အခန်း ၁၈၉
Vol. 16 Ch. 189
အခန်း(၁၈၉) ရှမီအင်မော်တယ်နယ်မြေရှိ ဓားအင်မော်တယ် အမွေအနှစ်
“ဝူမင်... ငါ မင်းကိုတာအိုစည်းချက်ပစ္စည်း အနည်းငယ် ပေးလိုက်မယ်။ မင်း အဲဒါတွေကို ရှမီအင်မော်တယ်နယ်မြေဆီ ယူသွားရမယ်။. ဘာလုပ်ရမလဲဆိုတာကိုတော့ ငါ ပြောပြဖို့ မလိုတော့ဘူးထင်တယ်...”
ဝူမင်က ကလေးငယ်တစ်ယောက်၏ အသွင်အပြင်ရှိနေဆဲဖြစ်သော်လည်း သူ၏ အမူအရာက အလွန် တည်ကြည်လေးနက်နေ၏။
“သခင်... စိတ်မပူပါနဲ့။ ဒီလက်အောက်ငယ်သားက သခင့်အတွက် အင်မော်တယ်ကျောက်တုံးတွေ လုံလောက်အောင် ပြန်ယူလာခဲ့ပါ့မယ်...”
(ရှေ့တစ်အုပ်မှာ ချမ်ချန်ကန်းနဲ့ဝူမင်ကို ဆရာတပည့်အဖြစ်မှားရေးလိုက်ပါတယ်။အခုကစပြီး ချမ်ချန်ကန်းနဲ့ဝူမင်က သခင်နဲ့ လက်အောက်ငယ်သားပါ)
ဝူမင်က ဆုံးဖြတ်ချက်တစ်ခုပင် ချထားပြီး ဖြစ်သည်။
သူက အင်မော်တယ်နယ်မြေသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူ၏ကျင့်ကြံခြင်း အရင်းအမြစ်များအားလုံးကို အင်မော်တယ်ကျောက်တုံးများနှင့် ဈေးပေါပေါဖြင့် ရောင်းချလိုက်မည်ဖြစ်ပြီး ထို့နောက် အင်မော်တယ်ဗုဒ္ဓဘာသာ ဘုရားကျောင်း အသီးသီးမှ အင်မော်တယ် ကျောက်တုံးများကို လုယက်ခိုးယူမည်ဖြစ်၏။
အင်မော်တယ်ကျောက်တုံး အလုံအလောက် စုဆောင်းပြီးနောက် ချမ်ချန်ကန်း၏ အနားသို့ အလျင်အမြန် ပြန်လာခဲ့မည်။
ထို့နောက် ချမ်ချန်ကန်းက ဧည့်သည်များကို နှုတ်ဆက်လိုက်သည်။
နောက်ရက်များတွင် သူက တာအိုစည်းချက် ပစ္စည်းများပြုလုပ်ရန် အာရုံစိုက်ရမည် ဖြစ်၏။
ဝူမင်အား နေရာတွင်ပင် သူက ဆေးလုံးတစ်လုံးထပ်မံ ဆုချလိုက်သည်။
ဆေးလုံးကိုအသုံးပြုပြီး ဝူမင်၏ စွမ်းရည်ဖြင့်ကျင့်ကြံမှုက သေချာပေါက် နောက်ထပ်အဆင့်ထိုးဖောက်နိုင်မည်ဖြစ်၏။
နတ်ရေကန် မျှော်စင်ထဲတွင်။
ဝူမင်က ဘုရားကျောင်းထဲတွင် ပြင်းပြင်းထန်ထန် ကျင့်ကြံနေကြသော လင်းပေါင်အာနှင့် အမြီးလေးတို့ကိုတစ်ချက် ကြည့်လိုက်ပြီး တစ်ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“သခင်... ဒီလက်အောက်ခံဆီမှာ အစီအစဉ် တစ်ခု ရှိပါတယ်...”
“ဘာအစီအစဉ်လဲ...”
