← Chapters

အခန်း ၁၉၃

Vol. 16 Ch. 193

အခန်း ၁၉၃

Vol. 16 Ch. 193

အခန်း(၁၉၃) သေခြင်းရှင်ခြင်းအဆောင်၊ အားမြောင်ရဲ့ ဆန္ဒ

ပြိုင်ဘက်ကင်းနယ်မြေ၏ အပြင်ဘက်တွင် မြွေလေးတစ်ကောင်က ဝူမင်၏ လက်သီးချက်ကြောင့် သေဆုံးသွား၏။

ချမ်ချန်ကန်းက ၎င်းကို တစ်ချက် ကြည့်လိုက်သည်။

သူ မျက်လုံးများကို မှေးလိုက်၏။

ထို့နောက် မြွေလေးက တောက်ပစွာ လင်းလက်လာသည်။

သေရာမှ လျင်မြန်စွာ ပြန်လည်ရှင်သန်လာ၏။

“အမလေး...”

ဝူမင်က အံ့အားသင့်သွားသည်။

မထင်မှတ်ထားဘဲ ဤတစ်ကြိမ်တွင် မြွေလေးက ရုတ်တရက် ပြန်လည် ရှင်သန်လာ၏။

မြွေလေးက ထိတ်လန့်နေသည့်ပုံပေါက်ပြီး သူမည်သို့ ရုတ်တရက် ပြန်လည် ရှင်သန်လာသည်ကို မစဉ်းစားတော့ပေ။

*အရမ်းကြောက်ဖို့ကောင်းတယ်*

သူက လှည့်ပြီး ထွက်ပြေးသွား၏။

“သခင်... ဒီမြွေနတ်ဆိုးကို သတ်ချင်သေးလား...”

ချမ်ချန်ကန်းက ထွက်ပြေးသွားသော မြွေလေးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြကာ အကြည့်ကို ရုပ်သိမ်း၍ ခပ်ဖွဖွ ပြုံးလိုက်သည်။

“မလိုတော့ဘူး...”

“စမ်းသပ်လို့လုံလောက်ပြီ...”

ဝူမင်က နားမလည်နိုင်ဖြစ်နေ၏။

ယခုအချိန်အထိ ချမ်ချန်ကန်းတစ်ယောက် ဘာကိုစမ်းသပ်နေမှန်း ဝူမင် လုံးဝ မသိသေးပေ။

သို့သော် ပြန်လည်ရှင်သန်ခြင်းနှင့် ပတ်သက်မှု တစ်ခုခု ရှိရမည်ကိုတော့ သူ နားလည်ထား၏။

“ပြန်သွားကြစို့...”

ချမ်ချန်ကန်းက ဝူမင်ကို သက်ရှည်ဘုရားကျောင်းသို့ ပြန်ခေါ်သွားသည်။ ထို့နောက် ကျင့်ကြံနေကြသော လင်းပေါင်အာနှင့် အမြီးလေးတို့ကို ခေါ်လိုက်၏။

“သခင်...”

“အီ အီ အီ အီ...”

စမ်းသပ်မှုမှတစ်ဆင့် ချမ်ချန်ကန်းက ဗားရှင်း၅.၀၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် အနည်းဆုံးတော့ အသက်အန္တရာယ်နှင့် ပတ်သက်၍ ပေါင်အာ၏ အင်မော်တယ်နယ်မြေခရီးစဉ်က အာမခံချက် ရှိသွားလေပြီ။

သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းမှတစ်ဆင့် သေခြင်းရှင်ခြင်းအဆောင်ကို စုစည်းနိုင်၏။

ဤသည်က သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်း၏ စုစည်းထားသော စွမ်းအားဖြစ်ပြီး ပြိုင်ဘက်ကင်းနယ်မြေ အပြင်ဘက်သို့ ရောက်ရှိသွားလျှင်ပင် အာနိသင်ရှိနေဆဲဖြစ်သည်။

သေဆုံးသွားလျှင်ပင် သေခြင်းရှင်ခြင်းအဆောင်မှတစ်ဆင့် ပြန်လည် ရှင်သန်နိုင်၏။

သေချာပေါက် ချမ်ချန်ကန်းက စမ်းသပ်ကြည့်ခဲ့သည်။

သေခြင်းရှင်ခြင်းအဆောင်က လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင်တစ်ခုသာ စုစည်းနိုင်ပြီး ဒုတိယတစ်ခုကို ထပ်မံ စုစည်း၍ မရပေ။

