← Chapters

အခန်း ၂၀၄

Vol. 17 Ch. 204

အခန်း ၂၀၄

Vol. 17 Ch. 204

အခန်း (၂၀၄) အလွယ်တကူ သုတ်သင်ခံရပြီး ရုပ်သေးရုပ် ဖြစ်သွားခြင်း

အဘွားအိုက ချင်ဟွမ်ရွှေကို အေးစက်စက် ကြည့်လိုက်သော်လည်း သူမ ပြသနေသော အပြုံးမှာ အလွန် ဟန်ဆောင်ကောင်းပြီး ကြင်နာတတ်သည့်ဟန် ရှိနေ၏။

“မိန်းကလေး... မင်းက အဘွားရဲ့ ပြိုင်ဘက် မဟုတ်ဘူး... မင်း ကာကွယ်ပေးထားတဲ့ ပါရမီရှင် ဘယ်မှာပုန်းနေလဲဆိုတာ အဘွားကို ပြောပြတာ ကောင်းမယ်... မဟုတ်ရင် အဘွား ရိုင်းတယ်လို့ မဆိုနဲ့နော်...”

အဘွားအိုထံမှ ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်များထဲတွင် ဤအဘွားအို၏ ခွန်အားမှာ ထိပ်တန်းအဆင့်ဟု သေချာပေါက် ဆိုနိုင်သည်။

ထို့ကြောင့်ပင် သူမက ချင်ဟွမ်ရွှေအပေါ် ဤမျှ ယုံကြည်မှုရှိနေခြင်းဖြစ်၏။

ချင်ဟွမ်ရွှေက သူမကို ပြန်မဖြေချေ။

သူမ၏ မျက်စိရှေ့တွင် သူမ့မောင်လေးကို သတ်ဖြတ်တော့မည့် တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်နေသောကြောင့်ပင်ဖြစ်၏။

သူမက စည်းမျဉ်းများကို ချိုးဖောက်၍ အင်မော်တယ်ဘုံမှ ပါရမီရှင်ကို သတ်ဖြတ်ချင်နေမှတော့ ချင်ဟွမ်ရွှေကလည်း သူမကို အရင်သတ်ပစ်ရန် ဝန်လေးမည် မဟုတ်ပေ။

ချင်ဟွမ်ရွှေထံမှ ပေါက်ကွဲထွက်လာသော အင်မော်တယ်စွမ်းအားက အဘွားအိုထံမှ ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအားထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေး၏။

၎င်းက တောင်ကျရေတံခွန်နှင့် ဧရာမ လှိုင်းတံပိုးကြီးများကဲ့သို့ ဖြစ်နေပြီး နဂါးငွေ့တန်း ဂလက်ဆီကြီး ပြိုကျလာသကဲ့သို့ အသည်းထိတ်ဖွယ် ကောင်းလှသည်။

သူမ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအားများက ရေခဲဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး အဘွားအိုထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်၏။

သတ်ဖြတ်လိုသော အငွေ့အသက်ကြောင့် အဘွားအိုမှာ တစ်ကိုယ်လုံး အေးစက်သွားပြီး သေမည့်အန္တရာယ်ကို ခံစားလိုက်ရသည်။

သူမက ဘာမျှပင် မစဉ်းစားနိုင်တော့ဘဲ လက်ထဲရှိ ချိုင်းထောက်ကို ဝှေ့ယမ်းလိုက်ရာ မြွေမျက်နှာပြင်ပုံသဏ္ဌာန် ဒိုင်းလွှားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မျက်နှာရှေ့တွင် ကာကွယ်လိုက်၏။

ဝုန်း...

