အခန်း ၂၀၀
Vol. 17 Ch. 200
အခန်း (၂၀၀) ဖာထျန်း အရှက်ရခြင်း
ထို့ပါယဲ့၏ စကားများကို နားထောင်ပြီးနောက် ချမ်ချန်ကန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွား၏။
တားမြစ်နယ်မြေရှိ မြေအောက်နန်းတော်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်အင်အားစု၏ဗုဒ္ဓမှာ သူ့ကို နေရာအနှံ့ လိုက်လံရှာဖွေနေပုံရသည်။
သို့သော် ထို ဗုဒ္ဓအဖွဲ့အစည်းအနေဖြင့် တစ်ခုကိုမူ မည်သို့မျှ တွေးမိလိမ့်မည် မဟုတ်ချေ။
သူတို့ အသည်းအသန် ရှာဖွေနေသည့် သက်ရှည်ဂိုဏ်း၏ ဆက်ခံသူမှာ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားလှသည့် ‘ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ’ ဖြစ်နေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မက်ဖူးမည်မဟုတ်ပေ။
အတိတ်က ကျင့်စဉ်စွမ်းအား လုံးဝမရှိသော ဒုက္ခိတတစ်ယောက်မှာ ယခုအခါ အင်မော်တယ်များကိုပင် ခုတ်ထစ်နိုင်သည့် စွမ်းအားရှင် ဖြစ်နေလိမ့်မည်ဟုလည်း မည်သူကမှ ထင်မှတ်ထားမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ...
ယခုအခါ သူ့ဆရာ ဖုန်းချီယွင်မှာ ဗုဒ္ဓ၏ မြေအောက်နန်းတော်ထဲတွင် အချုပ်ခံထားရသည်။
သူ့လက်အောက်ငယ်သားများ ဖြစ်ကြသော ဟုန်ယီနှင့် ရှဲ့ကျီနယ့်တို့မှာလည်း အသက်ရှင်သလား၊ သေသွားပြီလား မသေချာသေးပေ။
ချမ်ချန်ကန်းအနေဖြင့် ထိုဗုဒ္ဓအဖွဲ့အစည်းကို ရှာဖွေပြီး အကြွေးဟောင်းများ ပြန်ဆပ်ရန် မည်သို့မျှ လက်နှေးနေလိမ့်မည် မဟုတ်ချေ။
“သခင်.. ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ...”
ချမ်ချန်ကန်းက ခဏမျှ စဉ်းစားလိုက်၏။
ယွင်ကျိုးမှာ မိုင်ပေါင်း သောင်းချီဝေးကွာလှသဖြင့် သူကိုယ်တိုင် သွားရောက်ရန်မှာ လောလောဆယ်တွင် တိုက်ရိုက်နည်းလမ်း မရှိသေးပေ။
သို့သော် သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သည်။
သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ထို့ပါယဲ့အား ပေးလိုက်၏။
ဤဆေးလုံးမှာ ထိုအင်မော်တယ်များကို သတ်ဖြတ်စဉ်ကရရှိခဲ့သော နောက်ဆုံးလက်ကျန်ဆေးလုံးပင်ဖြစ်သည်။
“ထို့ပါယဲ့... မင်းမှာ အင်မော်တယ်ခန္ဓာရှိတယ်... ဒီဆေးလုံးကို စုပ်ယူပြီးရင် မင့်ရဲ့ ကျင့်စဉ်အဆင့်က အများကြီး တက်လာလိမ့်မယ်...”
“ကျေးဇူးတင်ပါတယ် သခင်...”
“ဒီရက်ပိုင်းအတွင်းမှာ ဒီဆေးလုံးကိုသုံးပြီး သက်ရှည်ကျောင်းတော်မှာပဲ အဆင့်တက်အောင် အရင်လုပ်ထားလိုက်...”
“အမိန့်အတိုင်းပါ သခင်...”
