← Chapters

အခန်း ၂၀၆

Vol. 17 Ch. 206

အခန်း ၂၀၆

Vol. 17 Ch. 206

အခန်း (၂၀၆) ဒါက ဘယ်ကောင်လဲဟ...

ယခုအခါ ထို့ပါယဲ့မှာ ချမ်ချန်ကန်း၏ အကူအညီဖြင့် ဆေးလုံး၏ စွမ်းအင်အများစုကို သန့်စင်ပြီးဖြစ်၏။

သူ၏ အင်မော်တယ်ခန္ဓာကိုယ်က ဆေးလုံးစွမ်းအားများကို စုပ်ယူလိုက်ပြီး သေခြင်းနှင့် ရှင်ခြင်းကို နောက်တစ်ကြိမ် ဖြတ်သန်းလိုက်ရရာ သူ၏ ကျင့်စဉ်အဆင့်မှာ အလွန်လျင်မြန်စွာ ဖောက်ထွက်သွားခဲ့သည်။

ယခုအခါ သူသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်း တတိယအဆင့်ကျင့်စဉ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်ပြီးနောက် ထို့ပါယဲ့အား ချင်ဟွမ်ရွှေနှင့် တာအိုအစောင့်အရှောက် အဘွားအိုတို့၏ နောက်ခံအကြောင်းကို ပြောပြလိုက်သည်။

ချင်ဟွမ်ရွှေနှင့် အဘွားအိုတို့၏ နောက်ခံများကို သိလိုက်ရသောအခါ ထို့ပါယဲ့မှာ အံ့အားသင့်သွားပြီး ဤနှစ်ယောက်စလုံးက အင်မော်တယ်အရှင်သခင်များ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ချမ်ချန်ကန်းက ထပ်ပြောလိုက်၏။

“ထို့ပါယဲ့... တာအိုရောင်းရင်းချင်နဲ့ အဘွားအိုက မင်းနဲ့အတူ ယွင်ကျိုးကို လိုက်သွားလိမ့်မယ်။ ဒီတာဝန်အတွက် မင်းက ဟုန်ယီ၊ ရှဲ့ကျီနယ့်နဲ့ ဖုန်းချီယွင်တို့ကို သေချာပေါက် ပြန်ခေါ်လာခဲ့ရမယ်...”

“ဒီအဘွားအိုအတွက်ကတော့ သူမရဲ့ အသိစိတ်ကို ငါ ဖျက်ဆီးပစ်လိုက်ပြီ။ သူမက ရုပ်သေးရုပ်သက်သက်ပဲမို့ မင်းစကားကို နားထောင်လိမ့်မယ်။ ယွင်ကျိုးမှာ တစ်ခုခု အန္တရာယ်ကြုံလာရင် သူမကို အသေခံခိုင်းလိုက်လို့ရတယ်...”

“အမိန့်အတိုင်းပါ သခင်လေး...”

ထို့နောက် ချမ်ချန်ကန်းက ထို့ပါယဲ့၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းရှင်ခြင်း အဆောင်တစ်ခုကို ချန်ထားခဲ့လိုက်၏။

ထို့ပါယဲ့က အမည်မဲ့ နိဗ္ဗာနသုတ္တန်ကို ကျင့်ကြံထားသဖြင့် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်နိုင်ခြေ မြင့်မားသော်လည်း အကယ်၍ ကျရှုံးသွားလျှင် ဘယ်လိုလုပ်မည်နည်း။

သေရင် တကယ်သေသွားမည်ဖြစ်၏။

ချမ်ချန်ကန်းအနေဖြင့် အစွမ်းထက်သော လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည့် ထို့ပါယဲ့ကို မဆုံးရှုံးချင်ပေ။

သေချာစဉ်းစားကြည့်ပြီးနောက် ယခုတစ်ကြိမ်တွင် ထို့ပါယဲ့နှင့်အတူ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်နှစ်ပါးဖြစ်သည့် ချင်ဟွမ်ရွှေနှင့် အဘွားအိုတို့ လိုက်ပါသွားမည်ဖြစ်ရာ ထိုသုံးယောက်ကို ကယ်တင်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေပြီဟု ချမ်ချန်ကန်းက ထင်မြင်သော်လည်း သူ သတိထားနေဆဲ ဖြစ်သည်။

