အခန်း ၂၁၆
Vol. 18 Ch. 216
အခန်း (၂၁၆) ထွက်ပြေးလွတ်မြောက်ခြင်း၊ ခြေဆန့်မျက်ပြူး ဆေးလုံး
စကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချမ်ချန်ကန်း၏ မျက်စိရှေ့ရှိ ဟင်းလင်းပြင်က တုန်ခါ၍ ပွင့်ဟသွား၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုဖာထျန်းက အက်ကွဲနေသော ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။
သတ်ဖြတ်လိုသော အငွေ့အသက်များက ကြောက်မက်ဖွယ် ကောင်းလှပြီး တိုက်ခိုက်လိုစိတ်များက ကောင်းကင်ယံအထိ ထိုးတက်နေ၏။
ဤသည်က ချမ်ချန်ကန်းကို အနည်းငယ် မျှော်လင့်မထားမိအောင် ဖြစ်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် ချမ်ချန်ကန်းက အလောတကြီးမဖြစ်ဘဲ ဤဖာထျန်းကို တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်၏။
မြင့်မြတ်သော တာအိုစည်းချက် ပေါင်းစပ်ခန္ဓာနှင့် အမှတ်ပြည့်အထူးလုပ်ဆောင်ချက်ကို ပေါင်းစပ် အသုံးပြု၍ ရွှေခေါင်းလောင်း အကာအကွယ်ဟုခေါ်သော ကာကွယ်ရေး မှော်စွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှေရောင် အလင်းတန်းများက စူးရှတောက်ပလာပြီး ထူထဲခိုင်မာသော ရွှေခေါင်းလောင်းကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ချမ်ချန်ကန်းကို ၎င်း၏ အတွင်း၌ ကာကွယ်ပေးထား၏။
ဖာထျန်းက ရွှေရောင်အင်မော်တယ်ဓားကို ဝှေ့ယမ်း၍ ရွှေခေါင်းလောင်းကြီးပေါ်သို့ ခုတ်ပိုင်းချလိုက်သည်။
ဒေါင်...
ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာပြီး ဖုန်ထျန်းမြို့တစ်ခုလုံး ပဲ့တင်ထပ်သွား၏။
ဖာထျန်း၏ တိုက်ခိုက်မှုက အလွန်တရာ ပြင်းထန်လှသော်လည်း ချမ်ချန်ကန်း၏ ရွှေခေါင်းလောင်း အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ချေ။
ရွှေခေါင်းလောင်းကြီးက ဖာထျန်း၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ တုန်လှုပ်သွားခြင်းမရှိဟု ဆိုနိုင်၏။
ချမ်ချန်ကန်းက ဖာထျန်းကို ခပ်ပေါ့ပေါ့ ကြည့်လိုက်ပြီး သူ၏ လက်များကို ဖြန့်ကားလိုက်သည်။
“ဆန်တစ်အိတ်ကို အထပ်ပေါင်းများစွာ သယ်ဆောင်ခြင်း... ရှင်လော့ထျန်းကျန်...”
(သူပေါက်ကရရွတ်တာနော် စာရေးသူပေါက်ကရရေးတာဟုတ်ဖူး)
ဘုန်း...
ချမ်ချန်ကန်း အသုံးပြုခဲ့သော နည်းလမ်းအမျိုးမျိုးက ကိုယ်ပွား၏ စွမ်းအားနှင့် မြင့်မြတ်သော တာအိုစည်းချက် ပေါင်းစပ်ခန္ဓာတို့ ပူးပေါင်းရန် လိုအပ်၏။
ဤနည်းဖြင့်သာ အရင်ဘဝက မြင်တွေ့ကြားဖူးခဲ့သော နည်းလမ်းအမျိုးမျိုးကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။
အလွန်တရာ အားကောင်းပြီး ကြမ်းတမ်းလှပေသည်။
ထိုဖာထျန်းက ခုခံ၍မရနိုင်သော စွမ်းအားတစ်ခုက ဆည်ကျိုးပေါက်သွားသည့် မြစ်ရေပြင်ကဲ့သို့ ရူးသွပ်စွာ ဝင်ရောက်လာပြီး သူ့ကို လွင့်စင်ထွက်သွားစေကြောင်းသာ ခံစားလိုက်ရ၏။
ဖာထျန်း လွင့်စင်ထွက်သွားပြီးနောက် သွေးတိမ်တိုက်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
“အတုကြီးဖြစ်နေတာကိုး...”
