← Chapters

အခန်း ၂၀၈

Vol. 17 Ch. 208

အခန်း ၂၀၈

Vol. 17 Ch. 208

အခန်း (၂၀၈)မြေးလေး... မင်း အဘိုးနဲ့ အသေအကြေ တိုက်ရဲလား…

တောင်ပေါင်းတစ်သိန်းတောင်တန်း။

မိုဝန်ထျန်းက ရွှေရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး စမ်းသပ်ချက် မျှော်စင်ကြီးဆီသို့ လျှောက်သွားနေ၏။

မျက်လုံးတစ်ဖက်လပ် အဘိုးအို၏ အသံက သူ၏ စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသည်။

မိုဝန်ထျန်းမှာ ထိုအသံကို ကြားရလွန်းသဖြင့် ခေါင်းပင် ပေါက်ကွဲထွက်တော့မည်ဟု ထင်ရ၏။

“လိပ်သေကောင်ကြီး... ခင်ဗျား နည်းနည်းလောက် ပါးစပ်ပိတ်ထားလို့ မရဘူးလား။ ကျုပ်ခေါင်းတွေ ပေါက်ကွဲထွက်တော့မယ်...”

“ညီငယ်လေး... ငါ့ကို ဆရာတင်လိုက်လေ။ အင်မော်တယ်ဖြစ်ဖို့ဆိုတာ အိပ်မက်တစ်ခု မဟုတ်တော့ဘူး...”

“မင်းက ဘာလို့ ဒီတပည့်လက်ခံပွဲကို ဒီလောက်တောင် အစွဲအလမ်း ကြီးနေရတာလဲ။ ဒါက သေးငယ်တဲ့ အောက်ဘုံလေးတစ်ခုပဲလေ။ ပြိုင်ဘက်ကင်းဆရာသခင်ဆိုတာက ဘယ်လောက်များ အစွမ်းထက်နေလို့လဲ။ ငါက စန်းလော့အင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်အင်ပါယာဆိုတာ မင်း သိထားရမယ်။ ငါသာ မသေခဲ့ရင် ဒီကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လက်တစ်ဝါးတည်းနဲ့ ရိုက်ချိုးပြီး ဖျက်ဆီးပစ်လို့ရတယ်။ ဒါတွေက အရမ်း လွယ်ကူတဲ့ ကိစ္စလေးတွေပါ...”

“လိပ်သေကောင်ကြီး... လေလုံးမထွားစမ်းပါနဲ့... ဒီကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လက်တစ်ဝါးတည်းနဲ့ ဖျက်ဆီးပစ်ချင်တယ် ဟုတ်လား။ ယုံမလားတော့ မသိဘူး... ဖေးရှန့်တောင်က ပြိုင်ဘက်ကင်းဆရာသခင်က ခင်ဗျားကို လက်သန်းလေး တစ်ချောင်းတည်းနဲ့ သတ်ပစ်လို့ရတယ်...”

မျက်လုံးတစ်ဖက်လပ် အဘိုးအိုက မထီမဲ့မြင် ပြုလိုက်၏။

“သူ့ကိုယ်သူ ဘာကောင်မှတ်နေလို့လဲ... ငါ့ကို လက်သန်းလေး တစ်ချောင်းတည်းနဲ့ သတ်ပစ်လို့ရတယ်ဟုတ်လား။ မောက်မာလိုက်တာ... ညီငယ်လေး... ယုံမလားတော့မသိဘူး။ မင်းပြောတဲ့ အဲဒီ ပြိုင်ဘက်ကင်း ဆရာသခင်ဆိုတာကောင်က ငါ့ကိုမြင်တာနဲ့ ချက်ချင်း ဒူးထောက်ပြီး သနားညှာတာဖို့ တောင်းပန်လိမ့်မယ်။ ငိုယိုပြီးတော့တောင် ငါ့ကို ဘိုးဘေးလို့ ခေါ်ပြီး တောင်းပန်လောက်တယ်...”

