အခန်း ၂၀၇
Vol. 17 Ch. 207
အခန်း (၂၀၇) အလွန်အားကျမှု၊ ဂနာမငြိမ်ဖြစ်နေသော နှလုံးသား
နတ်ဘုရားသားရဲကြီးက မျက်လုံးတစ်ဖက်လပ် အဘိုးအိုအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး မိုဝန်ထျန်းကို နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ ညီငယ်လေး...”
“အဘိုးကြီး... ခင်ဗျားက ဘယ်သူလဲ...”
မိုဝန်ထျန်းက ထူးဆန်းသော အမူအရာဖြင့် မနေနိုင်ဘဲ မေးလိုက်၏။
မျက်လုံးတစ်ဖက်လပ် အဘိုးအိုက ရယ်မောလိုက်သည်။
“ငါက စန်းလော့အင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်အင်ပါယာလေ...”
“အင်မော်တယ်အင်ပါယာ ဟုတ်လား...”
မိုဝန်ထျန်းမှာ နားမလည်နိုင်ဖြစ်သွားပြီး အင်မော်တယ်အင်ပါယာ၏ စွမ်းအားကို မသိရှာပေ။
“ဒါပေမဲ့ အဘိုးက အင်မော်တယ်လောကကဆိုရင် ဘယ်လိုလုပ် ကျွန်တော့်ရဲ့ သိစိတ်ပင်လယ်ထဲကို ရောက်နေရတာလဲ...”
ဤသည်က မိုဝန်ထျန်း နားမလည်နိုင်ဆုံးသော အချက်ပင် ဖြစ်သည်။
မျက်လုံးတစ်ဖက်လပ် အဘိုးအိုက ခေါင်းခါလိုက်၏။
“ဒါကိုတော့ ငါလည်း မသိဘူး... တစ်နေ့တော့ ငါ စန်းလော့အင်မော်တယ်နယ်မြေမှာ အသတ်ခံလိုက်ရတယ်။ ငါ့ဝိညာဉ် နိုးလာတဲ့အချိန်မှာတော့ မင့်ရဲ့ အသိစိတ်ပင်လယ်ထဲကို ရောက်နေခဲ့ပြီ...”
“ဒါပေမဲ့ မင့်ရဲ့ အရည်အချင်းက အရမ်းကို ညံ့ဖျင်းလွန်းတယ်။ ဆယ်နှစ်ကျော်လောက် မင်းရဲ့ မှော်စွမ်းအင်တွေကို စုပ်ယူခဲ့တာတောင် ငါ့ကို မနိုးထစေနိုင်ခဲ့ဘူး။ ဒီနေ့ မင်းက အင်မော်တယ်စွမ်းအင် အများကြီးကို စုပ်ယူလိုက်လို့သာပေါ့။ မဟုတ်ရင် ငါ ဘယ်လောက်ကြာကြာ ဆက်အိပ်နေရဦးမလဲ မသိဘူး...”
စကားပြောနေရင်းနှင့် မျက်လုံးတစ်ဖက်လပ် အဘိုးအို၏မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာများ ပေါ်လွင်နေ၏။
သိသာထင်ရှားစွာပင် မျက်လုံးတစ်ဖက်လပ် အဘိုးအိုဖြစ်စေ၊ အနက်ရောင်အရိပ် ဝိညာဉ်ဖြစ်စေ သူတို့အားလုံးက အင်မော်တယ်စွမ်းအင်များကို စုပ်ယူပြီးနောက်မှ နိုးထလာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် မိုဝန်ထျန်းက မျက်လုံးတစ်ဖက်လပ် အဘိုးအို၏ စကားကို ကြားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်ပျက်ယွင်းလာတော့၏။
မျက်လုံးတစ်ဖက်လပ်အဘိုးအိုက သူ့ဘာသာသူ ပြောနေသည်။
“ညီငယ်လေး... မင်းက အင်မော်တယ်စွမ်းအင်တွေကို စုပ်ယူထားနိုင်တယ်ဆိုတော့ အထက်ဘုံကို တက်လှမ်းခြင်းအောင်မြင်သွားပြီလား... ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်နဲ့ အရည်အချင်းလောက်နဲ့ကတော့ တစ်သက်လုံး အထက်ဘုံကို တက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့ ထင်တာပဲ။ ဒီလို မဖြစ်သင့်ပါဘူး...”
