← Chapters

အခန်း ၂၂၃

Vol. 19 Ch. 223

အခန်း ၂၂၃

Vol. 19 Ch. 223

အခန်း (၂၂၃)စောင့်ကြည့်ခြင်း၊ နောက်ထပ် အဆင့်မြှင့်တင်မှု

“မှတ်ထား... ဒီတပည့်လက်ခံပွဲမှာ ဖာထျန်းတင်မကဘဲ အင်မော်တယ်နယ်မြေက တခြားပါရမီရှင်တွေလည်းရှိနေတယ်။ မင်းက ငါ့တပည့်ဖြစ်ပေမဲ့ ငါ မင်းကိုကူညီမှာ မဟုတ်ဘူး... အရာအားလုံးကို မင်းဘာသာမင်း ကြိုးစားရယူရမယ်...”

ပိုင်ယွဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်၏။

“ဆရာ... စိတ်ချပါ... ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး...”

ထို့နောက် ချမ်ချန်ကန်းက ပိုင်ယွဲ့နှင့် စကားဆက်မပြောတော့ပေ။

သူက အမြီးလေးကို သွားရှာလိုက်၏။

သို့သော်လည်း အမြီးလေးက ဖေးရှန့်တောင်တွင် မရှိကြောင်း တွေ့လိုက်ရသည်။

ချမ်ချန်ကန်းမှာ အနည်းငယ် အံ့အားသင့်သွား၏။

ထို့နောက် စိတ်ကူးတစ်ချက်ဖြင့် ပြိုင်ဘက်ကင်းနယ်မြေကို ရှာဖွေလိုက်ရာ မကြာမီမှာပင် သူမကို ရှာတွေ့သွားသည်။

ဤအချိန်တွင် အမြီးလေးက တောင်အောက်သို့ ဆင်းသွားပြီဖြစ်၏။

သူမက စမ်းသပ်ချက်မျှော်စင်ကို စပ်စုချင်နေပုံရသည်။

အမှန်တကယ်တော့ အမြီးလေးကလည်း ဤတပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်နေ၏။

မည်သို့ပင်ဆိုစေကာမူ သူမကလည်း ယခုအခါတွင် ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းရှိနေပြီဖြစ်သည်။

အမြီးလေးက တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ပေါ်လာသောအခါ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

သူမက အစောပိုင်းတွင် ချမ်ချန်ကန်းနှင့်အတူ ကျူးရှိူ့ပွဲတော်သို့ တက်ရောက်ခဲ့ဖူးသဖြင့် ကျင့်ကြံသူများစွာက သူမကို မှတ်မိနေကြ၏။

ထို့ကြောင့် အမြီးလေးကို မြင်လိုက်ရခြင်းက မရေမတွက်နိုင်သော ကျင့်ကြံသူများကို ချက်ချင်းပင် စိတ်လှုပ်ရှား မျှော်လင့်သွားစေသည်။

အမြီးလေး ပေါ်လာပြီဆိုမှတော့ ထိုပြိုင်ဘက်ကင်းဆရာသခင်ကရော ဤနေရာကို ရောက်လာနိုင်မည်လား။

အမြီးလေးနှင့် ချမ်ချန်ကန်းတို့၏ ဆက်ဆံရေးကို သိထားကြသဖြင့် မည်မျှပင် အစွမ်းထက်နေစေကာမူ ရောက်ရှိနေသော ကျင့်ကြံသူတစ်ယောက်ကမျှ အမြီးလေးကို မရန်စရဲကြပေ။

သေချာသည်ကတော့ အမြီးလေးက ဤရက်များအတွင်း ဖေးရှန့်တောင်တွင် နေထိုင်စဉ် နေ့စဉ် သက်စောင့်ဆေးလုံးများကို စားသုံးပြီး ဆေးစွမ်းများ ပါဝင်သော ဆေးရည်များကို သောက်သုံးခဲ့သည့်အပြင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အင်မော်တယ် လက်နက်အချို့ကိုပင် ဆောင်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်လေးက သာမန်မဟုတ်သကဲ့သို့ ဖြစ်နေ၏။

