အခန်း ၂၁၄
Vol. 18 Ch. 214
အခန်း (၂၁၄) လျှို့ဝှက်ရတနာကို ပေးအပ်ခြင်း၊ လိပ်တစ်ကောင်လိုဖြစ်သွားခြင်း
ထိုအရာက ဖာထျန်းထံမှ ထွက်ပေါ်လာသော အားကောင်းသည့် စွမ်းအားလှိုင်းများ ဖြစ်သည်။
လမ်းတစ်လျှောက်လုံး လိုက်လံ ဖမ်းဆီးလာပြီးနောက် သူက သူ၏ အငွေ့အသက်များကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။
လေ၊ မိုးကြိုးနှင့် လျှပ်စီးများအပြင် လျှို့ဝှက်နည်းစနစ်များကိုပါ အကုန်အသုံးပြု၍ အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ဖုန်ထျန်းမြို့သို့ ရောက်ရှိလာခဲ့၏။
မိုဝန်ထျန်းက ဖာထျန်း၏ အငွေ့အသက်ကို ခံစားလိုက်မိသောအခါ သူ့မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး အခြေအနေ မကောင်းတော့ကြောင်း တိတ်တဆိတ် တွေးလိုက်မိသည်။
“အစ်ကိုကျန်း... ကျွန်တော့်ကို လိုက်ဖမ်းနေတဲ့သူတွေ ရောက်လာပြီ။ လောလောဆယ်တော့ အစ်ကိုနဲ့အတူ အနီရောင်အိမ်တော်ကို မလိုက်နိုင်တော့ဘူး... နှုတ်ဆက်ပါတယ်...”
မိုဝန်ထျန်းက ချမ်ချန်ကန်း၏ အနားတွင် ဆက်နေရန် မဝံ့ရဲတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်းက သူ့ကို တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ဤဖုန်ထျန်းမြို့သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
မိုဝန်ထျန်း၏ စိတ်နှလုံးထဲတွင် သူ့ကို အလွန်တရာ ကျေးဇူးတင်နေပြီးသား ဖြစ်သော်လည်း သူ့ကို ဒုက္ခမပေးနိုင်ပေ။
သို့မဟုတ်လျှင် ဖာထျန်းက ချမ်ချန်ကန်းကို သူနှင့်အတူ တွေ့သွားပါက လုံးဝလွှတ်ပေးမည် မဟုတ်ချေ။
တစ်ခဏမျှ စဉ်းစားပြီးနောက် မိုဝန်ထျန်းက လျှို့ဝှက်ရတနာတစ်ခုကို ထုတ်ယူ၍ ချမ်ချန်ကန်းအား ပေးအပ်လိုက်သည်။
“အစ်ကိုကျန်း... ကျွန်တော့်ကို ဖုန်ထျန်းမြို့ထိ ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုနဲ့ ကျွန်တော်က ညီအစ်ကိုတွေပဲ။ ညီလေးမိုအနေနဲ့ တွန့်တိုနေလို့ မရဘူးလေ... ဒါကြောင့် ဒီလျှို့ဝှက်ရတနာကို အစ်ကို့ကို ပေးခဲ့ပါမယ်...”