ဝူမင်က ပြောလိုက်၏။
“ရှမီအင်မော်တယ်နယ်မြေမှာ အင်မော်တယ် သင်္ချိုင်းတစ်ခုရှိတယ်ဆိုတာ ဒီလက်အောက်ခံ သိထားပါတယ်။ ပြီးတော့ အဲဒီမှာ ရှေးဟောင်းဓားအင်မော်တယ်တစ်ပါးကို မြှုပ်နှံထားတယ်လို့ ကြားဖူးပါတယ်...”
“ရှေးဟောင်းဓားအင်မော်တယ်...”
“ဟုတ်ပါတယ်။ အမှောင်ခေတ်မတိုင်ခင် ရှေးဟောင်း ကာလတုန်းက ဓားအင်မော်တယ် ကလည်း အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထားတယ်လို့ ကြားဖူးပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အင်မော်တယ်နယ်မြေက လူတော်တော်များများက ဓားအင်မော်တယ်ရဲ့ အမွေအနှစ်ကိုရယူဖို့ အင်မော်တယ် သင်္ချိုင်းဆီ သွားခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့ပဲ အားလုံးကျရှုံးခဲ့ကြပါတယ်”
“ဒါ့ကြောင့် ဒီလက်အောက်ငယ်သ သခင်မလေးကို အဲဒီကိုခေါ်သွားချင်ပါတယ်။ သူမက အပျက်အစီးဓားခန္ဓာရှိတယ်ဆိုတော့။ ဓားအင်မော်တယ်ရဲ့ အမွေအနှစ်ကို သေချာပေါက် ရယူနိုင်လိမ့်မယ်...”
“ဓားအင်မော်တယ်ရဲ့ အမွေအနှစ်လား...”
ချမ်ချန်ကန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ရှမီအင်မော်တယ်နယ်မြေ ဆိုသည်မှာ အထက်ဘုံဖြစ်ပြီး ကျူးရှို့တိုက်ကြီး မဟုတ်ပေ။
ချမ်ချန်ကန်းက အထက်ဘုံသို့ ဘယ်သောအခါကမှ မရောက်ဖူးခဲ့သလို ထိုနေရာတွင် ဘာတွေဖြစ်ပျက်နေသနည်း ဆိုသည်ကိုလည်း သူ မသိပေ။
လင်းပေါင်အာ၏ ရှမီအင်မော်တယ်နယ်မြေသို့ ခရီးစဉ်က သေချာပေါက်အန္တရာယ်များမည် ဖြစ်၏။
သေချာပေါက် ဤသည်က အခွင့်အရေး တစ်ခုလည်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူမကို သင်ကြားပေးစရာ ဘာမှမရှိခဲ့ဘဲ လင်းပေါင်အာကို အမြဲတမ်းကိုယ်တိုင် ကျင့်ကြံခိုင်းခဲ့၏။
“သခင်... စိတ်မပူပါနဲ့... ဒီလက်အောက်ငယ်သားက သခင်မလေးကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဟီးဟီးဟီး... သခင်က ပြန်လာတဲ့အခါ နောက်ထပ် ထိပ်တန်းအဆင့်တာအိုစည်းချက် ပစ္စည်းတစ်ခု ထပ်ပေးဖို့ပဲ မျှော်လင့်ပါတယ်...”