ထို့ပါယဲ့က ထွက်ခွာသွား၏။
ချမ်ချန်ကန်းက သူ၏မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
ရုတ်တရက် ပေါ်ပေါက်လာသော ဤလျှို့ဝှက်အင်အားစု ဗုဒ္ဓကြောင့် ချမ်ချန်ကန်းမှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရ၏။
တစ်ချိန်တည်းမှာပင် မြေအောက်နန်းတော်ရှိ ပေါင်အာနှင့် အလွန်တူသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးကိုလည်း သူ အတော်လေး စိတ်ဝင်စားမိသည်။
သို့သော် လက်ရှိတွင် ချမ်ချန်ကန်း၏အနား၌ စေလွှတ်ရန် သင့်တော်သည့် လူယုံ မရှိသေးပေ။
ထို့ပါယဲ့မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်သာ ရှိသော်လည်း အင်မော်တယ်ခန္ဓာကြောင့် အလွန်အစွမ်းထက်၏။ ထိုသို့သော သူပင် မြေအောက်နန်းတော်၌ အသက်လုပြေးခဲ့ရသည် မဟုတ်ပါလော။
ထို့ကြောင့် ချမ်ချန်ကန်းအနေဖြင့် သေချာပြင်ဆင်ရန် လိုအပ်သည်။
မိန်နျင်သာ အင်မော်တယ်ဘုံသို့ ပြန်မသွားသေးလျှင် အတော်ကောင်းပေမည်။
မဟုတ်လျှင် သူမကို ထို့ပါယဲ့နှင့်အတူ ယွင်ကျိုးရှိ တားမြစ်နယ်မြေသို့ လွှတ်လိုက်၍ ရပေသည်။
သို့သော် ချမ်ချန်ကန်းတွင် အခြားအစီအစဉ်တစ်ခုရှိသေး၏။
သူသည် မိမိ၏ ပြိုင်ဘက်ကင်းနယ်မြေကို ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။
ယခုအခါ ပြိုင်ဘက်ကင်းနယ်မြေမှာ အလွန်ကျယ်ဝန်းလာပြီဖြစ်သလို ‘ကြက်သွန်မြိတ်ရိတ်သိမ်းပွဲ’ ကြောင့် လူများစွာလည်း ရောက်ရှိနေကြ၏။
ထိုရိတ်သိမ်းပွဲအတွင်း၌ သူသည် တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်နှစ်ဦးကို ရှာဖွေတွေ့ရှိထားသည်။
အနည်းဆုံးတော့ မကြာမီ ကျင်းပတော့မည့် တပည့်လက်ခံပွဲတွင် ပိုင်ယွဲ့အပြင် အင်မော်တယ်ဘုံမှ ပြန်လည်ဝင်စားလာသည့် ပါရမီရှင်နောက်ထပ်နှစ်ဦး ပါဝင်နေသည်ဟု ဆိုလိုခြင်းပင်။
ချမ်ချန်ကန်း၏ အစီအစဉ်မှာ ရိုးရှင်းပါသည်။
ယခုအခါ မိန်နျင်မှာ အင်မော်တယ်ဘုံသို့ ပြန်သွားပြီဖြစ်သည်။
ထို့ကြောင့် သူသည် သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ရောက်နေသော ထိုအင်မော်တယ်အရှင်သခင်နှစ်ဦးကို ထို့ပါယဲ့နှင့်အတူ ရှေးဟောင်းကြေးနီတောင်သို့ လိုက်သွားရန် စေခိုင်းမည်ဖြစ်၏။
ဟုန်ယီ၊ ရှဲ့ကျီနယ့်နှင့် ဆရာဖြစ်သူ ဖုန်းချီယွင်တို့ကို ပြန်ခေါ်လာရန်ပင်ဖြစ်၏။
ထိုအင်မော်တယ်အရှင်သခင် နှစ်ဦးက သဘောတူပါ့မလားဟူသည့် ကိစ္စကိုမူ ချမ်ချန်ကန်း ထည့်မတွေးပေ။
နယ်မြေအရှင်သခင်ဖြစ်သူ ဝူမင်ပင်လျှင် တာအိုစည်းချက်ပစ္စည်းများကို မခုခံနိုင်ခဲ့ချေ။
ဤအင်မော်တယ်အရှင်သခင်နှစ်ဦးက ခုခံနိုင်လိမ့်မည်ဟုလည်း ချမ်ချန်ကန်း မထင်ပေ။
အကယ်၍ သူတို့ကသာ ချမ်ချန်ကန်းကို ငြင်းဆန်ခဲ့လျှင် သူတို့ကို ပိုက်ဆံပေးစရာမလိုဘဲ သေနည်းပေါင်း ကိုးထောင်ကိုးရာ ကိုးဆယ့်ကိုးမျိုးကို လက်တွေ့ကြုံဖူးအောင် လုပ်ပေးရန်လည်း သူ ဝန်လေးမည်မဟုတ်။
ဖုန်းထျန်းမြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော တောင်ပေါင်းတစ်သိန်းတောင်တန်းထဲ၌...
