀ ကျော်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်တုံးများပင် အလွန် နည်းပါးလှသည်။
ထွက်ကုန်၏ ၉၀ ရာခိုင်နှုန်း နီးပါးက အဆင့်နိမ့် အင်မော်တယ်ကျောက်တုံးများ ဖြစ်၏။
သဘာဝကျကျပင် ဟွမ်ဖူမိသားစုက တာအိုစည်းချက် ပစ္စည်းများနှင့် လဲလှယ်ရန် ဤမျှများပြားသော ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးများကို ထုတ်ယူခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စအတွက် ဟွမ်ဖူမိသားစုက အလွန် အလေးထားပြီး ကောင်းကင်အင်မော်တယ်လျှို့ဝှက်နယ်မြေမှ အင်မော်တယ်အချို့ကို စောင့်ရှောက်ရန် စေလွှတ်မည်ဖြစ်၏။
ဝူမင်က ဤသို့မြင်သောအခါ လက်အုပ်ချီ၍ ‘အမိတ္တဘ’ ဟု ပြောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ချမ်ချန်ကန်းက ဤအချိန်တွင် စကားဆိုလိုက်၏။
“ဝူမင် မင်းက မိန်နျင်နဲ့အတူ အင်မော်တယ်နယ်မြေကို ပြန်သွားလိုက်။ အကယ်၍ တစ်ယောက်ယောက်က တာအိုစည်းချက် ပစ္စည်းတွေကို လုယူမယ် ဆိုရင် မင်းရဲ့ နည်းလမ်းတွေနဲ့ဆိုရင် သူတို့ကို ကောင်းကောင်း ဂရုစိုက်နိုင်မယ်လို့ ငါ ယုံကြည်တယ်...”
“ဝါးးးး… ဆရာ…တပည့် မောင်းမထုတ်ပါနဲ့...”
ဝူမင်က ဤစကားကို ကြားသောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မြေကြီးပေါ်တွင် အားနည်းစွာ ဒူးထောက်ချလိုက်၏။
ချမ်ချန်ကန်းနှင့် အခြားနှစ်ဦးမှာ ဝူမင်၏ စွမ်းဆောင်ရည်ကြောင့် ဆွံ့အသွားကြသည်။
*အရှက်မရှိတာကိုတော့ မြင်ဖူးတယ်။ ဒီလောက် အရှက်မရှိတဲ့သူကို ဘယ်တော့မှ မမြင်ဖူးဘူး*
“ဆရာ... တပည့်ကို ဆရာနဲ့အတူ လိုက်ခွင့်ပြုပါ။ ဆရာ့ကို အလုပ်အကျွေး ပြုပါ့မယ်။ ကာကွယ်ပေးပါ့မယ်။ ဂရုစိုက်ပေးပါ့မယ်...”
ချမ်ချန်ကန်းက အလျင်အမြန် ဖြတ်ပြောလိုက်၏။
“လောလောဆယ်တော့ ငါက မင်းကို တာဝန်တချို့ ပေးထားမယ်...”
“တာဝန်...”
ဝူမင်၏ မျက်လုံးများက တောက်ပသွားပြီး သူ၏ တိုက်ခိုက်ရေး စိတ်ဓာတ်က မြင့်မားနေ၏။
“အမိတ္တဘ…ဆရာ… ဆရာ ညွှန်ကြားသမျှ… ဆရာပေးအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင် သေချာပေါက် လုပ်ဆောင်ပါ့မယ်...”
ထို့နောက် ဝူမင် က ပြုံးလိုက်သည်။
“ဆရာ.. အဲဒါက... အဲဒါကလေ... အကယ်၍ တာဝန်ပြီးမြောက်ရင် ဆုလာဘ်တစ်ခုခု ရှိမလားမသိဘူး။ ဥပမာ... ဆရာက တာအိုစည်းချက်ပစ္စည်းတစ်ခုခု ဆုချတာမျိုးပေါ့...”
မိန်နျင်နှင့် ပိုင်ယွဲ့တို့၏ စိတ်ထဲတွင် အရှက်မရှိလိုက်တာဟု မပြောဘဲ မနေနိုင်ကြတော့ပေ။
“အဲဒီဖီးနစ်ဆွဲသီးက မင်းရဲ့ အပိုင် ဖြစ်နေပြီလေ...”
ချမ်ချန်ကန်း၏ စကားထွက်ပေါ်လာသည်နှင့် ဝူမင်တစ်ယောက် အံ့အားသင့်သွား၏။
“ဆရာ.. ဆရာက တကယ်ပြောနေတာလား...”
“အင်း...”
၎င်းက တာအိုစည်းချက်ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။
ဤဝူမင်က သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုထားသဖြင့် သူ့ကို ဘာမှမပေးဘဲနေရန်မဖြစ်နိုင်ပေ။
ထို့အပြင် ဤအရာကို သူ့ကို ပေးလိုက်ခြင်းဖြင့် နောက်တာဝန်များတွင် သူ သေချာပေါက် ပိုမို ကြိုးစားလုပ်ဆောင်မည်ဖြစ်၏။
ပိုင်ယွဲ့နှင့် မိန်နျင်တို့က အလွန်မနာလို ဖြစ်သွားကြသည်။
ဤသည်က တာအိုစည်းချက်ပစ္စည်းတစ်ခု ဖြစ်ပြီး ကျောက်တုံးဓားထက် ပို၍ အရည်အသွေး မြင့်မားသည့်ပုံပေါက်ကာ ဝူမင်ကို ဤကဲ့သို့ ပေးအပ်လိုက်ခြင်းဖြစ်၏။
အထူးသဖြင့် မိန်နျင်အတွက်မူ သူမက ချမ်ချန်ကန်း၏ အနားသို့ ခုန်တက်သွားချင်နေသည်။
ဝူမင်က ဖီးနစ်သစ်သားဆွဲသီးကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။
“ဆရာ... ဒီတပည့်က ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို သေချာပေါက် အချည်းနှီး မဖြစ်စေရပါဘူး...”