ရေခဲဓား၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှပြီး မြွေမျက်နှာပြင်ပုံသဏ္ဌာန် ဒိုင်းလွှားကို တိုက်ရိုက် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

အဘွားအိုမှာ ထိတ်လန့်သွားတော့၏။

ဤမိန်းကလေးက ဤမျှ သန်မာလှသည်လား။

အဘွားအိုက ကမန်းကတန်း ရှောင်တိမ်းလိုက်သည်။

သို့သော် ရေခဲဓားက ချိုင်းထောက်ကိုင်ထားသော သူမ၏ လက်မောင်းကို ရက်စက်စွာ ခုတ်ဖြတ်သွား၏။

အဘွားအို၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွား၏။

သူမနှင့် ချင်ဟွမ်ရွှေတို့ နှစ်ယောက်စလုံးက တာအိုအစောင့်အရှောက်များ ဖြစ်ကြပြီး သူမကိုယ်တိုင်ကလည်း အလွန်သန်မာနေပြီ ဖြစ်သည်။

သို့သော် ချင်ဟွမ်ရွှေ၏ ခွန်အားက သူမထက် ပို၍ သန်မာနေသည်ဟု အဘယ်ကြောင့် ခံစားနေရသနည်း။

မျက်နှာချင်းဆိုင် တွေ့ဆုံမှုတစ်ချက်တည်းဖြင့်ပင် သူမကို ဒဏ်ရာရစေခဲ့သည် မဟုတ်ပါလော။

အဘွားအိုမှာ ဒေါသအိုး ပေါက်ကွဲသွားပြီး ပြတ်ကျသွားသော လက်မောင်းကို ကောက်ယူကာ ပြတ်တောက်သွားသော နေရာတွင်ပြန်တပ်လိုက်၏။

မကြာမီမှာပင် ပြတ်သွားသော လက်မောင်းက မူလအတိုင်း ပြန်လည် ကောင်းမွန်သွားတော့သည်။

“ဒီနေ့ နင့်ကို ဒီအဘွားကြီးက သတ်ပစ်မယ်...”

ဤအဘွားအိုမှာ အိုမင်းနေပုံရသော်လည်း တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် သူမ၏ လှုပ်ရှားမှုများက မိုးကြိုးကဲ့သို့ လျင်မြန်ပြီး ရက်စက်လှ၏။

သူမက စတင် တိုက်ခိုက်လိုက်သည်။

တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်ပီပီ သူမ၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။

သူမက ဟင်းလင်းပြင်ကို တစ်လှမ်းချင်း နင်းလျှောက်လာပြီး ခြေတစ်လှမ်း ချလိုက်တိုင်း ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွား၏။

သူမ့ပုံစံက ယိုင်နဲ့နဲ့ ဖြစ်နေသော်လည်း။

သူမ၏ ခွန်အားမှာ အံ့မခန်းဖြစ်ပြီး ချင်ဟွမ်ရွှေကို ခြေတစ်ဖက်တည်းဖြင့် တိုက်ရိုက်နင်းချလိုက်သည်။

ချင်ဟွမ်ရွှေက ရှောင်တိမ်းလိုက်၏။

ထိုခြေထောက်က မြေပြင်ပေါ်သို့ ချက်ချင်း နင်းမိသွားသည်။

ဘုန်းခနဲ ကျယ်လောင်သော အသံကြီးနှင့်အတူ မြေကြီးများ တုန်ခါပြီး တောင်တန်းများ လှုပ်ခါသွား၏။ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းကြီးများက အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားပြီး ဧရာမ ခြေရာကြီးတစ်ခု ကျန်ရစ်ခဲ့တော့သည်။

“မိန်းကလေး... ထွက်ပြေးဖို့ မကြိုးစားနဲ့...”

အဘွားအိုက အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ထဲရှိ တောင်ဝှေးကို ဝှေ့ယမ်းကာ တည့်တည့် ရိုက်ချလိုက်၏။

ထိုတောင်ဝှေးက ပေတစ်ထောင်ခန့် ကြီးမားသော စပါးအုံးမြွေကြီး တစ်ကောင်ကဲ့သို့ သွေးစွန်းနေသော ပါးစပ်ကြီးကိုဟကာ ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ချင်ဟွမ်ရွှေကို ကိုက်မျိုရန် ပြေးဝင်လာသည်။

ချင်ဟွမ်ရွှေက အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ထိုနေရာတွင်ပင်ရပ်နေ၏။

သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လက်ခနဲ လင်းလက်သွားပြီး ခန္ဓာကိုယ်ထဲရှိ ခွန်အားများက ပေါက်ကွဲထွက်လာကာ ပို၍ အားကောင်းလာပြီး အဘွားအိုကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

ထိုအခိုက်၌...