ဤသည်က အနည်းငယ် နှမြောစရာ ကောင်း၏။

သို့သော် ချမ်ချန်ကန်းအတွက်မူ လုံလောက်လေပြီ။

ထို့နောက် ချမ်ချန်ကန်းက ဝူမင်၊ လင်းပေါင်အာနှင့် အမြီးလေးတို့၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းရှင်ခြင်းအဆောင်တစ်ခုစီကို စုစည်းပေးလိုက်သည်။

“အခု မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်ရှင်သန်နိုင်တဲ့ စွမ်းအားတစ်ခုရှိနေပြီ။ အဲဒါကို သေခြင်းရှင်ခြင်းအဆောင်လို့ နာမည်ပေးထားတယ်။ ဒါပေမဲ့ မှတ်ထားပါ မင်းတို့မှာ တစ်ကြိမ်ပဲ ပြန်လည် ရှင်သန်နိုင်မယ်...”

ချမ်ချန်ကန်း၏ ကောင်းကင်ဘုံကို ဆန့်ကျင်သောနည်းလမ်းကို သိထားသဖြင့် ဝူမင်က မအံ့သြတော့ပေ။

နားမလည်နိုင်ရုံသာဖြစ်၏။

သူက သခင်၏ သတ်ဖြတ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပြီးနောက် အကြိမ်ကြိမ် ပြန်လည်ရှင်သန်လာခဲ့သည် မဟုတ်ပါလော။

“အခုကျ ဘာဖြစ်လို့ တစ်ကြိမ်ပဲပြန်လည် ရှင်သန်နိုင်တာလဲ”

ဝူမင်က သူ၏ စိတ်ထဲရှိ မေးခွန်းကို မေးလိုက်၏။

ချမ်ချန်ကန်းက သူ့ကို ပြန်ဖြေလိုက်သည်။

“အဲဒါက ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ ငါက မင်းကို အဆုံးအစမဲ့ပြန်လည် ရှင်သန်စေချင်တယ်ဆိုရင် မင်းက ငါ့အနားမှာ ရှိနေဖို့လိုတယ်။ ငါကိုယ်တိုင်လုပ်ပေးဖို့ လိုတယ်။ ခန္ဓာကိုယ်ထဲမှာ သေခြင်းရှင်ခြင်းအဆောင်ကို စုစည်းပေးတာမျိုး မဟုတ်ဘူး…”

ဝူမင်က ချက်ချင်း နားလည်သွား၏။

အခြားတစ်ဖက်တွင် လင်းပေါင်အာနှင့် အမြီးလေးတို့က ထိတ်လန့်သွားကြသည်။

*ပြန်လည်ရှင်သန်ခြင်းလား*

“ဆရာ... ပြန်လည်ရှင်သန်ခြင်းဆိုတာ ဘာလဲ...”

ချမ်ချန်ကန်းက ပြုံးလိုက်၏။

ဝူမင်က လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် ရိုက်သတ်ခံလိုက်ရသည်။

ချမ်ချန်ကန်းက ရုတ်တရက် ဝူမင်ကို ရိုက်သတ်လိုက်ခြင်းကြောင့် လင်းပေါင်အာနှင့် အမြီးလေးတို့ကို ထိတ်လန့်သွားစေ၏။

“ဆရာ... သူ... သူ သေသွားပြီ...”

“အီ အီ အီ အီ...”

သို့သော် ဤတစ်ကြိမ်တွင် သေဆုံးသွားသော ဝူမင်၏ ခန္ဓာကိုယ်က အလင်းတန်းများ လင်းလက်လာပြီး တိုက်ရိုက်ပြန်လည် ရှင်သန်လာ၏။

ချမ်ချန်ကန်းက သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်း၏ စွမ်းအားကို အသုံးမပြုခဲ့ပေ။

သို့သော် ဝူမင်၏ ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သော သေခြင်းရှင်ခြင်းအဆောင်၏ စွမ်းအားက အလုပ်လုပ်သွားခြင်းဖြစ်သည်။

“သခင်... သခင် စလုပ်တဲ့အခါ... ဒီလက်အောက်ငယ်သားကို စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုလုပ်ထားနိုင်အောင် ကြိုပြီးပြောပြလို့ရမလား...”