မိုဝန်ထျန်းမှာ အသက်လု၍ ပြေးလွှားနေရ၏။
သူ့နောက်တွင်မူ ဒေါသတကြီးဖြင့် မျက်နှာပျက်ယွင်းနေသော ဖာထျန်းက လိုက်ပါလာသည်။
“ရပ်စမ်း...”
ဖာထျန်းက သူ၏ ရွှေရောင်အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ရှေ့မှ အသည်းအသန် ပြေးနေသော မိုဝန်ထျန်းကို ခုတ်ပိုင်းလိုက်၏။
သို့သော် အမှောင်ထဲမှနေ၍ ရွှေအမြုတေအဆင့် နတ်ဆိုးစပါးအုံးမြွေကြီးတစ်ကောင်မှာ ထိုလမ်းကို ဖြတ်သန်းသွားသည်။
၎င်းက မိုဝန်ထျန်းကို ပစ်မှတ်ထားသည့် ဖာထျန်း၏ ဓားချက်ကို ကြားကနေ အမှတ်မထင်ခံလိုက်ရ၏။
သနားစရာကောင်းသော မြွေကလေးပင်ဖြစ်တော့၏။
“တောက်...”
ဖာထျန်း၏ မျက်နှာမှာ ပို၍ ဆိုးဝါးလာသည်။
“ဝိုး... ဝိုး... ဝိုး... ငါ့နောက်ကို လိုက်မနေပါနဲ့တော့... ငါက အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်ပါ။ ဘာလို့ ငါ့ကိုသတ်ဖို့ ဒီလောက်တောင် အားစိုက်နေရတာလဲ...”
ရှေ့မှ အသက်လုပြေးနေသော မိုဝန်ထျန်းမှာ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ ပြေးနေရင်းနှင့် လျှို့ဝှက်ရတနာနှစ်ခုကို နောက်သို့ လှမ်းပစ်လိုက်သည်။
လျှို့ဝှက်ရတနာများမှာ ပေါက်ကွဲသွားပြီး ဖာထျန်းထံသို့ အရှိန်ပြင်းသော ခွန်အားများဖြင့် လွင့်စင်သွား၏။
၎င်းတို့က ဖာထျန်းကို ဒဏ်ရာမရစေသော်လည်း သူ၏ လိုက်လံမှုကိုမူ နှောင့်နှေးသွားစေသည်။
“အောက်တန်းစား ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို လုပ်ကြံချင်တာလား။ ဒီညတော့ မင်း သေရမယ်...”