ဤအမြီးလေးကို လုံးဝ လူသားဆေးလုံး တစ်ခုဟုပင် ဆိုနိုင်ပေသည်။

အကယ်၍သာ အမြီးလေးက ချမ်ချန်ကန်း၏ တပည့် မဟုတ်ခဲ့လျှင် ဤကျင့်ကြံသူများက အမြီးလေးကို စတင်လုယက်နေကြလောက်ပြီ ဖြစ်၏။

ထို့နောက် အမြီးလေးကို သက်စောင့်ဆေးလုံး တစ်လုံးအဖြစ် သတ်မှတ်၍ သန့်စင်စားသုံးပစ်ကြမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမြီးလေး၏ ကျင့်ကြံခြင်းက အလွန်အားနည်းလွန်းပြီး ရွှေအမြုတေအဆင့်သာ ရှိသေး၏။

ဤနေရာသို့ ရောက်လာကြသော ကျင့်ကြံသူများထဲတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်များ၊ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်များ၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များနှင့် အင်မော်တယ်တစ်ပိုင်းအဆင့်များပင် မည်မျှရှိနေမည်ကို မသိနိုင်ချေ။

အကယ်၍သာ အမြီးလေးကိုသာ တစ်ခုခု လုပ်ချင်သည်ဆိုပါက အမြီးလေး၏ ခွန်အားသက်သက်ဖြင့် ဤအရာအားလုံးကို လုံးဝခုခံနိုင်မည် မဟုတ်ပေ။

အမြီးလေးတွင် အန္တရာယ်မရှိသည်ကို မြင်ပြီးနောက် ချမ်ချန်ကန်းက အကြည့်လွှဲမသွားဘဲ သူမအပေါ်တွင် အာရုံတစ်ချို့ ချန်ထားခဲ့၏။

အန္တရာယ် ကြုံလာပါက ချမ်ချန်ကန်းက အချိန်မီ လှုပ်ရှားနိုင်မည်ဖြစ်သည်။

သေချာသည်ကတော့ ဤအမြီးလေးက ပြိုင်ဘက်ကင်းနယ်မြေထဲမှ လုံးဝ ထွက်မသွားသရွေ့ သူမကို မည်သည့်အရာမှ ဖြစ်လာမည်မဟုတ်ချေ။

ထို့နောက် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေအတွင်း ဖာထျန်း၏ သဲလွန်စများကို ရှာဖွေလိုက်သည်။

ထိုဖာထျန်းက ပြိုင်ဘက်ကင်းနယ်မြေသို့ ရောက်လာခြင်း ရှိမရှိ ကြည့်လိုက်၏။

ချမ်ချန်ကန်းမှာ စိတ်ပျက်မသွားခဲ့ပေ။ ဖာထျန်းက ပြိုင်ဘက်ကင်းနယ်မြေအတွင်း အမှန်တကယ်ရှိနေသည်။

ချမ်ချန်ကန်းက ဖာထျန်းကို ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ရှာတွေ့ရုံသာမက ဖာထျန်းမှာ ယခုအခါ အန္တရာယ်ကင်းကင်းနှင့် ကျန်းမာစွာရှိနေပြီး မနေ့ညက သူ့ကို တိုက်ခိုက်စဉ်ရခဲ့သော ဒဏ်ရာများမှာလည်း လုံးဝ ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ဤသည်က ချမ်ချန်ကန်း မထင်မှတ်ထားခဲ့သော အရာဖြစ်သည်။

သေချာသည်ကတော့ ချမ်ချန်ကန်းကလည်း ဂရုမစိုက်ပေ။

တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ဖာထျန်း ရောက်လာခြင်းမှာ သဘာဝကျကျပင် ကောင်းကင်တာအို၏ အစောင့်အရှောက်နေရာနှင့် ကျူးရှိူ့ဒယ်စောက်အတွက်ဖြစ်ကြောင်း သူ သိထား၏။

