← Chapters

အခန်း ၂၁၀

Vol. 18 Ch. 210

အခန်း ၂၁၀

Vol. 18 Ch. 210

အခန်း (၂၁၀) အစ်ကိုကျန်း၊ ချမ်ချန်ကန်းက ငါ့အဖေပဲ...

ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့၏ အကြိတ်အနယ် တိုက်ပွဲအတွက်မူ မိုဝန်ထျန်း ဂရုမစိုက်နိုင်တော့ချေ။

သေချာပေါက်ပင် ဖာထျန်းနှင့် ချင်ရှို့ဝမ်တို့၏ တိုက်ပွဲတွင် ချင်ရှို့ဝမ်အနိုင်ရပြီး ဖာထျန်းကိုပါ သတ်ပစ်နိုင်မည်ဟု သူ မျှော်လင့်နေဆဲ ဖြစ်သည်။

သို့သော် တိုက်ပွဲအခြေအနေကို ကြည့်ရသည်မှာ ချင်ရှို့ဝမ်အနေဖြင့် ဖာထျန်းကို သတ်ရန် မလွယ်ကူလှချေ။

“ခွေးမသားဖာထျန်း... မင်း မှတ်ထား... တစ်နေ့ကျရင် မင်းကို သေချာပေါက် သတ်ပစ်မယ်...”

*ဒီတစ်ခါ မသေရင်တော့ လွတ်အောင်တော့ ပြေးရမယ်…*

ကုသဆေးလုံးတစ်လုံးသောက်ပြီးနောက် မိုဝန်ထျန်းမှာ လှုပ်ရှားနိုင်သွားပြီး ချက်ချင်းပင် ထွက်ပြေးတော့၏။

တောင်ကုန်းအနည်းငယ်ကို ကျော်ဖြတ်ပြီးနောက် မိုဝန်ထျန်း၏ မျက်နှာမှာ ပို၍ ဖြူရော်လာသည်။

ဒဏ်ရာများ သက်သာလာမှုက အလွန် နှေးကွေးလှပြီး သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည့်အလား အပြင်းအထန် နာကျင်နေ၏။

ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် ခွေခွေလေး လဲကျသွားပြီး အမောတကော အသက်ရှူနေရသည်။

သိစိတ်ပင်လယ်ထဲမှနေ၍ မျက်စိတစ်ဖက်လပ် အဘိုးအို၏အသံက ထွက်ပေါ်လာ၏။

“နတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးတဲ့နောက်မှာ ငါ့ရဲ့ စွမ်းအင်တွေ အတော်လေး ကုန်ခန်းသွားတယ်။ ရက်အနည်းငယ်လောက် အိပ်စက်အနားယူဖို့ လိုတယ်။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကလည်း အခု နတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရတယ်။ ပုန်းအောင်းဖို့ နေရာတစ်ခုရှာပြီး သေချာ ကျင့်ကြံအနားယူလိုက်ပါ။ နောက်ထပ် အန္တရာယ်ကြုံလာရင်တောင် ငါ အိပ်ပျော်နေမှာမို့လို့ ဤရက်ပိုင်းအတွင်း မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး...”

စကားဆုံးသည်နှင့် မျက်စ်တစ်ဖက်လပ် အဘိုးအို၏ အသံ ပျောက်ကွယ်သွားတော့သည်။

“ငါ့ခန္ဓာကိုယ်က နာကျင်လွန်းလို့ လှုပ်တောင် မလှုပ်နိုင်တော့တာ... ဘယ်သွားပုန်းရမလဲ...”

မိုဝန်ထျန်းမှာ အလွန်အမင်း အကူအညီမဲ့နေပြီး ဒဏ်ရာများကို ကုသရန် ဆေးများ ဆက်သောက်နေရုံမှလွဲ၍ အခြား မရှိတော့ချေ။

ထိုအချိန်တွင်...

