အခန်း ၂၂၁
Vol. 19 Ch. 221
အခန်း (၂၂၁) မြေအောက်နန်းတော်များ ဆက်စပ်သွားခြင်းနှင့် လျှို့ဝှက်ရတနာ ပေးအပ်ခြင်း
ကျောက်တုံးအိမ်ထဲမှ ခေါင်းထွက်နေသော ဟေးကျောင်းလုံကိုကြည့်ရင်း ထို့ပါယဲ့၏ မျက်နှာက ထူးဆန်းသွား၏။
“ဒါက ယွင်ကျိုးက ရှေးဟောင်းကြေးနီတောင်အောက်က မြေအောက်နန်းတော်လေ။ ဘာလို့ ဒီနဂါးနက်က ဒီကို ရောက်နေရတာလဲ...”
ချင်ဟွမ်ရွှေက ကျောက်တုံးအိမ်ထဲရှိ နဂါးနက်ကို ကြည့်၍ မေးလိုက်သည်။
“နင် ဒီလူ့ကို သိလို့လား...”
ထို့ပါယဲ့က ပြန်ဖြေလိုက်၏။
“သိတယ်... ဟေးကျောင်းလုံက တောင်ပေါင်းတစ်သိန်းတောင်တန်းက နတ်ဆိုးတစ်ကောင်ပဲ။ ယုတ္တိတန်တန် စဉ်းစားကြည့်ရင် သူက ဒီမြေအောက်နန်းတော်ထဲမှာ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခြားအရာတစ်ခုခုကများ အသွင်ပြောင်းထားတာဖြစ်ဖို့များတယ်...”
ချင်ဟွမ်ရွှေက အေးစက်စက် ပြောလိုက်သည်။
“တခြားအရာ တစ်ခုခုက အသွင်ပြောင်းထားတာဆိုမှတော့ တိုက်ရိုက် သတ်ပစ်လိုက်...”
ထိုသို့ပြောရင်း သူမက ဓားကို မြှောက်၍ ခုတ်ပိုင်းရန် ပြင်လိုက်၏။
ထိုအခိုက်၌ ဟေးကျောင်းလုံက အံ့အားသင့် ဝမ်းသာသွားသော အမူအရာဖြင့် ကျောက်တုံးအိမ်ထဲမှ ထွက်လာပြီး ထို့ပါယဲ့ကို နှုတ်ဆက်လိုက်သည်ကို မြင်လိုက်ရသည်။
“ထို့ပါယဲ့... ငါဒီမှာ... ဒီမှာ...”
ထို့ပါယဲ့က ချင်ဟွမ်ရွှေကို ကမန်းကတန်း တားဆီးလိုက်၏။
“စီနီယာ... အရင် မလုပ်ပါနဲ့ဦး... အကယ်၍ တကယ်ပဲ သူဖြစ်နေရင် နားလည်မှု လွဲသွားလိမ့်မယ်...”
ထို့နောက် ထို့ပါယဲ့က ချင်ဟွမ်ရွှေနှင့် ရုပ်သေးအိုကြီးတို့ကို ခေါ်ဆောင်၍ ယင်မြစ်ထဲရှိ ရှေးဟောင်းသတ္တဝါများကို သတ်ဖြတ်ကာ ကျောက်တုံးအိမ်ဆီသို့ လာခဲ့သည်။
ချင်ဟွမ်ရွှေနှင့် ရုပ်သေးအိုကြီးတို့၏ အစွမ်းထက်လှသော တိုက်ခိုက်ရေး စွမ်းရည်များကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ ဟေးကျောင်းလုံမှာ အလွန်တုန်လှုပ်သွား၏။
မကြာမီမှာပင် ထို့ပါယဲ့က ချင်ဟွမ်ရွှေနှင့် ရုပ်သေးအိုကြီးတို့ကို ကျောက်တုံးအိမ်အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။
ဟေးကျောင်းလုံက တိုက်ရိုက်ပင် မေးလိုက်၏။
“ထို့ပါယဲ့... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”
ထို့ပါယဲ့က ဟေးကျောင်းလုံကို ကြည့်လိုက်ရာ သူ့ထံမှ ရင်းနှီးနေသော အငွေ့အသက်ကို ခံစားလိုက်ရပြီး မိစ္ဆာတစ်ကောင်က အသွင်ပြောင်းထားခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
ဟေးကျောင်းလုံမှာ ချင်ဟွမ်ရွှေ၏ ဓားချက်ဖြင့် အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်သွားခဲ့သဖြင့် ကျောချမ်းသွားခဲ့ရ၏။
ဟေးကျောင်းလုံ၏ အမေးကို ကြားသောအခါ ထို့ပါယဲ့က စပ်စုချင်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ငါက ဒီနေရာကို ဘာလို့ရောက်နေလဲ မေးရအောင် မင်းကရော ဘာလို့ ဒီနေရာကို ရောက်နေတာလဲလို့ ငါက ပြန်မေးချင်တယ်...”
