← Chapters

အခန်း ၂၀၁

Vol. 17 Ch. 201

အခန်း ၂၀၁

Vol. 17 Ch. 201

အခန်း (၂၀၁) အသက်တားမြစ်နယ်မြေ၊ အင်မော်တယ် ယောင်ချီရေကန်

ဖုန်းထျန်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် မိုဝန်ထျန်းက ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော သစ်သီးဖျော်ရည်ကို သောက်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ထိုဖျော်ရည်မှ သူ၏ သွေးသားထဲသို့ အသန့်စင်ဆုံးသော ခွန်အားအဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်၏။

မိုဝန်ထျန်းမှာ စိတ်လက်ပေါ့ပါးသွားသည်။

“ဤဖျော်ရည်တစ်ခွက်က ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ တန်တယ်။ ကျင့်ကြံခြင်း စိတ်ဝိညာဉ်ဆေးလုံးတစ်လုံးနဲ့ အပြည့်အဝ နှိုင်းယှဉ်လို့ရတယ်။ ဒီဖျော်ရည်ကို သောက်ပြီးရင် ချီသန့်စင်ခြင်း ဒုတိယအဆင့်ကို ဖောက်ထွက်နိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုမဟုတ်တော့ဘူး...”

“ပြန်သွားရင်တော့ ညီမ‌ရူဟွာအတွက် နည်းနည်း ယူသွားပေးရမယ်။ ဒါမှ သူမလည်း ဒီတန်ဖိုးရှိတဲ့ ဝိညာဉ်စွမ်းအင်ဖျော်ရည်ကို သောက်ရမှာပေါ့...”

ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ အသက် ၁၆ နှစ်တိုင်အောင် ဟွာလုံမြို့မှ သူ တစ်ခါမျှ မထွက်ခွာဖူးခဲ့ချေ။

ယခုတစ်ကြိမ်တွင်မူ သူသည် ဟွာလုံမြို့မှ ထွက်ခွာ၍ တပည့်ခံရန် ဖုန်းထျန်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်၏။

အမှန်တကယ်ပင် ယောက်ျားကောင်းတစ်ယောက်မှာ တစ်သက်လုံး တစ်နေရာတည်းတွင် နေထိုင်၍ မရနိုင်ပေ။

ရုတ်တရက် မိုဝန်ထျန်းမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ဝိညာဉ်စွမ်းအင်ဖျော်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ လေချဉ်တစ်ချက်တက်၍ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်၏။

“ကျစ်... လျှို့ဝှက်ရတနာ ရုပ်သေးရုပ် ပေါက်ကွဲသွားတာတောင် အဲဒီကောင်ကို မသတ်နိုင်ခဲ့ဘူး...”

“အင်မော်တယ်ဘုံက ပါရမီရှင်တွေက နတ်ဆိုးတွေများလား...”

ကံကောင်း၍ ယခုတစ်ကြိမ်တွင် မိုဝန်ထျန်းက ဉာဏ်နီဉာဏ်နက်သုံးကာ ဖာထျန်းကို ရန်စပြီး လှည့်စားရန် လျှို့ဝှက်ရတနာ ရုပ်သေးရုပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူကိုယ်တိုင်သာ သွားခဲ့လျှင် ဤတစ်ကြိမ်တွင် သေချာပေါက် ဇာတ်သိမ်းသွားပေလိမ့်မည်။

သို့သော် ယခုအခါ မိုဝန်ထျန်း၏ လှည့်စားမှုကို ခံလိုက်ရသော ဖာထျန်းမှာ မိုဝန်ထျန်းအား အပြည့်အဝ အငြိုးထားသွားပြီ ဖြစ်၏။

မိုဝန်ထျန်းမှာ အတော်လေး ခေါင်းခဲသွားပြီး သူ၏ ဆံပင်များကို ကုတ်ဖဲ့ကာ ရေရွတ်လိုက်သည်။