ဤအရာက အင်မော်တယ်အလင်းတန်းများ စီးဆင်းနေသော အပြာရောင်စေတီလေးဖြစ်ပြီး တိုက်ခိုက်ရေး အင်မော်တယ်လက်နက်တစ်ခု ဖြစ်၏။
ချမ်ချန်ကန်း သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ သူက ဤလျှို့ဝှက်ရတနာကို ချမ်ချန်ကန်းလက်ထဲသို့ ထည့်ပေးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
ယခုအခါ ထိုဖာထျန်း၏ အငွေ့အသက်က အလွန်တရာ နီးကပ်နေပြီ ဖြစ်၏။
မူလက မိုဝန်ထျန်းသည် ဖုန်ထျန်းမြို့သို့ ပြန်ရောက်လျှင် ဘေးကင်းသွားပြီဟု တွေးထင်ထားခဲ့သည်။
သို့သော်လည်း ဖာထျန်းက ဖုန်ထျန်းမြို့အထိ တစ်ကြောလုံး လိုက်လံ ဖမ်းဆီးလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဤသည်က မိုဝန်ထျန်း လုံးဝ မျှော်လင့်မထားသောအရာဖြစ်၏။
ဤအခိုက်အတန့်တွင် သူ၏အစီအစဉ်က အလွန်ရိုးရှင်းပြီး ရှင်းလင်းလှသည်။
ထိုအရာမှာ ထိုဖာထျန်း သူ့ကို မရှာတွေ့မီ ဤနေရာမှ အရင်ဆုံးထွက်ပြေးရန်ဖြစ်၏။
မိုဝန်ထျန်းက နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက လမ်းထောင့်တစ်နေရာ၌ ပျောက်ကွယ်သွား၏။
သူ့လက်ထဲမှ အပြာရောင်စေတီကို ကြည့်၍ ချမ်ချန်ကန်းလည်း အတန်ငယ် အံ့အားသင့်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။
“ဒီမိုညီလေးမိုက အရှက်မရှိဘဲ လူတွေကို လိမ်ညာလှည့်စားတတ်တဲ့ ပုံပေါက်ပေမဲ့ သဘောထားကြီးပြီး သစ္စာရှိပါလား...”
အမှန်ပင်ဖြစ်၏။
ဤအခိုက်အတန့်တွင် မိုဝန်ထျန်း ထွက်ခွာသွားခြင်းက ချမ်ချန်ကန်းကို ဒုက္ခ မပေးလိုသောကြောင့် ဖြစ်သည်။
ထွက်ခွာသွားစဉ် လျှို့ဝှက်ရတနာတစ်ခုကိုပါ ပေးအပ်သွားခြင်းဖြစ်ရာ ဤအရာက ကမ္ဘာပေါ်တွင် ရှားပါးလှသော အင်မော်တယ် လက်နက်တစ်ခုပင်ဖြစ်၏။
ချမ်ချန်ကန်းကို တစ်ခုပေးအပ်နိုင်ခြင်းကပင် အလွန်တရာ အထင်ကြီး လေးစားလောက်ပေသည်။
ထို့ပြင်ချမ်ချန်ကန်းက အမှန်တကယ်သာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်ခဲ့လျှင် ဤလက်နက်ကို ပိုင်ဆိုင်ပြီးနောက် ဤလက်နက် ပြင်ပသို့ မပေါက်ကြားသရွေ့ သူ၏ အနာဂတ်ကျင့်ကြံခြင်းခရီးက သေချာပေါက် ချောမွေ့ပြီး အဆင်ပြေနေမည် ဖြစ်၏။
ထို့ကြောင့်ပင် ချမ်ချန်ကန်းက မိုဝန်ထျန်းကို ဤသို့ မှတ်ချက်ချလိုက်ခြင်းဖြစ်သည်။
သူ့ရှေ့ရှိ အနီရောင်အိမ်တော်ကို ကြည့်လိုက်ရာ ချမ်ချန်ကန်း၏ စိတ်လှုပ်ရှားမှုများက အစပိုင်းတွင် မြင့်တက်လာခဲ့သော်လည်း မိုဝန်ထျန်း ထွက်ခွာသွားခြင်းကြောင့် သူ၏ စိတ်ဝင်စားမှုများစွာ လျော့ကျသွားတော့သည်။
အနီရောင်အိမ်တော်သို့သွား၍ အပန်းဖြေရန် ဂီတသံ နားဆင်မည်ဟု သဘောတူထားခဲ့သော်လည်း နောက်ဆုံးတွင် ဘယ်လိုလုပ် သူတစ်ယောက်တည်း ကျန်ခဲ့ရတာလဲ။
သေချာပေါက် ချမ်ချန်ကန်းက မပျော်ရွှင်တော့ချေ။
သို့သော်လည်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ မိုဝန်ထျန်း၏ အရိပ်အယောင်ကို လုံးဝမတွေ့ရတော့ပေ။
“ဒီညီလေးမိုက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတောင် ဒီလောက်မြန်မြန် ထွက်ပြေးနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ မျက်တောင်တစ်ခတ်အတွင်းမှာတင် ပျောက်သွားတာပဲ...”
