← Chapters

အခန်း ၂၁၃

Vol. 18 Ch. 213

အခန်း ၂၁၃

Vol. 18 Ch. 213

အခန်း (၂၁၃) အပစ်အခတ်ရပ်စဲခြင်းနှင့် ရုတ်တရက် အပြောင်းအလဲ

တောင်ပေါင်းတစ်သိန်းတောင်တန်း၌ ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့က အချီပေါင်း တစ်ထောင်နီးပါးခန့် တိုက်ခိုက်ခဲ့ကြ၏။

သူတို့နှစ်ယောက်စလုံးက ကောင်းကင်ဘုံပါရမီရှင်များဖြစ်ကြပြီး သူတို့၏ စွမ်းအားက အလွန်တရာ ထက်မြက်လှသည်။

လက်ရှိတွင်မူ ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့မှာ အင်အားက အင်မတန်မျှတနေကြ၏။

ဖာထျန်းက နတ်ဘုရားနှင့် နတ်ဆိုးအာဏာရှင်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ချင်ရှို့ဝမ်ကလည်း ဝင်ပေါက်ခုနှစ်ခု မြင့်မြတ်သောဝိညာဉ်ခန္ဓာဟု ခေါ်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကျွမ်းကျင်ပိုင်နိုင်ထားသည်။

ချင်ရှို့ဝမ်၏ ခန္ဓာက ဖာထျန်းထက် အားနည်းခြင်း မရှိချေ။

ဖာထျန်း၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်နေပြီး ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေ၏။

ချင်ရှို့ဝမ်မှာလည်း သိပ်မထူးလှပေ။

သူသည် နှာခေါင်းသွေးထွက်ကာ မျက်နှာတစ်ခုလုံး ဖူးယောင်နေအောင် အရိုက်ခံထားရပြီး ဖာထျန်းကြောင့် လက်တစ်ဖက်လည်း ကျိုးနေခဲ့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ချင်ရှို့ဝမ်၏ ဇနီးမယားများမှာ အသည်းကွဲမတတ်ခံစားရပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာကြ၏။

သူတို့က ဖာထျန်းကို ပို၍ပင် ဒေါသထွက်ကာ နာကြည်းနေကြသည်။

အကယ်၍ ချင်ရှို့ဝမ်ကသာ သူတို့ကို မတားဆီးထားခဲ့လျှင် ပန်းကလေးများနှင့် ကျောက်စိမ်းလေးများကဲ့သို့ လှပသည့် ဤအလှမယ်လေးများက သူတို့၏ ချစ်လှစွာသောခင်ပွန်းအတွက် လက်စားချေရန် ဖုန်ထျန်းမြို့သို့ပင် သွားရောက် သတ်ဖြတ်နေကြလောက်ပြီ ဖြစ်၏။

ဖာထျန်းနှင့် ချင်ရှို့ဝမ်တို့၏ တိုက်ပွဲအတွင်း ပွဲကြည့်ပရိသတ် ကျင့်ကြံသူများ ပိုပို၍ များပြားလာခဲ့သည်။

သူတို့မှာ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားကြပြီး တုန်လှုပ်သွားကြ၏။

အင်မော်တယ်လောကမှ ကောင်းကင်ဘုံပါရမီရှင်များ၏ တိုက်ခိုက်ရေး စွမ်းအားက သူတို့၏ စိတ်နှလုံးထဲတွင် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။

သူတို့မှာ မျှော်လင့်ချက်ပင်မဲ့သွားကြသည်။

ဤသည်က မိစ္ဆာတစ်ကောင်ပင်ဖြစ်၏။

ဤမျှအားကောင်းလှသော စွမ်းအားဖြင့် တပည့်လက်ခံပွဲတွင် ဖာထျန်း၊ ချင်ရှို့ဝမ်တို့နှင့် သူတို့က မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

သူတို့မှာ အားငယ်သွားကြပြီး မျှော်လင့်ချက်မဲ့ သွားကြ၏။

ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့ အချီပေါင်း ထောင်နှင့်ချီ၍ တိုက်ခိုက်ပြီးနောက် နေဝင်ချိန်သို့ ရောက်ရှိသွားကာ သူတို့ နှစ်ယောက်က တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။

ချင်ရှို့ဝမ်က ရယ်မောလိုက်၏။

“ဖာထျန်း... မင်းက အရမ်းအစွမ်းထက်ပေမဲ့ ငါ့ကိုတော့ မသတ်နိုင်ပါဘူး...”

ဖာထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်နှာက အကျည်းတန်နေ၏။

ချင်ရှို့ဝမ်၏ စွမ်းအားက သူ တွေးထင်ထားသည်ထက် အတန်ငယ် ပိုမို ကြီးမားနေသည်။

နောက်ထပ်ငါးရက်အကြာတွင် ကျင်းပမည့် တပည့်လက်ခံပွဲသာမရှိခဲ့လျှင် သူက ရှိသမျှ အင်အားကုန်ထုတ်၍ ချင်ရှို့ဝမ်ကို သေချာပေါက် သတ်ဖြတ်ပစ်ရမည်ဖြစ်၏။

သို့သော်လည်း ယခုအချိန်တွင် တပည့်လက်ခံပွဲက မစတင်သေးပေ။

ပုစဉ်းရင်ကွဲကို ဖမ်းသည့် ဓားခုတ်ကောင်၏နောက်တွင် စာငှက်က စောင့်နေတတ်သည်ကို သတိပြုရမည် ဖြစ်သည်။

ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးတွင် ချင်ရှို့ဝမ်မှလွဲ၍ အခြားသော အင်မော်တယ် ကောင်းကင်ဘုံပါရမီရှင်များ မရှိတော့ဘူးဟု ဖာထျန်းက မတွေးထားပေ။

ဖာထျန်းက ချင်ရှို့ဝမ်နှင့် ဆက်၍ မတိုက်ခိုက်တော့ချေ။

သူက ဆုတ်ခွာရန် ရွေးချယ်လိုက်၏။

အထူးသဖြင့် သူ၏ မူလရည်ရွယ်ချက်က အမှန်တကယ်တော့ မိုဝန်ထျန်းကို သတ်ဖြတ်ရန် ဖြစ်သည်။

ယခုမူ ထိုကျိန်စာသင့်လောက်အောင် ကောက်ကျစ်စဉ်းလဲသော မိုဝန်ထျန်းက သူ၏ လက်ထဲမှ ထပ်မံလွတ်မြောက်သွားခဲ့ပြန်ပြီ ဖြစ်၏။

ဤအရာက ဖာထျန်း၏ စိတ်ထဲတွင် အလွန်တရာ မကျေမချမ်း ဖြစ်သွားစေသည်။

“တပည့်လက်ခံပွဲကျရင် မင်းကို ငါ သတ်မယ်...”

ကြမ်းတမ်းသော စကားများကို ပြောဆိုပြီးနောက် ဖာထျန်းက တိုက်ရိုက်ပင် ထွက်ခွာသွားတော့သည်။

“မင်းလိုကောင်က ငါ့ကို သတ်ချင်နေတာလား... အတော်လေး အထင်ကြီးလွန်းနေပြီ...”

ချင်ရှို့ဝမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

ဖာထျန်း ထွက်ခွာသွားပြီးနောက် ချင်ရှို့ဝမ်က နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်ပြီး သူ၏ အားကောင်းသော အသက်ရှူသံက ချက်ချင်းဆိုသလို အားပျော့သွားတော့သည်။

သူက ဆေးလုံးတစ်လုံးကို သောက်သုံးပြီးနောက် လိုဏ်ဂူထဲသို့ ပြန်ဝင်သွား၏။

ပန်းကလေးများ၊ ကျောက်စိမ်းလေးများကဲ့သို့ လှပသည့် ဇနီးမယားဆယ့်ကိုးယောက်က ချင်ရှို့ဝမ်ကို အလျင်အမြန် တွဲကူလိုက်ကြသည်။

“ခင်ပွန်း... အဆင်ပြေရဲ့လား...”