ဟေးကျောင်းလုံက ပြန်ဖြေလိုက်၏။
“ငါက အင်မော်တယ်အမွေအနှစ်အတွက် အားမြောင်နဲ့ သည်မြေအောက်နန်းတော်ထဲကို လိုက်လာတာ။ ဒါနဲ့ ထို့ပါယဲ့... သခင်ပြောတာ ကြားတာတော့ မင်းမှာ အပြင်ထွက်လုပ်ရမယ့် တာဝန်တစ်ခုရှိတယ်ဆို။ အခု မင်းက တစ္ဆေပြည်နယ်မှာ ရှိနေရမှာ မဟုတ်ဘူးလား...”
“ပြီးတော့ ဟုန်ယီနဲ့ ရှဲ့ကျီနယ့်တို့ရော။ ဘာလို့ မင်း တစ်ယောက်တည်းဖြစ်နေတာလဲ...”
“ဟုန်ယီနဲ့ ရှဲ့ကျီနယ့်တို့ကို ဗုဒ္ဓအဖွဲ့အစည်းက ဖမ်းခေါ်သွားတယ်။ အခု ငါတို့ သူတို့ရဲ့ သဲလွန်စတွေကို လိုက်ရှာနေတာ။ ဒါပေမဲ့ ဒီမြေအောက်နန်းတော်ကြီးက တော်တော်လေးကျယ်ဝန်းလွန်းလို့ အခုထိ ရှာမတွေ့သေးဘူး...”
ထို့ပါယဲ့က ကျောက်တုံးအိမ်ထဲရှိ သာမန်မဟုတ်သော အားမြောင်ကို မြင်လိုက်ရသည်။
သူမက အမွေအနှစ် တစ်ခုခုကို ရရှိနေပုံပေါ်၏။
“ဟေးကျောင်းလုံ... မင်းတို့ ယွင်ကျိုးကို ဘယ်တုန်းက ရောက်လာတာလဲ...”
“ငါတို့က ဘာကိစ္စ ယွင်ကျိုးကို သွားရမှာလဲ...”
ဟေးကျောင်းလုံက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
ဤစကားကို ကြားသောအခါ ထို့ပါယဲ့က မျက်မှောင်ကြုတ်သွား၏။
“မြေအောက်နန်းတော်ရဲ့ ဝင်ပေါက်က ယွင်ကျိုးမှာ ရှိတာလေ။ မင်းတို့က ဒီမြေအောက်နန်းတော်ထဲကို တခြားနေရာကနေ ဝင်လာကြတာလား...”
ဟေးကျောင်းလုံက ထို့ပါယဲ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
“ငါတို့က အင်မော်တယ်ယောင်ချီရေကန်ကနေ ဒီမြေအောက်နန်းတော်ထဲကို ဝင်လာခဲ့တာ...”
ထို့ပါယဲ့မှာ အလွန်တုန်လှုပ်သွားပြီး ပြောလိုက်၏။
“အင်မော်တယ်ယောင်ချီရေကန်မှာတောင် မြေအောက်နန်းတော်ရဲ့ ဝင်ပေါက်ရှိနေတာပဲ။ ယွင်ကျိုးရဲ့ တားမြစ်နယ်မြေက မြေအောက်နန်းတော်ဟာ တစ္ဆေပြည်နယ်နဲ့ လုံးဝ ဆက်စပ်နေပုံရတယ်။ အထူးသဖြင့် အခုဆို ငါတို့က အဲ့မြေအောက်နန်းတော်ထဲကိုတောင် ရောက်နေကြပြီ...”