“အင်မော်တယ်ဘုံက ပါရမီရှင်တွေက အရမ်း သန်မာလွန်းတယ်။ ပစ်မှတ်ထားလို့ ရမယ့်ပုံ မပေါ်ဘူး။ အဲ့ဒါကို ဘယ်လို ဖြေရှင်းရမလဲ။ မဟုတ်ရင်လည်း ဤတပည့်လက်ခံပွဲကို မေ့လိုက်တာပဲ ကောင်ပါမယ်။ အင်မော်တယ်တစ်ပိုင်း ချန်ထားခဲ့တဲ့ ရတနာတွေ၊ စည်းစိမ်တွေနဲ့ဆိုရင် ဟွာလုံမြို့ကို ပြန်သွားပြီး ညီမရူဟွာကိုခေါ်ပြီး အခြေချဖို့ မြို့တစ်မြို့ကိုရှာလိုက်ရင်ရပြီ။ ပြီးရင် ကလေးလေးတွေ အများကြီးမွေးပြီး ဘဝကို လိုသလို ဇိမ်ကျကျ ဖြတ်သန်းလို့ ရနေပြီပဲ...”

သို့သော် မကြာမီပင် မိုဝန်ထျန်းက ထိုအတွေးကို ပယ်ဖျက်လိုက်၏။

ဤကာလအတွင်း ပြင်ပလောက၏ အန္တရာယ်များကို သူ အသေအချာ မြင်တွေ့ခဲ့ရသည်။

နတ်ဆိုးများ သောင်းကျန်းပြီး တစ္ဆေများ ကြီးစိုးနေကာ အချိန်တိုင်းလိုလို မိစ္ဆာများက မြို့တိုင်းကို သတ်ဖြတ်ရှင်းလင်းနေကြ၏။

အထူးသဖြင့် ယခုအခါ သူက ဖာထျန်းကို ရန်စထားမိပြီဖြစ်ရာ အကယ်၍ တပည့်လက်ခံပွဲတွင် ဖာထျန်းသာ ထင်ပေါ်ကျော်ကြားသွားပြီး ကျူးရှိူ့ဒယ်စောက်ကိုရရှိကာ ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်သွားလျှင် ပြဿနာကြီးပေမည်။

ထိုအချိန်ရောက်လျှင် သူ၏ ချစ်လှစွာသော ညီမရူဟွာနှင့်အတူ မည်သည့်နေရာတွင်မှ ပုန်းအောင်း၍ ရတော့မည်မဟုတ်ဟု သူ စိုးရိမ်မိသည်။

တစ်ညတွင် သူ ညီမရူဟွာနှင့်အတူ အိပ်ပျော်နေစဉ် သူ့ခေါင်းပင် ပြတ်ကျသွားနိုင်သည် မဟုတ်ပါလော။

ထိုအကြောင်းကို တွေးမိသောအခါ မိုဝန်ထျန်းမှာ ဦးရေပြားများပင် ထုံကျင်သွားတော့၏။

သူသည် အင်မော်တယ်တစ်ပိုင်းထံမှ ရရှိခဲ့သော ရှေးဟောင်းလက်စွပ်လေးကို ပွတ်သပ်လိုက်ပြီး သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

“မဖြစ်ဘူး... မဖြစ်ဘူး... ငါ ပြန်သွားလို့ မဖြစ်ဘူး... ကိုယ်ပေါ်မှာ ရှိနေတဲ့ လျှို့ဝှက်ရတနာ အများကြီးကို အခွင့်ကောင်းယူပြီး အဲဒီပြိုင်ဘက်ကင်း ဆရာသခင်ရဲ့ တပည့်ဖြစ်အောင် ငါ ကြိုးစားရမယ်...”