အခြားတစ်ဘက်တွင် ချမ်ချန်ကန်းကို နှုတ်ဆက်ပြီးနောက် မိုဝန်ထျန်းက အဆောင် တစ်ခုကို ထုတ်ယူ၍ မြို့လယ်ရှိ စည်ကားသော ရပ်ကွက်မှ ချက်ချင်း ထွက်ခွာသွားသည်။
သူ ပြန်လည်ပေါ်လာချိန်တွင် မြို့၏ အရှေ့ဘက်ရှိ လူသူကင်းမဲ့သောနေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။
သူ့လက်ထဲမှ အဆောင်ကို အသုံးပြုပြီးသွားသောအခါ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း မိုဝန်ထျန်း၏ မျက်နှာက ပို၍ပင် ဖြူလျော့သွားပြန်၏။
ဤသည်က မိုဝန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များဖြင့် အဆောင်ကို အသက်သွင်းလိုက်ရသဖြင့် သူ၏ လက်ရှိ ခန္ဓာကိုယ်က လုံးဝခံနိုင်ရည် မရှိတော့သောကြောင့် ဖြစ်သည်။
မိုဝန်ထျန်း၏ မျက်နှာမှာ ဖြူရော်နေပြီး သွေးရောင် လုံးဝမရှိတော့ချေ။
မြို့ထဲတွင် ထိုဖာထျန်း၏ အငွေ့အသက်ကို သူ ခံစားနေရဆဲဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဖာထျန်း၏ အငွေ့အသက်က အလွန်တရာ အားကောင်းလွန်းပြီး လုံးဝ ဖုံးကွယ်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။
မိုဝန်ထျန်းတစ်ယောက်တည်း အချိန်တိုင်း ခံစားနေရခြင်း မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ဖုန်ထျန်းမြို့ထဲရှိ ကျင့်ကြံသူ အားလုံးနီးပါးလည်း တုန်လှုပ်သွားကြသည်။
ဖုန်ထျန်းမြို့ထဲတွင် ဘာတွေ ဖြစ်နေသနည်းဟု သူတို့ မသိကြချေ။
ဖာထျန်းက အေးစက်စက် အော်ဟစ်လိုက်၏။
“မင်း မြို့ထဲမှာ ပုန်းနေတာကို ငါသိတယ်... အခုချက်ချင်းထွက်ခဲ့စမ်း...”
ဖာထျန်း၏အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး မြို့ထဲရှိ ကျင့်ကြံသူများမှာ မူးနောက်သွားကြတော့သည်။
မြို့အရှေ့ဘက်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင် မိုဝန်ထျန်းက ‘ခွေးကောင်’ ဟု တီးတိုးကျိန်ဆဲလိုက်ပြီး လျှို့ဝှက်ရတနာ တစ်ခုကို ထုတ်ယူလိုက်သည်။
ဤအရာက နေရာရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုဖြစ်ပြီး သူ၏လက်ရှိ ခန္ဓာကိုယ် အခြေအနေအရ လုံးဝ အသက်သွင်းနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ယခုအခါ ဖာထျန်းက သူ့ကို သတ်ဖြတ်ရန် ရောက်လာပြီဖြစ်ပြီး ဤဖုန်ထျန်းမြို့ထဲတွင် သူ ဆက်နေပါက ဖာထျန်းက သူ့ကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် သေချာပေါက် သေရမည် ဖြစ်၏။
သူက ဤနေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းနိုင်ရန် အစွမ်းကုန် ကြိုးစားရုံသာ ရှိတော့သည်။
ထို့နောက် သူ့ကို ဖုန်ထျန်းမြို့မှ တိုက်ရိုက် နေရာရွှေ့ပြောင်း ပေးနိုင်မည်ဖြစ်၏။
သို့သော်လည်း မိုဝန်ထျန်း လုံးဝ မျှော်လင့်မထားသော အရာမှာ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို သူ စတင် အသက်သွင်းလိုက်ချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ ထွက်ပေါ်လာသော စွမ်းအားကို မြို့ထဲတွင် မိုဝန်ထျန်း၏ တည်နေရာကို ရှာဖွေနေသော ဖာထျန်းက မကြာမီမှာပင် ခံစားမိသွား၏။
သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ဟင်းလင်းပြင်စွမ်းအား... မင်းက နေရာရွှေ့ပြောင်းပြီး ထွက်ပြေးချင်နေတာလား။ မင်းကို သည်အခွင့်အရေး လုံးဝ မပေးနိုင်ဘူး...”
