အခန်း ၂၀၅
Vol. 17 Ch. 205
အခန်း (၂၀၅) တာဝန်ပေးအပ်ခြင်းနှင့် ချင်ဟွမ်ရွှေ၏ ညှိနှိုင်းမှု
ချင်ဟွမ်ရွှေက အလွန်လှပပြီး ရေခဲကဲ့သို့ ကြည်လင်သော အသားအရေနှင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အရိုးအဆစ်များရှိသည်။
အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အထက်စီးဆန်သော မိဖုရားတစ်ပါးကဲ့သို့ လှပကာ ဆွဲဆောင်မှုရှိပြီး အေးစက်လှ၏။
ချမ်ချန်ကန်းက အဘွားအိုကို သတ်ဖြတ်ပြီးနောက် ပြန်လည်ရှင်သန်စေခဲ့သော်လည်း ချင်ဟွမ်ရွှေမှာ အံ့အားသင့်ပြီး သိချင်စိတ် ပြင်းပြနေသည်မှလွဲ၍ သူ့အပေါ် မည်သည့် ကြောက်ရွံ့မှု၊ ထိတ်လန့်မှုမျှ မရှိချေ။
ဘာပဲဖြစ်ဖြစ် ချင်ဟွမ်ရွှေအတွက်မူ ဤချမ်ချန်ကန်းက အလွန် သန်မာနေလျှင်တောင်မှ သူမက သူ၏ ပြိုင်ဘက်မဟုတ်ဘဲ သူ၏ သတ်ဖြတ်ခြင်းကို ခံရကောင်း ခံရနိုင်ပေမည်။
သို့သော် ဘာဖြစ်သနည်း။
သူမက ဤအရာများအားလုံးကို စိုးရိမ်မနေပေ။
အကြောင်းမှာ သူမ၏လက်ရှိအခြေအနေက နတ်ဝိညာဉ်တစ်စွန်းတစ်စမျှသာ ဖြစ်သောကြောင့်ဖြစ်၏။
အကယ်၍ သူမကို ချမ်ချန်ကန်းက သတ်ပစ်လိုက်လျှင်တောင်မှ ထျန်းရွှယ်အင်မော်တယ်နယ်မြေရှိ သူမ၏ မူလခန္ဓာကိုယ်အပေါ် မည်သည့် သက်ရောက်မှုမှ ရှိလာမည်မဟုတ်ချေ။
ချမ်ချန်ကန်း၏ မျက်နှာမှာ တည်ငြိမ်ပြီး အေးစက်နေကာ သူ၏ အကြည့်များက ချင်ဟွမ်ရွှေပေါ်သို့ ကျရောက်သွား၏။
အလွန်လှပသော အမျိုးသမီးပင်ဖြစ်၏။
ဤအဘွားအိုနှင့် ချင်ဟွမ်ရွှေတို့မှာ ‘ကြက်သွန်မြိတ်ရိတ်သိမ်းပွဲ’ ပြုလုပ်စဉ်က ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ချမ်ချန်ကန်း ရှာဖွေတွေ့ရှိခဲ့သော တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်နှစ်ပါး ဖြစ်ကြသည်။
သူက ချင်ဟွမ်ရွှေကို ပြန်ဖြေလိုက်၏။
“ဘာလုပ်လိုက်တာလဲဆိုတော့ သဘာဝကျကျပဲ သူမကို သတ်လိုက်တာလေ...”
“ဒါပေမဲ့ သူမက ငါ့အတွက် အသုံးဝင်နေသေးလို့ သတ်ပြီးသွားတော့ သူမကို အသက်ပြန်ပေးပြီး ပြန်ရှင်လာအောင် လုပ်လိုက်တာ...”
“အသက်ပြန်ပေးတယ်... သေတဲ့သူကို ပြန်ရှင်အောင်လုပ်တယ်ဟုတ်လား...”