ချမ်ချန်ကန်းလည်း ဆွံ့အသွား၏။
*ဒီဘုန်းကြီးက ထိပ်တန်းအဆင့်တာအိုစည်းချက် ပစ္စည်းတွေကို အဲဒီလောက်တောင် လိုချင်နေတာလား*
သေချာပေါက် အဓိကအကြောင်းရင်းမှာ ချမ်ချန်ကန်းက လူတွေဘယ်လောက် ထိုပစ္စည်းကို ဆာလောင်နေသလဲဆိုတာကို မသိသောကြောင့်ဖြစ်သည်။
ဝူမင့်အတွက်လည်း အတူတူပင်ဖြစ်၏။
ယခင်ဘဝကသာ တာအိုစည်းချက်ပစ္စည်းသာ အလုံအလောက်ရှိခဲ့လျှင် သူက လူဝင်စားပြီး ပြန်လည်မွေးဖွားလာမည်မဟုတ်ပေ။
ထို့ကြောင့် ဝူမင်က ဤဘဝတွင် ချမ်ချန်ကန်း၏ ပေါင်ကို တင်းကျပ်စွာ ဖက်ထားရမည်ဖြစ်၏။
“ဒီရက်ပိုင်းအတွင်း ကောင်းကောင်း ကျင့်ကြံပြီး အင်မော်တယ်နယ်မြေကို မသွားခင် ဆေးလုံးကို အသုံးပြုပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် ကြိုးစားပါ...”
ချမ်ချန်ကန်းက ဝူမင်ကို မှာကြားလိုက်သည်။
ထို့နောက် ချမ်ချန်ကန်းက ဘုရားကျောင်းထဲသို့ ဝင်သွား၏။
ဘုရားကျောင်းထဲတွင် လင်းပေါင်အာနှင့် အမြီးလေးတို့က တင်ပျဉ်ခွေ၍ ကျင့်ကြံနေကြသည်။
လင်းပေါင်အာ၏ ခန္ဓာကိုယ်ထဲတွင် ဆေးလုံး၏ ခမ်းနားကြီးကျယ်သော စွမ်းအားများရှိနေဆဲဖြစ်ပြီး ၎င်းကို တစ်ခဏအတွင်း အပြည့်အဝ သန့်စင်ရန် မလွယ်ကူပေ။
သို့သော် ဤနေရာရှိ လင်းပေါင်အာမှာ ရက်အနည်းငယ်အတွင်း နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံထိုးဖောက်နိုင်မည်မှာ သေချာ၏။
သူမ၏ ကျင့်ကြံမှုက မြန်ဆန်လှသည်။
စောစော သို့မဟုတ် နောက်ကျသော်လည်း သူတို့က အင်မော်တယ်နယ်မြေသို့ ပျံတက်သွားရမည်ဖြစ်၏။
ချမ်ချန်ကန်းက အရှိန်အဝါကို မထိန်းချုပ်ဘဲ ဘုရားကျောင်းထဲသို့ ဝင်လာသည်။
လင်းပေါင်အာနှင့် အမြီးလေးတို့ နှစ်ဦးစလုံး သတိပြုမိသွားကြပြီး မျက်လုံးများ ဖွင့်လိုက်ကြ၏။
“ဆရာ... ဘာလို့ ဒီကိုရောက်လာတာလဲ...”
“အီ အီ အီ အီ...”
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး လင်းပေါင်အာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ပေါင်အာ... ဒီကာလအတွင်း ကျင့်ကြံရတာ ဘယ်လိုခံစားရလဲ...”
လင်းပေါင်အာက ပြုံးလိုက်၏။
“ကျင့်ကြံရတာ နည်းနည်းပျင်းစရာ ကောင်းပေမဲ့ ကျင့်ကြံခြင်းတိုးတက်တာကတော့ အရမ်း မြန်ပါတယ်။ ဆရာ သိပ်မကြာခင်မှာ တပည့်က နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ကို ထိုးဖောက်နိုင်တော့မှာပါ...”
“ရှမီအင်မော်တယ်နယ်မြေမှာ အင်မော်တယ် သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီမှာ အပျက်အစီးဓားခန္ဓာကိုကိုယ် ပိုင်ဆိုင်တဲ့ ရှေးဟောင်းဓားအင်မော်တယ်တစ်ပါးရဲ့ အမွေအနှစ်ရှိတယ်...”
“ဓားအင်မော်တယ်ရဲ့အမွေအနှစ်လား...”
