အခန်း ၂၂၂
Vol. 19 Ch. 222
အခန်း (၂၂၂)လမ်းခွဲခြင်း၊ ရေနှင့်မီးလို မသင့်မြတ်ခြင်း
ချမ်ချန်ကန်းက ပြုံးလိုက်ပြီး နောက်ဆုံးတွင် လျှို့ဝှက်ရတနာကို လက်ခံလိုက်၏။
“ညီလေးမိုရဲ့ စေတနာကို ငါ လက်ခံပါတယ်...”
ထို့နောက် ချမ်ချန်ကန်းက မိုဝန်ထျန်းကို ဆက်မေးလိုက်သည်။
“ဒါနဲ့ မင်းက ရှေ့ဆက်ဘာလုပ်ဖို့အစီအစဉ် ရှိလဲ...”
“ဟားဟား... သေချာပေါက် နောက်လေးရက်နေရင် ကျင်းပမယ့် တပည့်လက်ခံပွဲကို တက်ရမှာပေါ့။ ကျွန်တော်က တပည့်လက်ခံပွဲမှာ အထူးချွန်ဆုံးလူ ဖြစ်ချင်တယ်... ပြီးတော့ အဲဒီပြိုင်ဘက်ကင်းဆရာသခင်ရဲ့ တပည့် ဖြစ်ချင်တယ်...”
ချမ်ချန်ကန်းက မိုဝန်ထျန်းကို ကြည့်လိုက်၏။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံခြင်းသာ ရှိပြီး ဤသို့ရောက်လာကြသည့် ပါရမီရှင်များထဲတွင် သူ့ကျင့်ကြံခြင်းအဆင့်က အားအနည်းဆုံး ဖြစ်နေသည်။
ထို့ထက်မက အင်မော်တယ်နယ်မြေမှ ပါရမီရှင်များလည်း တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြဦးမည်ဖြစ်၏။
ထို့ကြောင့် မိုဝန်ထျန်းအနေဖြင့် တပည့်လက်ခံပွဲတွင် ထူးချွန်စွာ ထွက်ပေါ်လာနိုင်လိမ့်မည်ဟု သူ မထင်ပေ။
သို့သော်လည်း သေချာသည်ကတော့ မိုဝန်ထျန်း၏ လက်ထဲတွင် လျှို့ဝှက်ရတနာများစွာရှိနေသည်။
ထိုလျှို့ဝှက်ရတနာများကြောင့် မိုဝန်ထျန်းအတွက် အခွင့်အရေးတစ်ခု ရှိနေနိုင်၏။
မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်း စီစဉ်ထားသော ဆယ့်ရှစ်ထပ် စမ်းသပ်ချက်မျှော်စင်ကို ဖြတ်ကျော်နိုင်ရန်မှာမူ မလွယ်ကူလှပေ။
သေချာသည်ကတော့ ချမ်ချန်ကန်းက မိုဝန်ထျန်းကို စိတ်ဓာတ်မကျစေချင်ပေ။
သူက မိုဝန်ထျန်း၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။
“မင်းကို ငါယုံတယ်... သေချာပေါက် အောင်မြင်မှာပါ...”
မိုဝန်ထျန်းမှာ ယုံကြည်မှုများ အပြည့်အဝ ရှိနေသည်။
အရင်က ဖာထျန်း၏ သတ်ဖြတ်ခြင်းကို တစ်ကြိမ်ခံခဲ့ရသော်လည်း မိုဝန်ထျန်းအတွက်မူ ၎င်းက သူ့ယုံကြည်မှုကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ချေ။
“အစ်ကိုကျန်း... အခု ကျွန်တော် လိမ်ခဲ့တယ်ဆိုတာ ခင်ဗျား သိသွားပြီဆိုတော့ အဲဒီပြိုင်ဘက်ကင်းဆရာသခင်ကို အစ်ကိုကျန်းအတွက် စကားကောင်း ပြောပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါဆို အစ်ကိုကျန်းက ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ...”
“ငါလား...”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“လုပ်စရာလေးတွေရှိသေးလို့ ဖုန်ထျန်းမြို့ကနေ ထွက်သွားတော့မယ်...”
“ဒါဆို အစ်ကိုကျန်းက တပည့်လက်ခံပွဲကို မတက်တော့ဘူးပေါ့...”