ချင်ဟွမ်ရွှေက မျက်မှောင်ကြုတ်သွား၏။
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ချင်ဟွမ်ရွှေကို ထပ်ပြောလိုက်သည်။
“မင်းသွားနေတဲ့ ဦးတည်ချက်က ဖေးရှန့်တောင်ပဲ... ငါ့ကို လာရှာချင်နေပုံရတယ်။ ဘာကိစ္စရှိလို့လဲ...”
ချမ်ချန်ကန်း၏ ဂရုမစိုက်သည့်ဟန်အပြုံးက လူများကို အန္တရာယ်ကင်းပြီး အပြစ်ကင်းစင်သည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် စွမ်းအားလှိုင်းမှ မရှိနေခြင်းပင်။
အကယ်၍ ချင်ဟွမ်ရွှေသာ ဤအရာအားလုံးကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရလျှင် သူမ၏ ရှေ့ရှိ ဤအဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ နာမည်ကျော် ချမ်ချန်ကန်းဖြစ်သည်ဟု သူမ ဘယ်တော့မှ ယုံကြည်မည်မဟုတ်ပေ။
သူမ၏ ရှေ့ရှိ ချမ်ချန်ကန်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကာ ခန့်မှန်းရခက်လှ၏။
သူမကို အမှန်တကယ်ပင် စိတ်ပျက်မသွားစေခဲ့ချေ။
ကျူးရှိူ့တိုက်ကြီးက အင်မော်တယ်နယ်မြေ ထောင်ပေါင်းများစွာကို သက်ရောက်မှု ရှိလာနိုင်ခြင်းမှာ သူမရှေ့ရှိ ချမ်ချန်ကန်းနှင့် ခွဲခြား၍ မရနိုင်လောက်အောင် ပတ်သက်နေပေလိမ့်မည်။
ချမ်ချန်ကန်း၏ အမေးကို ရင်ဆိုင်ရသောအခါ ချင်ဟွမ်ရွှေက နှိမ့်ချခြင်းလည်း မရှိ၊ မောက်မာခြင်းလည်းမရှိဘဲ ပြန်ဖြေလိုက်၏။
“ကျွန်မ ဖေးရှန့်တောင်ကို သွားတာက ကျူးရှိူ့တိုက်ကြီးက နာမည်ကျော် ကျင့်ကြံသူကို တွေ့ချင်လို့ပါ။ ဒီနေ့ တွေ့လိုက်ရတော့ တာအိုရောင်းရင်းက တကယ်ပဲ ခန့်မှန်းရခက်ပြီး ထူးခြားလှပါတယ်...”
“မင်းက ဘယ်သူလဲ...”
“ချင်ဟွမ်ရွှေ... ထျန်းရွှယ်အင်မော်တယ်နယ်မြေရဲ့ နယ်မြေအရှင်သခင်...”
“နယ်မြေအရှင်သခင်...”
ချမ်ချန်ကန်းက မျက်လုံးများကို မှေးလိုက်၏။
*နယ်မြေအရှင်သခင် ဖြစ်နေတာကိုး... ဘာကိုမှ မကြောက်တာ အဆန်းတော့ မဟုတ်ဘူး…*
သို့သော် အဘယ်ကြောင့် သူမ၏ လက်ရှိအခြေအနေက တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်အဖြစ်သာ ရှိနေရသနည်း။
ချမ်ချန်ကန်းတွင် သံသယများ ရှိနေသော်လည်း သူမကို ဘာမှ ထပ်မမေးတော့ဘဲ ပြောလိုက်၏။
“တာအိုရောင်းရင်းချင်.. မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...”
“ဒါပေမဲ့ ငါ့ဆီမှာတာဝန်တစ်ခုရှိတယ်... မင်း လက်ခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်...”
“ကျွန်မငြင်းတယ်...”