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်ခြည်း ကျဆင်းလာ၏။

ထိုဖိအားက အဘွားအိုပေါ်သို့ ကျရောက်လာသည်။

တောင်တန်းပေါင်း သန်းချီ၍ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများမှာ ဆူပွက်လာတော့၏။

ထိုချက်ချင်းမှာပင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးက စပါးအုံးမြွေကြီး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

သူက ဧရာမစပါးအုံးမြွေကြီးကို လက်ဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်ပြီး ထိုမြွေကြီးကို လွင့်ထွက်သွားစေသည်ကို တွေ့လိုက်ရ၏။

ဘုန်း...

ဧရာမစပါးအုံးမြွေကြီးက ဘေးနားရှိ တောင်ပေါ်သို့ ဝင်ဆောင့်သွားပြီး ရှေးဟောင်း သစ်ပင်တန်းများပြိုလဲကျကာ မီးခိုးငွေ့များ ထောင်းလမောင်း ထသွားသည်။

အဘွားအိုက ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။

“သေချင်နေတာပဲ...”

အင်မော်တယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ရွှီး...

မီတာတစ်ထောင်ခန့် ကြီးမားသော စပါးအုံးမြွေကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တောင်ပေါ်မှနေ၍ အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကို ဝင်ရောက် တိုက်ခိုက်တော့၏။

“ ကောင်ကင်နဲ့မြေကြီးက အကန့်အသတ်မရှိဘူး။ ချန်ခွမ်းက ငါ့ကို နတ်ဘုရားစွမ်းအားတွေ ပေးဖို့ ဥပဒေဿကို ငှားရမ်းတယ်။ ကောင်းကင်ဘုံက မိုးကြိုးငါးသွယ် လွှတ်ချစမ်း...”

အဖြူရောင်ဝတ်ရုံနှင့် လူငယ်က အေးအေးဆေးဆေး စကားဆိုပြီး တိုက်ခိုက်မှု စတင်လိုက်သည်ကိုသာ ကြားလိုက်ရ၏။

ဝုန်း...

ကောင်းကင်နှင့် မြေကြီးက ဟိန်းဟောက်သွားပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော ဧရာမမိုးကြိုးကြီး ကျဆင်းလာကာ စပါးအုံးမြွေကြီးကို ပြာကျသွားစေပြီး တိုက်ရိုက် အမှုန့်ကြိတ်ပစ်လိုက်သည်။

အဘွားအိုမှာ မယုံနိုင်အောင် ဖြစ်သွားတော့၏။

ထိုတောင်ဝှေးမှာ အလွန်အဆင့်မြင့်သော အင်မော်တယ်လက်နက် ဖြစ်ကြောင်း သိထားရမည်။

အင်မော်တယ်အင်ပါယာတစ်ပါးပင်လျှင် ဤတောင်ဝှေးကို ဖျက်ဆီး၍ မရနိုင်ချေ။

သို့သော် သူမရှေ့တွင် ရုတ်တရက် ပေါ်လာသော ဤလူက သူမ၏ အင်မော်တယ်လက်နက်ကို အမှန်တကယ်ပင် ဖျက်ဆီးပစ်ခဲ့သည်။

ဤသည်က ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

အဘွားအိုမှာ နာကျင်မှုနှင့် ဒေါသတို့ ပေါက်ကွဲသွားပြီး အော်ဟစ်လိုက်၏။

“ကောင်စုတ်လေး... နင်က ငါ့ရဲ့ အင်မော်တယ်လက်နက်ကို ဖျက်ဆီးရဲတယ်ပေါ့...”

“အဘွကြီး... ဒီအရှင့်နယ်မြေက မင်း ရိုင်းစိုင်းခွင့်ရှိတဲ့ နေရာမဟုတ်ဘူး... မင်းက သေချင်နေမှတော့ ဒီအရှင်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့...”