“ငါ့ခွန်အားနဲ့ဆိုရင် တပည့်လက်ခံပွဲကို တက်လည်း အလကားပဲလေ... ဒါကိုလည်း ငါ စိတ်မဝင်စားပါဘူး...”
“အိုး... ကောင်းပါပြီ...”
မိုဝန်ထျန်းက သက်ပြင်းချလိုက်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချမ်ချန်ကန်းနှင့်အတူ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ အတူတူ သွားချင်သည်ကတော့ အမှန်ပင်ဖြစ်၏။
သို့သော်လည်း ဖာထျန်းက သူ့ကို ထပ်မံ ရှာတွေ့သွားမည်ကို သူ စိုးရိမ်နေဆဲဖြစ်၏။
အကယ်၍ ရှာတွေ့သွားပါက ဖာထျန်းက သူ့ကို သေချာပေါက် သတ်ဖြတ်လိမ့်မည်ဖြစ်သည်။
တပည့်လက်ခံပွဲ မစတင်မီ ဤလေးရက်အတွင်းတွင် သူ့ကို လုံးဝ မတွေ့ချင်တော့ပေ။
အကယ်၍ ချမ်ချန်ကန်းသာ သူ့နောက်သို့ လိုက်လာပါက ချမ်ချန်ကန်းပါ အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ချေရှိ၏။
ထို့ကြောင့် မိုဝန်ထျန်းက ချမ်ချန်ကန်းနှင့်အတူ ခရီးသွားချင်ခဲ့သော်လည်း ထိုသို့လုပ်၍ မဖြစ်နိုင်မှန်း သူ သိထားသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က ချမ်ချန်ကန်းကို ဒုက္ခရောက်စေရုံသာ ရှိလိမ့်မည်။
နောက်ဆုံးတွင်မူ မိုဝန်ထျန်းက ချမ်ချန်ကန်းကို နှုတ်ဆက်၍ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ တစ်ဖန် ပြန်လည်ထွက်ခွာသွားတော့သည်။
တပည့်လက်ခံပွဲ ကျင်းပရန် လေးရက်သာ လိုတော့၏။
ဤလေးရက်အတွင်း အင်မော်တယ်နယ်မြေတွင် သူ၏ ခွန်အားကို ထပ်မံမြှင့်တင်ရမည်ဖြစ်သည်။
အထူးသဖြင့် သူ့အသိစိတ်ပင်လယ်ထဲတွင် ပုန်းအောင်းနေသော အင်မော်တယ်အင်ပါယာ အဘိုးအိုမှာ ထိုအင်မော်တယ်နယ်မြေမှ စွမ်းအားများကို ပို၍ပင် လိုအပ်နေပုံရ၏။
ဖာထျန်းနှင့် ပတ်သက်၍မူ တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ အင်မော်တယ်အင်ပါယာအဘိုးနှင့် ကျန်ရှိနေသေးသော လျှို့ဝှက်ရတနာများကို အားကိုး၍ အနိုင်ယူရမည် ဖြစ်သည်။
မိုဝန်ထျန်း ဖုန်ထျန်းမြို့မှ ထွက်ခွာသွားပြီးနောက်တွင် ချမ်ချန်ကန်းလည်း ဖုန်ထျန်းမြို့၌ ဆက်မနေတော့ချေ။
ကိုယ်ပွားက ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွား၏။
ဖေးရှန့်တောင်... သက်ရှည်ကျောင်းတော်…။
ချမ်ချန်ကန်း၏ အသိစိတ်က မူလခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။
သူက အနားယူရာခန်းမထဲမှ ထွက်လာပြီး ခြံဝင်းထဲသို့ ရောက်လာ၏။
ပိုင်ယွဲ့က လေးလေးနက်နက် ကျင့်ကြံနေဆဲဖြစ်ပြီး ခြံဝင်းထဲတွင် ထိုက်ကျိလေ့ကျင့်ခန်းကို လေ့ကျင့်နေသည်။
အထူးသဖြင့် တပည့်လက်ခံပွဲက နီးကပ်လာပြီ ဖြစ်သဖြင့် သူမကို ပို၍ ကြိုးစားကျင့်ကြံလာစေ၏။
သူမက ချမ်ချန်ကန်းကို မြင်သောအခါ လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်သည်။
ထို့နောက် ချမ်ချန်ကန်းကို အရိုအသေပေးလိုက်၏။
“ပိုင်ယွဲ့... အခု မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လို အခြေအနေရှိလဲ...”