ချင်ဟွမ်ရွှေက ဘာမှပင်မစဉ်းစားတော့ဘဲ တိုက်ရိုက် ငြင်းပယ်လိုက်၏။
ချမ်ချန်ကန်းက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုအချို့ ရှိနေသည်။
ချင်ဟွမ်ရွှေက သူ့ကို ဤကဲ့သို့ တိုက်ရိုက် ငြင်းပယ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပုံရ၏။
ထို့နောက် ချမ်ချန်ကန်းက ပြုံးလိုက်ပြီး ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားကို အသုံးပြုလိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်ခြည်း ပေါ်ထွက်လာ၏။
ချင်ဟွမ်ရွှေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ဖိအားမှာ တောင်တန်းပေါင်း သန်းချီ ဖိချလိုက်သကဲ့သို့ဖြစ်ပြီး အသက်ရှူရပင် ကြပ်လာစေသည်။
ချင်ဟွမ်ရွှေကိုယ်တိုင်ပင် ထိုအရာကို မခံနိုင်တော့ချေ။
သို့သော် ချင်ဟွမ်ရွှေ၏ မျက်နှာမှာ အမြဲတမ်း တည်ငြိမ်ပြီး အေးစက်နေ၏။
မကြောက်မရွံ့ဘဲ ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိချေ။
*ဒါက နတ်ဝိညာဉ်တစ်စွန်းတစ်စလေးပဲလေ... သေသွားရင်လည်း သေသွားပါစေပေါ့*
သူမကိုသတ်ခြင်းက သူမနှင့် ရန်ငြိုးဖွဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် အင်မော်တယ်တစ်သောင်းနယ်မြေရှိရာ၌ ချမ်ချန်ကန်းကို ပြန်တွေ့ခဲ့လျှင် သူမ ကလဲ့စားချေမည် ဖြစ်၏။
သို့သော် ယခု ချင်ဟွမ်ရွှေ၏ အမြင်တွင်မူ သူမရှေ့ရှိ ချမ်ချန်ကန်းမှာ သူမနှင့် ကျင့်စဉ်အဆင့် တူညီနိုင်ခြေအလွန် များနေသည်။
မှန်ပါသည်။
ချမ်ချန်ကန်းမှာ အင်မော်တယ်နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်မည်ဟု ချင်ဟွမ်ရွှေက ခန့်မှန်းမိသွားခြင်းဖြစ်၏။
၎င်းက ချင်ဟွမ်ရွှေကို သိချင်စိတ် ပြင်းပြသွားစေ၏။
သူက အင်မော်တယ်နယ်မြေ၏ အရှင်သခင်ဖြစ်နေလျက်နှင့် ဤကျူးရှိူ့တိုက်ကြီးကို ဘယ်လိုများ ရောက်လာရတာလဲ...
ချင်ဟွမ်ရွှေ၏ တုံ့ပြန်ပုံက ထိုစဉ်က ဝူမင်၏ တုံ့ပြန်ပုံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။
ထင်တဲ့အတိုင်းပဲ... ဤသည်ကမှ စစ်မှန်တဲ့ နယ်မြေအရှင်သခင်ဖြစ်၏။
*အသက်ရှင်ချင်ပြီး သေရမှာကြောက်နေတဲ့ အဲဒီဝူမင်ရဲ့ ပုံစံက လုံးဝကို ခိုးကူး နယ်မြေအရှင်သခင်ရဲ့ ပုံစံပဲ*
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“မင်းက ငါမင်းကို သတ်မှာ မကြောက်ဘူး ထင်တယ်...”
ဖိအားက ရုတ်တရက် ပေါ်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားရာ ချင်ဟွမ်ရွှေမှာ စိတ်သက်သာရာ ရသွားသည်။
“နယ်မြေအရှင်သခင် ပီသပါပေတယ်... ရှေ့မှာ တောင်ကြီးပြိုကျနေရင်တောင် မျက်နှာမပျက်ဘူး။ ဒါပေမဲ့ ငါ သိချင်တာလေးတစ်ခုရှိတယ်... မင်းက ဘာလို့ ငြင်းတာလဲ...”
“ရှင့်စကားကို လက်ခံစရာ အကြောင်းပြချက်မှမရှိတာ...”