အဘွားအိုက ထိုစကားကို ကြားလိုက်ရသောအခါ သူမရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

သူ့နယ်မြေတဲ့လား။

ရုတ်တရက် ပေါ်လာသော ဤအဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ ဖေးရှန့်တောင်တွင် ကျင့်ကြံနေသော ချမ်ချန်ကန်းများ ဖြစ်နေမည်လား။

အဘွားအိုမှာ သနားညှာတာရန် တောင်းပန်ချိန်ပင် မရလိုက်ချေ။

အဖြူရောင်ဝတ်ရုံနှင့် လူငယ်၏ ညာဘက်လက်က လက်ဝါးဓားအဖြစ် ပြောင်းလဲသွားပြီး အဘွားအိုထံသို့ ခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရ၏။

တစ်မုဟုတ်ချင်းပင် အဆုံးအစမရှိသော မီးတောက်များ ပေါက်ကွဲထွက်လာသည်။

၎င်းက မီးတောက်အင်မော်တယ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်ကာ မီးတောက်များက တောက်ပလွန်းလှပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ဟင်းလင်းပင်ကို ဖြတ်သန်းပြီး ခုတ်ပိုင်းသွား၏။

အစွမ်းထက်လှသော အဘွားအိုမှာ ဤကဲ့သို့ တိုက်ရိုက်ခေါင်းဖြတ်ခံလိုက်ရတော့၏။

ကောင်းကင်ယံသို့ ထိုးတက်သွားသော မီးတောက်များနှင့်အတူ နတ်ဘုရားမီးတောက်က တောင်တန်းများနှင့် သစ်တောများ၏ ဧရိယာအတော်များများကို လောင်ကျွမ်းသွားစေပြီး အရာအားလုံးမှာ ပြာကျကာ ကျွမ်းလောင်နေသော မြေပြင်အဖြစ် ပြောင်းလဲသွားတော့သည်။

မလှမ်းမကမ်းတွင် ချင်ဟွမ်ရွှေက အေးစက်စက် ကြည့်နေပြီး သူမရှေ့တွင် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေ၏။

သူမ၏ အေးစက်သော မျက်ဝန်းများထဲတွင် သံသယအချို့နှင့် အနည်းငယ် အံ့အားသင့်မှုများ ရှိနေသည်။

ထိုအဘွားအို၏ ခွန်အားကို သူမ အလွန် ရှင်းလင်းစွာ သိထား၏။

သူမကိုယ်တိုင် ထိုအဘွားအိုကို သတ်နိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိတော့ ယူရပေမည်။

သို့သော် အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ထိုအရာကို လုပ်ဆောင်နိုင်ခဲ့ပြီး အဘွားအိုကို အလွန်လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သည်။

အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကို ကြည့်ရင်း ချင်ဟွမ်ရွှေက သူမအနေဖြင့် သူ့ကို လုံးဝ အကဲခတ်၍ မရနိုင်ကြောင်းပင် တွေ့ရှိလိုက်ရ၏။

ချင်ဟွမ်ရွှေကို ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

သူမရှေ့ရှိ အဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကာ ပို၍ပင် နားလည်ရခက်နေ၏။

ဤသူက ကျူးရှိူ့တိုက်ကြီးကို တုန်လှုပ်စေခဲ့သော ချမ်ချန်ကန်းများလား။

ချမ်ချန်ကန်းက အဘွားအိုကို သတ်ဖြတ်ပြီးနောက် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို ထပ်မံအသုံးပြုလိုက်၏။

ချင်ဟွမ်ရွှေကို လုံးဝ မှင်တက်သွားစေမည့် အရာတစ်ခု ဖြစ်ပျက်လာသည်။

သိသာထင်ရှားစွာ သတ်ဖြတ်ခံလိုက်ရသော အဘွားအိုမှာ တိုက်ရိုက် ပြန်လည်ရှင်သန်လာခြင်းပင်ဖြစ်၏။

“ပြန်ရှင်လာတယ်...”

ချင်ဟွမ်ရွှေ၏ မျက်လုံးအိမ်များ ရုတ်ခြည်း ကျုံ့ဝင်သွားပြီး လက်တွေ့မဆန်သော ခံစားချက်တစ်ခုရလာ၏။

ထျန်းရွှယ်အင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်တစ်ယောက်အနေဖြင့် ဤလောကတွင် သူမကို ဤမျှ မှင်တက်သွားစေမည့် အရာများ အလွန် ရှားပါးလှသည်။

သူမရှေ့တွင် ချမ်ချန်ကန်းက သေဆုံးသွားသော အဘွားအိုကို ပြန်လည်ရှင်သန်စေသည့် နည်းလမ်းမှာ ချင်ဟွမ်ရွှေကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။