“တောက်... ငါ ဒီလောက်နှစ်တွေအများကြီး ကျင့်ကြံနေခဲ့တာတောင် ဘာလို့ ချီသန့်စင်ခြင်း ဒုတိယအဆင့်ကို မဖောက်ထွက်နိုင်သေးတာလဲလို့ တွေးနေတာ။ လမ်းဘေးမှာ အသေဆိုးနဲ့သေမယ့် အဘိုးကြီး... ခင်ဗျားကို ကျုပ်သတ်မယ်...”
မိုဝန်ထျန်း၏ မျက်လုံးများ နီရဲသွားပြီး မျက်လုံးတစ်ဖက်လပ် အဘိုးအိုထံသို့ ရူးသွပ်နေသကဲ့သို့ ပြေးဝင်သွားတော့သည်။
မျက်လုံးတစ်ဖက်လပ်အဘိုးအိုက ပြုံးလိုက်ပြီး အလွယ်တကူ ရှောင်တိမ်းလိုက်၏။
“ညီငယ်လေး... ဒီလောက်တောင် ဒေါသမထွက်ပါနဲ့။ မင်း ငါ့ကို ဆရာတင်လိုက်လေ... ငါ မင်းကို အမြင့်ဆုံး အင်မော်တယ်နည်းစနစ်တွေ သင်ပေးရင် မကောင်းဘူးလား...”
“ခင်ဗျားကို အသေသတ်ပစ်မယ်...”
“ညီငယ်လေး... လူတွေကို ဆဲတာ မင်းအမှားပဲ...”
“ဆဲတာမဟုတ်ဘူး... ခင်ဗျားကို အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်...”
သို့သော် သူ၏ တိုက်ခိုက်မှုကို မျက်လုံးတစ်ဖက်လပ် အဘိုးအိုက နောက်တစ်ကြိမ် ရှောင်တိမ်းသွားပြန်၏။
“ညီငယ်လေး... မင်းက အပိုင်းပိုင်းခုတ်ထစ်မယ်ဆိုတော့... ငါ့အသက်အရွယ်နဲ့ ဒါကို ဘယ်လိုလုပ် ခံနိုင်မှာလဲ...”
“သေနာကျအဘိုးကြီး... ခင်ဗျားက တော်တော် အရှက်မရှိတာပဲ... ကျုပ်ရဲ့ သိစိတ်ပင်လယ်ထဲမှာ ခိုးပုန်းပြီး ကျုပ်ရဲ့ မှော်စွမ်းအင်တွေကို ဆယ်နှစ်ကျော်လောက် စားသောက်နေခဲ့တာ။ ဒီဆယ်နှစ်အတွင်း ဘာလုပ်လုပ် အရာမထင်ဘူးလို့ ခံစားနေရတာ အဆန်းတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကျုပ်ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ ခင်ဗျား သိလား။ ဒါတောင် ခင်ဗျားကို ဆရာတင်ခိုင်းချင်သေးတယ် ဟုတ်လား။ ထွီ... လိပ်သေကောင်... အကောင်စုတ်ကြီး...”