ချင်ဟွမ်ရွှေက ပြန်ဖြေလိုက်၏။
“မင်းရဲ့အသက်က ငါ့လက်ထဲမှာ ရှိနေတယ်။ ပြီးတော့ မင်းကာကွယ်ပေးထားတဲ့ အင်မော်တယ်ဘုံက ပါရမီရှင်ရဲ့ အသက်ကလည်း အတူတူပဲ။ အဲ့ဒါက အကြောင်းပြချက် မဟုတ်ဘူးလား...”
ချမ်ချန်ကန်းက ပြောလိုက်သည်။
မူလက ချမ်ချန်ကန်းမှာ ဤကဲ့သို့ မလုပ်ချင်ခဲ့ပေ။
ချင်ဟွမ်ရွှေကို ခြိမ်းခြောက်ချင်စိတ် မရှိခဲ့ချေ။
သို့သော် နည်းလမ်းမရှိပေ။
ယွင်ကျိုးမြေအောက်နန်းတော်ရှိ ပြဿနာများကို စောစောစီးစီး ဖြေရှင်းနိုင်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
သူ့အနားတွင် လူမရှိသလို ထို့ပါယဲ့ တစ်ယောက်တည်းဖြင့်လည်း အဆင်မပြေနိုင်ချေ။
စကားဆုံးသည်နှင့် သူ ပြောလိုက်သော စကားများက မှန်ကန်ကြောင်း သက်သေပြရန် ချမ်ချန်ကန်းက လက်ဖျစ်တစ်ချက် တီးလိုက်၏။
ပြိုင်ဘက်ကင်းစွမ်းအားက ချင်ဟွမ်ရွှေကို တိုက်ရိုက်သုတ်သင်ပစ်လိုက်သည်။
ထို့နောက် ချမ်ချန်ကန်းက ချင်ဟွမ်ရွှေကို ပြန်လည်ရှင်သန်စေရန် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို အသုံးပြုလိုက်၏။
ပြီးခဲ့သည့်အကြိမ်က ကြက်သွန်မြိတ်ရိတ်သိမ်းစဉ်က အရာအားလုံးက တိတ်ဆိတ်စွာ ဖြစ်ပျက်သွားခဲ့သည်။
ချမ်ချန်ကန်းမှလွဲ၍ မည်သူမျှ မသိခဲ့ကြသလို ချင်ဟွမ်ရွှေလည်း ချွင်းချက်မဟုတ်ပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ ရုတ်တရက် သေဆုံးသွားပြီး ရုတ်တရက် ပြန်ရှင်လာသည်ကို ချင်ဟွမ်ရွှေ အမှန်တကယ် ခံစားလိုက်ရ၏။
သူမရင်ထဲ၌ တုန်လှုပ်သွားသည်။
ဤကဲ့သို့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည့် နည်းလမ်းမျိုးကို အင်မော်တယ်နယ်မြေ၏ အရှင်သခင် တစ်ယောက်အနေဖြင့် သူမ တစ်ခါမျှ မကြားဖူးခဲ့သလို အင်မော်တယ်တစ်သောင်းနယ်မြေတွင်လည်း မည်သူကမျှ ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းမျိုး ပိုင်ဆိုင်ထားသည်ဟု မကြားဖူးခဲ့ချေ။
“ရှင် ဘယ်လိုလုပ်လိုက်တာလဲ...”