ဝူမင့်ခမျာ ချမ်ချန်ကန်းကို ဝမ်းနည်းစွာ ကြည့်လိုက်၏။

“အား အား အား အား အား... အသက်ရှင်လာပြီ။ အသက်ပြန်ရှင်လာပြီ။ သရဲ…”

အမြီးလေး၏ မျက်နှာက ဖြူရော်သွားပြီး လင်းပေါင်အာ၏ နောက်တွင် ပုန်းအောင်းနေ၏။

လင်းပေါင်အာ၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်။

“ဆရာ... ဝူမင်... သူ ပြန်ရှင်လာပြီ...”

“အင်း... ဒါက သေခြင်းရှင်ခြင်းအဆောင်ရဲ့ စွမ်းအားပဲ...”

ချမ်ချန်ကန်းက စကားပြောရင်း ဝူမင်၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းရှင်ခြင်းအဆောင်ကို နောက်တစ်ကြိမ် ထပ်မံစုစည်းပေးလိုက်၏။

“ဝူမင်၊ ပေါင်အာ၊ အမြီးလေး... မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သေခြင်းရှင်ခြင်းအဆောင်ကို စုစည်းပေးလိုက်တာက မင်းတို့မှာ အသက်နှစ်ချောင်းရှိသွားပြီလို့ ဆိုလိုတာပဲ။ ခုနက မင်းတို့မြင်တဲ့အတိုင်းပဲ...”

“ဟုတ်ကဲ့...”

“အီ အီ အီ အီ...”

“ဝူမင်၊ ပေါင်အာ... မင်းတို့မှာ သေခြင်းရှင်ခြင်းအဆောင်ရှိနေပေမဲ့ အဲ့ဒါက မင်းတို့ရဲ့ အသက်အတွက် အာမခံချက် အသေးစားလေးတစ်ခုပဲ ရှိသေးတယ်။ အင်မော်တယ်နယ်မြေကိုသွားတဲ့အခါ သတိထားကြပါ...”

“သခင်. စိတ်မပူပါနဲ့။ ဒီလက်အောက်ငယ်သားက သခင်မလေးကို သေချာပေါက် ကာကွယ်ပေးပါ့မယ်...”

“ဆရာ... တပည့်က ဓားအင်မော်တယ်ရဲ့ အမွေအနှစ်ကိုရအောင်ယူပြီး အသက်ရှင်လျက် သေချာပေါက် ပြန်လာခဲ့ပါ့မယ်...”

ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ဝူမင်ကို ကြည့်လိုက်၏။

“ပေါင်အာကို ကာကွယ်ပါ... မဟုတ်ရင် မင်း ဆိုးဆိုးရွားရွား သေရလိမ့်မယ်...”

ဝူမင်က တံတွေးတစ်ချက် မျိုချလိုက်ပြီး အားနည်းစွာဖြင့် ပြောလိုက်သည်။

“သခင်... ဒီလက်အောက်ငယ်သားရဲ့ သေဆုံးမှုက ခုလောက်တော့ မဆိုးရွားဘူး မဟုတ်လား...”

ရှေးဟောင်းမြေခွေးမျိုးနွယ်စု၏ တောင်ထွတ် တစ်ခုတွင်။

အားမြောင်က ကျောက်စိမ်းတုံး တစ်တုံးပေါ်တွင် ထိုင်နေ၏။

ထိုသွယ်လျပြီး ဆွဲဆောင်မှုရှိသော ခြေတံရှည်ကြီးများက လှုပ်ခါနေပြီး တစ်ချိန်တည်းမှာပင် သူမက ဖေးရှန်းတောင် ရှိရာဘက်သို့ ကြည့်နေသည်။

ရွှေရောင်ဆံပင်တိုလေးများက လွင့်ခါနေပြီး နောက်ကျောမှ အမြီးလေးက ယိမ်းနွဲ့နေ၏။

သူမက ပြုံး၍ မျက်လုံးများကို မှေးထားကာ သူမ၏ စိတ်ထဲတွင် ချမ်ချန်ကန်း၏ မျက်နှာများဖြင့် ပြည့်နှက်နေပြီး ရေရွတ်လိုက်သည်။

“စီနီယာကို တကယ်တွေ့ချင်တယ်။ စီနီယာနဲ့ မတွေ့ရတာ အချိန်နည်းနည်းကြာသွားပြီ...”