ထို့နောက် ထို့ပါယဲ့က သူ၏ တာဝန်အကြောင်းကို ဟေးကျောင်းလုံအား ပြောပြလိုက်သည်။
ဟေးကျောင်းလုံ မျက်မှောင်ကြုတ်သွား၏။
“အဲ့လိုမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီမြေအောက်နန်းတော်ထဲမှာ ဗုဒ္ဓအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သတင်း တစ်ခုခုများ ရှာတွေ့သေးလား...”
“မြေအောက်နန်းတော်ထဲက လမ်းတွေက ရှုပ်ရှုက်ခက်နေတာပဲ။ ဒီမြေအောက်နန်းတော်ထဲမှာ ငါတို့ အန္တရာယ်အများကြီး ကြုံခဲ့ရတယ်။ အခုထိ ဗုဒ္ဓအဖွဲ့အစည်းရဲ့ သဲလွန်စကိုလည်း ရှာမတွေ့သေးသလို ဟုန်ယီနဲ့ ရှဲ့ကျီနယ့်တို့ ဘာဖြစ်သွားလဲဆိုတာကိုလည်း မသိရသေးဘူး...”
ထို့ပါယဲ့က အလွန်စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်သည်။
“မြေအောက်နန်းတော်က အရမ်း အန္တရာယ်များတယ်။ အားမြောင် အင်မော်တယ်အမွေအနှစ်ကိုရပြီးတာနဲ့ မင်းတို့ မြေအောက်နန်းတော်ထဲကနေ အမြန်ဆုံး ထွက်သွားသင့်တယ်...”
ဟေးကျောင်းလုံကလည်း ထို့ပါယဲ့၏ စကားကို သဘောတူလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူနှင့် အားမြောင်တို့က အသက်ရှင်နေသေးသော်လည်း ဒီနေရာသို့ လာရာလမ်းတွင် အန္တရာယ်များစွာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
သို့သော် နောင်တွင် အခြားအန္တရာယ်များ ရှိလာဦးမည်လားဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
ထို့ကြောင့် ဟေးကျောင်းလုံက အားမြောင် အင်မော်တယ်အမွေအနှစ်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းထွက်ခွာသွားရန် စီစဉ်ထားပြီး ဖြစ်သည်။
ချင်ဟွမ်ရွှေက ကျောက်တုံးအိမ်ထဲရှိ အားမြောင်ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။
“သူမ ရနေတာက အင်မော်တယ်တစ်ပါးပါးရဲ့ အမွေအနှစ် ဖြစ်ရမယ်။ သူမရဲ့ ခွန်အားကလည်း မအားနည်းဘူး... ကျောက်စိမ်းခေါင်းတလားထဲက အလောင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်လျှို့ဝှက်နယ်ပယ်မှာ ရှိသင့်တယ်
သူမ အဲဒီအင်မော်တယ်အမွေအနှစ်ကို အပြည့်အဝ ရဖို့အတွက်ဆိုရင် အချိန်တစ်ခုတော့ ယူရလိမ့်မယ်...”
ချင်ဟွမ်ရွှေ၏ စကားကိုကြားသောအခါ ထို့ပါယဲ့က တွေးတောလိုက်ပြီး ပြောလိုက်သည်။
“စီနီယာ... ဒါဆို ကျွန်တော်တို့ ဒီမှာပဲ ခဏလောက်နေကြတာပေါ့။ အားမြောင် အင်မော်တယ်အမွေအနှစ်ရတဲ့အထိစောင့်ပြီးမှ သူတို့ကို မြေအောက်နန်းတော်ထဲကနေ လိုက်ပို့ပေးမယ်။ ပြီးမှ သခင့်ရဲ့ တာဝန်ကို ဆက်ပြီး ပြီးမြောက်အောင် လုပ်ကြမယ်လေ... ဘယ်လိုလဲ...”
ချင်ဟွမ်ရွှေက ခေါင်းညိတ်လိုက်၏။
“ငါက နင့်ကို ကာကွယ်ပေးဖို့နဲ့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်အောင် ကူညီပေးဖို့ပဲ တာဝန်ရှိတာ။ နင် ဘာလုပ်ချင်တယ် ဆိုတာကတော့ ငါနဲ့ ဘာမှမဆိုင်ဘူး...”
