အခန်း ၁၉၄
Vol. 16 Ch. 194
အခန်း (၁၉၄ ) ကပ်စေးနဲတဲ့ ကြောင်မလေး၊ အင်မော်တယ်နယ်မြေသို့
အနက်ရောင်ရေလွှမ်းမိုးနဂါးက အားမြောင်၏ မျက်လုံးများထဲရှိ ပြတ်သားမှုကို မြင်တွေ့နိုင်ပြီး အပိုစကားများ မပြောတော့ပေ။
“ကောင်းပြီ... နင် ဆုံးဖြတ်ပြီးပြီ ဆိုတော့လည်း သွားကြတာပေါ့...”
“အင်း...”
အားမြောင်က အနက်ရောင်ရေလွှမ်းမိုးနဂါး အပေါ်သို့ ခုန်တက်လိုက်ပြီး ပြုံးလိုက်၏။
“အနက်ရောင်ရေလွှမ်းမိုးနဂါး စီနီယာရဲ့ စီးတော်ယာဉ်ဖြစ်ရတာ ဘယ်လိုခံစားရလဲ မသိဘူး...”
အနက်ရောင်ရေလွှမ်းမိုးနဂါးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့် အမူအရာ ရှိနေ၏။
“ဘယ်လိုခံစားရလဲဆိုတော့... သေချာပေါက် မိုက်တာပေါ့...”
“အားမြောင်... ငါက သခင်ရဲ့စီးတော်ယာဉ် ဖြစ်လာတယ်ဆိုတာကို သိသွားတဲ့အခါ တောင်ပေါင်းတစ်သိန်းတောင်တန်းက အဲဒီ မိစ္ဆာအိုကြီးတွေ ဘယ်လိုမျက်နှာထားမျိုး ပြသလဲဆိုတာ နင်မသိပါဘူး...”
“ကျွတ် ကျွတ် ကျွတ်... အဲဒါကို မနာလိုမှု၊ မနာလိုမှုနဲ့ မုန်းတီးမှုလို့ခေါ်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ လူတိုင်းက သခင်ရဲ့ စီးတော်ယာဉ်ဖြစ်ဖို့ အရည်အချင်း မပြည့်မီကြဘူးလေ...”
“အနက်ရောင်ရေလွှမ်းမိုးနဂါး... နင်က စီနီယာရဲ့ စီးတော်ယာဉ်ဖြစ်နိုင်တယ်ဆိုရင်... ငါလည်း စီနီယာရဲ့တပည့် သေချာပေါက် ဖြစ်လာမှာပါပဲ...”
“ဟားဟားဟား... နင့်ကိုငါယုံတယ်...”
“ဒါနဲ့... ပိုင်ယွဲ့ရော ဘယ်လိုနေလဲ...”
“ပိုင်ယွဲ့က တံခါးပိတ် ကျင့်ကြံနေတယ်... မကြာသေးခင်က သူမရဲ့ စွမ်းအားတွေ ပိုပိုပြီး သန်မာလာတယ်လို့ ငါ ခံစားရတယ်။ တပည့်လက်ခံပွဲမှာ သူက အားမြောင်ရဲ့ အသန်မာဆုံးပြိုင်ဘက် သေချာပေါက် ဖြစ်လာမှာပဲ...”
“အိုး... ဒီလိုဆိုရင် နင်အန္တရာယ်ရှိနေပြီပေါ့...”
အားမြောင်က ခါးထောက်၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့် အမူအရာရှိနေကာ သူမ၏ နှုတ်ခမ်းထောင့်တွင် တောက်ပနေသော ကြောင်အစွယ်လေးနှစ်ခုပေါ်လာ၏။
“အနက်ရောင်ရေလွှမ်းမိုးနဂါး အဲ့ဒါက သေချာပေါက် မမှန်ဘူး။ ဒါပေမဲ့ ပိုင်ယွဲ့ရဲ့ အားနည်းချက်ကို ငါ သိတယ်...”
“အားနည်းချက်လား... ဘာအားနည်းချက်လဲ...”
“ဒါက လျှို့ဝှက်ချက်ပဲ။ နင့်ကိုငါ မပြောပြဘူး...”
“ကပ်စေးနဲတဲ့ ကြောင်မလေး...”