“တပည့်လက်ခံပွဲမှာ အားမြောင်က စီနီယာရဲ့တပည့် သေချာပေါက် ဖြစ်လာအောင် လုပ်မယ်။ အဲဒါဆိုရင် စီနီယာကို နေ့တိုင်း တွေ့ရပြီပေါ့...”

ဤအချိန်၌ နဂါးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။

အနက်ရောင်ရေလွှမ်းမိုးနဂါး ရောက်လာ၏။

အားမြောင်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။

“အနက်ရောင်ရေလွှမ်းမိုးနဂါး... နောက်ဆုံးတော့ နင် ရောက်လာပြီပဲ...”

အနက်ရောင်ရေလွှမ်းမိုးနဂါးက မီးအိမ်ကြီးကဲ့သို့ မျက်လုံးကြီးများဖြင့် ရယ်မောလိုက်သည်။

“အားမြောင်... ငါ နင့်ကို အကြာကြီး စောင့်ခိုင်းလိုက်မိပြီ...”

အားမြောင်က ကျောက်စိမ်းတုံးပေါ်မှ ထရပ်လိုက်ပြီး ကြောင်နားရွက်လေးများ လှုပ်ရှားသွားကာမေးရန် မစောင့်နိုင်တော့ပေ။

“အနက်ရောင်ရေလွှမ်းမိုးနဂါး... စီနီယာက သဘောတူလိုက်ပြီလား...”

“သဘောတူလိုက်ပြီ... ဘာပဲဖြစ်ဖြစ် သခင်က များသောအားဖြင့် ငါ့ကို စီးတော်ယာဉ်အဖြစ် မသုံးပါဘူး...”

“ပြီးတော့ သခင်က နင် ငါနဲ့အတူ အပြင်ထွက်မယ် ဆိုတာကို ကြားတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို သေခြင်းရှင်ခြင်းအဆောင်လို့ခေါ်တဲ့ အရာတစ်ခုတောင် ထည့်ပေးလိုက်သေးတယ်။ အဲဒါက ငါ့အသက်ကို ကယ်တင်နိုင်တယ်လို့ ပြောတယ်။ နင့်ကို ကောင်းကောင်း ကာကွယ်ဖို့ ခိုင်းလိုက်တယ်...”

“ဝိုး စီနီယာက တကယ်ကောင်းတာပဲ...”

ချမ်ချန်ကန်းက သူမကို ကာကွယ်ရန် အနက်ရောင်ရေလွှမ်းမိုးနဂါးကို စေလွှတ်လိုက်ကြောင်း ကြားသောအခါ အားမြောင်က စိတ်ထဲတွင် ချိုမြိန်သွားပြီး သူမ၏ အပြုံးက ပို၍ပင် လှပလာကာ ကြောင်အမြီးလေးက ယိမ်းနွဲ့နေ၏။

အနက်ရောင်ရေလွှမ်းမိုးနဂါးက အားမြောင်ကို ကြည့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အားမြောင် နင့်ရဲ့လက်ရှိ ကျင့်ကြံမှုက အခြေတည်စိတ်ဝိညာဉ် အဋ္ဌမအဆင့်ရှိနေပြီ ဆိုတော့ တပည့်လက်ခံပွဲမှာ ပါဝင်ဖို့ လုံလောက်နေပါပြီ။ ကျူးရှို့တိုက်ကြီးက ပါရမီရှင်တွေထဲမှာ နင့်ရဲ့ ပြိုင်ဘက်က သိပ်မရှိလောက်ပါဘူး။.နင်တကယ်ပဲ အင်မော်တယ်ယောင်ချီဆီ သွားမလို့လား။ အဲဒီမှာအရမ်းအန္တရာယ်များတယ်နော်...”

အားမြောင်က ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်ပြီး ချွန်ထက်သော လက်သည်းများကို ပြသလိုက်၏။

“ပိုင်ယွဲ့က ပြောတယ် ဒီတပည့်လက်ခံပွဲက သာမန်မဟုတ်ဘူးတဲ့။ အင်မော်တယ်နယ်မြေကနေဝင်စားပြီး ပြန်လည်ကျင့်ကြံတဲ့ အခြားပါရမီရှင်တွေလည်း သေချာပေါက် ရှိမှာတဲ့။ အဲဒီပါရမီရှင်တွေရဲ့ အနိမ့်ဆုံးကျင့်ကြံမှုက နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်မှာ ရှိတယ်လို့ ကြားဖူးတယ်။ အားမြောင်က သူတို့ကို မရှုံးနိုင်ဘူး...”