“ငါမယုံဘူး...”

မိုဝန်ထျန်းမှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေ၏။

မျက်လုံးတစ်ဖက်လပ်အဘိုးအို၏ အကူအညီကြောင့် သူ့ကို ဝင်ပူးချင်နေသည့် အနက်ရောင်အရိပ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း မိုဝန်ထျန်းမှာ သူ၏သိစိတ်ပင်လယ်ထဲတွင် သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ကပ်တွယ်နေပြီး သူ၏ မှော်စွမ်းအင်များကို ဆယ်နှစ်ကျော်လောက် မျိုချနေခဲ့သော ဤမျက်လုံးတစ်ဖက်လပ်အဘိုးအိုကို အလွန် ရွံရှာမိသည်။

“ခင်ဗျားလို လိပ်သေကောင်က ဒီလောက်တောင် အစွမ်းထက်နေရင် ဘာလို့ ကျုပ်ရဲ့ သိစိတ်ပင်လယ်ထဲမှာ ဆယ်နှစ်ကျော်လောက် ပုန်းအောင်းနေပြီး ကျုပ်ရဲ့ ခွန်အားတွေကို စုပ်ယူပြီး အသက်ဆက်နေရတာလဲ”

မျက်လုံးတစ်ဖက်လပ် အဘိုးအိုက မိုဝန်ထျန်းကို တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ်...

ရုတ်တရက်...

အဝေးက ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းတစ်ခု တစ်ဟုန်ထိုး ပြေးဝင်လာ၏။

“ဒုက္ခပဲ... ညီငယ်လေး... မင်း အရင်က ရန်စထားတဲ့ အင်မော်တယ်ဘုံက ပါရမီရှင်က မင်းရဲ့ အငွေ့အသက်ကို ခံစားမိသွားပြီ ထင်တယ်...”

သိစိတ်ပင်လယ်ထဲရှိ မျက်လုံးတစ်ဖက်လပ် အဘိုးအို၏ စကားကို ကြားပြီးနောက် မိုဝန်ထျန်းက နှာမှုတ်လိုက်၏။

“လိပ်သေကောင်ကြီး... ခင်ဗျား ကျုပ်ကို လိမ်ချင်နေပြန်ပြီမလား... ကျုပ် ဘာမှမခံစားရပါဘူး...”

“ဟီးဟီး... ခဏနေ အင်မော်တယ်ဘုံက ပါရမီရှင်ရဲ့ လက်ထဲမှာ သေသွားရင် ငါ့ကို အပြစ်မတင်နဲ့နော်...”

မိုဝန်ထျန်းက လေချွန်ရင်း ရှေ့သို့ ဆက်လျှောက်သွားသည်။

အတန်ကြာပြီးနောက် ဆည်ကျိုးပေါက်သွားသော မြစ်ရေပြင်ကဲ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာသည့် အစွမ်းထက်ပြီး ရင်းနှီးနေသော စွမ်းအားလှိုင်းကို မိုဝန်ထျန်း ခံစားလိုက်ရ၏။

ယခုတစ်ကြိမ်တွင်မူ သူက အလွန်ရှင်းလင်းစွာ သတိပြုမိသွားပြီး သူ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

“သေပါပြီ... တကယ်ကြီးပဲ...”