အနက်ရောင်ရေလွှမ်းမိုးနဂါးက မထီမဲ့မြင် ပြုလိုက်၏။
ဤနည်းဖြင့် အနက်ရောင်ရေလွှမ်းမိုးနဂါးက အားမြောင်ကို တင်ဆောင်၍ စကားပြောရင်းနှင့် အင်မော်တယ်ယောင်ချီနယ်မြေရှိရာဘက်သို့ ပျံသန်းသွားလေသည်။
သုံးရက်က မကြာမီ ကုန်လွန်သွား၏။
မိန်နျင်က ပိုင်ယွဲ့နှင့်အတူ သက်ရှည်ဘုရားကျောင်းသို့ ရောက်ရှိလာသည်။
“စီနီယာကို ဂါရဝပြုပါတယ်...”
“ဆရာ့ကို ဂါရဝပြုပါတယ်...”
မိန်နျင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပိုင်ယွဲ့ကို ထိတ်လန့်နေသည့် မျက်နှာထားဖြင့် ကြည့်လိုက်၏။
“ဆရာ... ! “
“သတ္တမမင်းသမီး... နင် ဘယ်တုန်းက စီနီယာရဲ့တပည့် ဖြစ်သွားတာလဲ...”
“လွန်ခဲ့တဲ့ရက်အနည်းငယ်က စီနီယာက ငါ့ကို ခေါ်သွားတာ...”
မိန်နျင်က ပိုင်ယွဲ့ကို မနာလိုသော အကြည့်ဖြင့် ကြည့်လိုက်၏။
သေချာပေါက် ပိုင်ယွဲ့အတွက် စိတ်ရင်းမှန်ဖြင့်လည်း ဝမ်းသာမိပါသည်။
သို့သော် အကယ်၍ ပိုင်ယွဲ့သာ ကောင်းကင်တာအိုစောင့်ရှောက်သူဖြစ်လာပြီဆိုသည်ကို မိန်နျင်သာသိခဲ့လျှင် သူမ မည်သို့ ခံစားရမည်နည်း။
“ဒီအထဲမှာ တာအိုစည်းချက်ပစ္စည်းငါးခု ရှိတယ်။ မိန်နျင် ငါမင်းကို ပေးလိုက်မယ်...”
ချမ်ချန်ကန်းက သိုလှောင်လက်စွပ်တစ်ခုကို မိန်နျင်ထံသို့ ပေးလိုက်၏။
မိန်နျင်က လက်ခံလိုက်သည်။
“ဒီတာအိုစည်းချက်ပစ္စည်းတွေကို စီနီယာ့အတွက် သေချာပေါက် လေလံပစ်ပေးပါ့မယ်...”
အခြားတာအိုစည်းချက်ပစ္စည်းငါးခုနှင့် ပတ်သက်၍မူ ချမ်ချန်ကန်းက ၎င်းတို့ကို ဝူမင့်ထံသို့ ပေးအပ်ပြီးဖြစ်၏။
ယခုအခါ ဝူမင်နှင့် လင်းပေါင်အာတို့က အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။
အမြီးလေးက ချမ်ချန်ကန်း၏ ခြေထောက်တစ်ဖက်ကို ဖက်ထားပြီး လင်းပေါင်အာကို မခွဲခွာချင်စွာ ကြည့်နေ၏။
လင်းပေါင်အာတွင် အင်မော်တယ်ရတနာ ဒါဇင်ချီရှိသည်။
ဤအရာများက ထိုတာအိုအစောင့်အရှောက် အင်မော်တယ်များထံမှရရှိခဲ့သော စစ်ပွဲနိုင် တိုက်ပွဲဝင်ပစ္စည်းများဖြစ်၏။
ထို့အပြင် အသက်ရှည်စေရန်နှင့် ဒဏ်ရာများကို ကုသရန် အသုံးပြုသော အင်မော်တယ်ဆေးပင်များစွာလည်းရှိသည်။
ခြုံပြောရလျှင် လင်းပေါင်အာက ချမ်ချန်ကန်း၏ ပထမဆုံးတပည့်ဖြစ်၏။
ချမ်ချန်ကန်း၏ ချစ်ခင်မြတ်နိုးမှုကို ပိုခံရသူဖြစ်၏။