“အင်မော်တယ်ယောင်ချီနယ်မြေက ပုန်းကွယ်နေတဲ့ မြေအောက်နန်းတော်က အင်မော်တယ်နယ်မြေကလာတဲ့ အဲဒီ ပါရမီရှင်တွေကို ငါ ယှဉ်ပြိုင်နိုင်မယ့် တစ်ခုတည်းသောနေရာဖြစ်နိုင်တယ်။ ဘယ်လောက်ပဲအန္တရာယ်များပါစစေ ငါ သွားရမယ်...”

အင်မော်တယ်ယောင်ချီနယ်မြေက တစ္ဆေပြည်နယ်ရှိ သက်ရှိများသွားလာခွင့် တားမြစ်ထားသော နယ်မြေတစ်ခုဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက အနက်ရောင်ရေလွှမ်းမိုးနဂါး၊ အားမြောင်နှင့် ပိုင်ယွဲ့တို့က အင်မော်တယ်ယောင်ချီနယ်မြေဆီသို့ သွားရောက်ခဲ့ဖူး၏။

လမ်းခရီးတွင် အားမြောင်က အင်မော်တယ် ယောင်ချီနယ်မြေထဲရှိ နဂါးငါးကြင်းကို ဖမ်းရန် အင်မော်တယ်ယောင်ချီ၏ နက်ရှိုင်းသော နေရာသို့ ခိုးဝင်ခဲ့ပြီး မြေအောက်နန်းတော် တစ်ခုထဲသို့ လမ်းမှားရောက်သွားခဲ့သည်။

မြေအောက်နန်းတော်ထဲတွင် မရေမတွက်နိုင်သော ရုပ်အလောင်းများ ရှိသော်လည်း မပုပ်မသိုးဘဲရှိနေကြ၏။

အားမြောင်က ထိုနေရာတွင် အင်မော်တယ် အမွေအနှစ်တစ်ခုကို ရှာတွေ့ခဲ့သည်။

ဟုတ်ပါသည်။

၎င်းက အင်မော်တယ်များ၏ အမွေအနှစ် ဖြစ်၏။

ယခင်က သူမ မသိခဲ့ပေ။

သာမန် အမွေအနှစ်တစ်ခုသာဖြစ်မည်ဟု သူမ ထင်ခဲ့၏။

သို့သော် အင်မော်တယ်များ အောက်ဘုံဆင်းလာခြင်းကို တွေ့ကြုံပြီး အစိမ်းရောင်ဆံပင်နှင့်တစ္ဆေအင်မော်တယ်နှင့်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းက အင်မော်တယ်များ၏ အမွေအနှစ် ဖြစ်ရမည်ဟု အားမြောင် လုံးဝ ယုံကြည်သွားခဲ့သည်။

နှမြောစရာကောင်းသည်မှာ သူမက ထိုအင်မော်တယ် အမွေအနှစ်ကိုမရရှိခဲ့မီ ကြီးမားသော ထိတ်လန့်ဖွယ်ရာတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရပြီး မြေအောက်နန်းတော်ထဲတွင် ဆက်မနေရဲတော့ဘဲ အသည်းအသန် ထွက်ပြေးခဲ့ရခြင်းဖြစ်၏။

ယနေ့ သူမသည် အခြေတည်စိတ်ဝိညာဉ်အဋ္ဌမအဆင့် ကျင့်ကြံခြင်းရှိနေပြီး လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာကထက် အဆပေါင်းများစွာ ပိုမိုသန်မာနေလေပြီ။

မြေအောက်နန်းတော်ထဲတွင် အန္တရာယ်များ ရှိနေလျှင်တောင်မှ သူမက ဤတစ်ကြိမ်တွင် သေချာပေါက် ခုခံနိုင်လိမ့်မည်ဟု သူမ ယုံကြည်၏။

ဤတစ်ကြိမ်တွင် သူမက အင်မော်တယ် အမွေအနှစ်ကို သေချာပေါက် ရယူနိုင်မည် ဖြစ်သည်။

သူမရရှိသရွေ့ တပည့်လက်ခံပွဲတွင် ထင်ပေါ်ကျော်ကြားနိုင်ပြီး စီနီယာ၏ တပည့် ဖြစ်လာနိုင်မည် ဖြစ်၏။

ဤသည်ကား အားမြောင်၏ ဆန္ဒပင်ဖြစ်၏။

All Chapters