မိုဝန်ထျန်းက ဘာမှပင်မစဉ်းစားတော့ဘဲ လျှို့ဝှက်ရတနာတစ်ခုကို ကမန်းကတန်း ထုတ်ယူကာ ထွက်ပြေးရန် ပြင်လိုက်၏။

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

ဖာထျန်းက ရွှေရောင်အင်မော်တယ်ဓားကို ကိုင်ဆောင်ကာ ပေါ်လာပြီး မိုဝန်ထျန်း၏ လမ်းကို ပိတ်ဆို့လိုက်၏။

သူက ရှေ့ရှိ မိုဝန်ထျန်းကို အေးစက်စွာ ကြည့်လိုက်သည်။

မိုဝန်ထျန်းမှာ မျက်နှာဖုံး တပ်ဆင်ထားသဖြင့် သူ၏ ကျင့်စဉ်အဆင့်ကို အကဲခတ်၍ မရနိုင်ချေ။

ဤသူက အရင်က သူ့ကိုလှည့်စားသွားသော ကောင် ဟုတ်မဟုတ် သူ မသိပေ။

ဤအခိုက်အတန့်တွင် မိုဝန်ထျန်း၏ ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်နေပြီး မျက်လုံးတစ်ဖက်လပ် အဘိုးအိုထံမှ အကူအညီကို ကမန်းကတန်း တောင်းခံလိုက်၏။

သို့သော် သိစိတ်ပင်လယ်ထဲရှိ မျက်လုံးတစ်ဖက်လပ် အဘိုးအိုမှာ အချိန်အတော်ကြာသည်အထိ အသံတိတ်နေသည်။

*ကျစ်... တကယ့်အားကိုးမရတဲ့ အကောင်ကြီးပဲ…*

မိုဝန်ထျန်းက မိမိကိုယ်ကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နှိမ့်ချခြင်း၊ မောက်မာခြင်းမရှိဘဲ ဦးညွှတ်ကာ ပြောလိုက်၏။

“တာအိုရောင်းရင်း... ဘာကိစ္စရှိလို့ ကျုပ်ရဲ့ လမ်းကို ပိတ်ထားရတာလဲ...”

ဖာထျန်းက ဓားကို ကန့်လန့်ဖြတ်ကိုင်ထားပြီး အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်စမ်း...”

မိုဝန်ထျန်းက ခေါင်းညိတ်လိုက်၏။

မျက်နှာဖုံး၏ ထောင့်စွန်းကို လက်ဖြင့် ကိုင်လိုက်ပြီး ချွတ်ရန် ပြင်လိုက်သည်။

သို့သော် သူ ချွတ်တော့မည့်ဆဲဆဲတွင် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ပြောလိုက်၏။

“တာအိုရောင်းရင်း... ခင်ဗျား ချွတ်ခိုင်းတိုင်း ကျုပ်က ချွတ်ပေးရမယ်ဆိုရင် ကျုပ် မျက်နှာမပျက်ပေဘူးလား...”

“ကောင်းပြီလေ... မချွတ်ရင် မင်းကိုငါ သတ်မယ်...”

ဖာထျန်းက မည်သည့် အပိုစကားမျှ မပြောတော့ဘဲ ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်၏။

သူ့ရှေ့တွင် မျက်နှာဖုံးတပ်ဆင်ထားသော သူမှာ သူ့ကို ရန်စခဲ့သည့်ကောင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ချေ။

ဖာထျန်း၏ အမြင်တွင် ကြည့်မရသရွေ့ ထိုသူကို သတ်ပစ်မည်သာဖြစ်သည်။

ထိုအချိန်ရောက်မှ ထိုသူ၏ မျက်နှာဖုံးကို ချွတ်ပြီး သူ သတ်ချင်သည့်သူ ဟုတ်မဟုတ် ကြည့်လိုက်လျှင် ရပြီမဟုတ်ပါလော။

ဖာထျန်းက ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ သတ်ဖြတ်လိုသော အငွေ့အသက်များ လှိမ့်တက်လာ၏။

ကံကောင်းသည်မှာ မိုဝန်ထျန်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

သူက အဆောင်တစ်ခုကို တိတ်တဆိတ် ချေမွပစ်လိုက်၏။

ထိုချက်ချင်းမှာပင် သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာချိန်တွင် မီတာရာပေါင်းများစွာ အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဘုန်း...