အဘွားအို၏ ခန္ဓာကိုယ်ထဲတွင်လည်း သေခြင်းရှင်ခြင်းအဆောင်တစ်ခုကို သူ ထည့်သွင်းပေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဤအဘွားအိုက အင်မော်တယ်အရှင်သခင်တစ်ပါးဖြစ်ရာ သူမ၏တန်ဖိုးမှာ အတော်လေး ကြီးမားနေဆဲ ဖြစ်သည်။

အသက်တစ်ချောင်း ပိုရလာသည်နှင့်အမျှ သူမ လုပ်ဆောင်နိုင်မည့် အခန်းကဏ္ဍကလည်း သဘာဝကျကျ ပိုမိုကြီးမားလာမည်ဖြစ်၏။

နောက်ဆုံးတွင် ချမ်ချန်ကန်းက ချင်ဟွမ်ရွှေထံသို့ အကြည့်ရောက်သွားသည်။

ချင်ဟွမ်ရွှေက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်၏။

ချမ်ချန်ကန်းက ရယ်မောလိုက်သည်။

“တာအိုရောင်းရင်းချင်... မင်းက ငါ့ရဲ့ တာဝန်ကို လက်ခံထားမှတော့ မင်းကိုလည်း သေခြင်းရှင်ခြင်းအဆောင်တစ်ခု ပေးလိုက်ပါမယ်...”

တောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် မိုဝန်ထျန်းမှာ တောင်တန်းများကြား၌ လျှောက်သွားနေ၏။

ကျင့်ကြံသူများက ကောင်းကင်ယံကို ဖြတ်သန်း၍ တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အနက်ရှိုင်းဆုံးဆီသို့ အလင်းတန်းများစီးကာ ဝင်ရောက်သွားကြသည်ကို အခါအားလျော်စွာ မြင်တွေ့နေရသည်။

သေချာပေါက်ပင် လမ်းခရီးတွင် ကံမကောင်းလျှင် လမ်းပိတ်လုယက်တတ်သော ကျင့်ကြံသူများနှင့် နတ်ဆိုးများကိုလည်း ကြုံတွေ့ရနိုင်၏။

မိုဝန်ထျန်းမှာ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲသို့ ဝင်ရောက်ပြီးနောက် လုယက်မှုနှစ်ကြိမ် ကြုံတွေ့ခဲ့ရသည်။

သို့သော် အစွမ်းထက်သော လျှို့ဝှက်ရတနာများကြောင့် ထိုကျင့်ကြံသူများနှင့် နတ်ဆိုးများ၏ လုယက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့ပြီး မည်သည့် အဆုံးအရှုံးမျှ မရှိခဲ့ချေ။

တစ်ချိန်တည်းမှာပင် လမ်းခရီးမှနေ၍ တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အရာများကို သူ ကြားသိခဲ့ရ၏။

ဥပမာအားဖြင့် ရုတ်တရက် ပေါ်လာသော ဧရာမရွှေရောင်မျှော်စင်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အင်မော်တယ်မျှော်စင်ဖြစ်နိုင်သည်။

ဖေးရှန့်တောင်တွင် ပုန်းအောင်းနေထိုင်သော ပြိုင်ဘက်ကင်းဆရာသခင်ကြီးက ခမ်းနားကြီးကျယ်လှသည့် စိတ်ဝိညာဉ်မိုးရေများကို ရွာသွန်းစေခဲ့ပြန်သည်။

ထိုစိတ်ဝိညာဉ်မိုးရေကို ချိုးလိုက်ရုံဖြင့် အရည်အချင်းများ တိုးတက်လာပြီး ခွန်အားများ ပိုမိုသန်မာလာနိုင်ခြင်း စသည်တို့ပင်ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ ဖေးရှန့်တောင်ကို ဗဟိုပြုထားသည့် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ဧရိယာအတော်များများမှာ အမှန်တကယ်ပင် အင်မော်တယ်နယ်မြေဖြစ်နေခြင်းပင်ဖြစ်၏။

အင်မော်တယ်နယ်မြေထဲတွင် အထက်ဘုံရှိ အင်မော်တယ်တစ်သောင်းနယ်မြေနည်းတူ အင်မော်တယ်စွမ်းအင်များ အပြည့်အဝ ရှိနေ၏။