ချင်ဟွမ်ရွှေမှာ မနေနိုင်ဘဲ မေးလိုက်မိ၏။
စောစောက ချမ်ချန်ကန်းက အဘွားအိုကို သတ်ဖြတ်ပြီး ပြန်လည်ရှင်သန်စေခဲ့စဉ်က ချင်ဟွမ်ရွှေကို လက်တွေ့မဆန်သော ခံစားချက်တစ်ခု ပေးစွမ်းခဲ့သည်။
ချမ်ချန်ကန်းက အဘွားအိုကို ပြန်လည်ရှင်သန်စေခဲ့ခြင်း မဟုတ်ဘဲ အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းတစ်ခုခုဖြစ်မည်ဟု တွေးထင်ခဲ့မိ၏။
သို့သော် ယခုအခါ သူမကိုယ်တိုင် ရုတ်တရက် သတ်ဖြတ်ခံရပြီး ပြန်လည်ရှင်သန်လာခြင်းကို ကြုံတွေ့လိုက်ရပြီဖြစ်သည်။
သူမ လုံးဝ ယုံကြည်သွားတော့၏။
အရင်က ဝူမင်ကဲ့သို့ပင် ချင်ဟွမ်ရွှေမှာ အလွန်အမင်း မှင်တက်သွားတော့သည်။
“ငါ ဘယ်လိုလုပ်တယ်ဆိုတာ မင်း သိစရာမလိုဘူး။ ဒါပေမဲ့ ဒီတာဝန်ကို မင်း မဖြစ်မနေ လုပ်ပေးရမယ်။ မဟုတ်ရင်တော့ မင့်ရဲ့ စိတ်ဝိညာဉ်ကို စောစောက အဘွားအိုလို ဖျက်ဆီးပစ်ပြီး အမိန့်နာခံရုံသက်သက် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်အောင်လုပ်ပစ်ဖို့ ငါ ဝန်လေးမှာ မဟုတ်ဘူး...”
ချမ်ချန်ကန်း၏ တည်ငြိမ်သော အသံထဲတွင် အထက်စီးဆန်မှုနှင့် ခြိမ်းခြောက်မှုများ ပြည့်နှက်နေ၏။
ယခုတစ်ကြိမ်တွင်မူ ချင်ဟွမ်ရွှေက တိုက်ရိုက် မငြင်းဆန်တော့ချေ။
သူမက အကျိုးအပြစ်များကို ချိန်ဆကြည့်ပြီးနောက် ပြောလိုက်သည်။
“ကျွန်မကို ဘာတာဝန်ပေးချင်တာလဲ...”
“အလွန်ရိုးရှင်းပါတယ်။ ယွင်ကျိုးမှာရှိတဲ့ တားမြစ်နယ်မြေကို သွားပေးရုံပါပဲ...”
“ဒါပေါ့... မင်းကို အလကားတော့ အသွားမခိုင်းပါဘူး။ တာဝန်ပြီးဆုံးသွားရင် သင့်တော်တဲ့ဆုလာဘ်ကို ငါ ပေးမှာပါ...”
စကားဆုံးသည်နှင့် ချမ်ချန်ကန်းက တာအိုစည်းချက်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
ထိုအရာထဲမှနေ၍ ခမ်းနားကြီးကျယ်ပြီး သန့်စင်သော တာအိုစည်းချက်များ စီးဆင်းနေသည်။
ချမ်ချန်ကန်း ကိုင်ထားသည်မှာ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်း ဖြစ်ကြောင်း ချင်ဟွမ်ရွှေက တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏။
ချင်ဟွမ်ရွှေ၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။
“ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းလား။ ဒီဆုလာဘ်က မဆိုးပါဘူး...”
“နယ်မြေအရှင်သခင်တစ်ယောက်ကို အလုပ်ခိုင်းဖို့အတွက် တစ်ခုတည်းကတော့ နည်းလွန်းတယ်လို့ ထင်လို့ပါ...”
ချမ်ချန်ကန်း၏ လက်ထဲတွင် နောက်ထပ် တာအိုစည်းချက်ပစ္စည်း အနည်းငယ် ထပ်ပေါ်လာ၏။
တာအိုစည်းချက်ပစ္စည်းတိုင်းက ထိပ်တန်းအဆင့်များချည်းသာဖြစ်သည်။
ချင်ဟွမ်ရွှေ၏ မျက်လုံးအိမ်များက ရုတ်ခြည်း ကျုံ့ဝင်သွားပြီး အံ့အားသင့်သွားတော့၏။
ဤချမ်ချန်ကန်းတွင် တာအိုစည်းချက်ပစ္စည်းများ ဤမျှများများစားစား ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပုံရသည်။
“တာဝန်ပြီးဆုံးသွားရင် ဒီတာအိုစည်းချက်ပစ္စည်းတွေက မင်းအတွက်ပဲ။ မင်းက နယ်မြေအရှင်သခင် ဖြစ်နေရင်တောင်မှ ဒီတာအိုစည်းချက်ပစ္စည်းတွေကို သေချာပေါက် လိုအပ်မှာပါ...”