ထိုပြိုင်ဘက်ကင်း ဆရာသခင်မှာ ဤလောကတွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။

သူ့တပည့်ဖြစ်သွားသရွေ့ သူ၏ အကာအကွယ်ကို အောင်မြင်စွာ ရရှိမည် ဖြစ်၏။

ထိုအခါ မည်သူက သူ့ကို လာရောက် ရန်စပြီး ပြဿနာရှာရဲတော့မည်နည်း။

သူသည် ခရီးဆောင်အိတ်များကို သိမ်းဆည်းလိုက်ပြီး တည်းခိုခန်းတွင် ဆက်မနေတော့ဘဲ ညတွင်းချင်း မြို့မှထွက်ခွာကာ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲသို့ ဝင်ရောက်သွားတော့သည်။

တပည့်လက်ခံပွဲအတွက် ရက်အနည်းငယ် လိုနေသေးသည်။

မစတင်မီ သူ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ ပြိုင်ဘက်ကင်းဆရာသခင် ကျင့်ကြံသည့် နေရာက ကျင့်ကြံခြင်းအတွက် မြင့်မြတ်သော နေရာတစ်ခုဖြစ်ကြောင်း သူ ကြားထားသည်။

အကယ်၍ ထိုနေရာတွင်သာ ကျင့်ကြံခွင့်ရလျှင် သူ၏ ကျင့်စဉ်တိုးတက်မှုက မိုင်တစ်ထောင်ခရီးကို ချက်ချင်းရောက်သကဲ့သို့ အလွန်မြန်ဆန်ပေလိမ့်မည်။

သူ၏ ထူးချွန်သော ပါရမီများဖြင့်ဆိုလျှင် ချီသန့်စင်ခြင်း ဒုတိယအဆင့်သို့ ဖောက်ထွက်ရန်မှာ ပြဿနာမဟုတ်တော့ချေ။

မိုဝန်ထျန်းအတွက် တစ်ခုတည်းသော စိုးရိမ်စရာမှာ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် အင်မော်တယ်ဘုံမှ ထိုကြမ်းတမ်းပြီး အစွမ်းထက်သော ပါရမီရှင်နှင့် သွားမဆုံရန်သာ ဖြစ်တော့သည်။

အင်မော်တယ်ယောင်ချီရေကန်မှာ တစ္ဆေပြည်နယ်ရှိ တားမြစ်နယ်မြေတစ်ခုအတွင်း တည်ရှိသည်။

ဤနေရာသည် ကျင့်ကြံသူများ အလွယ်တကူ ခြေမချရဲသည့် တားမြစ်နယ်မြေဖြစ်၏။

ကောင်းကင်ယံမှာ မည်းမှောင်အုံ့ဆိုင်းနေပြီး အင်မော်တယ်ယောင်ချီရေကန် တစ်ခုလုံးမှာ သေမတတ် တိတ်ဆိတ်နေသည်။

ယောင်ချီရေကန်ကြီးမှာ အဆုံးအစမရှိ ကျယ်ပြောလှပြီး ရေပြင်မှာလည်း အမှောင်အတိ ကျနေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ထူးဆန်းသော သစ်ပင်အိုကြီးများနှင့် တောင်တန်းများရှိပြီး ပြောင်တလင်းခါနေကာ ဤနေရာတွင် အနက်ရောင်သာ ရှိသည်။

အနက်ရောင်မှလွဲ၍ အခြား မည်သည့်အရောင်မျှမရှိချေ။

ဤနေရာမှာ စိတ်ပျက်ဖွယ်ကောင်းပြီး သေလုမတတ် တိတ်ဆိတ်နေကာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် မှုန်မှိုင်းပြီး သေခြင်းအငွေ့အသက်များနှင့် တူနေ၏။

အဝေးက ကောင်းကင်ယံတွင် နဂါးနက်က အားမြောင်ကို တင်ဆောင်၍ လာနေသည်။

အဆုံးအစမဲ့သော ယောင်ချီရေကန်ကြီးအထက်တွင် နဂါးနက်က တည်ကြည်သော အမူအရာဖြင့် အားမြောင်ကို ပြောလိုက်၏။

“အားမြောင်... အင်မော်တယ်ယောင်ချီရေကန်ကို ရောက်ပြီ...”

“ဒီနေရာက တားမြစ်နယ်မြေဆိုတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်တယ်။ အခု ငါ့က အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့် ရှိနေတာတောင် ဒီနေရာကနေ အန္တရာယ်များပြီး မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားနေရတုန်းပဲ...”