မိုဝန်ထျန်း၏ မျက်လုံးများ နီရဲနေပြီး ရူးလုမတတ် ဖြစ်နေတော့၏။
ထို့ပါယဲ့၊ ရုပ်သေးရုပ်အဘွားအိုနှင့် ချင်ဟွမ်ရွှေတို့ကို ယွင်ကျိုးရှိ တားမြစ်နယ်မြေသို့ သွားရန် စီစဉ်ပေးပြီးနောက် ချမ်ချန်ကန်းက ဖေးရှန့်တောင်သို့ ပြန်လာခဲ့သည်။
ယခုတစ်ကြိမ် ယွင်ကျိုးသို့ တာဝန်ထမ်းဆောင်ရန်သွားသော ထို့ပါယဲ့အတွက် ချမ်ချန်ကန်းမှာ အလွန် စိတ်အေးရ၏။
ဘာပဲဖြစ်ဖြစ် ယခုတစ်ကြိမ်တွင် တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်နှစ်ပါး ပါဝင်ပြီး ချင်ဟွမ်ရွှေဆိုလျှင် နယ်မြေအရှင်သခင်အဆင့်ရှိသူပင်ဖြစ်သည်။
အကယ်၍ မတော်တဆ ဖြစ်လာခဲ့လျှင်ဟူသော ချမ်ချန်ကန်း၏ အစီအမံများကို ထည့်မပြောလျှင်ပင် သူတို့ တစ်ယောက်စီတိုင်း၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းရှင်ခြင်းအဆောင် တစ်ခုစီကို ချန်ထားခဲ့ရာ သူတို့ တစ်ယောက်စီတိုင်းအတွက် အသက်နှစ်ချောင်းရှိနေသည်နှင့် အတူတူပင် ဖြစ်၏။
ယခုတစ်ကြိမ်တွင် သူတို့ကို ပေးအပ်ထားသော တာဝန်များကို အောင်မြင်စွာ ပြီးမြောက်နိုင်ပြီး ဟုန်ယီ၊ ရှဲ့ကျီနယ့်နှင့် ဆရာဖြစ်သူ ဖုန်းချီယွင်တို့ကို အောင်မြင်စွာ ကယ်တင်နိုင်မည်ဟု သူ ယုံကြည်ထားသည်။
ချမ်ချန်ကန်းသည် သစ်သားကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း ဆယ့်ရှစ်ထပ်ပါသော စမ်းသပ်ချက် မျှော်စင်ကြီးကိုကြည့်ကာ မျှော်စင်၏ အထပ်တိုင်းတွင် မည်သို့သော စမ်းသပ်မှုများ ထားရှိရမည်ကို စဉ်းစားနေ၏။
အမြီးလေးက သူမ၏ သွားသေးသေးလေးများဖြင့် နတ်သစ်သီးကို ကိုက်ဝါးနေပြီး ချမ်ချန်ကန်းအနားတွင် အဖော်လုပ်ပေးနေသည်။
ပိုင်ယွဲ့မှာမူ ကြိုးကြိုးစားစားကျင့်ကြံနေ၏။
သက်ရှည်ကျောင်းတော်ရှိ အင်မော်တယ်စွမ်းအင်များက အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် အခမ်းနားဆုံးနှင့် အကြွယ်ဝဆုံးဖြစ်ပြီး ဤနေရာတွင် ကျင့်ကြံရသည့် အရှိန်မှာလည်း အမြန်ဆုံးဖြစ်သည်။
ထို့အပြင် ချမ်ချန်ကန်းက အစစ်အမှန်တာအို၏လုပ်ဆောင်ချက်ကိုလည်း သင်ကြားပေးခဲ့ပြီး အားလပ်ချိန်များတွင် ပျင်းရိသောအခါ ပိုင်ယွဲ့ကိုခေါ်၍ ထိုက်ကျိ ကစားလေ့ရှိ၏။
ပိုင်ယွဲ့က ထိုက်ကျိတွင် ပါဝင်သော ယင်နှင့်ယန်၏ အစစ်အမှန်အဓိပ္ပာယ်ကို ခံစားမိပြီးနောက် သူမမှာ အလွန် တုန်လှုပ်သွားတော့သည်။
ဤလက်သီးသိုင်းတွင် ယင်နှင့်ယန်က ညင်သာမှုဖြင့် ပေါင်းစပ်ထားပြီး ညင်သာမှုက ခက်ထန်မှုကို အနိုင်ယူနိုင်စွမ်းရှိရာ ၎င်းကို အမြင့်ဆုံး အင်မော်တယ်နည်းစနစ်ဟုပင် ခေါ်ဆိုနိုင်၏။
ပိုင်ယွဲ့မှာ ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ ဖြစ်သွားပြီး ချမ်ချန်ကန်းက သူမကို သင်ကြားပေးပြီးနောက် နေ့တိုင်းလိုလို သူမ ထိုက်ကျိကို ကစားနေတော့သည်။
ထိုက်ကျိကို ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်မှာ အရင်က တစ်ခါမှ မကြုံဖူးလောက်အောင် ပေါ့ပါးလန်းဆန်းသွားသည်ကို သူမ ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် သူမ၏ ကျင့်စဉ်မှာလည်း ထပ်မံသန့်စင်သွားသည်။
ကျင့်ကြံခြင်းအပိုင်းတွင်လည်း အရှိန်အဟုန်က ပိုမို မြန်ဆန်လာခဲ့၏။
စမ်းသပ်ချက် မျှော်စင်ကြီးထဲတွင် အထပ်များ စီစဉ်ရန် အင်အားများစွာ စိုက်ထုတ်ပြီးနောက် ချမ်ချန်ကန်းက သက်ပြင်းချလိုက်သည်။
“အခုတော့ တပည့်လက်ခံပွဲ စတင်မယ့်အချိန်ကို စောင့်ရုံပဲ...”