“မယားချောလေးတို့... မင်းတို့ရဲ့ ခင်ပွန်းတော့ ပြိုလဲသွားပြီ... တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲ...”

ချင်ရှို့ဝမ်က နှာခေါင်းသွေးထွက်ကာ မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီး သူ၏ ခေါင်းကို ကျောက်စိမ်းတောင်ထွတ် နှစ်ခုကြားတွင် အပ်ထားကာ သနားစရာကောင်းသည့် အသွင်ဆောင်နေ၏။

ဇနီးမယားများစွာမှာ အသည်းကွဲမတတ် ခံစားရပြီး မျက်ရည်များ ကျလာကြသည်။

“ခင်ပွန်း... မနာတော့ဘူး... မနာတော့ဘူးနော်..ဖွဖွ.”

“ခင်ပွန်း... ညီမလေး မှုတ်ပေးမယ်နော်... ဟူး... ဟူး...”

“နှိပ်နယ်ပေးမယ်နော်...”

“ခင်ပွန်း... ကျွန်မတို့ အတူတူ ကျင့်ကြံကြမယ်လေ...”

“အင်း... ဆယ့်ခြောက်ယောက်မြောက် ညီမလေးပြောတာမှန်တယ်...နှစ်ကိုယ်တူကျင့်ကြံတဲ့နည်းစနစ်ကတစ်ဆင့် ခင်ပွန်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ မြန်မြန် သက်သာလာလိမ့်မယ်...”

လှပချောမောသည့် ဇနီးမယားတစ်သိုက်က ချင်ရှို့ဝမ်ကို ဝိုင်းရံထားကြ၏။

အဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်တရာမနာလို ဖြစ်သွားကြတော့သည်။

အလှမယ်လေးများ၏ ဝိုင်းရံခြင်းကို ခံရသည့် ဤခံစားချက်က အလွန်တရာ သက်သောင့်သက်သာ ရှိလှပေမည် မဟုတ်ပါလား။

ဖာထျန်း ထွက်ခွာသွားပြီးနောက် သူက တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် မိုဝန်ထျန်း၏ ခြေရာကို ဆက်လက် ရှာဖွေနေခဲ့သည်။

ယုတ္တိတန်တန် တွေးကြည့်ရလျှင် ထိုမိုဝန်ထျန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးဖြစ်၍ အဝေးကြီးသို့ ထွက်ပြေးနိုင်မည် မဟုတ်ချေ။

ထင်သည့်အတိုင်းပင် ဖာထျန်းက မိုဝန်ထျန်း ချန်ထားရစ်ခဲ့သော ခြေရာများကို အလျင်အမြန် ရှာဖွေတွေ့ရှိသွား၏။

သူက ရှေးဟောင်းသစ်ပင်တစ်ပင်အောက်တွင် မိုဝန်ထျန်း၏ အငွေ့အသက်ကို တွေ့ရှိခဲ့ပြီး အဝေးသို့ ခြေရာခံလိုက်သွားခဲ့သည်။

ဖာထျန်း၏ မျက်လုံးများက အေးစက်နေ၏။

“ဒီတစ်ကြိမ်တော့ မင်း ဘယ်ကို ထွက်ပြေးမလဲ ကြည့်ကြသေးတာပေါ့...”

ဤမိုဝန်ထျန်းက သူ၏ လက်ထဲမှ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်သွားခဲ့ပြီဟု ဆိုနိုင်၏။

ဖာထျန်းက မိုဝန်ထျန်းကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေသည်။

မိုဝန်ထျန်းကို မသတ်ရမချင်း သူ ဘယ်သောအခါမှ လက်လျှော့မည် မဟုတ်ကြောင်း ကျိန်ဆိုလိုက်၏။

သူ့မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းများ တဖျပ်ဖျပ် တောက်ပသွားပြီး မိုဝန်ထျန်း၏ အငွေ့အသက် နောက်သို့ လိုက်လံသတ်ဖြတ်ရန် ထွက်သွားတော့သည်။

နေဝင်ဆည်းဆာအချိန်။

ချမ်ချန်ကန်းက မိုဝန်ထျန်းနှင့်အတူ ဖုန်ထျန်းမြို့သို့ ရောက်ရှိလာခဲ့သည်။

မိုဝန်ထျန်း၏ မျက်နှာက ဖြူလျော့နေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ နာကျင်နေသော်လည်း အစပိုင်းနှင့် ယှဉ်လျှင် သူ့အခြေအနေက များစွာပိုကောင်းနေပြီ ဖြစ်၏။

“ဖုန်ထျန်းမြို့ကနေ ထွက်သွားတာ တစ်ရက်ပဲ ရှိသေးတယ်... ပြန်လာရလိမ့်မယ်လို့ မထင်ထားဘူး...”