“ဆရာ... ကျင့်ကြံခြင်း တိုးတက်မှုက အတော်လေး မြန်ဆန်ပါတယ်။ အခု အရေးအကြီးဆုံးအချက်က ဆရာ သင်ပေးထားတဲ့ ထိုက်ကျိလေ့ကျင့်ခန်းကို အနည်းဆုံးတော့ အောင်မြင်အောင် ကျင့်ကြံဖို့ပါပဲ။ ဒီလျှို့ဝှက်နည်းစနစ်က အရမ်း အစွမ်းထက်တယ်။ အကယ်၍ အပြည့်အဝ တတ်မြောက်သွားရင် တပည့်က တပည့်လက်ခံပွဲမှာ အနိုင်ရဖို့ ပိုပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်...”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“ဒီစမ်းသပ်ချက်မျှော်စင်က ဆယ့်ရှစ်ထပ်တောင်ရှိတာ။ အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး...”
သေချာသည်ကတော့ ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင်ကို တည်ဆောက်ထားခဲ့သော်လည်း ဤစမ်းသပ်ချက်မျှော်စင်က မည်မျှ စွမ်းအားကြီးမားသည်ကို သူကိုယ်တိုင်လည်း မသိပေ။
မည်သို့ပင်ဆိုစေကာမူ မည်သူကမျှ အသုံးမပြုဖူးသေးချေ။
စမ်းသပ်ချက်မျှော်စင်မှ အောင်မြင်စွာ ဖြတ်ကျော်နိုင်သူမှာ မည်သူဖြစ်မည်နည်း။
ပိုင်ယွဲ့များ ဖြစ်နေမည်လား။
ချမ်ချန်ကန်းလည်း မသိပေ။
တပည့်လက်ခံပွဲ ကျင်းပချိန်မှသာ သိနိုင်မည် ဖြစ်၏။
ပိုင်ယွဲ့၏ အသံက အလွန်တည်ငြိမ်နေပြီး သူမ့ခန္ဓာကိုယ်မှ တောင်ကြားထဲရှိ သစ်ခွပန်းတစ်ပွင့်ကဲ့သို့ သင်းပျံ့သော ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
သူမ၏ အနောက်မှ အမြီးလေးက တယိမ်းယိမ်း လှုပ်ရှားနေ၏။
ယင်းက သူ့ကို လက်ဖြင့် သွားကိုင်ချင်စိတ် ပေါ်လာစေသည်။
ချမ်ချန်ကန်းက စိတ်ထဲမှ သက်ပြင်းချလိုက်၏။
မထင်မှတ်ဘဲ နောက်ဆုံးတွင် ပိုင်ယွဲ့က သူ့တပည့် ဖြစ်လာခဲ့သည်။
အကယ်၍ တပည့်သာ မဟုတ်ခဲ့လျှင် နောက်ထပ်အဆင့်တစ်ခုအထိ တိုးတက်သွားနိုင်ချေရှိ၏။(တပည့်မဟုတ်ရင် သူကြံမလို့)
သူမအကြောင်းကို ပိုပြီးလေ့လာလို့ရတာပေါ့။
သေစမ်း….. ဤပိုင်ယွဲ့က ပန်းကလေးတစ်ပွင့်လို လှပနေသော်လည်း သူမက မိမိ၏ ကိုယ်ပိုင်တပည့်ဖြစ်နေသည်။
ဆရာတစ်ယောက်အနေဖြင့် မည်သို့လုပ် ကယောင်ကတမ်း တွေးတောနေလို့ ရမည်နည်း။ ဤသည်ကား ကျင့်ဝတ်နှင့် ဆန့်ကျင်နေ၏။
ချမ်ချန်ကန်းက သူမကို စကားမပြောဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ ပိုင်ယွဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူမ မျက်နှာက အနည်းငယ်နီရဲသွားပြီး အနေရခက်လာသဖြင့် မမေးဘဲ မနေနိုင်တော့ချေ။
“ဆရာ... ဘာကို ကြည့်နေတာလဲဟင်...”