ထူးခြားမှုမရှိသော သာမန်ဆန်သည့် လူငယ်တစ်ဦးက ဖြတ်လျှောက်သွားသည်ကို မိုဝန်ထျန်း မြင်လိုက်ရ၏။

သူ့မျက်လုံးများ တောက်ပသွားပြီး ကမန်းကတန်း လှမ်းတားလိုက်သည်။

“တာအိုရောင်းရင်း... ခဏလောက် နေပါဦး...”

ပြိုင်ဘက်ကင်းနယ်မြေ၏ အရှင်သခင်ဖြစ်သူ ချမ်ချန်ကန်းမှာ ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့၏ တိုက်ပွဲကို သဘာဝကျကျပင် သတိပြုမိခဲ့သည်။

သို့သော် ဖာထျန်းနှင့် ချင်ရှို့ဝမ်တို့ နှစ်ယောက်စလုံးက အင်မော်တယ်ဘုံမှ ပါရမီရှင်များ ဖြစ်ကြပြီး တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသဖြင့် ချင်ဟွမ်ရွှေ၏ စည်းကမ်းချက်များအရ ချမ်ချန်ကန်းအနေဖြင့် ချင်ရှို့ဝမ်ကို ကူညီပေးရန် မလိုအပ်ချေ။

ဖာထျန်းနှင့် ချင်ရှို့ဝမ်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေရင်းနှင့်ပင် သူက အာရုံတစ်ပိုင်း ထားရှိခဲ့၏။

လမ်းဆက်လျှောက်ရင်း ဖုန်ထျန်းမြို့ဆီသို့ ဦးတည်သွားနေသည်။

သို့သော် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်၏ အောက်တွင် ထူးခြားမှုမရှိသော သူ၏ သာမန်ကိုယ်ပွားလေးကို လူတစ်ယောက်က ရုတ်တရက် လှမ်းတားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေးဟောင်း သစ်ပင်ကြီးအောက်တွင် ထိုင်နေသော အပြင်းအထန် ဒဏ်ရာရနေသည့် လူငယ်လေး မိုဝန်ထျန်းကို ကြည့်လိုက်၏။

မိုဝန်ထျန်းနှင့် ဖာထျန်းတို့၏ တိုက်ပွဲကို ချမ်ချန်ကန်း သိထားပြီး ဖြစ်သည်။

သေချာပေါက်ပင် သူက ပွဲကြည့်ပရိသတ်သက်သက်သာ ဖြစ်၏။

မူလက ချမ်ချန်ကန်းမှာ မိုဝန်ထျန်းက ဖာထျန်း၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ချင်ရှို့ဝမ်က ရုတ်တရက် ဝင်ရောက် နှောင့်ယှက်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

၎င်းက ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့ကို တိုက်ပွဲဖြစ်ပွားစေခဲ့၏။

မိုဝန်ထျန်းကို သေဘေးမှ လွတ်မြောက်သွားစေခဲ့သည်။

ဝန်ခံရမည်ဆိုလျှင်...

မိုဝန်ထျန်း၏ ကံက အမှန်တကယ် ကောင်းမွန်လှ၏။

သူက ပြုံးလိုက်ပြီး မိုဝန်ထျန်းကို မေးလိုက်သည်။

“တာအိုရောင်းရင်း... ကျုပ်ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ...”

မိုဝန်ထျန်း၏ မျက်နှာမှာ အလွန် ဖြူရော်နေ၏။

ဆေးများစွာ သောက်ထားသော်လည်း သူ၏ ဒဏ်ရာများကို မသက်သာစေနိုင်သေးချေ။

ဤသည်က ဖာထျန်း၏ ပြင်းထန်သော လက်သီးချက်ကို ခံလိုက်ရခြင်းကြောင့်သာ မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ မျက်စိတစ်ဖက်လပ် အဘိုးအိုက သူ့အတွက် အသုံးပြုပေးခဲ့သော နတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ်၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်သည်။

ယခု သူကိုယ်တိုင် မလှုပ်ရှားနိုင်တော့ချေ။

သူ့ကို ကူညီပြီး ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးမည့်သူ တစ်ယောက်ကိုရှာရမည် ဖြစ်၏။

မိုဝန်ထျန်းက ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်ယူလိုက်သည်။

“တာအိုရောင်းရင်း... ကျုပ်ကို ဘေးကင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးပါ။ ဒီဝိညာဉ်ကျောက်တုံးတွေက ခင်ဗျားအတွက်ပဲ...”