လင်းပေါင်အာ၏ အနက်ရောင် သလင်းကျောက်သဖွယ် မျက်လုံးများက ရုတ်တရက် အလင်းတန်းများဖြင့် တောက်ပသွား၏။
လင်းပေါင်အာက အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ ကျင့်ကြံမှုကလည်း ပို၍ သန်မာလာနေသည်။
သို့သော် သူမ အလွန်ရှင်းလင်းသော သဘောတရားသာ သိထား၏။
ဤအချက်က အားနည်းလွန်းနေဆဲဖြစ်၏။
ဆရာဖြစ်သူ၏ ခြေလှမ်းများကို မမီနိုင်ပေ။
ယခု ဓားအင်မော်တယ်အမွေအနှစ်ရှိနေသည်။
၎င်းက အပျက်အစီးဓားခန္ဓာနှင့် ပို၍ သက်ဆိုင်နေ၏။
ဤသည်က သူမ လျင်မြန်စွာ သန်မာလာရန် အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်၏။
“မင်း သွားမလား...”
“ဟုတ်ကဲ့...”
လင်းပေါင်အာ၏ မျက်လုံးများက ပြတ်သားနေ၏။
“မင်းရဲ့ ကျင့်ကြံခြင်းက နတ်ဘုရား အသွင်ပြောင်းလဲခြင်းအဆင့်တောင် မရောက်သေးဘူး။ မင်း တကယ် စဉ်းစားပြီးပြီလား။ အဲဒါက အထက်ဘုံပဲ ဆရာတို့က မိုင်သန်းပေါင်းများစွာ ကွာဝေးနေမှာ။ အန္တရာယ်ရှိရင် မင်းကို ဆရာတို့ ကယ်နိုင်မှာ မဟုတ်ဘူး...”
“တပည့်က ဆရာ့ရဲ့ အတောင်ပံအောက်မှာ အမြဲတမ်း ပုန်းနေလို့ မဖြစ်ဘူးလေ...”
လင်းပေါင်အာ၏ ပြတ်သားသော မျက်လုံးများကိုကြည့်ရင်း သူမ ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်ကြောင်း ချမ်ချန်ကန်းက သိလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
“အရမ်းကောင်းတယ်။ ဒါဆိုရင် မင်းဒီရက်ပိုင်း ကောင်းကောင်းကျင့်ကြံပြီး ကျင့်ကြံခြင်းအဆင့်ကို နည်းနည်း ထပ်မြှင့်လိုက်။ အချိန်ကျရင် မင်းနဲ့အတူ လိုက်သွားဖို့ ဆရာက ဝူမင်ကို စေလွှတ်လိုက်မယ်...”
“ဟုတ်ကဲ့ဆရာ...”
လင်းပေါင်အာ ပြုံးလိုက်၏။
သူမ တွေးလိုက်၏။
“အကယ်၍ ဓားအင်မော်တယ်ရဲ့ အမွေအနှစ်ကိုသာ ရနိုင်မယ်ဆိုရင် ငါ့ရဲ့ စွမ်းအားက သေချာပေါက် ခုန်ပျံကျော်လွှား တိုးတက်လာနိုင်ပြီး ဆရာ့ရဲ့ ခြေလှမ်းတွေကို သေချာပေါက် လိုက်မီနိုင်မှာပဲ...”
“ယာ …ယာ...”
ဘေးနားရှိ အမြီးလေးက သူမ၏ လက်သေးသေးလေးကို ဝှေ့ယမ်းပြလိုက်၏။
“မင်းက အရမ်းအားနည်းလွန်းတယ်။ သက်ရှည်ဘုရားကျောင်းထဲမှာ ဆရာနဲ့အတူနေပြီး ကောင်းကောင်းကျင့်ကြံခဲ့...”