ချမ်ချန်ကန်းမှာ အနည်းငယ် ရှက်ရွံ့သွား၏။
မနေ့ညက အနီရောင်အဆောက်အအုံသို့ သွားခဲ့ခြင်းကြောင့် သူ့စိတ်နှလုံးများ အနည်းငယ် လွင့်ပါးနေခြင်းဖြစ်မည်။
သူက ချောင်းနှစ်ချက်ဟန့်၍ ပြောလိုက်သည်။
“မနေ့ညက ငါ ဖာထျန်းကို တွေ့ခဲ့တယ်...”
ပိုင်ယွဲ့မှာ လန့်ဖြန့်သွား၏။
“ဆရာ... သူက တောင်ပေါင်းတစ်သိန်းတောင်တန်းကို ရောက်လာတာလား..”
“အင်း... ဒါပေမဲ့ သူက ငါ့ကို လာရန်စလို့ ပညာနည်းနည်း ပေးလိုက်တယ်။ အခု သူ ဒဏ်ရာတွေကို ကုသဖို့ တစ်နေရာရာမှာ ပုန်းနေလောက်ပြီ...”
ပိုင်ယွဲ့မှာ အလွန်တုန်လှုပ်သွားသော အမူအရာ ဖြစ်သွား၏။
ဖာထျန်းက ဤမျှ ရဲတင်းစွာဖြင့် ချမ်ချန်ကန်းကို လာရောက်ရန်စရဲလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပုံရသည်။
သူမ သိထားသည်မှာ သူ၏ တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်ဖြစ်သော အင်မော်တယ်အရှင်သခင် သိုင်းသူတော်စင် ပင်လျှင် ချမ်ချန်ကန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်၏။
ထိုဖာထျန်း၏ ခွန်အားဖြင့် မည်သို့လုပ် ခုခံနိုင်မည်နည်း။
ဤသည်က မိမိကိုယ်ကို သေတွင်းထဲ ပို့လိုက်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ပိုင်ယွဲ့မှာ အလွန် တုန်လှုပ်သွားရခြင်းဖြစ်၏။
“ပိုင်ယွဲ့... မင်းနဲ့သူက ရွှယ်ဝူအင်မော်တယ်နယ်မြေကနေ ပြန်လည်ဝင်စားပြီး ကျင့်ကြံနေကြတဲ့ ပါရမီရှင်တွေဆိုတော့ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲ...”
“ရေနဲ့မီးလိုပဲ မသင့်မြတ်ဘူး...”
ပိုင်ယွဲ့က ဆက်ပြောလိုက်၏။
“တကယ်တော့ တပည့်နဲ့သူတင် မဟုတ်ပါဘူး... ရွှယ်ဝူအင်မော်တယ်နယ်မြေက ပါရမီရှင်တွေ အားလုံးနီးပါးက ဒီလို အခြေအနေမှာချည်းပါပဲ။ ဒါပေမဲ့ ရန်သူအဖြစ် သတ်မှတ်လို့ရတာကတော့ တပည့်နဲ့ ဖာထျန်းပါပဲ...”
“ရွှယ်ဝူအင်မော်တယ်နယ်မြေမှာရှိနေတုန်းက သူနဲ့တိုက်ခိုက်ရတာ အများအားဖြင့် ရှုံးတာက များပြီး နိုင်တာက နည်းပါတယ်။ သူက အမြဲတမ်း အသာစီးရနေတတ်တယ်...”
ဤနေရာသို့ ရောက်သောအခါ ပိုင်ယွဲ့မှာ ကူကယ်ရာမဲ့စွာဖြင့် မကျေမချမ်း ဖြစ်သွား၏။
ဖာထျန်းကို နောက်တစ်ကြိမ် ထပ်မရှုံးချင်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤတပည့်လက်ခံပွဲတွင် ဖာထျန်းကို ရှုံးနိမ့်သွားပါက သူမ တကယ် ရှုံးနိမ့်သွားပြီ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ပိုင်ယွဲ့မှာ အင်မော်တယ်နယ်မြေ၏ အရှင်သခင်နေရာအတွက် ဖာထျန်းနှင့် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီတော့မည် မဟုတ်ဟု စိုးရိမ်ရ၏။
“ပိုင်ယွဲ့... ဆရာ မင်းကို ယုံတယ်...”
ဤအခိုက်အတိုင်းတွင် ချမ်ချန်ကန်းက ပါးစပ်ဟ၍ ပိုင်ယွဲ့ကို ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ...”