“ကောင်းပြီ... ရှင့်ရဲ့တာဝန်ကို ကျွန်မလက်ခံတယ်။ ဒါပေမဲ့ ကျွန်မမှာလည်း စည်းကမ်းချက် တစ်ခုရှိတယ်...”
ထင်မှတ်မထားဘဲ ချင်ဟွမ်ရွှေက သူ့ကို ဈေးဆစ်ပြီး စည်းကမ်းချက်ပင် တောင်းဆိုလာရာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလာ၏။
ချမ်ချန်ကန်းက မျက်ခွံကို အနည်းငယ် ပင့်၍ သူမကို ကြည့်လိုက်သည်။
“ဘာစည်းကမ်းချက်လဲ...”
“ကျွန်မ ယွင်ကျိုးက တားမြစ်နယ်မြေကို သွားနေတဲ့အချိန်အတွင်းမှာ ကျွန်မကာကွယ်ပေးထားတဲ့သူကို တခြား တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်တွေက ပစ်မှတ်ထားလာရင် ရှင် သူ့ကို ကာကွယ်ပေးဖို့ လိုတယ်။ အကယ်၍ ပြိုင်ဘက်ချင်း ယှဉ်ပြိုင်ကြလို့ သူ သေသွားရင်တော့ ရှင်က ကူညီပေးစရာ မလိုဘူး... ဘယ်လိုလဲ...”
ချင်ဟွမ်ရွှေ၏ စည်းကမ်းချက်နှင့် ပတ်သက်၍ ချမ်ချန်ကန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ပြဿနာမရှိပါဘူး...”
ဘာပဲဖြစ်ဖြစ် ချင်ရှို့ဝမ်မှာ သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ရှိနေသည်ဖြစ်ရာ မည်သည့်အရာမှ ဖြစ်လာမည် မဟုတ်ချေ။
အကယ်၍ မတော်တဆတစ်ခုခု ဖြစ်သွားလျှင်တောင်မှ...
ချမ်ချန်ကန်းက သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းဖြင့် သူ့ကို ပြန်လည်ရှင်သန်စေနိုင်သေးသည် မဟုတ်ပါလော။
ချင်ဟွမ်ရွှေက ထပ်မေးလိုက်၏။
“ကျွန်မကို ဘယ်တော့ထွက်သွားစေချင်လဲ...”
ချမ်ချန်ကန်း၏ စိတ်အာရုံတစ်ချက် လှုပ်ရှားသွားသည်နှင့် ဖေးရှန့်တောင်တွင် ကျင့်ကြံနေသော ထို့ပါယဲ့မှာ ဤနေရာ၌ လေထဲမှ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
မည်သည့် ခြေရာလက်ရာမျှမရှိသည့် ဤနည်းလမ်းက ချင်ဟွမ်ရွှေကို အံ့အားသင့်သွားစေ၏။
ချင်ဟွမ်ရွှေက ထို့ပါယဲ့ကို မြင်လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားရသည်။
ဤထို့ပါယဲ့၏ ခန္ဓာကိုယ်တွင် အင်မော်တယ်စွမ်းအင်များ စီးဆင်းနေပြီး အင်မော်တယ်ခန္ဓာကိုယ်ရှိနေသဖြင့် သေမျိုးမဖြစ်နိုင်တော့ချေ။
သို့သော် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များက အဘယ်ကြောင့် ဤမျှ အားနည်းနေရသနည်း။
၎င်းက ချင်ဟွမ်ရွှေကို အလွန် ထူးဆန်းသည်ဟု ခံစားရစေ၏။
“သခင့်ကို ဂါရဝပြုပါတယ်...”
ထို့ပါယဲ့က ကျင့်ကြံနေခြင်းကို ရပ်တန့်ကာ ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။