အနည်းငယ်မျှ ချီတုံချတုံဖြစ်မနေဘဲ သူက သက်တံရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မြို့၏ အရှေ့ဘက်သို့ ဦးတည်သွားတော့သည်။
“တောက်... ငါဘယ်မှာရှိလဲဆိုတာ သူ ဘယ်လိုလုပ် သိသွားတာလဲ...”
ဖာထျန်း၏ အငွေ့အသက်က သူ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြောင်း ခံစားမိလိုက်သောအခါ မိုဝန်ထျန်း၏ မျက်နှာက ဖြူလျော့သွားပြီး အထိတ်တလန့် ဖြစ်သွား၏။
သို့သော်လည်း နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ အချိန်အတော်ကြာသည်အထိ အောင်မြင်စွာ အသက်မဝင်သေးပေ။
ရုတ်တရက် ထက်မြက်လှသော ဓားချက်တစ်ချက်က ကြောက်မက်ဖွယ် စွမ်းအားများနှင့်အတူ ခုတ်ပိုင်းလာပြီး သူ၏ လက်ထဲမှ အောင်မြင်စွာ အသက်မဝင်သေးသော နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။
နောက်ထပ်ထက်ရှသော ဓားချက်တစ်ချက် ထပ်မံခုတ်ပိုင်းလာပြန်၏။
အလွန်ထိတ်လန့်သွားပြီး မိုဝန်ထျန်းက ကာကွယ်ရေး လျှို့ဝှက်ရတနာတစ်ခုကို ကမန်းကတန်း ထုတ်ယူလိုက်သည်။
ဤအရာက နှစ်တစ်သောင်းသက်တမ်းရှိ အင်မော်တယ်လိပ်တစ်ကောင်ထံမှ သန့်စင်ဖန်တီးထားသော လိပ်ခွံတစ်ခုဖြစ်ပြီး ၎င်း၏ ကာကွယ်နိုင်စွမ်းက အံ့မခန်းဖြစ်၏။
ယခုအခါ သူ ထွက်မပြေးနိုင်တော့သဖြင့် မိုဝန်ထျန်းမှာ ဤကာကွယ်ရေး လျှို့ဝှက်ရတနာထဲတွင် ပုန်းအောင်းနေရုံသာ ရှိတော့သည်။
“ဟွန့်... မင်း ဘယ်လောက်ကြာကြာ ပုန်းနိုင်မလဲ ကြည့်ကြသေးတာပေါ့...”