ထိုဓားချက်ကို မိုဝန်ထျန်းက ရှောင်တိမ်းသွားနိုင်ပြီး မြေပြင်ပေါ်သို့သာ ခုတ်ပိုင်းမိသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် မြေကြီးအောက်တွင် အံ့မခန်းဖြစ်စေသော ဓားရာပုံသဏ္ဌာန် ချောက်ကမ်းပါးကြီးတစ်ခု တိုက်ရိုက် ဖြစ်ပေါ်သွား၏။

မိုဝန်ထျန်း၏ လက်ထဲတွင် လျှို့ဝှက်ရတနာ ရှိနေ၍သာ တော်တော့သည်။

မဟုတ်လျှင် သူ သေချာပေါက် သေရပေမည်။

“တကယ်ပဲ မင်း ဖြစ်နေတာကိုး...”

ဖာထျန်း၏ မျက်လုံးများက လျှပ်စီးကဲ့သို့ အေးစက်တောက်ပသွားပြီး မိုဝန်ထျန်း ထွက်ပြေးသွားသော ဦးတည်ချက်သို့ ကြည့်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လိုက်လံ ဖမ်းဆီးတော့၏။

ယခုတစ်ကြိမ်တွင်မူ မိုဝန်ထျန်းကို သူ လုံးဝ အလွတ်ပေးမည် မဟုတ်တော့ချေ။

သူ့ကို လှည့်စားရဲမှတော့ ယခုတစ်ကြိမ်တွင် တန်ဖိုးပေးဆပ်ရမည် ဖြစ်သည်။

မိုဝန်ထျန်းမှာ အသက်လု၍ ထွက်ပြေးနေရ၏။

ဖာထျန်းနှင့် ထပ်ဆုံရလောက်အောင် သူ၏ ကံက ဤမျှ ဆိုးရွားလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးခဲ့ချေ။

ဖာထျန်း၏ တိုက်ခိုက်မှုများကို ကြည့်ရသည်မှာ သူ့ကို မသတ်ရမချင်း လုံးဝ လက်လျှော့မည် မဟုတ်ပုံရ၏။

သူ သေချာပေါက် လွတ်အောင် ပြေးရမည်။

အကယ်၍ ဖာထျန်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလျှင် သူ တကယ်ပင် သေချာပေါက် ဇာတ်သိမ်းသွားပေမည်။

သူ့နောက်တွင် ဖာထျန်း၏အရှိန်က အလွန် မြန်ဆန်လှပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက ရိုက်ခတ်လာ၏။

ထိုချက်ချင်းမှာပင် သူ့နောက်ကျောတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်ဖျပ်ခနဲ လင်းလက်သွားပြီး ရွှေရောင် အင်မော်တယ်ဓားက မိုဝန်ထျန်း၏ ဦးရေပြားကို ရှပ်တိုက်သွားသည်ကို တွေ့လိုက်ရသည်။

“သေပါပြီ... ခေါင်းတောင်ပြတ်တော့မလို့...”

ရွှေရောင်အင်မော်တယ်ဓားက မိုဝန်ထျန်းကို ကျော်ဖြတ်သွားပြီး ရှေ့တွင် ကျရောက်သွား၏။

တစ်မုဟုတ်ချင်းမှာပင် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ရွှေရောင် အင်မော်တယ်ဓားက ခမ်းနားကြီးကျယ်သော ဓားတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မိုဝန်ထျန်း၏ လမ်းကို ပိတ်ဆို့လိုက်သည်။

မိုဝန်ထျန်းမှာ ထွက်ပြေးစရာ လမ်းမရှိတော့ဘဲ သူ၏ မျက်နှာမှာ ဖြူရော်သွားတော့၏။

“ဒီတစ်ခါတော့ တကယ်ဇာတ်သိမ်းပြီပဲ...”