နေမင်းကြီး ထွက်ပေါ်လာပြီး တပည့်လက်ခံပွဲ ကျင်းပရန် လေးရက်သာ လိုတော့သည်။
ဖုန်ထျန်းမြို့တွင် လူများ သွားလာလှုပ်ရှားနေကြပြီး အလွန် စည်ကားလျက်ရှိ၏။
တပည့်လက်ခံပွဲနှင့် နီးကပ်လာသည်နှင့်အမျှ ပါရမီရှင် ကျင့်ကြံသူအရေအတွက်မှာလည်း ပိုပို၍ များပြားလာသည်။
တစ်မြို့လုံးက တပည့်လက်ခံပွဲအတွက် အလွန် စည်ကားသိုက်မြိုက်နေ၏။
ဖုန်ထျန်းမြို့တွင်ပင် အလွန်တရာ စည်ကားနေခြင်းဖြစ်သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းတွင်မူ ပါရမီရှင် ကျင့်ကြံသူများ ပို၍ပင် များပြားနေလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းရလွယ်၏။
မြို့၏စည်ကားသောနေရာရှိ အနီရောင်အဆောက်အအုံ။
ချမ်ချန်ကန်းနှင့် မိုဝန်ထျန်းတို့က ကျေနပ်အားရစွာဖြင့် ထွက်ခွာလာခဲ့ကြသည်။
ချမ်ချန်ကန်းက လန်းဆန်းတက်ကြွနေသော ခံစားချက်ဖြင့် အကြောဆန့်လိုက်၏။
ဤသည်က မိုဝန်ထျန်းအတွက်မူ ပို၍ပင် မှန်ကန်လှသည်။
အထူးသဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ လုံးဝ ပြန်လည်သက်သာလာပြီဖြစ်သဖြင့် သူ့ကို စိတ်ဓာတ်တက်ကြွနေသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
“အစ်ကိုကျန်း... မနေ့ညက ဘယ်လို ခံစားရလဲ...”
မိုဝန်ထျန်းက မေးလိုက်၏။
“ညီလေးမို... မနေ့ညက မိန်းကလေးတွေက အားနွဲ့ပုံပေါက်ပေမဲ့ သူတို့ရဲ့ ခွန်အားကတော့ မသေးဘူး။ သူတို့ နှိပ်နယ်ပေးတဲ့အခါ အရမ်း သက်တောင့်သက်သာရှိပြီး တော်တော်လေး ဇိမ်ကျတာ...”
မိုဝန်ထျန်းက ချမ်ချန်ကန်း၏ စကားကို သဘောတူလိုက်သည်။
“ဟုတ်တယ်... အစ်ကိုကျန်းပြောတာ မှန်တယ်။ မိန်းကလေးတွေက အတော်လေး အစွမ်းပြနိုင်ပေမဲ့ ဈေးကတော့ နည်းနည်း ကြီးတယ်။ အစ်ကိုကျန်းက အသားမစားဘဲ သက်သတ်လွတ်ပဲ စားလောက်အောင် မြင့်မြတ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး...”
“အသားနဲ့ ဟင်းသီးဟင်းရွက်တွေ အရမ်းစားရင် ရိုးသွားတတ်တယ်လေ။ သက်သတ်လွတ် နည်းနည်းစားတာကလည်း ကောင်းပါတယ်...”
ချမ်ချန်ကန်းက ရယ်မောလိုက်၏။
အမှန်တကယ်တော့ အဓိကအကြောင်းရင်းမှာ ဤသည်က ပန်းလရေမှန်လုပ်ဆောင်ချက်ဖြင့် ဖွဲ့စည်းထားသော ကိုယ်ပွားဖြစ်နေသောကြောင့် ဖြစ်သည်။
*ဒါ့အပြင် ငါတို့က ရိုးသားတဲ့သူတွေပဲလေ။
ဖျော်ဖြေရေးအတွက် သီချင်းနားထောင်မယ်လို့ ပြောရင် သီချင်းပဲ နားထောင်ရမှာပေါ့*
*ဘယ်လိုလုပ် အသားစားလို့ရမှာလဲ*
*ဒါက မကောင်းဘူး... မကောင်းပါဘူးလေ*
အနီရောင်အဆောက်အအုံမှ ထွက်ခွာလာပြီးနောက် ချမ်ချန်ကန်းနှင့် မိုဝန်ထျန်းတို့က ခေါက်ဆွဲစားရန် ဆိုင်ငယ်လေးတစ်ဆိုင်ကို ရှာတွေ့ခဲ့ကြသည်။
မိုဝန်ထျန်းက ပြောလိုက်၏။
“အစ်ကိုကျန်း... တပည့်လက်ခံပွဲ ကျင်းပဖို့ လေးရက်လိုသေးတယ်... တပည့်လက်ခံပွဲကို တက်ချင်လား...”