ထို့နောက် ချမ်ချန်ကန်းက ပိုင်ယွဲ့၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းရှင်ခြင်းအဆောင်တစ်ခု ချန်ထားခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ယခုအခါ ပိုင်ယွဲ့ကသူ၏ တပည့်ဖြစ်နေပြီဖြစ်သည်။
စဉ်းစားကြည့်ပြီးနောက် ချမ်ချန်ကန်းက မိန်နျင်၏ ခန္ဓာကိုယ်ထဲတွင်ပါ နောက်ထပ် သေခြင်းရှင်ခြင်းအဆောင်တစ်ခု ချန်ထားခဲ့၏။
တာအိုစည်းချက်ပစ္စည်းများက အလွန်တန်ဖိုးကြီးကြောင်း ဝူမင်ထံမှ သိလိုက်ရပြီး အင်မော်တယ်နယ်မြေသို့ ပြန်ရောက်သောအခါ မိန်နျင်တစ်ယောက် အလွန်အန္တရာယ်များနိုင်သည်ဟု တွေးမိ၍ဖြစ်၏။
ဤကဲ့သို့ လှပသောအမျိုးသမီးတစ်ဦးက အထက်ဘုံတွင် ဤကဲ့သို့ သေဆုံးသွားမည်ဆိုပါက နှမြောစရာ ကောင်းမည်ဖြစ်၏။
ထို့အပြင် ချမ်ချန်ကန်းက တာအိုစည်းချက် ပစ္စည်းများ လေလံပွဲမှ အင်မော်တယ် ကျောက်တုံးများကို ပြန်လည်ပို့ဆောင်ပေးရန် သူမကို လိုအပ်နေသေးသည်။
“စီနီယာ... ဒါကဘာလဲ...”
သူမ၏ ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသဖြင့် မိန်နျင်က အလွန်နားမလည်နိုင်ဖြစ်သွား၏။
“သခင့်ကို ကျေးဇူးတင်လိုက်။ အဲ့ဒါက သေခြင်းရှင်ခြင်းအဆောင်ပဲ။ မင်း သေသွားရင်တောင် ပြန်လည် ရှင်သန်နိုင်သေးတယ်...”
ဘေးနားရှိ ဝူမင်က မကျေမနပ်ဖြင့် ပြောလိုက်၏။
စိတ်ထဲ၌ မမျှတဘူးဟု ခံစားနေရသည်။
*ဘာဖြစ်လို့လို့ မိန်နျင်က သခင်ပေးသနားတဲ့ သေခြင်းရှင်ခြင်းအဆောင်ကို ရနိုင်သေးတာလဲ။ သူမက သခင်နဲ့ ဘာမှ မပတ်သက်ဘူးလေ။ ဟွန့်... ဘုန်းကြီး ခန့်မှန်းထားတဲ့အတိုင်းပဲ ဒီဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက သခင်နဲ့ တကယ်ပဲ ပတ်သက်မှု ရှိနေတာပဲ။ ဟင်း... ငါလည်း လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာပဲ။ သခင်က ငါ့အပေါ် ဒီလောက်ရက်စက်မှာမဟုတ်ဘူး*
ဝူမင်က ထိုသို့ တွေးလိုက်၏။
ထိုစကားကိုကြားသောအခါ မိန်နျင်နှင့် ပိုင်ယွဲ့တို့က အံ့အားသင့်သွားကြသည်။
ချမ်ချန်ကန်းကို အလျင်အမြန် ကျေးဇူးတင်လိုက်ကြ၏။
ချမ်ချန်ကန်းက လက်ဝှေ့ယမ်းလိုက်သည်။
“တာအိုစည်းချက်ပစ္စည်းတွေကို မင်းတို့ဆီ လွှဲပေးပြီးပြီ။ အခု အင်မော်တယ်နယ်မြေကို သွားသင့်ပြီ...”
“မိန်နျင်... အင်မော်တယ် ကျောက်တုံးတွေကို အမြန်ဆုံးပြန်ယူလာဖို့သတိရပါ...”
“ဝူမင်... ပေါင်အာကို ကာကွယ်ပါ...”
“သခင်... စိတ်ချပါ... ဒီလက်အောက်ငယ်သား သေသွားရင်တောင် သခင်မလေးက်ု သေချာပေါက် မသေစေရပါဘူး...”