ကျူးရှိူ့ဒယ်စောက်မှာ စမ်းသပ်ချက် မျှော်စင်ကြီး၏ ထိပ်ဆုံးတွင် ချိတ်ဆွဲထားပြီး တောက်ပသော အလင်းတန်းများ စီးဆင်းနေကာ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းပြီး အံ့မခန်းဖြစ်စေသော ကောင်းကင်စွမ်းအားများလည်း ထွက်ပေါ်နေ၏။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျင့်ကြံသူများစွာက စမ်းသပ်ချက် မျှော်စင်ကြီး၏ ထိပ်ဆုံးရှိ ကျူးရှိူ့ဒယ်စောက်ကို တိုက်ရိုက် ယူဆောင်သွားချင်ခဲ့ကြသည်။
သို့သော် မည်သည့် ကျင့်ကြံသူကမျှ ကျူးရှိူ့ဒယ်စောက်ကို အောင်မြင်စွာ ယူဆောင်သွားနိုင်ခြင်း မရှိခဲ့ချေ။
လက်ရှိရောက်ရှိနေသော ဤကျင့်ကြံသူများအတွက် ကျူးရှိူ့ဒယ်စောက်ကို တိုက်ရိုက်လုယူရန်မှာ အင်မော်တယ်အဖြစ် တက်လှမ်းခြင်းထက်ပင် ပိုမိုခက်ခဲသည်ဟု ဆိုနိုင်၏။
စမ်းသပ်ချက်မျှော်စင်ကြီး၏ အထပ်များရှိ ကိစ္စများကို အလုပ်ရှုပ်ပြီးနောက် ချမ်ချန်ကန်းမှာ သဘာဝကျကျပင် ငါးဆားနယ်ကဲ့သို့ ပျင်းရိသောဘဝကို ဖြတ်သန်းနေတော့သည်။
အလုပ်မရှိသောအခါ ပြိုင်ဘက်ကင်းနယ်မြေမှတစ်ဆင့် ကျင့်ကြံသူများ၏ ဆွေးနွေးမှုများနှင့် စကားပြောဆိုမှုများကို နားထောင်ပြီး ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲများကိုလည်း စောင့်ကြည့်နေ၏။
ကျင့်ကြံသူများကြားတွင် တိုက်ခိုက်ခြင်းမှာ ပုံမှန်ကိစ္စပင်ဖြစ်သည်။
ရန်စခြင်း၊ ရတနာများလုယက်ခြင်း၊ ရန်ငြိုးရန်စများနှင့် သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ကျင့်ကြံရန် လိုဏ်ဂူတစ်ခု တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခမျိုးစုံတို့ကို တွေ့မြင်ရရာ လောကဓမ္မတာဟုပင် ဆိုနိုင်၏။
တစ်ချိန်တည်းမှာပင် ချမ်ချန်ကန်းက ချင်ဟွမ်ရွှေ၏ စည်းကမ်းချက်များကို သဘောတူထားသည်ကို မမေ့လျော့ဘဲ ချင်ရှို့ဝမ်၏ လုံခြုံရေးကိုလည်း ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
သို့သော် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေရှိ လိုဏ်ဂူတစ်ခုထဲမှ ချင်ရှို့ဝမ်ကို မြင်လိုက်ရသောအခါ သူကိုယ်တိုင်ပင် မနေနိုင်ဘဲ အားကျသွားမိတော့၏။
အင်မော်တယ် ကုတင်ကြီးပေါ်တွင် ပန်းလေးများ၊ ကျောက်စိမ်းလေးများကဲ့သို့ လှပသော မိန်းမပျိုဆယ့်ကိုးယောက် ရှိနေသည်။
*ချင်ရှို့ဝမ်... မင်းရဲ့ ကျောက်ကပ်က ခံနိုင်ရည် ရှိပါ့မလား…*