ချမ်ချန်ကန်းက ခေါင်းခါ၍ နောက်ပြောင်လိုက်သည်။
“ညီလေးမို... ငါက ဘယ်တပည့်လက်ခံပွဲကိုမှ မတက်ဘူး။ အဲဒီပြိုင်ဘက်ကင်းဆရာသခင်က မင်းအဖေဆိုမှတော့ ညီလေးမိုက မင်းအဖေကို စကားကောင်းလေး နည်းနည်း ပြောပေးဖို့ပဲ လိုတာလေ။ မင်းအဖေက ငါ့ကို တပည့်အဖြစ် လက်ခံပေးမှာပဲကို တပည့်လက်ခံပွဲကို ဘာလုပ်ဖို့သွားမှာလဲ...”
မိုဝန်ထျန်းမှာ အနေရခက်သွား၏။
“အစ်ကိုကျန်း... ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်တော့ ဖေးရှန့်တောင်က ပြိုင်ဘက်ကင်းဆရာသခင်ဟာ ကျွန်တော့်အဖေ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက အခြေအနေက အရေးပေါ်ဖြစ်နေလို့ သည်လို နောက်ဆုံးနည်းလမ်းကို သုံးခဲ့ရတာပါ... အစ်ကိုကျန်း ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်...”
ချမ်ချန်ကန်းက အံ့အားသင့်သွားဟန် ဆောင်လိုက်သည်။
“မိုညီလေး... မင်း ငါ့ကို လိမ်နေတာ ဖြစ်ရမယ်...”
မိုဝန်ထျန်းက အလွန်အားနာသွားပြီး လျှို့ဝှက်ရတနာတစ်ခုကိုထုတ်၍ ချမ်ချန်ကန်းအား ပေးအပ်လိုက်၏။
“အစ်ကိုကျန်း... ကျွန်တော် ခင်ဗျားကို လိမ်ခဲ့တာပါ... ဒါက ညီလေးရဲ့ အမှားပါ... ဒီရတနာကို ယူလိုက်ပါ။ ခင်ဗျားအတွက် လျော်ကြေးပါ...”
ယခု မိုဝန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ရတနာ များများစားစား မရှိတော့ပေ။
သူက တပည့်လက်ခံပွဲတွင် အသုံးပြုရန်လည်း ချန်ထားရန် လိုအပ်သေး၏။
ချမ်ချန်ကန်းက ပြုံး၍ ခေါင်းခါလိုက်သည်။
“ညီလေးမို... လျှို့ဝှက်ရတနာမလိုပါဘူး... မနေ့က မင်း ငါ့ကို တစ်ခုပေးထားတာကို မေ့သွားပြီလား...”
“အဲ့ကိစ္စတစ်ခုက တစ်ခုပါ။ မနေ့က လျှို့ဝှက်ရတနာက အစ်ကိုကျန်းရဲ့ အသက်ကယ်ကျေးဇူးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ရော ကျွန်တော့်ကို တောင်ပေါင်းတစ်သိန်းတောင်တန်းကနေ ဖုန်ထျန်းမြို့ကို ခေါ်လာပေးလို့ပါ။ ဒီနေ့ လျှို့ဝှက်ရတနာကတော့ မနေ့ညက နောက်တစ်ကြိမ် အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်လို့ပါ။ အစ်ကိုကျန်းကို တောင်းပန်တဲ့အနေနဲ့လည်းပါပါတယ်...”
“အစ်ကိုကျန်း... ခင်ဗျား ဒါကို လက်ခံမှ ဖြစ်မယ်။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ရွှေအမြုတေအဆင့်မှာဆိုတော့ ပြိုင်ဘက်ကင်းဆရာသခင်ရဲ့ တပည့် မဖြစ်နိုင်ရင်တောင်မှ ဒီလျှို့ဝှက်ရတနာ နှစ်ခုနဲ့ဆိုရင် အနာဂတ်မှာ အစ်ကိုကျန်းရဲ့ အောင်မြင်မှုတွေက သေချာပေါက် နိမ့်ကျနေမှာ မဟုတ်ဘူး...”