၎င်းက အင်မော်တယ်များ ကျင့်ကြံရန်အတွက် လိုအပ်သောအရာဖြစ်သည်။

ယုတ္တိတန်တန် တွေးကြည့်လျှင် အင်မော်တယ်နယ်မြေဆိုသည်မှာ အင်မော်တယ်များ ကျင့်ကြံသည့် နေရာဖြစ်သော်လည်း ကျူးရှိူ့တိုက်ကြီးတွင် ထင်မှတ်မထားဘဲ ပေါ်ပေါက်လာခဲ့၏။

၎င်းက ဤနေရာသို့ လာရောက်ကြသော ကျင့်ကြံသူတိုင်းကို မယုံနိုင်လောက်အောင် ခံစားရစေသည်။

အထူးသဖြင့် အင်မော်တယ်နယ်မြေထဲတွင် ကျင့်ကြံခြင်းက ပို၍ပင် ထိရောက်မှု ရှိနေခြင်းပင်။

မိုဝန်ထျန်းက ဖြစ်ပျက်ခဲ့သမျှကို သိလိုက်ရသောအခါ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွား၏။

ပြိုင်ဘက်ကင်းဆရာသခင်က စိတ်ဝိညာဉ်မိုးရေများ ရွာသွန်းစေခဲ့ကြောင်း သူ ကြိုသိခဲ့လျှင် တောင်ပေါင်းတစ်သိန်းတောင်တန်းထဲသို့ စောစောစီးစီး ဝင်ရောက်ခဲ့သင့်သည်။

ထိုသို့ဆိုလျှင် သူလည်း ထိုစိတ်ဝိညာဉ်မိုးရေကို ချိုးခွင့်ရကောင်း ရနိုင်ပေမည်။

လွဲချော်သွားသည်မှာ အလွန်နှမြောစရာပင်။

ယခုအခါ ထိုအင်မော်တယ်နယ်မြေထဲသို့ ဝင်ရောက်ရန် သူ မစောင့်နိုင်တော့ချေ။

ကောင်းကင်အင်မော်တယ်နယ်မြေ၏ ထူးခြားဆန်းကြယ်မှုများကို သူ ခံစားကြည့်ချင်နေ၏။

နာရီအနည်းငယ် အကြာတွင် မိုဝန်ထျန်းမှာ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲ၌ ကျင့်ကြံသူများကို ပိုမိုတွေ့လာရသည်။

ကြမ်းတမ်းသော အငွေ့အသက်များ ထွက်ပေါ်နေပြီး ဤကျင့်ကြံသူများက ကျူးရှိူ့တိုက်ကြီး အရပ်ရပ်မှ လာရောက်ကြခြင်းဖြစ်၏။

ကျင့်ကြံသူအချို့က မကြာမီ ကျင်းပတော့မည့် ချမ်ချန်ကန်း၏ တပည့်လက်ခံပွဲသို့ တက်ရောက်ရန် လာကြခြင်းဖြစ်သည်။

အချို့သော ကျင့်ကြံသူများကမူ အင်မော်တယ်နယ်မြေအကြောင်း သတင်းကြား၍ လာကြခြင်းဖြစ်ပြီး သူတို့၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းလှ၏။

အင်မော်တယ်နယ်မြေထဲတွင် ကျင့်ကြံရန်အတွက်သာ ဤနေရာသို့ လာကြခြင်းဖြစ်သည်။

သို့သော် မိုဝန်ထျန်းအတွက်မူ သတင်းဆိုး တစ်ခုကိုလည်းကြားခဲ့ရ၏။

၎င်းမှာ အင်မော်တယ်ဘုံမှ ပါရမီရှင် ဖာထျန်းနှင့် ပတ်သက်သည့် သတင်းပင်ဖြစ်၏။

ထိုဖာထျန်းမှာ ယခုအခါ ရူးသွပ်နေသကဲ့သို့ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲတွင် သူ့သတင်းကို နေရာအနှံ့ လိုက်လံရှာဖွေနေကြောင်း သူ ကြားသိလိုက်ရသည်။

ကံမကောင်းသော လူအချို့မှာ သူနှင့် မှားယွင်းကာ ဖာထျန်း၏ လက်ထဲတွင် အသနားခံစရာမရှိအောင် သေဆုံးခဲ့ကြရ၏။