ချမ်ချန်ကန်းက မျက်မှောင်ကြုတ်သွား၏။

သူ့ကို အလုပ်ခိုင်းဖို့အတွက် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုလာခြင်းက ဤသည်က ပထမဆုံးအကြိမ်ပင်ဖြစ်၏။

ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး တစ်ရာဆိုလျှင်တော့ တစ်မျိုးပေါ့။

ချမ်ချန်ကန်းက ခေါင်းခါလိုက်၏။

“စိတ်မဝင်စားဘူး...”

ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ မိုဝန်ထျန်းမှာ အလွန်ဒေါသထွက်သွားသည်။

*ဘာကို စိတ်မဝင်စားတာလဲ…*

*ဒါက ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာလေ…*

အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ သို့မဟုတ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး မဟုတ်ဘဲ ထိပ်တန်းအဆင့်ဖြစ်သည်။

*ရိုးရိုးသာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ မင်းက ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာကိုတောင် အထင်သေးနေတာလား…*

ချမ်ချန်ကန်းက လှည့်၍ ထွက်သွားရန် ပြင်လိုက်၏။

ထိုအခါ မိုဝန်ထျန်းက ကမန်းကတန်း လှမ်းတားလိုက်သည်။

ဖာထျန်းနှင့် ချင်ရှို့ဝမ်တို့ ဘယ်လောက်ကြာကြာ တိုက်ခိုက်ကြမည်ကို မည်သူသိမည်နည်း။

အကယ်၍ သူတို့ ဆက်မတိုက်ကြတော့ဘဲ ဖာထျန်းက သူ့နောက်ကို လိုက်လာလျှင် သူ ချက်ချင်း အသတ်ခံရမည်ဖြစ်၏။

“တာအိုရောင်းရင်း... ပြောစရာရှိရင်လည်း ပြောပါ... ကျုပ်ကို ဘေးကင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးဖို့ပဲ လိုတာပါ။ ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုချင်လဲ။ ဈေးသာ ခေါ်လိုက်ပါ။ လူချင်းဆုံတွေ့ရတာ ရေစက်ပါပဲ။ ညှိနှိုင်းလို့ မရစရာ အကြောင်းမရှိပါဘူး...”

“ပြီးတော့ တာအိုရောင်းရင်း ကျုပ်ကို တစ်ခေါက်လောက် လိုက်ပို့ပေးရုံနဲ့ ဝိညာဉ်ကျောက်တုံး အများကြီးရမှာပဲလေ... မတန်ဘူးလား...”

“လုံးဝမတန်ဘူး...”

ချမ်ချန်ကန်းက စိတ်မဝင်စားဘဲ ချက်ချင်း ထွက်သွားရန် ပြင်လိုက်၏။

“တာအိုရောင်းရင်း... ခဏလောက် နေပါဦး...”

ချမ်ချန်ကန်း ထွက်သွားတော့မည်ကို မြင်သောအခါ မိုဝန်ထျန်းမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။

*ဒီပတ်ဝန်းကျင်မှာ တခြားကျင့်ကြံသူ တစ်ယောက်မှ မရှိဘူးလေ…*

ချမ်ချန်ကန်းသာ ထွက်သွားရင် သူက ဘယ်သူ့ဆီ အကူအညီ တောင်းရမည်နည်း။

ဆုံးဖြတ်ချက် တစ်ခုချလိုက်သည့်ဟန်ဖြင့် မိုဝန်ထျန်းက သက်ပြင်းချလိုက်၏။

“တာအိုရောင်းရင်း... ကမ္ဘာတိုင်းမှာ ပြိုင်ဘက်ကင်းသူလို့ နာမည်ကြီးပြီး ဖေးရှန့်တောင်မှာ ကျင့်ကြံနေတဲ့ ပြိုင်ဘက်ကင်း ဆရာသခင် ချမ်ချန်ကန်းနဲ့ ကျုပ်နဲ့ ဘယ်လိုပတ်သက်လဲဆိုတာ ခင်ဗျား သိလား...”

“ပွင့်ပွင့်လင်းလင်း ပြောရရင်... အမှန်တော့ သူက ကျုပ်အဖေလေ...”

ချမ်ချန်ကန်းက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မိုဝန်ထျန်းကို ကျောခိုင်းလျက် ရပ်နေ၏။

မိုဝန်ထျန်းမှာ ဂုဏ်ယူဝင့်ကြွားသွားသည်။

*ညီလေး...ဒီတောင်ပေါင်းတစ်သိန်းတောင်တန်းထဲမှာ ပြိုင်ဘက်ကင်းဆရာသခင်ရဲ့ နာမည်နဲ့ မင်းကို လှည့်စားလို့မရဘူးဆိုတာ ငါ မယုံဘူး..*

*သူ့ကိုအဖေအဖြစ် အသိအမှတ်ပြုလိုက်တာ မှန်သွားပြီ... ဒီကောင်သာ ငါ့ကို ဘေးကင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးလိုက်ရင် သူ့ကို ဆုချပေးလိုက်မယ်…*

မိုဝန်ထျန်းက အလွန် ဉာဏ်ကောင်းသည်ဟု ဆိုရမည်။

အကယ်၍ အခြား ကျင့်ကြံသူ တစ်ယောက်သာဆိုလျှင် မယုံကြည်လျှင်တောင်မှ အနည်းငယ်တော့ သံသယ ဝင်သွားပေလိမ့်မည်။

ထို့နောက် မိုဝန်ထျန်းက လျှို့ဝှက်ရတနာ အနည်းငယ်ကို ထပ်မံထုတ်ယူလိုက်၏။

ဤလျှို့ဝှက်ရတနာများအားလုံးက အင်မော်တယ်လက်နက်များဖြစ်ကြောင်း မျက်စိတစ်ဖက်လပ် အဘိုးအိုထံမှ မိုဝန်ထျန်း သိထားပြီး ဖြစ်သည်။

သူက လျှို့ဝှက်ရတနာ အနည်းငယ်ကို ထုတ်ပြလိုက်သောအခါ ချမ်ချန်ကန်းအနေဖြင့် သူ့စကားကို မယုံကြည်ဘဲ မနေနိုင်လောက်ဟု မိုဝန်ထျန်း ယုံကြည်ထား၏။

ဘာပဲဖြစ်ဖြစ် ဖေးရှန့်တောင်မှ ပြိုင်ဘက်ကင်း ဆရာသခင်ကလွဲရင် တခြားဘယ်သူက ဤမျှများပြားသော လျှို့ဝှက်ရတနာများကို ထုတ်ပြနိုင်မည်နည်း။

“တာအိုရောင်းရင်း... အဲဒီပြိုင်ဘက်ကင်း ဆရာသခင်မှာ မင်းလို သားတစ်ယောက်ရှိတယ်ဆိုတာ သေချာလား...”

ချမ်ချန်ကန်းက ခံစားချက်မဲ့သော မျက်နှာဖြင့် လှည့်၍ မေးလိုက်၏။

သို့သော် မိုဝန်ထျန်းက ခပ်ဟဟ ပြုံးလိုက်ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်ရတနာ အပိုင်းအစများ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။

လျှို့ဝှက်ရတနာများမှ အင်မော်တယ်အလင်းတန်း အမျိုးမျိုး တောက်ပနေပြီး အံ့မခန်းဖြစ်စေသော စွမ်းအားလှိုင်းများ စီးဆင်းနေ၏။

အခြား ကျင့်ကြံသူများကိုသာ ပြောင်းလဲလိုက်လျှင် ဤလျှို့ဝှက်ရတနာများကို မြင်သည်နှင့် သေချာပေါက် မှင်တက်သွားပေလိမ့်မည်။

“တာအိုရောင်းရင်း... ဒါတွေအားလုံးကို ကျုပ်အဖေက ပေးထားတာတွေပဲ။ တစ်နှစ်ကို တစ်ခုပေါ့။ ဒီနှစ် ကျုပ်အသက်က ဆယ့်ခြောက်နှစ်ဆိုတော့ အင်မော်တယ်လက်နက်ဆယ့်ခြောက်ခု ရှိတာပေါ့...”

“ကျုပ်ကို ပြောစမ်းပါဦး... ကျုပ်အဖေကလွဲရင် ဘယ်သူကများ ဒီလောက်များတဲ့ လျှို့ဝှက်ရတနာတွေကို ထုတ်ပေးနိုင်ဦးမှာလဲ...”

ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွား၏။

*ဒီအဖေဆိုတဲ့ အသံက တကယ်ကို ချောမွေ့နေတာပဲ။ ငါကိုယ်တိုင်သာ မဟုတ်ရင် တကယ် ယုံသွားလောက်တယ်…*

မိုဝန်ထျန်းက လက်ကို ဝှေ့ယမ်းကာ လျှို့ဝှက်ရတနာများ အားလုံးကို ပြန်လည် သိမ်းဆည်းလိုက်သည်။

စည်းစိမ်ချမ်းသာများကို အလွယ်တကူ ထုတ်မပြသင့်ကြောင်း သူ နားလည်ထားဆဲ ဖြစ်၏။

ပိုမိုသန်မာသော ကျင့်ကြံသူတစ်ဦးနှင့်သာ တွေ့လျှင် ဤလျှို့ဝှက်ရတနာများကို ဤကဲ့သို့ ကြွားဝါရဲမည် မဟုတ်ချေ။

“တာအိုရောင်းရင်း... ကျုပ်ကို တစ်ခေါက်လောက် လိုက်ပို့ပေးရုံနဲ့ ကျုပ်နဲ့ အကျွမ်းတဝင်ရှိသွားပြီပဲလေ... ဒါနဲ့ တာအိုရောင်းရင်းကို ဘယ်လို ခေါ်ရမလဲ...”

“ကျန်းရှောင်ပိုင် လို့ခေါ်တယ်...”

“ကျုပ်နာမည်က မိုဝန်ထျန်းပါ... တာအိုမိတ်ဆွေက ကျုပ်ထက် အသက်ကြီးပုံရတော့ အစ်ကိုကြီးကျန်းလို့ပဲ ခေါ်ပါရစေ...”

“အခု ကျုပ်အဖေက ဖေးရှန့်တောင်မှာ တံခါးပိတ် ကျင့်ကြံနေတော့ ကျုပ် ဒုက္ခရောက်နေတာကို သူ မသိလောက်ဘူး။ အကယ်၍ အစ်ကိုကြီးကျန်းကသာ ကျုပ်ကို ကယ်ပေးဖို့ ဆန္ဒရှိရင် ပြန်ရောက်တဲ့အခါ ကျုပ်အဖေဆီမှာ ခင်ဗျားအတွက် စကားကောင်း ပြောပေးပြီး ခင်ဗျားကို တပည့်အဖြစ် လက်ခံခိုင်းလိုက်မယ်။ ခင်ဗျားမှာ ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းပဲ ရှိသေးတယ်ဆိုပေမဲ့ အနာဂတ်မှာ ဆရာသခင် တစ်ယောက်ဖြစ်လာဖို့ဆိုတာ အာမခံနိုင်တယ်... အင်မော်တယ်ဖြစ်လာဖို့ဆိုတာလည်း အိပ်မက်တစ်ခု မဟုတ်တော့ဘူး...”

ချမ်ချန်ကန်းက မိုဝန်ထျန်း၏ လှည့်စားမှုကြီးကို နားထောင်နေလိုက်၏။

ကံမကောင်းစွာဖြင့် ချမ်ချန်ကန်းတွင် ကိုယ်ပိုင်စနစ်ရှိပြီး သူ့ကို လှည့်စား၍ မရနိုင်ချေ။

ဝန်ခံရမည်ဆိုလျှင် မိုဝန်ထျန်းကဲ့သို့ အရှက်မရှိသည့် လူတစ်ယောက်က ဝူမင်နှင့် ယှဉ်ပြိုင်နေသည်ကို မြင်ရသည်မှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှ၏။

ချမ်ချန်ကန်းက သူနှင့်အတူ လိုက်ပါကစားရန် ဆုံးဖြတ်လိုက်သည်။

ချမ်ချန်ကန်းက ပြုံး၍ ဦးညွှတ်လိုက်၏。

“တာအိုရောင်းရင်းက အစ်ကိုကြီးကျန်းလို့ ခေါ်မှတော့ ကျုပ်ကလည်း တာအိုရောင်းရင်းကို ညီလေးမိုလို့ပဲ ခေါ်ပါရစေ...”

မိုဝန်ထျန်းမှာ အလွန် ဝမ်းသာသွားသည်။

*ကယ်မယ့်သူ ပေါ်လာပြီပဲ…*

သူက ကမန်းကတန်း ဦးညွှတ်လိုက်ပြီး “ညီလေးမိုက အစ်ကိုကြီးကျန်းကို ဂါရဝပြုပါတယ်...”

“အစ်ကိုကြီးကျန်းက အခုဘယ်ကို သွားမလို့လဲ မသိဘူး...”

သူက မေးလိုက်၏။

“ငါ တောင်ပေါ်မှာ နေလာတာ အတန်ကြာပြီဆိုတော့ ဒီနေ့ နည်းနည်း လန်းဆန်းသွားအောင် ဖုန်ထျန်းမြို့ကို ဂီတသွားနားဆင်ပြီး အပန်းဖြေမလို့။ ညီလေးမိုရော အတူတူသွားမလား...”

မိုဝန်ထျန်း၏ မျက်လုံးများ တောက်ပသွား၏။

“ဂီတနားဆင်ပြီး အပန်းဖြေမယ် ဟုတ်လား။ ဒီကိစ္စကို ညီလေးမိုက ကျွမ်းကျင်တာပေါ့။ သွားရမှာပေါ့... သေချာပေါက် သွားရမှာပေါ့...”

ယခုအခါ တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ ပြဿနာများဖြင့် ရှုပ်ထွေးနေပြီး ဆက်နေရန် မဖြစ်နိုင်တော့ချေ။

တပည့်လက်ခံပွဲ စတင်ရန် လေးငါးရက် လိုသေးသည်ဖြစ်ရာ ဖုန်ထျန်းမြို့သို့ အရင် သွားလိုက်မည်။

ဖာထျန်းအနေဖြင့် သူ ဖုန်ထျန်းမြို့သို့ ပြန်သွားမည်ကို အိပ်မက်ထဲတွင်ပင် ထင်မှတ်ထားမည် မဟုတ်ပေ။

သို့သော် ဤရက်ပိုင်းအတွင်း အင်မော်တယ်နယ်မြေတွင် မကျင့်ကြံနိုင်တော့သည်မှာ နှမြောစရာပင်။

မိုဝန်ထျန်း၏ မျက်နှာမှာ ဖြူရော်နေပြီး ရှေးဟောင်းသစ်ပင်ကြီးအောက်မှ ခက်ခက်ခဲခဲ ထရပ်လိုက်၏。

“အစ်ကိုကြီးကျန်း... ညီလေးမိုကို ကူညီပါဦး...”

All Chapters