ယင်ယန်ပူးတွဲကျင့်ကြံခြင်းက အလွန် ပျော်စရာကောင်းလှ၏။
ချင်ရှို့ဝမ်မှာ နူးညံ့သိမ်မွေ့သော အမျိုးသမီးများအလယ်တွင် လုံးဝ နစ်မြောနေပြီး သူ၏လုံခြုံရေးအတွက် ချမ်ချန်ကန်း စိုးရိမ်ပေးရန် မလိုအပ်တော့ချေ။
လိုဏ်ဂူထဲရှိ ချင်ရှို့ဝမ်၏ အံ့မခန်းဖွယ်ဘဝကို မြင်တွေ့ရသောအခါ ချမ်ချန်ကန်းမှာ ဟွာလုံမြို့ရှိ ယန်ယွီမျှော်စင်တွင် သူရှိနေခဲ့သော ညကို မနေနိုင်ဘဲ သတိရသွားမိပြီး ငါးဆားနယ်ကဲ့သို့ ငြိမ်သက်နေသော သူ၏ နှလုံးသားမှာ ဂနာမငြိမ် ဖြစ်လာကာ ရေရွတ်လိုက်၏။
“တောင်ပေါင်းတစ်သိန်းတောင်တန်းအနားမှာ ဖုန်ထျန်းမြို့ဆိုတာရှိတယ် ထင်တယ်။ တပည့်လက်ခံပွဲစဖို့ ရက်အနည်းငယ် လိုသေးတော့ တစ်ညလောက် ဂီတကို သွားနားဆင်ရင် ကောင်းမလား...”
ထို့နောက် ချမ်ချန်ကန်းက ခပ်ဟဟ ပြုံးလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
သွေးသားဆူဖြိုးသော ယောက်ျားကောင်းတစ်ယောက်အနေဖြင့် ဖျော်ဖြေရေးအတွက် ဂီတသွားနားဆင်ခြင်းမှာ သဘာဝကျသည် မဟုတ်ပါလော။
ပန်းလရေမှန်လုပ်ဆောင်ချက်ကို အသုံးပြုလိုက်၏။
ကိုယ်ပွားတစ်ခုပေါ်လာပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို ယူဆောင်ကာ တောင်ပေါ်မှ ဆင်းသွားသည်။
ကိုယ်ပွားက အထူးပြုလုပ်ချက်အပြည့်ကို အသုံးပြု၍ သူ၏ ရုပ်သွင်ကို ပြောင်းလဲကာ ဖျော်ဖြေရေးအတွက် ဂီတသွားနားဆင်မည် ဖြစ်၏။
ဤကိစ္စကို အခြားသူများ မသိစေဘဲ တိတ်တဆိတ် လုပ်ဆောင်ရမည်ဖြစ်သည်။
ယခုတစ်ကြိမ် ပန်းလရေမှန်လုပ်ဆောင်ချက်မှတစ်ဆင့် ဖန်တီးလိုက်သော ကိုယ်ပွားတွင် ရွှေအမြုတေအဆင့်ကျင့်စဉ်ရှိပြီး မမှောင်ခင် ဖုန်ထျန်းမြို့သို့ အရောက်သွားနိုင်စွမ်း အပြည့်အဝရှိ၏။
ကံမကောင်းစွာဖြင့် အထီးကျန်သူတစ်ယောက် ဖြစ်နေ၏။
သူရဲကောင်းတစ်ယောက်ယောက်က သူ့ကို အဖော်ပြုပြီး ဂီတနားဆင်ပေးနိုင်လျှင် အတော်ကောင်းပေမည်။
သက်ပြင်းသာ ချလိုက်တော့သည်။
*ပြိုင်ဘက်ကင်းတဲ့ ငါ့အတွက်တော့ အမြင့်ဆုံးနေရာက အေးစက်လွန်းလှပါတယ်…*
အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏အောက်တွင် ကိုယ်ပွားမှာ ထူးခြားမှုမရှိဘဲ ပုံမှန်ထက် ပို၍ ရိုးရှင်းနေသည့် သာမန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေပုံရ၏။
သူသည် သက်ရှည်ကျောင်းတော်မှ ဆင်းလာကာ တောင်ပေါင်းတစ်သိန်းတောင်တန်းကို ဖြတ်သန်း၍ ဖုန်ထျန်းမြို့ဆီသို့ ဦးတည်သွားတော့သည်။