ဤသတင်းကို ကြားပြီးနောက် မိုဝန်ထျန်းမှာ အနည်းငယ် ထိတ်လန့်သွားတော့သည်။

တပည့်လက်ခံပွဲအတွက် ရက်အနည်းငယ်သာ လိုတော့၏။

ဖာထျန်းနှင့် သူ မဆုံချင်ပေ။

သိုလှောင်လက်စွပ်ထဲမှ ရွှေရောင် မျက်နှာဖုံးတစ်ခုကို ကမန်းကတန်း ထုတ်ယူကာ မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။

ဤမျက်နှာဖုံးမှာလည်း လျှို့ဝှက်ရတနာ တစ်ခုပင်ဖြစ်သည်။

၎င်းကို တပ်ဆင်ပြီးနောက် သူ၏ရုပ်သွင်ကို ဖုံးကွယ်ထားနိုင်မည်ဖြစ်၏။

မျက်နှာဖုံးကိုတပ်ဆင်ပြီးနောက် မိုဝန်ထျန်းမှာ အတော်လေး စိတ်သက်သာရာ ရသွားသည်။

ရှေ့သို့ ဆက်သွား၏။

နာရီအနည်းငယ်အကြာတွင် တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အနက်ရှိုင်းဆုံးဆီသို့ သူ နောက်ဆုံးတွင် ရောက်ရှိသွားပြီး ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ခြေချလိုက်တော့သည်။

ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ထင်ထားသည့်အတိုင်းပင် ဤနေရာတွင်ပါဝင်နေသော အင်မော်တယ်စွမ်းအင်များကို သူ ခံစားလိုက်ရ၏။

အင်မော်တယ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ့ကို တက်ကြွလန်းဆန်းစေကာ ခွန်အားများ ပြည့်လျှံလာစေသည်။

“ဒါက အင်မော်တယ်နယ်မြေပဲ...”

မိုဝန်ထျန်း၏ မျက်လုံးများမှ အလင်းတန်းများ တောက်ပသွားပြီး အလွန်အမင်း အံ့အားသင့်သွားတော့၏။

ထိုအခိုက်၌ သူ့လက်ထဲရှိ ရှေးဟောင်း လက်စွပ်လေးမှာ အလင်းရောင်များ တောက်ပလာသည်။

ဤအချိန်တွင် ဝေလငါးကြီးတစ်ကောင် ရေစုပ်ယူနေသကဲ့သို့ အင်မော်တယ်နယ်မြေထဲရှိ အင်မော်တယ်စွမ်းအင်များကို ရူးသွပ်စွာ မျိုချနေတော့၏။

“ဤအင်မော်တယ်နယ်မြေထဲမှာ ချီသန့်စင်ခြင်း ဒုတိယအဆင့်ကို ငါသေချာပေါက် ဖောက်ထွက်နိုင်မှာပဲ...”

မိုဝန်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

သူက ဘာမှပင်မစဉ်းစားတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံတော့၏။

အဆက်မပြတ် စီးဝင်လာသော အင်မော်တယ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာသော်လည်း အံ့ဩစရာကောင်းလှသည်။

ဤမိုဝန်ထျန်း၏ ကျင့်စဉ်မှာ မည်သည့် ဖောက်ထွက်မှုမျှ မရှိခဲ့ချေ။

ထိုအင်မော်တယ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင်ထင်ရသည်။

မိုဝန်ထျန်းမှာ ဤအရာကို လုံးဝ သတိမထားမိသည်မှာ သေချာပါသည်။

ထိုအခိုက်အတန့်၌ သူ၏ လက်ထဲရှိ ရှေးဟောင်းလက်စွပ်လေးမှာ ထူးဆန်းသော အနက်ရောင်အလင်းတန်းများ ရုတ်ခြည်း တောက်ပလာ၏။

ချက်ချင်းပင် ထိတ်လန့်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများက မိုဝန်ထျန်း၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

မိုဝန်ထျန်း၏ သိစိတ်ပင်လယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။

“ဟားဟားဟား... သေးငယ်တဲ့အောက်ဘုံမှာ အင်မော်တယ်နယ်မြေ ရှိနေသေးတာပဲ... အခု အင်မော်တယ်စွမ်းအင်တွေက ဒီအင်မော်တယ်ရဲ့ ဝိညာဉ်ကို နိုးထစေခဲ့ပြီ... မင်းလို ကောင်လေးရဲ့ ခန္ဓာကိုယ်ကို ဒီအင်မော်တယ်က သိမ်းပိုက်လိုက်တော့မယ်...”