ထိုအခိုက်၌ မျက်လုံးတစ်ဖက်လပ် အဘိုးအိုက သိစိတ်ပင်လယ်ထဲမှနေ၍ လှောင်ရယ် ရယ်လိုက်သည်။

“ညီငယ်လေး... မင်း လွတ်အောင်ပြေးလို့ မရတော့ဘူး...”

“သေနာကျမယ့် အဘိုးကြီး... ဒါက အခွင့်ကောင်းပဲ... အဲဒီကောင်ကို သွားပူးလိုက်လေ...”

“အင်မော်တယ်ဘုံက ပါရမီရှင်တွေဆီမှာ ဝှက်ဖဲတွေ အများကြီးရှိတယ်... ငါ သွားပူးရင် ငါ့ကိုယ်ငါ သတ်သေတာနဲ့ အတူတူပဲပေါ့...”

မျက်လုံးတစ်ဖက်လပ် အဘိုးအိုက မိုဝန်ထျန်းကို မျက်လုံးလှန်ပြလိုက်၏။

“ခင်ဗျားက အင်မော်တယ်အင်ပါယာဆို။ အရမ်း မောက်မာနေတာ မဟုတ်ဘူးလား။ ဖေးရှန့်တောင်က ပြိုင်ဘက်ကင်းဆရာသခင်တောင် ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆို။ အဲ့ဒီပြန်လည်ဝင်စားလာတဲ့ အင်မော်တယ်ဘုံက ပါရမီရှင်လောက်ကို ဖြေရှင်းဖို့က လုံလောက်တာထက်တောင် ပိုနေသေးတာ မဟုတ်ဘူးလား...”

“ဟီးဟီး... ညီငယ်လေး... မင်းက ငါ့ကိုမှ မယုံတာ။ငါက ဘာလို့ သူ့ကို ဖြေရှင်းပေးရမှာလဲ...”

မျက်လုံးတစ်ဖက်လပ်အဘိုးအိုက လှောင်ပြုံး ပြုံးလိုက်၏။

မိုဝန်ထျန်းမှာ အလွန်အမင်း ဒေါသထွက်သွားသည်။

“သေနာကျအဘိုးကြီး... ခင်ဗျားက ကျုပ်ရဲ့ သိစိတ်ပင်လယ်ထဲမှာနေပြီး ကျုပ်က ခင်ဗျားကို ဆယ်နှစ်ကျော်လောက် ကျွေးမွေးထားတာ။ အခု ကျုပ်သေတော့မယ့်အချိန်မှာတောင် မကူညီဘူး... ကျေးဇူးကန်းတဲ့ အကောင်ကြီး...”

မျက်လုံးတစ်ဖက်လပ် အဘိုးအိုက ရယ်မောလိုက်၏။

“ညီငယ်လေး... မင်း လောနေပြီ။ ငါ့ကိုအဘိုးလို့ ခေါ်လိုက်လေ... ငါ ကူညီပေးမယ်...”

“အဘိုး... ကယ်ပါဦး...”

မိုဝန်ထျန်းက မည်သည့်တွေဝေမှုမျှမရှိဘဲ ခေါ်လိုက်၏။

“မြေးလေး လိမ္မာတယ်...”

သိစိတ်ပင်လယ်ထဲရှိ မျက်လုံးတစ်ဖက်လပ် အဘိုးအိုက ရယ်မောလိုက်သည်။

မိုဝန်ထျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး တိတ်ဆိတ်နေလိုက်၏။

သူ၏ စိတ်ထဲတွင်မူ မျက်လုံးတစ်ဖက်လပ် အဘိုးအို၏ ဘိုးဘေးဆယ့်ရှစ်ဆက်ကို သွေးအန်လုမတတ် ကျိန်ဆဲနေတော့သည်။

ထိုအချိန်တွင်...