သူမ၏ သိမှတ်နားလည်ထားမှုများကိုပင် လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။

ချမ်ချန်ကန်းတွင် လူသေကို ပြန်ရှင်စေနိုင်သော နည်းလမ်းရှိသည်ဟု သူမ မယုံကြည်နိုင်ချေ။

အဘွားအိုမှာ ပြန်လည်ရှင်သန်လာခဲ့၏။

သို့သော် ယခုတစ်ကြိမ်တွင် ချမ်ချန်ကန်းက အဘွားအိုကို ပြန်လည်ရှင်သန်စေခြင်းမှာ ပုံမှန်နှင့် မတူညီပေ။

အဘွားအို ပြန်လည်ရှင်သန်လာသော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၌သာ ကန့်သတ်ထားခြင်းဖြစ်သည်။

သူမ၏ ဝိညာဉ်မှာရှိနေဆဲဖြစ်သော်လည်း အဘွားအို၏ မူလစိတ်ဝိညာဉ်ကိုမူ ချမ်ချန်ကန်းက တိုက်ရိုက်ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

ထို့ကြောင့် ပြန်လည်ရှင်သန်လာသော အဘွားအိုမှာ ရုပ်သေးရုပ် သက်သက်သာ ဖြစ်တော့သည်။

ရှေးဟောင်းကြေးနီတောင်၏ မြေအောက်နန်းတော်အတွက်သာ မဟုတ်လျှင် ချမ်ချန်ကန်းမှာ အဘွားအိုကို ရုပ်သေးရုပ်အဖြစ် ပြန်လည်ရှင်သန်စေရန် အချိန်ဖြုန်းနေမည် မဟုတ်ချေ။

ထိုအစား သူက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို တိုက်ရိုက်အသုံးပြုကာ အဘွားအိုကို ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ပစ်လိုက်မည် ဖြစ်၏။

“အခုကစပြီး ငါက မင်းရဲ့သခင်ပဲ...”

ချမ်ချန်ကန်းက ခံစားချက်မဲ့စွာ ပြောလိုက်ပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်အတွင်းတွင် သူ၏ ဆန္ဒကို အဘွားအို၏ ဝိညာဉ်ထဲသို့ တံဆိပ်ရိုက်နှိပ်လိုက်ပြီ ဖြစ်သည်။

ဤသည်ကား သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းမှတစ်ဆင့် ချမ်ချန်ကန်း တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့သော ထိန်းချုပ်မှု နည်းလမ်းတစ်ခု ဖြစ်၏။

“သခင့်ကို ဂါရဝပြုပါတယ်...”

အဘွားအို၏ အသံမှာ ဝမ်းသာခြင်း၊ စိုးရိမ်ခြင်းတို့ ကင်းမဲ့နေပြီး အလွန် တည်ငြိမ်ကာ မည်သည့် ခံစားချက်မျှ မပါဝင်ချေ။

ယခုအခါ သူမသည် ချမ်ချန်ကန်း၏ အမိန့်များကို အပြည့်အဝ နာခံရမည့် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားပြီ ဖြစ်သည်။

ထို့နောက် ချမ်ချန်ကန်းက လှည့်၍ ချင်ဟွမ်ရွှေကို ကြည့်လိုက်၏။

ချင်ဟွမ်ရွှေမှာ သတိဝီရိယအပြည့်ဖြင့် ကြည့်နေသည်။

အစောက ဖြစ်ပျက်သွားသည်များဖြစ်သည့် ချမ်ချန်ကန်းက အဘွားအိုကို အလွယ်တကူ သတ်ဖြတ်ခဲ့ပြီးနောက် သူမကို ပြန်လည် ရှင်သန်စေခဲ့သည်။

နောက်ဆုံးတွင် အဘွားအိုက သူ့ကို သခင်အဖြစ် ရုတ်တရက် အသိအမှတ်ပြုသွားသည်များပင်ဖြစ်၏။

ဤအဖြစ်အပျက်က အံ့မခန်းဖြစ်ပြီး သူမကို ကြောက်ရွံ့သွားစေ၏။

“သူမကို ရှင်ဘာလုပ်လိုက်တာလဲ...”

All Chapters