“အင်း...”

အားမြောင်က နဂါးနက်၏ စကားကို သဘောတူလိုက်ပြီး သူမ၏ အမူအရာကလည်း တူညီစွာပင် တည်ကြည်နေ၏။

သူမသည် ဤအင်မော်တယ်ယောင်ချီရေကန်ကို ကြည့်လိုက်ပြီး လေထဲတွင် သူမ၏ ရွှေရောင် ဆံပင်တိုလေးများ လွင့်ဝဲနေသည်။

သူမ၏ မျက်ဝန်းများက လှပပြီး တောက်ပနေသော ရွှေရောင် ကျောက်မျက်ရတနာနှစ်လုံးကဲ့သို့ပင်ဖြစ်နေ၏။

နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤအင်မော်တယ်ယောင်ချီရေကန်မှာ သူမ၏ မှတ်ဉာဏ်ထဲကအတိုင်း ဘာမှ ကွာခြားမနေချေ။

မကြာမီမှာပင် မြေအောက်နန်းတော် ရှိခဲ့ဖူးသည့်နေရာကို သူမ ရှာတွေ့သွားသည်။

အားမြောင်က တစ်နေရာသို့ လက်ညှိုးထိုးပြကာ နဂါးနက်ကို ပြောလိုက်၏။

“ဟိုက ကျောက်ဆောင်တောင်ထွတ်ကို မြင်လား။ မြေအောက်နန်းတော်က အဲဒီအနားမှာရှိရမယ်... နဂါးနက်... အဲဒီကို သွားကြမယ်...”

“ကောင်းပြီ...”

နဂါးနက်၏ ခန္ဓာကိုယ်က လေထဲတွင် လူးလွန့်သွားပြီး အရှိန်တင်ကာ ထိုကျောက်ဆောင်တောင်ထွတ်ဆီသို့ ဦးတည်သွားတော့သည်။

မကြာမီ သူတို့က ကျောက်ဆောင်တောင်ထွတ်သို့ ရောက်ရှိသွားကြ၏။

ထိုတောင်ထွတ်မှာ ပေတစ်ထောင်ခန့် မြင့်မားပြီး ယောင်ချီရေကန်၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ထိုနေရာမှာ မှောင်မိုက်ကာ ပြောင်တလင်းခါနေပြီး သေမတတ် တိတ်ဆိတ်နေ၏။

အားမြောင်က နဂါးနက်ပေါ်မှ ခုန်ဆင်းလိုက်သည်။

“ဒီနေရာပဲ...”

နဂါးနက်က လူသားခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလိုက်ပြီး မည်သည့်ပေါ့ဆမှုမျှ မရှိရဲဘဲ အချိန်မရွေး ပေါ်လာနိုင်သည့် အန္တရာယ်များကို သတိဝီရိယဖြင့် စောင့်ကြည့်နေ၏။

ထိုအခိုက်အတန့်၌ပင် အုံ့ဆိုင်းသော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အနက်ရောင်မြူခိုးများ ဖြစ်ပေါ်လာကာ မြေကြီးထဲမှ အရိုးစုများ တွားသွား၍ ထွက်ပေါ်လာကြသည်။

ဤအရိုးစုများမှာ တစ်ချိန်က အင်မော်တယ်ယောင်ချီရေကန်တွင် သေဆုံးခဲ့ရသော ကျင့်ကြံသူများနှင့် နတ်ဆိုးများ၏ အကြွင်းအကျန်များဖြစ်သည်။

အင်မော်တယ်ယောင်ချီရေကန်၏ သက်ရောက်မှုကြောင့် သူတို့ သေဆုံးပြီးနောက်တွင် ခန္ဓာကိုယ်များမှာ ပုပ်သိုးဆွေးမြည့်ခြင်းမရှိဘဲ အင်မော်တယ်ယောင်ချီရေကန်ကို စောင့်ကြပ်နေခဲ့ကြခြင်းဖြစ်၏။