ထိုဖာထျန်းက ရောက်ရှိလာပြီး မိုဝန်ထျန်းကို အေးစက်စွာ ကြည့်လိုက်၏။

“ဒီတစ်ခါတော့ မင်း ဘယ်ပြေးဦးမလဲ ကြည့်ကြတာပေါ့။ မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့။ ဒီတစ်ခါတော့ မင်း အသေဆိုးနဲ့ သေစေရမယ်...”

မိုဝန်ထျန်းမှာ ထိတ်လန့်သွားပြီး မျက်လုံးတစ်ဖက်လပ် အဘိုးအိုကို အမြန် ကူညီရန် တောင်းဆိုလိုက်သည်။

“ချစ်မြေးလေး... စိတ်မပူနဲ့... အဘိုး ရှိနေသရွေ့ မင်း ဘာမှမဖြစ်စေရဘူး...”

စကားပြောနေစဉ်မှာပင်...

မိုဝန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ခမ်းနားကြီးကျယ်လှသော စွမ်းအားတစ်ခုက တဖြည်းဖြည်း မြင့်တက်လာ၏။

သူ့ပတ်ဝန်းကျင်ရှိ အင်မော်တယ်စွမ်းအင်များက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာတော့သည်။

ဤအခိုက်အတန့်တွင် မိုဝန်ထျန်း၏ ချီသန့်စင်ခြင်းအဆင့် ကျင့်စဉ်မှာ တဖြည်းဖြည်း မြင့်တက်လာနေ၏။

မိုဝန်ထျန်းမှာ အံ့အားသင့်သွားသည်။

“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ...”

မျက်လုံးတစ်ဖက်လပ် အဘိုးအိုက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်၏။

“ဒါက ငါ့ရဲ့ နတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ်ပဲ။ နတ်ဝိညာဉ်ကို မင်းရဲ့အသိစိတ်ပင်လယ်နဲ့ ယာယီ ပေါင်းစပ်လိုက်တာပဲ။ တာအိုလမ်းစဉ်ချင်း ကိုက်ညီသွားပြီ။ ဒီနေရာက အင်မော်တယ်စွမ်းအင်တွေကို အားကိုးပြီး မင်းရဲ့ကျင့်စဉ်ကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်အထိ ယာယီ မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရဲ့ စွမ်းအားက အရမ်းကြီးလွန်းတော့ မင်းရဲ့ ခန္ဓာကိုယ်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရဲ့ စွမ်းအားကို အကြာကြီး မခံနိုင်ဘူး။ မင်းလက်ထဲက လျှို့ဝှက်ရတနာတွေကို အားကိုးပြီး သူနဲ့ မြန်မြန် တိုက်တော့။ မဟုတ်ရင် နတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ် ပြီးဆုံးသွားရင် မင်း ဒုက္ခရောက်လိမ့်မယ်...”

မိုဝန်ထျန်းက မျက်လုံးတစ်ဖက်လပ် အဘိုးအို ပြောသည့် ဒုက္ခရောက်မည့် အကြောင်းများကို ဂရုမစိုက်နိုင်တော့ချေ။

ယခုအခါ သူ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

အဆက်မပြတ် စီးဝင်လာသော အင်မော်တယ်စွမ်းအင်များကြောင့် အရင်က တစ်ခါမှ မရဖူးလောက်အောင် အစွမ်းထက်လာသော ခွန်အားများက သူ့ကို လန်းဆန်းတက်ကြွစေပြီး အပြည့်အဝ ကျေနပ်ရောင့်ရဲစေသည်။

“ဒီအဘိုးလို့ ခေါ်လိုက်ရတာတန်သွားပြီ...”

စကားဆုံးသည်နှင့် မိုဝန်ထျန်းက လျှို့ဝှက်ရတနာ အင်မော်တယ်ဓား တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်သို့ ချိန်ရွယ်ကာ အော်ဟစ်လိုက်၏။

“မြေးလေး... မင်းအဘိုးနဲ့ အသေအကြေ တိုက်ရဲလား...”

All Chapters