ရွှေရောင်အင်မော်တယ်ဓားကို ကိုင်ဆောင်ထားသော ဖာထျန်း ထွက်ပေါ်လာပြီး လိပ်ခွံကို အေးစက်စက် စိုက်ကြည့်လိုက်၏။
လိပ်ခွံ၏ အစိမ်းရောင်အလင်းတန်းများက တဖျပ်ဖျပ် တောက်ပနေပြီး လူများကို ထူထဲကာ ဘေးကင်းလုံခြုံသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
မိုဝန်ထျန်းက လိပ်ခွံထဲတွင် သက်ပြင်းချလိုက်၏။
သူက အခြားသူများကို ဆဲဆိုလေ့ ရှိသော်လည်း တစ်နေ့တွင် သူကိုယ်တိုင် လိပ်ခွံထဲ ပုန်းအောင်း၍ လိပ်ပုကျိလေး တစ်ကောင်ကဲ့သို့ ပြုမူရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ယခု သူ၏ အသက်အန္တရာယ်အတွက်သာ မဟုတ်လျှင် သူက ဤကာကွယ်ရေး ရတနာကို ဘယ်သောအခါမှ အသုံးပြုမည် မဟုတ်ချေ။
“ထားလိုက်ပါတော့... လိပ်ပုကျိလေးဖြစ်ရလည်း လိပ်ပုကျိလေးပေါ့... အသက်ရှင်နေဖို့ပဲ လိုတယ်ဆိုရင် ခွေးဖြစ်ရလည်း ကျေနပ်ပါတယ်... ဝုတ် ဝုတ် ဝုတ်...”
မိုဝန်ထျန်းက လိပ်ခွံထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ဖာထျန်းက တိုက်ခိုက်လိုက်၏။
သူက ရွှေရောင်အင်မော်တယ်ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေပြီး ဓားချီစွမ်းအင်များက ဒေါင်လိုက် ရေပြင်ညီ ဖြတ်သန်းသွား၏။
ထို့နောက် ဓားချက်တစ်ချက်က ကာကွယ်ရေး လျှို့ဝှက်ရတနာပေါ်သို့ ခုတ်ပိုင်းသွားသည်။
ကြမ်းတမ်းလှသော စွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အိမ်များပင် ဖျက်ဆီးခံလိုက်ရကာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွား၏။
အဝေးတွင် ကျင့်ကြံသူများစွာက စောင့်ကြည့်နေကြသည်။
ဖာထျန်း လှုပ်ရှားသည်ကို မြင်တွေ့ရခြင်းက အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။
လိပ်ခွံက ဖာထျန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမရှိဆိုသည်ကိုတော့ သူတို့ မသိကြချေ။
လိပ်ခွံထဲရှိ မိုဝန်ထျန်းမှာ ရွှေရောင် အင်မော်တယ်ဓားဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ခုတ်ပိုင်းခံရပြီးနောက် အထိတ်တလန့်နှင့် ထုံကျင်သွားသလို ခံစားလိုက်ရပြီး ဤကာကွယ်ရေးလက်နက်က ဖာထျန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ တိုက်ရိုက် ဖျက်ဆီးခံရမည်ကို ကြောက်ရွံ့နေမိသည်။
ဖာထျန်း၏ မျက်နှာက အမူအရာမဲ့နေပြီး တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် တိုက်ခိုက်နေ၏။
ပေါက်ကွဲမှု စွမ်းအားက အားကောင်းလှသည်။
ကာကွယ်ရေးလျှို့ဝှက်ရတနာက ကြံ့ခိုင်သော်လည်း အချိန်အတော်ကြာ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
နောက်ထပ် ဓားတစ်ချက် ကျဆင်းလာပြန်သည်။
ချွင်… ချွင်… ချွင်...
လိပ်ခွံပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ ကန့်လန့်ဖြတ် မျဉ်းကြောင်းများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
နောက်ဆုံးတွင် ၎င်းက ခံနိုင်ရည်မရှိတော့ဘဲ တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ မိုဝန်ထျန်းက ထွက်ပြေးရန် လုံးဝ လမ်းစမရှိတော့ချေ။
သူက ဖာထျန်းကို အရှက်တကွဲဖြင့် ကြည့်၍ နှုတ်ဆက်လိုက်သည်။
ဖာထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များက ပြင်းထန်ကာ ရိုင်းစိုင်းလှ၏။
ရွှေရောင် အင်မော်တယ်ဓားက မိုဝန်ထျန်းထံသို့ ခုတ်ပိုင်းသွားတော့သည်။