ဖာထျန်းမှာ ဒေါသအိုး ပေါက်ကွဲနေပြီ ဖြစ်သည်။
မူလက သူသည် မိုဝန်ထျန်းကို အင်မော်တယ်ဘုံမှ ပြန်လည်ဝင်စားလာသည့် ပါရမီရှင်တစ်ဦးဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တွင်မူ အောက်ဘုံမှ ပုရွက်ဆိတ်ကလေးမျှသာဖြစ်နေပြီး ကျင့်စဉ်စွမ်းအားက နိမ့်ပါးလှသော်လည်း သူ့ကိုယ်ပေါ်တွင်မူ အလွန်အားကောင်းသည့် လျှို့ဝှက်ရတနာများစွာရှိနေ၏။
ဖုန်းထျန်းမြို့၌ သူ့ကို တိုက်ခိုက်ရုံသာမက ပို၍ အရေးကြီးသည်မှာ ဤပုရွက်ဆိတ်ကလေးက သူ့လက်ထဲမှ လွတ်မြောက်သွားခြင်းပင်ဖြစ်၏။
ဖာထျန်းအတွက်မူ ဤသည်မှာ အလွန်ကြီးမားသော အရှက်ရမှုကြီးဖြစ်၏။
အကယ်၍ ဤကောင်ကိုသာ မသတ်နိုင်လျှင် သူသည် အင်မော်တယ်ဘုံ၏ နဝမမြောက်မင်းသားဖြစ်ကြောင်း ဝန်ခံရန် မျက်နှာမရှိတော့ပေ။
ထို့ကြောင့် မိုဝန်ထျန်းကား သေကိုသေရမည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် မိုဝန်ထျန်းမှာ အသည်းအသန် ပြေးလွှားနေဆဲ ဖြစ်သည်။
နောက်မှ လိုက်လာသော ဖာထျန်းကြောင့် မိုဝန်ထျန်းမှာ တစ်လမ်းလုံး ဆဲဆိုနေတော့၏။
ထိုဖာထျန်းကို နှစ်ပေါင်းတစ်ထောင်လောက် သတ်ပစ်ချင်စိတ် ပေါက်နေသည်။
ရှေးစကားရှိသည် မဟုတ်ပါလော။
လူတိုင်းအတွက် လမ်းတစ်လမ်းချန်ထားပါ၊ နောင်တစ်ချိန် ပြန်ဆုံနိုင်သည်ဟူ၍ပင်။
*ဒီလူက ဘာလို့ဒီလောက်တောင် ရက်စက်နေရတာလဲ*
*ငါ့ကို သေချာပေါက်သတ်မှ ဖြစ်မှာလား*
*စောင့်ကြည့်နေလိုက်... နံစော်နေတဲ့ ချီးထုပ်ကြီးရဲ့*
*ထွီ…*
မိုဝန်ထျန်းမှာ အသည်းအသန် ပြေးလွှားရင်း ဖာထျန်းကို တစ်လမ်းလုံး ဆဲဆိုလာခဲ့၏။
မကြာမီ မိုဝန်ထျန်းမှာ ပေပေါင်းသောင်းချီ မြင့်သော ချောက်ကမ်းပါးကြီးတစ်ခု၏ အစွန်းသို့ ရောက်သွားတော့သည်။
“မဟုတ်ဘူးမလား... အားကိုးရာမဲ့နေပါပြီဆိုမှ...”
မိုဝန်ထျန်း၏ နှုတ်ခမ်းများမှာ တုန်ရီသွား၏။
ပြီးခဲ့သည့်အကြိမ်က သူ ကံကောင်း၍ ချောက်ထဲ ခုန်ချခဲ့ရာမှ အင်မော်တယ်တစ်ပိုင်းအမွေအနှစ်ကိုရခဲ့ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ဤမျှမြင့်သော ချောက်ကမ်းပါးကြီးမှ ခုန်ချလျှင် သူ၏ ကံက ထိုမျှကောင်းလိမ့်မည်ဟု မိုဝန်ထျန်း မထင်ပေ။
“ငါ ဘာလုပ်ရမလဲ... ဒီတစ်ခါတော့ တကယ် သေတော့မယ်ထင်တယ်...”