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ လက်မနှင့် လက်ခလယ်ကို စက်ဝိုင်းပုံစံ ပြုလုပ်ကာ သူမ၏ နဖူးလေးကို ခပ်ဖွဖွ တောက်လိုက်၏။
အမြီးလေးက မြေကြီးပေါ်သို့ လဲကျသွားပြီး သူမ၏ နှုတ်ခမ်းလေးက ဆူတက်လာသည်။
လင်းပေါင်အာက ပြုံးလိုက်၏။
“အမြီးလေး… ဆရာပြောတာမှန်တယ်။ နင်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းရှိပေမဲ့ နင်က ကလေးလေးပဲ ရှိသေးတယ်။ အင်မော်တယ်နယ်မြေကို ရောက်ရင် နင့်ကိုငါ ဂရုမစိုက်နိုင်ဘူး။ ဒါကြောင့် ဆရာ့ရဲ့အနားမှာပဲ လိမ်လိမ်မာမာနေခဲ့တာ ပိုကောင်းပါတယ်...”
“ဒါနဲ့ စကားမစပ်... အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုရှိနေပြီပဲ... ဘာလို့ စကားမပြောသေးတာလဲ...”
“အီ အီ အီ အီ...”
အမြီးလေးက ဝမ်းနည်းနေသည့်ပုံပေါက်ပြီး စကားပြောနေသည့်အလား ရှိနေ၏။
*လူလေးကို မေးတယ်။ လူလေးက ဘယ်သူ့ကို မေးရမလဲ။ သနားစရာ လူလေးပဲ*
အခြားတစ်ဖက်တွင် ပိုင်ယွဲ့နှင့် မိန်နျင်တို့က ဖေးရှန်းတောင်မှ ထွက်ခွာလာပြီး ခရီးဆက်နေကြ၏။
မိန်နျင်က ကျောက်တုံးဓားကို ထုတ်ယူလိုက်ပြီး ၎င်းအတွင်းရှိ ခမ်းနားကြီးကျယ်ပြီး သန့်စင်သော တာအိုစည်းချက်ကို ခံစားလိုက်ရသည်။
နတ်ဘုရားမနှစ်ဦးစလုံး၏ ခံစားချက်များက ရှုပ်ထွေးနေ၏။
“သတ္တမမင်းသမီး... ဒါက တကယ်ပဲ ထိပ်တန်းအဆင့်တာအိုစည်းချက်ပစ္စည်းလား...”
“အကယ်၍ အဲဒီဘုန်းကြီးလေးက တကယ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းက ရှမီအင်မော်တယ်နယ်မြေရဲ့ နယ်မြေအရှင်သခင်ဆိုရင်တော့ သေချာပေါက် ဟုတ်မှာပါ...”
မိန်နျင်က ဝူမင် ထုတ်လွှတ်လိုက်သော ထိတ်လန့်ဖွယ် ဖိအားကို တွေးမိသွားပြီး လေးနက်သောအသံဖြင့် မပြောဘဲ မနေနိုင်တော့ပေ။
“အဲဒီဘုန်းကြီးလေးက နယ်မြေအရှင်သခင် ဖြစ်ဖို့ အလားအလာ အရမ်းများတယ်...”
ထို့နောက် မိန်နျင်နှင့် ပိုင်ယွဲ့တို့က သူတို့၏ စိတ်ထဲတွင် ဝူမင်၏ စွမ်းဆောင်ရည် အမျိုးမျိုးကို မတွေးဘဲ မနေနိုင်ကြတော့ဘဲ တိတ်ဆိတ်သွားကြ၏။
*တကယ်ပဲ နယ်မြေအရှင်သခင်လား။ အင်း... သေချာပြောဖို့တော့ ခက်နေသေးတယ်*
ပိုင်ယွဲ့က ပြောလိုက်၏။
“သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီကျောက်တုံးဓားက အဆင့်မြင့် မဟုတ်ရင် ထိပ်တန်းအဆင့် ဖြစ်ရမယ်။ ရွှယ်ဝူအင်မော်တယ်နယ်မြေကို ပြန်ရောက်ပြီးတဲ့နောက်မှာ ဒီအရာအားလုံးကို ငါတို့ သိလာပါလိမ့်မယ်။ ဒါ့အပြင် စီနီယာက လေလံပစ်ဖို့ တာအိုစည်းချက်ပစ္စည်း အနည်းငယ် ပေးလိုက်ဦးမယ် မဟုတ်လား...”