ထိုအရိုးစုများက ဟိန်းဟောက် အော်ဟစ်ကာ နဂါးနက်နှင့် အားမြောင်တို့ကို ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

သို့သော် ဤအရိုးစုများ၏ ခွန်အားမှာ မသန်မာလှပေ။

နဂါးနက်နှင့် အားမြောင်တို့က ကောင်းစွာ ဖြေရှင်းနိုင်ကြ၏။

အတန်ကြာပြီးနောက် ထိုကျောက်ဆောင်တောင်ထွတ်ရှိ အရိုးစုများအားလုံးကို နဂါးနက်နှင့် အားမြောင်တို့က သတ်ဖြတ် ရှင်းလင်းလိုက်ကြသည်။

ထိုအရိုးစုများအားလုံးကို သတ်ဖြတ်ပြီးနောက် အစွမ်းထက်သော အရိုးစုအချို့၏ ခန္ဓာကိုယ်များမှ အနက်ရောင် စိန်ပုံသဏ္ဌာန် အမြုတေတစ်ခုစီကျလာ၏။

ဤသည်က သေခြင်းချီ ပုံဆောင်ခဲအမြုတေပင်ဖြစ်သည်။

အကယ်၍ မြေအောက်နန်းတော်သို့ သွားလိုလျှင် ဤသေခြင်းချီ ပုံဆောင်ခဲအမြုတေကို မဖြစ်မနေ အသုံးပြုရမည် ဖြစ်၏။

သိထားရမည်မှာ ဤအင်မော်တယ်ယောင်ချီရေကန်တွင် အန္တရာယ်အများဆုံးမှာ မြေပြင် မဟုတ်ဘဲ ယောင်ချီရေကန်ကိုယ်တိုင်ပင်ဖြစ်သည်။

ဤသေခြင်းချီပုံဆောင်ခဲအမြုတေက သူတို့၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်စွမ်းအားများကို ယာယီ ဖုံးကွယ်ပေးနိုင်ပြီး သေခြင်းစွမ်းအင်များကို ယာယီ ပိုင်ဆိုင်လာစေနိုင်သည်။

ထို့ကြောင့် ယောင်ချီရေကန်ထဲရှိ နတ်ဆိုးများ၏ရန်မှ ရှောင်လွှဲနိုင်မည် ဖြစ်၏။

နဂါးနက်နှင့် အားမြောင်တို့က သေခြင်းချီ ပုံဆောင်ခဲအမြုတေ တစ်ခုစီကို မျိုချလိုက်ကြသည်။

ထင်ထားသည့်အတိုင်းပင် ခန္ဓာကိုယ်ထဲရှိ သက်စောင့်စွမ်းအားများမှာ ဖုံးကွယ်သွား၏။

ထိုအစား ပြင်းထန်သော သေခြင်းတရား အငွေ့အသက်များက သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။

အားမြောင်က ပြုံး၍ ပြောလိုက်သည်။

“ဒီသေခြင်းချီ ပုံဆောင်ခဲအမြုတေတွေကနေ ထွက်လာတဲ့ သေခြင်းစွမ်းအင်တွေက မြေအောက်နန်းတော်ကို ရောက်ဖို့အတွက် လုံလောက်သင့်တယ်။ သွားကြစို့...”

စကားဆုံးသည်နှင့် သူမက ခုန်ပျံ၍ ယောင်ချီရေကန်ထဲသို့ ခုန်ချလိုက်၏။

နဂါးနက်ကလည်း သူမ၏ နောက်မှ အနီးကပ် လိုက်ပါသွားသည်။

ရေအောက်ရှိ ယောင်ချီမှာ အခြားမြင်ကွင်းတစ်ခုဖြစ်ပြီး လူများကို ငရဲပြည်သို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။

အနက်ရောင်ရေပြင်မှာ သေခြင်းတရားနှင့် ပြည့်နှက်နေပြီး ရေထဲတွင်ကား တန်ဖိုးကြီးပြီး ရှားပါးသော နတ်ဆေးပင်အမျိုးမျိုး ပေါက်ရောက်နေ၏။