လင်းပေါင်အာ၏ မျက်လုံးများက ပြတ်သားနေသော်လည်း မလွှဲမရှောင်သာ မခွဲနိုင်ဖြစ်နေ၏။
ဆရာဖြစ်သူနှင့် ခွဲခွာပြီးနောက် အရာအားလုံးက သူမကိုယ်တိုင်အပေါ် မူတည်နေပြီဖြစ်သည်။
အင်မော်တယ်နယ်မြေသို့ သွားသောအခါ သူမက ဓားအင်မော်တယ်၏ အမွေအနှစ်ကို သေချာပေါက်ရယူရမည်ဖြစ်ပြီး ဆရာ့ကို သေချာပေါက် စိတ်မပျက်စေရပေ။
ထို့နောက် ချက်ချင်းပင် မိန်နျင်က အင်မော်တယ်တံခါးပေါက်ကို ဖွင့်လိုက်၏။
သူတို့သုံးဦးသား အင်မော်တယ် တံခါးပေါက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ထွက်ခွာသွားကြသည်။
အင်မော်တယ်တံခါးပေါက် ပိတ်သွား၏။
ချမ်ချန်ကန်းက အင်မော်တယ် တံခါးပေါက် ပိတ်သွားသည့် နေရာကိုကြည့်၍ မေးစေ့ကို ပွတ်သပ်လိုက်သည်။
ညာလက်ကို ဆုပ်ကိုင်လိုက်၏။
နောက်ထပ် အင်မော်တယ်တံခါးပေါက်တစ်ခု ထွက်ပေါ်လာသည်။
“အင်မော်တယ်တံခါးပေါက် ပေါ်လာတာက ဒီလိုပဲလား...”
ချမ်ချန်ကန်းက အင်မော်တယ်တံခါးပေါက်ဖွင့်ရန် ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း စိတ်ထဲတွင် တွေးလိုက်၏။
ချမ်ချန်ကန်းက အင်မော်တယ်တံခါးပေါက်၏ အခြားတစ်ဖက်ကို ကြည့်လိုက်ရာ ထိုနေရာတွင် အင်မော်တယ်မြူခိုးများ ဖုံးလွှမ်းနေပြီး မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်ရပေ။
၎င်းက ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်အတွင်း မရှိတော့ပေ။
“ပြိုင်ဘက်ကင်းနယ်မြေက အင်မော်တယ်နယ်မြေကို လွှမ်းခြုံဖို့ဆိုတာ စောလွန်းပါသေးတယ်။ အခုတော့ ကျူးရှို့တိုက်ကြီးကို လုံးဝလွှမ်းခြုံနိုင်တာက ပိုကောင်းမယ်...”
ချမ်ချန်ကန်းက ခေါင်းခါလိုက်ပြီး အရမ်း မျှော်လင့်ချက် မကြီးမားခဲ့ပေ။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အင်မော်တယ် တံခါးပေါက်ကို ပိတ်လိုက်၏။
ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ကြည့်၍ ပြောလိုက်သည်။
“တပည့်လက်ခံပွဲက မကြာခင် ရောက်တော့မယ်။ ဒီရက်ပိုင်းအတွင်းမှာ မင်းက သက်ရှည်ဘုရားကျောင်းမှာပဲ နေပြီး ကျင့်ကြံသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာက အင်မော်တယ်စွမ်းအင်က အပြင်းထန်ဆုံးပဲ။ အဲဒါက မင်းရဲ့ကျင့်ကြံမှုအတွက် အကူအညီ ဖြစ်လိမ့်မယ်...”
ထိုသို့ ပြောပြီးနောက် ချမ်ချန်ကန်းက ပိုင်ယွဲ့အပေါ် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုလိုက်၏။
ပိုင်ယွဲ့က အင်မော်တယ်နယ်မြေ၏ ပါရမီရှင် တစ်ဦးအနေဖြင့် အလွန်မြင့်မားသော အရည်အချင်းများရှိသည်။
ချမ်ချန်ကန်းက ဤနေရာတွင် ပိုင်ယွဲ့အတွက် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်က အသုံးဝင်မည်လားဆိုသည်ကို အလွန် သိချင်နေ၏။
အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်အောက်တွင် ပိုင်ယွဲ့က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးမြပြီး သက်တောင့်သက်သာရှိသွားသလို ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းပင် ပိုင်ယွဲ့၏ အရှိန်အဝါက မြင့်တက်လာ၏။
ခန္ဓာကိုယ်က အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ အင်မော်တယ်စွမ်းအင်များကို ရူးသွပ်စွာ မျိုချနေကာ ခန္ဓာကိုယ်က ကြည်လင်တောက်ပနေပြီး ခန္ဓာကိုယ် တစ်ခုလုံး စူးရှတောက်ပသော အရောင်အဝါများ စီးဆင်းနေသည့်အလားပင်။
“ဟမ် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်က အင်မော်တယ်နယ်မြေက ပါရမီရှင် တွေအတွက်လည်း အသုံးဝင်လိမ့်မယ်လို့ မထင်ထားဘူး...”