မိန်နျင်က စကားမပြောသော်လည်း သူမ၏ အမူအရာက အနည်းငယ် တည်ကြည်လေးနက်နေ၏။
ပိုင်ယွဲ့က ၎င်းကို မြင်သောအခါ မေးလိုက်သည်။
“မိန်နျင်... နင် ဘာတွေတွေးနေတာလဲ...”
“သတ္တမမင်းသမီး တာအိုစည်းချက် ပစ္စည်းတွေရဲ့ တန်ဖိုးကြီးမှုကို မင်းသမီးလည်း သိသားနဲ့။ စီနီယာက ဘယ်နှခုလောက် ထုတ်ပေးနိုင်မလဲဆိုတာ မသိဘူး။ ဟွမ်ဖူ မိသားစုနဲ့ စီနီယာကြားက အရောင်းအဝယ်က မှန်ကန်ပါ့မလား...”
မည်သို့ပင်ဆိုစေကာမူ ဟွမ်ဖူမိသားစုဘက်တွင် နှစ်စဉ် အင်မော်တယ်ကျောက်တုံး ၈၀ ရာခိုင်နှုန်းကို အရောင်းအဝယ် လုပ်မည် ဖြစ်သည်။
နှစ်စဉ် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးများ၏ ထွက်ကုန်က အလွန် ရှားပါးသော်လည်း ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးများ၏ ထွက်ကုန်က နှစ်ရာချီ ကြာမြင့်သော အရောင်းအဝယ်ဖြစ်၏။
အရောင်းအဝယ်အရဆိုရလျှင် ဟွမ်ဖူမိသားစုက များစွာနစ်နာခဲ့သည်။ ပိုင်ယွဲ့က ပြုံးလိုက်၏။
“မိန်နျင်... ဒီအရောင်းအဝယ်က အရမ်း ကောင်းတယ်လို့ ငါ ထင်တယ်။ စီနီယာက ခန့်မှန်းရခက်ပြီး သူက မဟာတာအိုသုံးခုကို ကျင့်ကြံထားတဲ့ အင်မော်တယ်သူတော်စင် တစ်ပါးလေ။ စီနီယာက ငါတို့ကို စိတ်ပျက်အောင်လုပ်မှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်...”
မိန်နျင်လည်း ပြုံးလိုက်၏။
“သတ္တမမင်းသမီးပြောတာ မှန်ပါတယ်။ စီနီယာက ငါတို့ကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး။ ငါ တွေးတာ များသွားတယ်...”
“ဒါနဲ့ သတ္တမမင်းသမီး... သတိထားမိလား။ စီနီယာက အင်မော်တယ်ကျောက်တုံးကို အရမ်းအလေးထားတဲ့ပုံပဲ...”
“ဟုတ်တယ်...”
ပိုင်ယွဲ့၏ မျက်လုံးများက နက်ရှိုင်းနေ၏။
“စီနီယာက ဘာဖြစ်လို့ ဒီအင်မော်တယ် ကျောက်တုံးတွေကို ဒီလောက် တန်ဖိုးထားနေမှန်း ငါ မသိပေမဲ့။ မိန်နျင်... နင် ဟွမ်ဖူမိသားစုဆီ ပြန်ရောက်တဲ့အခါ လေလံပွဲအပြင် တခြားပြင်ဆင်မှုတွေ လုပ်ထားဖို့ မိသားစုကို တောင်းဆိုဖို့ သတိရပါ။ အခြားအင်မော်တယ်မိသားစုတွေနဲ့ အင်မော်တယ်ကျောက်တုံးတွေအတွက် ကျင့်ကြံခြင်း အရင်းအမြစ်အချို့ကို လဲလှယ်ဖို့တောင် ပြောထားလိုက်...”