ချမ်ချန်ကန်းက အတန်ငယ် အံ့အားသင့်သွား၏။
တစ်ချိန်တည်းမှာပင် အပျက်အစီးများ ကြားထဲမှ အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖောက်ထွင်း၍ အဝေးသို့ ထွက်ပြေးသွားသည်။
အမှန်တကယ်တော့ ဤဖာထျန်းက အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်၏။
ချမ်ချန်ကန်းက ဖာထျန်းအတုကို တိုက်ခိုက်နေသည့် အခွင့်အရေးကို အသုံးချ၍ ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ တိုက်ပွဲ အတွေ့အကြုံက အလွန်တရာကြွယ်ဝကြောင်း သိမြင်နိုင်၏။
“ကံကောင်းသွားတာပဲ... ဒီတစ်ကြိမ်တော့ မင်းကို လွှတ်ပေးလိုက်မယ်...”
ချမ်ချန်ကန်းက ဘာမှမတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
ထွက်ပြေးသွားသော ဖာထျန်းကို မြင်သော်လည်း ချမ်ချန်ကန်းက နောက်မှ လိုက်လံဖမ်းဆီးရန် မရွေးချယ်ခဲ့ချေ။
ကျူးရှိူ့ဒယ်စောက်က ကောင်းကင်တာအို၏ အစောင့်အရှောက် ရာထူးပိုင်ဆိုင်မှုနှင့် သက်ဆိုင်နေ၏။
ယနေ့ည ကုန်ဆုံးသွားပြီးနောက် တပည့်လက်ခံပွဲအတွက် နောက်ထပ်လေးရက် အချိန်ကျန်သေးသည်။
ဤဖာထျန်းက တပည့်လက်ခံပွဲကို သေချာပေါက် ပါဝင်ဆင်နွှဲမည်ဖြစ်၏။
ထိုအချိန်ကျလျှင် ဤဖာထျန်းက ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာမည်ဖြစ်ပြီး ချမ်ချန်ကန်းက သူ့ကို ကြိုက်သလိုကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
သူထွက်ပြေးချင်လျှင်တောင် လုံးဝ မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် ချမ်ချန်ကန်းက လုံးဝ စိတ်ပူနေရန် မလိုအပ်ပေ။
ထိုဖာထျန်းက အချိန်တန်လျှင် တပည့်လက်ခံပွဲသို့မသွားဘဲ နေမည် ဆိုလျှင်တော့ တစ်မျိုးပေါ့။
သို့သော်လည်း ထိုအချိန်ကျလျှင် သူက ဤပွဲသို့ မပါဝင်မည်မဟုတ်ဟု ချမ်ချန်ကန်း မထင်ထားချေ။
မည်သို့ပင်ဆိုစေကာမူ ဤဖာထျန်းက သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို လုံးဝ မသိရှိထားပေ။
ဖာထျန်းကို ဂရုမစိုက်တော့ဘဲ ချမ်ချန်ကန်းက သူ့အကြည့်ကို ပြန်လွှဲလိုက်၏။
ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာရှိနေပြီး ဆွေးနွေး ပြောဆိုမှုများစွာ ထွက်ပေါ်နေသည်။
ချမ်ချန်ကန်းက မိုဝန်ထျန်း၏ အလောင်းနှင့်အတူ ထွက်ခွာသွား၏။
လူသူကင်းမဲ့သော နေရာတစ်ခုတွင် ချမ်ချန်ကန်းက ရပ်တန့်လိုက်ပြီး မိုဝန်ထျန်း၏ အလောင်းကိုကြည့်၍ မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။
“ညီလေးမို... အနီရောင်အိမ်တော်မှာ အပန်းဖြေဖို့ ဂီတသံသွားနားထောင်ကြမယ်လို့ သဘောတူထားခဲ့တာလေ။ မင်းက ဘာလို့ သေသွားရတာလဲ။ အခုတော့ ငါတစ်ယောက်တည်းကျန်ခဲ့ပြီပေါ့...”