သူ့နောက်ဘက်တွင် အေးစက်စက် သတ်ဖြတ်လိုသော အငွေ့အသက်များက ရောက်ရှိလာပြီဖြစ်သည်။
ဖာထျန်းက ရွှေရောင်အင်မော်တယ်ဓားကို ကိုင်လျက် ခြေတစ်လှမ်းချင်း လှမ်းလာ၏။
“ပုရွက်ဆိတ်ကလေး... အခု မင်း ဘယ်ကို ပြေးဦးမလဲ ကြည့်ကြတာပေါ့...”
မိုဝန်ထျန်းက ဆဲလိုက်၏။
“နာမည်ကျော် အင်မော်တယ်ပါရမီရှင်တစ်ယောက်က အောက်ဘုံက ကျင့်ကြံသူတစ်ယောက်ကို လိုက်သတ်နေတယ်ဆိုတာ မင်း မျက်နှာကို နည်းနည်းတော့ ထောက်ဦးမှပေါ့... ထွီ... မင်းလို လိပ်သေကောင်စုတ်.. မင်း အပြင်ထွက်ရင် မိုးကြိုးပစ်ခံရပါစေ... ကျင့်ကြံရင်လည်း ရူးသွားပါစေ... နောင်တစ်ချိန်မှာလည်း မင်းရဲ့ မျက်လုံးတွေ ကန်းပါစေ... ထွီ... ထွီ... သခင်လေးက ချောက်ထဲခုန်ချပြီး သေရင်သေမယ်... မင်းလက်ထဲမှာတော့ အသေမခံဘူး...”
မိုဝန်ထျန်းမှာ ဆဲဆိုပြီးသည်နှင့် မည်သည့် တွေဝေမှုမျှမရှိဘဲ ချောက်ထဲသို့ ခုန်ချလိုက်တော့သည်။
ထိုအခါ ဖာထျန်းမှာ ဒေါသအိုး ပေါက်ကွဲသွား၏။
မည်သူကမှ သူ့ကို ဤကဲ့သို့ မဆဲဖူးချေ။
ချောက်ထဲခုန်ချပြီး သေချင်တယ် ဟုတ်လား အိပ်မက်မက်နေလိုက်။
ဖာထျန်းက ဒေါသတကြီးဖြင့် ချောက်ထဲသို့ အရှိန်အဟုန်ဖြင့် လိုက်ဆင်းသွားသည်။
သူသည် ချောက်ထဲခုန်ချသွားသော မိုဝန်ထျန်းကို တိုက်ရိုက် လှမ်းဖမ်းလိုက်၏။
သို့သော် ယခုတစ်ကြိမ်တွင် ဖာထျန်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော မိုဝန်ထျန်းမှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ဖြီးဖြီးဖြန်းဖြန်း ရယ်မောပြနေတော့သည်။
“ဟားဟားဟား... မင်းလို လိပ်သေ၊ ပုပ်ပွနေတဲ့အကောင်စုတ်... ဒီသခင်လေးကို ဖမ်းချင်ရင် နောက်ထပ် နှစ်ပေါင်းတစ်ထောင်လောက် သွားကျင့်ဦး...”
ထို့နောက် မိုဝန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခု ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့၏။
ဖာထျန်းမှာ ညည်းညူလိုက်ရသည်။ ဤတစ်ကြိမ်တွင် ရှောင်တိမ်းရန် ခက်ခဲသွားပြီး ထိုပေါက်ကွဲမှုဒဏ်ကို အပြည့်အဝ ခံလိုက်ရ၏။
“အဲ့ဒါက ရုပ်သေးလား... တောက်...”
ဖာထျန်း၏ ကိုယ်ပေါ်တွင် သွေးစများ စီးကျနေပြီး သူ၏ တည်ကြည်သော မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေတော့သည်။
ရွှယ်ဝူအင်မော်တယ်နယ်မြေ၏ ဂုဏ်သရေရှိ နဝမမြောက်မင်းသားမှာ အောက်ဘုံမှ ပုရွက်ဆိတ်ကလေး၏ လှည့်စားခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလော။