← Chapters

အခန်း ၂၁၂

Vol. 18 Ch. 212

အခန်း ၂၁၂

Vol. 18 Ch. 212

အခန်း (၂၁၂)အဆုံးစွန်ထိ ဖော်လံဖားလျှင် အရာအားလုံး ရရှိမည်ဖြစ်၏

လူအများ၏ မျက်မှောက်တွင်ပင် ဝူမင်သည် အသတ်ခံလိုက်ရပြီးနောက် ပြန်လည် ရှင်သန်လာခဲ့၏။

ထိုနေရာ၌ရှိနေကြသော အင်မော်တယ်များက ယုံနိုင်စရာ မရှိဟု ခံစားနေရလျှင်ပင် အမှန်တကယ် ဖြစ်ပျက်သွားခဲ့ပြီဖြစ်ကြောင်း ယခုအခိုက်အတန့်၌ သူတို့အားလုံး သိရှိလိုက်ကြသည်။

ဤမြင်ကွင်းက အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။

အမှန်တကယ်တော့ ဤဝူမင်က လိမ်ညာနေခြင်း မဟုတ်ချေ။

ဤအရာအားလုံးမှာ အမှန်တကယ်ပင် ဖြစ်သည်။

ရှိနေကြသည့် အင်မော်တယ်များ၏ မျက်နှာအမူအရာများမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။

တုန်လှုပ်သွားသူများ၊ စိတ်လှုပ်ရှားသွားသူများ၊ မယုံနိုင်ဖြစ်နေသူများနှင့် အကြောက်လွန်သွားသူများပင်ပါဝင်၏။

ဟွမ်ဖူယိသောက်အပါအဝင် ဟွမ်ဖူမိသားစုမှ အင်မော်တယ်များပင်လျှင် ဤမြင်ကွင်းကြောင့် အလွန်တရာ အံ့အားသင့် တုန်လှုပ်သွားကြပြီး စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။

လင်းပေါင်အာနှင့် မိန်နျင်တို့က ထိုအင်မော်တယ်များ၏ အမူအရာများကို မြင်တွေ့လိုက်ရသောအခါ သက်ပြင်းချနိုင်သွားကြသည်။

လက်ရှိအခြေအနေအရ ဝူမင် ပြန်လည်ရှင်သန်လာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီးနောက် ဤအင်မော်တယ်များက တာအိုစည်းချက် ပစ္စည်းများကို လွယ်လွယ်ကူကူ လုယူရဲတော့မည် မဟုတ်ကြောင်း သူတို့ သိလိုက်ကြ၏။

ဝူမင်က ဂုဏ်ယူဝင့်ကြွားနေပြီး အလွန်တရာ မောက်မာနေသည့် ပုံပေါ်နေသည်။

“အမိတ္တဘ… သေလူကို ပြန်ရှင်စေတဲ့ နည်းစနစ်ကို မင်းတို့ မြင်တွေ့ပြီးသွားပြီဆိုတော့ ဒီဆင်းရဲသားဘုန်းကြီးက မင်းတို့ကို မလိမ်ညာခဲ့ဘူးဆိုတာ သိလောက်ပြီပေါ့...”

“ဒီတာအိုစည်းချက်ပစ္စည်းတွေ အားလုံးက ဒီမှာရှိတယ်။ မင်းတို့ သေရမှာကို မကြောက်ဘူးဆိုရင် လာယူလှည့်ပေါ့...”

တာအိုစည်းချက် ပစ္စည်းတစ်ခုစီတိုင်းမှ တောက်ပသော တာအိုအလင်းတန်းများ စီးဆင်းနေပြီး ထွက်ပေါ်လာသော တာအိုစည်းချက် အငွေ့အသက်များက ကြီးမြတ်ခမ်းနားကာ သန့်စင်လှ၏။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ အင်မော်တယ်များက အမှန်တကယ်ပင် ချီတုံချတုံ ဖြစ်နေကြသည်။

ဝူမင် ပြန်လည်ရှင်သန်လာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီးနောက် ဝူမင်ပြောနေသည့် အရှင်သခင်ကို တစ်ခါမျှ မမြင်ဖူးဘဲ နာမည်ကိုသာ ကြားဖူးလျှင်ပင် ဤအင်မော်တယ်များကို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။

မဆင်မခြင် လှုပ်ရှားရန် မဝံ့မရဲဖြစ်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ သေဆုံးသူကို ပြန်လည်ရှင်သန်စေနိုင်သည့် နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြစ်စေ၊ ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများစွာကို တစ်ပြိုင်နက်တည်း ထုတ်ယူနိုင်ခြင်းဖြစ်စေ အလွန်အံ့မခန်းပင် ဖြစ်သည်။

ထို့ပြင် ထိုဝူမင်က လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက ရှမီအင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်ဖြစ်ခဲ့သေးသည်။

ဤအချက်အလက် အားလုံးကို ထောက်ရှုကြည့်လျှင် ထိုအမည်မသိ အရှင်သခင်၏ ကြောက်မက်ဖွယ်ကောင်းမှုက အလွန်တရာ ကြီးမားကြောင်း သိသာထင်ရှားနေ၏။

ဝူမင်က ထိုအင်မော်တယ်များကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုတာအိုစည်းချက်ပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်၏။

မည်သည့်အင်မော်တယ်မှ ရှေ့သို့ထွက်၍ လုယူရန် မဝံ့ရဲကြသေးပေ။

ဝူမင်က လက်အုပ်ကို ချီလိုက်ရာ သူ၏ မျက်နှာပေါ်မှ ဂုဏ်ယူဝင့်ကြွားပြီး မောက်မာနေသည့် အမူအရာများ ပျောက်ကွယ်သွားသည်။

သူ့တစ်ကိုယ်လုံးက တည်ကြည်လေးနက်သည့် အသွင်သို့ ပြောင်းလဲသွား၏။

“အမိတ္တဘ... ဒီတာအိုစည်းချက် ပစ္စည်းတွေထဲက တစ်ခုနှစ်ခုကို ချန်လှပ်ထားပြီး ကျန်တဲ့တာအိုစည်းချက် ပစ္စည်းအများစုကို လေလံတင်ဖို့အတွက် ဟွမ်ဖူမိသားစုကို လွှဲပြောင်းပေးရလိမ့်မယ်...”

“မင်းတို့ ဒီတာအိုစည်းချက်ပစ္စည်းတွေကို လိုချင်တယ်ဆိုရင်တော့ လေလံပွဲမှာသွားပြီး လေလံဆွဲကြပေါ့...”

ဝူမင်၏ စကားကို ကြားသောအခါ အင်မော်တယ်များ၏ မျက်လုံးများထဲတွင် မသေချာ မရေရာသော အလင်းတန်းများ တဖျပ်ဖျပ် တောက်ပသွားပြီး သူတို့ ဘာတွေးနေကြမှန်း မသိနိုင်ချေ။

ဝူမင်က ဆက်ပြောလိုက်၏။

“မင်းတို့ ဘာသာမင်းတို့ အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတာအိုစည်းချက်ပစ္စည်းတွေက အစပဲ ရှိပါသေးတယ်။ နောက်ပိုင်းကျရင် သခင်က လေလံတင်ဖို့ တာအိုစည်းချက် ပစ္စည်းတွေ အများကြီး ထပ်ယူလာပေးဦးမှာပါ...”

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်များမှာ တုန်လှုပ်သွားကြပြီး မယုံနိုင်အောင် ဖြစ်သွားကြသည်။

မျှော်လင့်မထားသည့်တိုင်အောင် ဝူမင်၏သခင်ထံတွင် ဤတာအိုစည်းချက် ပစ္စည်းများအပြင် အခြားပစ္စည်းများ ရှိနေသေးသည်တဲ့လား။

အကယ်၍ ဤအရာက အမှန်သာဆိုလျှင် ဝူမင်၏သခင်က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

“တာအိုစည်းချက်ပစ္စည်းတွေက အလွန်တရာ အဖိုးတန်တယ်။ အထူးသဖြင့် ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းတွေဆိုရင် ပိုဆိုးသေးတယ်။ အင်မော်တယ်လမ်းစဉ်က သူတော်စင်တွေတောင်မှ တာအိုစည်းချက် ပစ္စည်းတွေ ဒီလောက်အများကြီး ထုတ်မပေးနိုင်ဘူး။ မင်းပြောတာကို ငါ မယုံဘူး...”

“ဟုတ်တယ်... ဒီဟာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“တာအိုစည်းချက်ပစ္စည်းတွေက လမ်းဘေးက ဟင်းသီးဟင်းရွက်တွေလို့များ ထင်နေတာလား...”

ဝူမင်က နှာခေါင်းရှုံ့လိုက်၏။

“ယုံတာမယုံတာက မင်းတို့ကိစ္စပဲ... အဲဒါက ဒီဘုန်းကြီးနဲ့ ဘာဆိုင်လို့လဲ...”

ဤစကားများကို ပြောလိုက်သောအခါ ထိုနေရာ၌ ရှိနေကြသော အင်မော်တယ်များမှာ လုံးဝပြန်လည်ချေပနိုင်ခြင်း မရှိတော့ချေ။

ထို့နောက် ဝူမင်က ဟွမ်ဖူယိသောက်ထံသို့ လှည့်လိုက်သည်။

“အမိတ္တဘ... ကျေးဇူးပြုပြီး ငါ့ကို ဟွမ်ဖူ မိသားစုဆီ လိုက်ပို့ပေးပါ...”

ဟွမ်ဖူယိသောက်က အရိုအသေပေး၍ ရိုသေလေးစားစွာ ပြောလိုက်၏။

“အရှင်ဘုရား ပင်ပန်းသွားပါပြီ...”

ဝူမင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ရပါတယ်... ဒီဘုန်းကြီအတွက် မပင်ပန်းပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဘုန်းကြီးက သခင်ရဲ့ လက်ထဲမှာ သေတာက ကျင့်သားရနေပြီပဲ။ ဒါက နောက်ထပ်တစ်ကြိမ်သေဆုံးခြင်းပါပဲ...”

ဝူမင်၏ စကားကို ကြားသောအခါ ဟွမ်ဖူယိသောက်မှာ ဆွံ့အသွားရသည်။

ထို့နောက် ဟွမ်ဖူယိသောက်က မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ မိန်နျင်၊ လင်းပေါင်အာ၊ ဝူမင်တို့နှင့်အတူ ထွက်ခွာသွားတော့သည်။

အင်မော်တယ်အင်ပါယာတစ်ပါးက အေးစက်စက် ပြောလိုက်၏။

“ဒီတစ်ကြိမ်တော့ ဟွမ်ဖူမိသားစုရဲ့ နောက်က အရှင်သခင်ကို ထောက်ထားပြီး တာအိုစည်းချက်ပစ္စည်းတွေကို လုမယူတော့ဘူး...”

“လေလံပွဲကျရင်တော့ ကိုယ့်စွမ်းအားနဲ့ကိုယ် တာအိုစည်းချက် ပစ္စည်းတွေကို ယှဉ်ပြိုင်လုယူကြတာပေါ့...”

ဟွမ်ဖူယိသောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ကောင်းပြီလေ... အဲ့လိုဆိုရင်လည်း မင်းတို့ရဲ့ စွမ်းအားအပေါ်မှာပဲ မူတည်တော့မှာပေါ့...”

ပြောပြီးသည်နှင့် ဟွမ်ဖူယိသောက်က ဝူမင်နှင့် အခြားသူများကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်။

ဤတစ်ကြိမ်တွင်မူ မည်သည့်အင်မော်တယ်မှ ဝူမင်နှင့် မိန်နျင်တို့ထံမှ တာအိုစည်းချက် ပစ္စည်းများကို လုယူရန် မကြိုးစားကြတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤတာအိုစည်းချက် ပစ္စည်းများက ဟွမ်ဖူမိသားစုနှင့် သက်ဆိုင်ခြင်းမရှိပေ။

ပို၍ အရေးကြီးသည်မှာ ဝူမင် ပြန်လည်ရှင်သန်လာသည်ကို မြင်တွေ့ပြီးနောက် သူတို့က ဝူမင်၏သခင် ချမ်ချန်ကန်းကို ပို၍ပင် ထိတ်လန့်ကြောက်ရွံ့သွားကြခြင်းဖြစ်သည်။

ဤနည်းဖြင့် ဝူမင်က သူ၏ အသက်တစ်ချောင်းကို အရင်းအနှီးပြု၍ အကျပ်အတည်းကို လွယ်လွယ်ကူကူပင် ဖြေရှင်းလိုက်နိုင်သည်။

ဝူမင်အတွက် တစ်ခုတည်းသော နာကျင်စရာမှာ သခင်က သူ၏ ခန္ဓာကိုယ်ထဲတွင် ချန်ထားရစ်ခဲ့သော သေခြင်းရှင်ခြင်းအဆောင်ကို အသုံးပြုလိုက်ရခြင်းပင်ဖြစ်သည်။

သခင်က သူ့အနားတွင်မရှိသဖြင့် ထောင်သောင်းချီသော အင်မော်တယ်များကြားတွင် ဤတစ်ကြိမ် ထပ်သေသွားပါက သူ ပြန်လည် ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

ရှေ့ဆက်ရမည့် ရွှယ်ဝူ အင်မော်တယ်နယ်မြေတွင်ဖြစ်စေ၊ ရှမီအင်မော်တယ်နယ်မြေသို့ သွားရာတွင် ဖြစ်စေ သတိထားရမည်ဖြစ်ကြောင်း ပေါ်လွင်နေ၏။

ဝူမင်က သခင်ပေးအပ်လိုက်သော တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ အင်မော်တယ် ကျောက်တုံးများကို ပြန်ယူလာမည် ဖြစ်ကြောင်းနှင့် လင်းပေါင်အာကို ရှမီအင်မော်တယ်နယ်မြေမှ ဓားအင်မော်တယ် အမွေအနှစ်ရရှိစေမည်ဖြစ်ကြောင်း သူ၏ စိတ်ထဲတွင် တိတ်တဆိတ် သစ္စာဆိုလိုက်သည်။

ဤသို့ပြုလုပ်နိုင်မှသာ ချမ်ချန်ကန်း၏ အနားသို့ ပြန်ရောက်သောအခါ ဆုလာဘ်များ ရရှိနိုင်မည်ဖြစ်ပြီး ချမ်ချန်ကန်း၏ အထင်ကြီး လေးစားမှုကိုရရှိနိုင်မည်ဖြစ်သည်။

အထူးသဖြင့် ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများဖြစ်စေ၊ သေဆုံးသူကို ပြန်လည်ရှင်သန်စေနိုင်သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် နည်းစနစ် ဖြစ်စေ ချမ်ချန်ကန်း၏ နည်းလမ်းပေါင်းစုံကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက်တွင် ပို၍ပင် သေချာသွား၏။

သူက ချမ်ချန်ကန်း၏ ပေါင်ကိုဖက်၍ သစ္စာအရှိဆုံး လက်အောက်ငယ်သား ဖြစ်လာစေရန် ကြိုးစားရပေမည်။

ကြိုက်သလောက် ဖော်လံဖားမည်၊ အဆုံးစွန်ထိ ဖော်လံဖားလျှင် အရာအားလုံး ရရှိမည်သာဖြစ်သည်။

All Chapters