ချမ်ချန်ကန်းက မိုဝန်ထျန်းအပေါ် အတန်ငယ် စိတ်ဝင်စားမှု ရှိနေခဲ့၏။
ပို၍အရေးကြီးသည်မှာ ဤမိုဝန်ထျန်းက သူ အန္တရာယ် ကြုံတွေ့နေရကြောင်းသိလျက်နှင့် သူ့ကို ဒုက္ခတွင်းထဲသို့ ဆွဲမသွင်းခဲ့ဘဲ အင်မော်တယ်လျှို့ဝှက်ရတနာတစ်ခုကိုပင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဤသည်က ချမ်ချန်ကန်းကို မိုဝန်ထျန်းအပေါ် အတန်ငယ် အထင်ကြီး လေးစားသွားစေ၏။
ထို့ကြောင့် ချမ်ချန်ကန်းက သူ့ကို ကယ်တင်ရန် ရွေးချယ်လိုက်သည်။
သို့မဟုတ်လျှင် မိုဝန်ထျန်း သေဆုံးခြင်းက သူနှင့် ဘာဆိုင်မည်နည်း။
သေချာသည်ပေါ့။ ယခုအခါ ဤမိုဝန်ထျန်းက သေဆုံးနေပြီဖြစ်၏။
လက်ရှိတွင် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေထဲ၌ ရှိမနေသော်လည်း သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းစွမ်းရည်ကို လုံးဝ အသုံးပြု၍ မရနိုင်ချေ။
ဤသည်မှာ ချမ်ချန်ကန်းအနေဖြင့် မိုဝန်ထျန်းကို ပြန်လည်ရှင်သန်စေရန် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း ချမ်ချန်ကန်း၏ လက်ထဲတွင် ငါးဆားနယ် ရတနာသေတ္တာကို ဖွင့်၍ ရရှိထားသော ပြန်လည်ရှင်သန်ခြင်းကတ်ရှိနေသေးကြောင်း မေ့ထား၍ မရပေ။
ဤပြန်လည်ရှင်သန်ခြင်းကတ်က မိုဝန်ထျန်း အသုံးပြုရန်အတွက် အလွန်သင့်လျော်လှ၏။
ဤသည်ကိုတွေးမိသောအခါ ချမ်ချန်ကန်းက ပြန်လည်ရှင်သန်ခြင်းကတ်ကို ထုတ်ယူလိုက်သည်။
ပြန်လည်ရှင်သန်ခြင်းကတ်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ထားလိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေပြီး သေခြင်းရှင်ခြင်း စွမ်းအားများ စီးဆင်းနေ၏။
ထို့နောက် ချမ်ချန်ကန်းက မိုဝန်ထျန်းအပေါ် ပြန်လည်ရှင်သန်ခြင်းကတ်ကို အသုံးပြုလိုက်သည်။
ပြန်လည်ရှင်သန်ခြင်းကတ်က မိုဝန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ အရည်ပျော် ဝင်ရောက်သွား၏။
မိုဝန်ထျန်း၏ အလောင်းထံမှ ခမ်းနားကြီးကျယ်သော သက်စောင့်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။
သေခြင်းစွမ်းအင်များက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သက်စောင့်စွမ်းအားများ ပြန်လည် နိုးထလာ၏။
မိုဝန်ထျန်းကား နိုးလာခဲ့၏။
သူ့ခေါင်းထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး မူးဝေနေ၏။
သူ ယခုငရဲပြည်ကို ရောက်နေတာလား။
သို့သော်လည်း မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ချမ်ချန်ကန်းကို သူ မြင်တွေ့လိုက်ရသည်။
အံ့အားသင့်မသွားဘဲ မနေနိုင်တော့ချေ။
“အစ်ကိုကျန်း... အစ်ကိုရော ဘာလို့ သေသွားရတာလဲ...”
“ငါ မသေဘူး...”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“ဒါဆို ဘာတွေဖြစ်နေတာလဲ...”