ချမ်ချန်ကန်း အံ့အားသင့်သွား၏။
“ဆရာ... ဘာတွေဖြစ်နေတာလဲ...”
ပိုင်ယွဲ့ ထပ်မံ ထိတ်လန့်သွားပြန်၏။
သူမသည် ယခု သူမ၏ကျင့်ကြံခြင်းက ယခင်ကထက် အရှိန်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေပြီဟု ခံစားလိုက်ရသည်။
“မင်းရဲ့ အရည်အချင်းကို တိုးတက်စေတာပါ။ အာနိသင်က မဆိုးဘူးလို့ ထင်ရတယ်...”
“အရည်အချင်းကို တိုးတက်စေတာလား...”
ပိုင်ယွဲ့က ထိတ်လန့်သွား၏။
ချမ်ချန်ကန်းက အကြောဆန့်လိုက်သည်။
အလုပ်များအားလုံးနီးပါး ပြီးသွားပြီဖြစ်၏။
*အရမ်းပင်ပန်းတယ်။ အိပ်ချင်တယ်။ ငါ့လိုငပျင်းအတွက် ဘာဖြစ်လို့ တပည့်လက်ခံပွဲ လုပ်ရတာလဲ။ ငါက တကယ့်ကို လုပ်စရာမရှိဘူးပဲ*
“ပိုင်ယွဲ့... မင်းရဲ့ အရည်အချင်း တိုးတက်လာတာနဲ့အမျှ မင်းက ကျင့်ကြံခြင်းအဆင့်ကို ပိုမြန်မြန် ထိုးဖောက်နိုင်မှာ သေချာတယ်။ ကောင်းကောင်း ကျင့်ကြံပါ။ ဘယကိစ္စမှမရှိရင် ဆရာ့ကို အနှောင့်အယှက် မပေးနဲ့...”
ပြောပြီးနောက် ချမ်ချန်ကန်းက ဗောဓိပင်အောက်ရှိ သစ်သားကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်၏။
လေပြေလေး တိုက်ခိုက်နေပြီး နေရောင်ခြည်က တောက်ပနေကာ ယခုအချိန်က အိပ်စက်ရန်အတွက် ငါးဆားနယ်အချိန်ဖြစ်သည်။
တပည့်လက်ခံပွဲမတိုင်မီ ငါးဆားနယ်၏ အေးအေးလူလူဘဝကို ခံစားရမည့်အချိန်ပင်ဖြစါ၏။
ချမ်ချန်ကန်းက လက်ကို ဆုပ်နယ်လိုက်ပြီး သူ၏ မျက်နှာက တည်ကြည်လေးနက်နေ၏။
“တိုက်ပွဲဝင်နေသူတွေအတွက်... ရှေ့ကို ချီတက်ပါ…ခေါင်းအုံးလေးကိုဆင့်ခေါ်တယ်...”
“ယာ ယာ ယား”
အမြီးလေးက ချမ်ချန်ကန်း၏ ရင်ဘက်ပေါ်သို့ တက်လာပြီး ချစ်စရာကောင်းစွာ သမ်းဝေလိုက်၏။
ထို့နောက် ချမ်ချန်ကန်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး ပျင်းရိသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
“ခေါင်းအုံးဆင့်ခေါ်မှု အောင်မြင်တယ်။ ဗောဓိ... အမိန့်နာခံပါ...”
“သခင်... ကျေးဇူးပြုပြီး အမိန့်ပေးပါ...”
“အိပ်ချိန်မှာ အရိပ်ရအောင် ဂရုစိုက်ပါ။ ပြီးတော့ တခြားလူတွေ ငါ့အိပ်မက်ကို အနှောင့်အယှက် မပေးပါစေနဲ့...”
“အမိန့်အတိုင်းပါ...”
“ကောင်းပြီ... အိပ်ချိန်စပြီ...”