ပို၍ အရေးကြီးသည်မှာ ဤနေရာရှိ ဝိညာဉ်စွမ်းအင်များက အလွန် သိပ်သည်းကြွယ်ဝနေပြီး ရေထဲတွင် နဂါးကြင်းငါးများ ကူးခတ်နေကာ စိတ်ဝိညာဉ်ကြာပန်းများလည်း ပွင့်လန်းနေကြသည်။

အဆုံးအစမဲ့သော သေခြင်းတရားများကြားတွင် အဆုံးမဲ့ သက်စောင့်စွမ်းအားများလည်း ရှိနေပေသည်။

ထို့အပြင် ဤရေအောက်တွင် နေရာအနှံ့၌ ပေါလောပေါ်နေသော အလောင်းများရှိနေ၏။

အမှောင်ထုထဲတွင် ထိုအလောင်းများ၏ ဆံပင်များမှာ ရေမှော်ပင်များကဲ့သို့ ဖြစ်နေပြီး ဖြူရော်နေသော မျက်နှာများနှင့် ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

သေဆုံးပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း အင်မော်တယ်ယောင်ချီရေကန်ထဲတွင် ပေါလောပေါ်နေသော ဤအလောင်းများမှာ ပုပ်သိုးဆွေးမြည့်သွားခြင်းမရှိဘဲ သူတို့၏ မူလရုပ်သွင်ကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ကြ၏။

ထို့ကြောင့်ပင် ဤတားမြစ်နယ်မြေကို အင်မော်တယ်ယောင်ချီရေကန်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ရှေးဟောင်းဒဏ္ဍာရီများထဲတွင် ဤနေရာ၌ အင်မော်တယ်ဖြစ်လာမည့် လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်ရုံသာမက အင်မော်တယ်ယောင်ချီ၏ လက်ဆောင်ကိုပင် ရရှိနိုင်ပြီး သေမျိုးမဖြစ်သော ဘဝကို ရရှိနိုင်သည်ဟုပင် ဆိုကြသည်။

ထို့ကြောင့် မရေမတွက်နိုင်သော နှစ်များတစ်လျှောက် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာက အင်မော်တယ်ဖြစ်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်နှင့် သေမျိုးမဖြစ်သော ဘဝကို ရရှိရန်အတွက် ဤတားမြစ်နယ်မြေသို့ လာရောက်ခဲ့ကြ၏။

သို့သော် ယခုအချိန်အထိ ဤအင်မော်တယ်ယောင်ချီရေကန်ထဲတွင် အင်မော်တယ်ဖြစ်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွားသူ သို့မဟုတ် သေမျိုးမဖြစ်သော ဘဝကို ရရှိသွားသူရှိသည်ဟု မည်သူကမျှ မကြားဖူးကြချေ။

ဆန့်ကျင်ဘက်အနေဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ၏ အသက်များမှာ ဤအင်မော်တယ်ယောင်ချီရေကန်ထဲတွင် မြှုပ်နှံခံခဲ့ရသည်။

သက်တမ်းကုန်ဆုံးသွားသော ကျင့်ကြံသူအချို့ပင်လျှင် တစ်နေ့တွင် ပြန်လည်ရှင်သန်လာရန် မျှော်လင့်ချက်ဖြင့် သေဆုံးပြီးနောက် ဤအင်မော်တယ်ယောင်ချီရေကန်ထဲတွင် အမြှုပ်နှံခံခဲ့ကြ၏။

ထို့ကြောင့်ပင် ယောင်ချီရေကန်တစ်ခုလုံးတွင် ရေပေါ်ပေါ်နေသော အလောင်းများစွာရှိနေပြီး ကြည့်လိုက်ရုံဖြင့်ပင် လူများကို ဦးရေပြား ထုံကျင်သွားစေသည်။

ဤသည်က တားမြစ်နယ်မြေ အင်မော်တယ်ယောင်ချီရေကန်ပင် ဖြစ်တော့သည်။

All Chapters