မိုဝန်ထျန်းမှာ ဆွံ့အသွား၏။
သူသေသွားပြီ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး မှတ်မိနေသည်။
သို့သော်လည်း ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြည့်ဝနေကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိနေပြီး စွမ်းအင်များ ပြည့်ဝနေ၏။
မျက်စ်တစ်ဖက်လပ်အဖိုးအိုက သူ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဝိညာဉ်လျှို့ဝှက်ချက် နည်းစနစ်ကို အသုံးပြုခဲ့ခြင်းကြောင့် ကျန်ရစ်ခဲ့သော နောက်ဆက်တွဲ ဆိုးကျိုးများပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ချမ်ချန်ကန်းက ပြောလိုက်၏။
“ငါ မင်းကို မြို့အရှေ့ဘက်မှာတွေ့ခဲ့တာ။ မင်းကပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သတိလစ်နေခဲ့တယ်...”
“အစ်ကိုကျန်း... ကျွန်တော် သေသွားပြီလို့ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်...”
“သေတယ်...”
ချမ်ချန်ကန်းက ခေါင်းယမ်းလိုက်၏။
“သေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခု မင်းက အကောင်းအတိုင်းကြီး အသက်ရှင်နေတာ မဟုတ်ဘူးလား...”
“မင်းက သေရာကနေ ပြန်ရှင်လာတယ်လို့များ ထင်နေတာလား...”
မိုဝန်ထျန်းက ချမ်ချန်ကန်း ပြောသည်မှာ မှန်သည်ဟု တွေးလိုက်မိသည်။
သူက ဘယ်လိုလုပ် ပြန်ရှင်လာနိုင်မည်နည်း။
တစ်ခုခုကို တွေးမိသွားသည့်ဟန်ဖြင့် မိုဝန်ထျန်းက ကမန်းကတန်း ထပ်မေးလိုက်၏။
“အစ်ကိုကျန်း... သတ်ဖြတ်ခြင်း နတ်ဘုရားကိုကော တွေ့မိသေးလား...”
“သတ်ဖြတ်ခြင်းနတ်ဘုရား...”
“ဟုတ်တယ်... အဲဒီကောင်က အထက်ဘုံကနေ ပြန်လည်ဝင်စားလာတဲ့ ကောင်းကင်ဘုံပါရမီရှင် တစ်ယောက်လို့ ကြားတယ်။ သူက အရမ်းရက်စက်တာ။ မနေ့က ဖုန်ထျန်းမြို့မှာ သူ့ကိုသွားစမိလို့ သူက အရူးလို လိုက်သတ်နေတာလေ...”
သို့သော်လည်း ချမ်ချန်ကန်းက ခေါင်းယမ်းလိုက်၏။
“ငါမသိဘူး... ငါ ရောက်လာတော့ မင်း တစ်ယောက်တည်း အဲ့မှာလဲနေတာကိုပဲ တွေ့လိုက်တယ်...”
မိုဝန်ထျန်းက သက်ပြင်းချလိုက်ပြီး အလွန်တရာ အံ့အားသင့်သွားသည်။
“ကျွန်တော်က သေသွားပြီလို့တောင် ထင်နေတာ။ အခုလို အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားဘူး...”
မကြာမီမှာပင် မိုဝန်ထျန်းက မြေပြင်ပေါ်မှ ထလာခဲ့၏။
သူ့ကိုယ်သူ တစ်ကိုယ်လုံးကို ပြန်ကြည့်လိုက်သည်။
ဒဏ်ရာများ လုံးဝမရှိတော့ဘဲ ကျန်းကျန်းမာမာနှင့် အသက်ရှင်လျက်ရှိနေပြီး စိတ်အားထက်သန်မှုများ ပြည့်ဝနေ၏။
“အစ်ကိုကျန်း... ကျွန်တော့်ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက...”
မိုဝန်ထျန်းမှာ တုန်လှုပ်သွားပြီး ချမ်ချန်ကန်းကို မမေးဘဲ မနေနိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ ဒဏ်ရာများက မည်မျှပြင်းထန်ကြောင်းကို မိုဝန်ထျန်း ကောင်းကောင်း သိထား၏။
သို့သော်လည်း ယခုအခါ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
ချမ်ချန်ကန်းက သူ့ကိုကယ်တင်ခဲ့သည်ဖြစ်ရာ ဤအရာအားလုံးက ချမ်ချန်ကန်းနှင့် သေချာပေါက် ပတ်သက်နေရမည်ဟု မိုဝန်ထျန်းက ခန့်မှန်းမိလိုက်၏။
“ဪ... ဒါကလေ... လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကုသရေးဆေးလုံး တစ်လုံးကို ငါ အမှတ်မထင်ရခဲ့တာ။ အာနိသင် အရမ်းကောင်းတယ်လို့ကြားဖူးတာပဲ။ မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သတိလစ်နေတာကိုတွေ့လို့ အဲဒီကုသရေး ဆေးလုံးကို ငါ တိုက်လိုက်တာ...”
ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ မိုဝန်ထျန်းမှာ အလွန်တရာ စိတ်လှုပ်ရှားသွား၏။
သူက ချမ်ချန်ကန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“အစ်ကိုကျန်း... ဒီကျေးဇူးကြီးကို ညီလေးမိုက ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“ညီလေးမို... အဲဒီပြိုင်ဘက်ကင်း ရသေ့ဆရာကြီးက မင်းရဲ့ အဖေပဲလေ။ မင်း အဖေနဲ့ ပြန်တွေ့တဲ့အခါ အစ်ကိုကျန်းအတွက် စကားကောင်းလေးတွေ ပြောပေးဖို့ မှတ်ထားဦးနော်...”
ယခုအခါ ဤချမ်ချန်ကန်းက သူ၏ အသက်သခင် ကျေးဇူးရှင်ဖြစ်နေပြီဖြစ်သည်။
မိုဝန်ထျန်းမှာ အတန်ငယ် အနေရခက်သွားပြီး အစောကတည်းက သူ့ကို မလိမ်ညာခဲ့သင့်ဘူးဟု တွေးလိုက်မိ၏။
ထိုပြိုင်ဘက်ကင်းဆရာသခင် ချမ်ချန်ကန်းက သူ့အဖေမဟုတ်ခဲ့ပေ။
မိုဝန်ထျန်းက ချမ်ချန်ကန်းကို ရှင်းပြရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင်။
သို့သော် ချမ်ချန်ကန်းက ထပ်ပြောလိုက်သည်ကို ကြားလိုက်ရ၏။
“ညီလေးမို... သတ်ဖြတ်ခြင်း နတ်ဘုရားကတော့ မင်း သေသွားပြီလို့ ထင်နေလောက်ပြီ။ မင်း ဘာမှထပ်စိတ်ပူစရာ မလိုတော့ဘူး။ သွားကြမယ်... အနီရောင်အိမ်တော်ကို သွားကြစို့။ ညဘက် အပန်းဖြေဖို့ ဂီတသံနားဆင်ရမယ့်အချိန် ရောက်ပြီ...”
“အစ်ကိုကျန်းပြောတာ မှန်တယ်...”
မိုဝန်ထျန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး နောက်မှပဲ ချမ်ချန်ကန်းကို ရှင်းပြတော့မည်ဟု ဆုံးဖြတ်လိုက်၏။
လမ်းတွင်။
မိုဝန်ထျန်းက မေးလိုက်သည်။
“အစ်ကိုကျန်း... ကျွန်တော့်ကို တိုက်လိုက်တဲ့ ကုသရေးဆေးလုံးက ဘယ်လို ဆေးလုံးမျိုးလဲ။ အာနိသင်က အရမ်းကောင်းတယ်လို့ ခံစားရတယ်။ တကယ်ကောင်းတာပဲ...”
“အင်း... ငါ စဉ်းစားကြည့်ဦးမယ်။ ခြေဆန့်မျက်ပြူးဆေးလုံးလို့ ခေါ်မယ် ထင်တယ်...”
“ခြေဆန့်မျက်ပြူးဆေးလုံးတဲ့လား။ တော်တော်လေး ထူးဆန်းတဲ့နာမည်ပဲ...”
“ဘာထူးဆန်းလို့လဲ။ အခု မင်း အကောင်းကြီး အသက်ရှင်နေတာကို မတွေ့ရဘူးလား...”
“ဟားဟား... အစ်ကိုကျန်း ပြောတာ မှန်ပါတယ်...”
“ကောင်းပြီ... အတင်းပြောတာ ရပ်ပြီး အနီရောင်အိမ်တော်ကို သွားကြရအောင်။ မဟုတ်ရင် အဲဒီက ပန်းကလေးတွေလို လှပတဲ့ မိန်းမပျိုလေးတွေ အားလုံးကို တခြားသူတွေ ခူးယူသွားလိမ့်မယ်...”