သိစိတ်ပင်လယ်ထဲတွင် အရပ်ရှည်ပြီး ကြမ်းတမ်းသော အနက်ရောင်အရိပ်ဝိညာဉ်တစ်ခုရပ်နေ၏။

သူ၏ဖိအားမှာ ပြိုင်ဘက်ကင်းလှပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလွန် အထက်စီးဆန်စွာဖြင့် မိုဝန်ထျန်း၏ အသိစိတ်ပင်လယ်ကို စတင်မျိုချတော့သည်ကို တွေ့လိုက်ရသည်။

အသိစိတ်ပင်လယ်၏ ထောင့်တစ်နေရာတွင် သေးငယ်သော မိုဝန်ထျန်း၏ ဝိညာဉ်လေးမှာ ကွေးကွေးလေးဖြစ်ကာ တုန်ရီနေ၏။

သူ အလွန်အမင်း ထိတ်လန့်နေသည်။

*ဒါက ဘာဖြစ်တာလဲဟ…*

“အစ်ကိုကြီး... ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဝင်ပူးချင်ရတာလဲ။ ကျွန်တော်က အသုံးမကျတဲ့ကောင်ပါ။ သတ်ဖြတ်ခြင်း နတ်ဘုရားလို အင်မော်တယ်ဘုံက ပါရမီရှင်တွေကို သွားပူးရင် ပိုမကောင်းဘူးလား...”

မိုဝန်ထျန်းက သနားညှာတာရန် တောင်းပန်လိုက်ပြီး သူ၏ ရင်ထဲတွင် ထိတ်လန့်နေကာ မျက်နှာမှာလည်း ခါးသီးနေ၏။

*တကယ်ပဲ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးပဲ…*

ဤအရပ်ရှည်ပြီး ကြမ်းတမ်းသော အနက်ရောင်အရိပ်ဝိညာဉ်မှာ လိုဏ်ဂူထဲတွင် ချောက်ထဲခုန်ချသွားသော အင်မော်တယ်တစ်ပိုင်းဖြစ်ကြောင်း ထင်ရှားလှသည်။

*ခွေးမသား...ဒီကောင်က မသေသေးဘူးပဲ…*

ထိုအစား လျှို့ဝှက်ရတနာပါဝင်သော ထိုရှေးဟောင်း လက်စွပ်လေးထဲတွင် သူ၏ဝိညာဉ်ကို အိပ်စက်စေခဲ့ခြင်းဖြစ်၏။

ယခု အင်မော်တယ်စွမ်းအင်များကို စုပ်ယူလိုက်သောအခါ တိုက်ရိုက် နိုးထလာခြင်းဖြစ်၏။

မိုဝန်ထျန်းမှာ မှားယွင်းစွာ တွေးထင်နေမိသေး၏။

သူ့ကို ဝင်ပူးလိုသော ဤကောင်က အင်မော်တယ်တစ်ပိုင်းဖြစ်ရန် မဖြစ်နိုင်ချေ။

တကယ့်အင်မော်တယ်အစစ်အမှန် ဖြစ်နိုင်၏။

*ဘဝဆက်တိုင်း ကံဆိုးနေတာပဲ…*

အနက်ရောင်အရိပ်ဝိညာဉ်က လှောင်ရယ် ရယ်လိုက်သည်။

“ဒီအင်မော်တယ်ရဲ့ လက်ရှိဝိညာဉ်အခြေအနေနဲ့ဆိုရင် အင်မော်တယ်ဘုံက ပါရမီရှင်တွေကို ဝင်ပူးချင်ပေမဲ့ မင်းလို အသုံးမကျတဲ့ကောင်ကို ဝင်ပူးဖို့တော့ လုံလောက်တာထက်ကို ပိုနေပါပြီ...”