မိုဝန်ထျန်းမှာ ဘာမှမတတ်နိုင်တော့ချေ။

သူတို့နှစ်ယောက် မြို့ထဲသို့ ဝင်ရောက်လာကြသည်။

နေဝင်ဆည်းဆာအချိန်တွင် မြို့ထဲ၌ လမ်းသွားလမ်းလာများ သွားလာလှုပ်ရှားနေကြ၏။

“ညီလေးမို... ဖုန်ထျန်းမြို့မှာ ဂီတနားဆင်လို့ရတဲ့ နေရာရှိမရှိ မင်းသိလား...”

မိုဝန်ထျန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အစ်ကိုကျန်း... အပန်းဖြေဖို့ ဂီတသံ နားဆင်ရမယ့်နေရာကို ရှာချင်တယ်ဆိုရင် မြို့ထဲက အစည်ကားဆုံးနေရာဖြစ်ရမယ်။ အဲဒီနေရာကို ဒီညီလေးမိုက ရင်းနှီးတယ်။ အစ်ကိုကျန်း... ကျွန်တော်နဲ့သာလိုက်ခဲ့...”

မိုဝန်ထျန်းက မြို့ထဲမှတစ်ဆင့် ချမ်ချန်ကန်းကို ဦးဆောင်ခေါ်သွား၏။

မကြာမီမှာပင် မြို့၏ စည်ကားသော ရပ်ကွက်တစ်ခုထဲရှိ ဂီတသံနားဆင်ရန် နေရာတစ်ခုကို သူတို့ ရှာတွေ့သွားကြသည်။

ဤနေရာကို အနီရောင်အိမ်တော်ဟု ခေါ်ဆိုကြ၏။

လှပသော ရှုခင်းထဲတွင် ဂီတသံများက အဆုံးအစမဲ့ ပျံ့လွင့်နေပြီး အနီရောင် မီးပုံးများမှ မူးယစ်ဖွယ် အနီရောင် အလင်းတန်းများ စီးဆင်းနေကာ ငွေခေါင်းလောင်းသံလေးများကဲ့သို့ အမျိုးသမီးများ၏ အသံများ၊ ရယ်မောသံများနှင့် ပျော်ရွှင်သံများ ထွက်ပေါ်နေသည်။

ချမ်ချန်ကန်းမှာ မနေနိုင်တော့ဘဲ ပို၍ စိတ်လှုပ်ရှားလာတော့၏။

သူနှင့် ထိုမိုဝန်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ နားလည်သဘောပေါက်စွာ ပြုံးလိုက်ကြသည်။

သူတို့ အားလုံးက ယောက်ျားတွေပဲ ဖြစ်ကြသည် မဟုတ်ပါလား။

မင်းလည်း သိသည်။ ငါလည်း သိသည်။ လူတိုင်း သိကြသည်။

(စာရေးသူက: ဟွန့် ယောင်္ကျားတွေ အကုန်တူတူပဲ)

“ညီလေးမို... သွားကြမယ်... ဒီကျန်းကပဲ ဒီညအတွက် ကျသင့်ငွေကိုအကုန် ရှင်းပေးမယ်...”

ထိုသို့ပြောပြီးသည်နှင့် ချမ်ချန်ကန်းက မိုဝန်ထျန်းကို ခေါ်၍ အနီရောင်အိမ်တော်ထဲသို့ ဝင်ရန်ပြင်လိုက်သည်။

ထိုအခိုက်အတန့်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာတော့၏။

All Chapters