မိုဝန်ထျန်းက ထိုစကားကို ကြားလိုက်ရသောအခါ လုံးဝ မပျော်တော့ချေ။

*အသုံးမကျတဲ့ကောင်…*

*ဘယ်သူ့ကို ပြောတာလဲ…*

“ရုပ်ဆိုးတဲ့ လိပ်သေပုတ်ကောင်… ခင်ဗျား မျက်လုံးကန်းနေတာလား။ ခင်ဗျားကမှ အသုံးမကျတဲ့ကောင်... ခင်ဗျားတစ်မိသားစုလုံးလည်း အသုံးမကျတဲ့ကောင်တွေပဲ...”

“ဟွန့်... ဒီအင်မော်တယ်က မင်းကို အခုချက်ချင်း ဝင်ပူးတော့မယ်... မင်း ဘယ်လောက်ကြာကြာ အကြောမာနေဦးမလဲ ကြည့်ကြတာပေါ့...”

အနက်ရောင်အရိပ်ဝိညာဉ်က မထီမဲ့မြင် ပြုလိုက်၏။

“မင်းအမေကြီးတော်ပဲ မင်းနဲ့ အသေအကြေ တိုက်မယ်ကွ...”

ဤကဲ့သို့ ငြိမ်ထိုင်နေလျှင် သူ သေချာပေါက် သေရမည်ကို မိုဝန်ထျန်း သိထား၏။

သူက ဤကဲ့သို့ အသေမခံချင်ပေ။

ထို့ကြောင့် သူ၏ဝိညာဉ်မှာ အားနည်းနေကြောင်း သိထားသော်လည်း မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်၍ အနက်ရောင်အရိပ်ဝိညာဉ်ကို တိုက်ခိုက်တော့မည် ဖြစ်သည်။

“ကောင်းပြီ... အခုဒီအင်မော်တယ်က မင်းဝိညာဉ်ကို အရင်မျိုချလိုက်မယ်။ ဒါဆို မင်းခန္ဓာကိုယ်ကိုထဲ ဝင်ပူးရတာ ပိုလွယ်သွားမှာပေါ့...”

ထိုအနက်ရောင်အရိပ်ဝိညာဉ်က ကြီးမားသည့် ဧရာမကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

သူက ဧရာမပါးစပ်ကြီးကို ဟကာ မိုဝန်ထျန်း၏ ဝိညာဉ်ကို မျိုချရန် ပြင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

မိုဝန်ထျန်း၏ သိစိတ်ပင်လယ်ထဲတွင် မျက်လုံးတစ်ဖက်လပ်အဘိုးကြီးတစ်ဦး၏ ဝိညာဉ်က ပေါ်လာသည်။

သေးငယ်သော်လည်း ခမ်းနားကြီးကျယ်သော ဝိညာဉ်စွမ်းအားများ ပါဝင်နေ၏။

သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး “အင်မော်တယ်ဝိညာဉ်လေး တစ်ခုက ဒီနေရာမှာ ရိုင်းစိုင်းရဲတယ်ပေါ့... သေလိုက်စမ်း...”

တစ်မုဟုတ်ချင်းမှာပင်...

ဤမျက်လုံးတစ်ဖက်လပ် အဘိုးကြီးမှာ မိုဝန်ထျန်း၏ သိစိတ်ပင်လယ်ထဲတွင် တောင်ကြီးတစ်လုံးမျှကြီးမားသော အစားကြူးသော နတ်ဘုရားသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ဝိညာဉ်ကို တစ်ကိုက်တည်းဖြင့် မျိုချပစ်လိုက်တော့သည်။

စောစောက အလွန်မောက်မာနေသော အနက်ရောင်အရိပ်ဝိညာဉ်မှာ မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားတော့၏။

သိစိတ်ပင်လယ်ထဲတွင် မိုဝန်ထျန်းမှာ ဤမြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။

အရိပ်၏ ဝိညာဉ်နှင့် နတ်သားရဲအဖြစ် အသွင်ပြောင်းသွားသော ဤမျက်လုံးတစ်ဖက်လပ် အဘိုးအို။

အရိပ်ဝိညာဉ်က သူ့ကို ဝင်ပူးချင်နေသည့် ကောင်ဖြစ်၏။

ဤမျက်လုံးတစ်ဖက်လပ် အဘိုးအိုက သူ၏ အသိစိတ်ပင်လယ်ထဲတွင် တစ်လျှောက်လုံး ပုန်းအောင်းနေခဲ့ပုံရသည်။

*ဒါက ဘယ်ကောင်လဲဟ…*

All Chapters