ထိုသို့ဆိုလျှင် သူ့ကို အရင် မသတ်သေးပေ။

ယင်းထက် နောက်လေးရက်နေလျှင် ကျင်းပမည့် တပည့်လက်ခံပွဲတွင် ဖာထျန်း မည်သို့ လှုပ်ရှားမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ဖာထျန်းထံမှ အကြည့်လွှဲပြီးနောက် ချမ်ချန်ကန်းက သူ့အာရုံကို လှိုဏ်ဂူအိမ်တော်တစ်ခုဆီသို့ တစ်ဖန် ပြောင်းလိုက်၏။

လှိုဏ်ဂူထဲတွင် ဧရာမ အင်မော်တယ်ကုတင်ကြီးပေါ်၌ ချင်ရှို့ဝမ်နှင့် သူ၏ ဇနီးငယ်လေးများစွာ လဲလျောင်းနေကြသည်။

ယင်ယန်ကျင့်စဉ်က အလွန်အံ့မခန်းဖြစ်၏။

အရင်က ဖာထျန်းနှင့် တိုက်ခိုက်ခဲ့ရသော်လည်း ချင်ရှို့ဝမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း ဖာထျန်းကဲ့သို့ပင် ပြန်လည်သက်သာလာခဲ့သည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။

သူ့မျက်နှာက ဖြူရော်နေသော်လည်း မျက်လုံးများက တောက်ပနေပြီး အလှလေးများကြားတွင် နစ်မြုပ်နေ၏။

ဤအင်မော်တယ်နယ်မြေမှ ပါရမီရှင်များက အစွမ်းထက်သော နောက်ခံများရှိနေပုံရသည်။

နောက်ခံက အစွမ်းထက်သည်ဖြစ်စေ၊ မထက်သည်ဖြစ်စေ ချမ်ချန်ကန်းက ဂရုမစိုက်ပေ။

တစ်ခုတည်းသောအရာမှာ ချင်ရှို့ဝမ်က အလှလေးများအကြား နစ်မြုပ်နေခြင်းဖြစ်ပြီး ဤသည်က သေချာပေါက် ချမ်ချန်ကန်းကို အားကျသွားစေ၏။

အနီရောင်အဆောက်အအုံသို့ သွားခဲ့သော်လည်း သူ အားကျနေမိဆဲ ဖြစ်သည်။

သူလည်း ချင်ရှို့ဝမ်ကဲ့သို့ မည်သည့်အချိန်ကျမှ ဤမျှစည်းစိမ်ကြီးပြီး သက်တောင့်သက်သာရှိသော ဘဝမျိုးကို နေထိုင်နိုင်မည်နည်း။

သူက စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

*သောက်ကောင်... မင်း အနှေးနဲ့အမြန် အဲဒီအလှလေးတွေကြားထဲမှာ သေသွားလိမ့်မယ်…*

ချင်ရှို့ဝမ်က အဆင်ပြေနေသည်။

သူက အင်မော်တယ်နယ်မြေ၏ ပါရမီရှင်တစ်ဦး၊ ချင်ဟွမ်ရွှေ၏ မောင်လေး ဖြစ်ပြီး တကယ့်ကိုသာမန်မဟုတ်ပေ။

ထို့ကြောင့် ချမ်ချန်ကန်းက ချင်ရှို့ဝမ်၌ ဘာပြဿနာမှမရှိသည်ကို မြင်ပြီးနောက် သူ့အကြည့်ကို ရုပ်သိမ်း၍ သူ့ကို လျစ်လျူရှုလိုက်၏။

သို့သော် သူ၏ ပြိုင်ဘက်ကင်းနယ်မြေထဲတွင် မိုဝန်ထျန်း ရောက်လာသည်ကို မတွေ့ရချေ။

မိုဝန်ထျန်းက ဖုန်ထျန်းမြို့မှ စတင်ထွက်ခွာပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ပြိုင်ဘက်ကင်းနယ်မြေသို့ လာနေပုံရသည်။

အချိန်အနည်းငယ် လိုအပ်နေသေး၏။

ထို့နောက် ချက်ချင်းပင် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေကို ထပ်မံ စစ်ဆေးလိုက်သည်။

ထိုရုပ်သေးအိုကြီးက တာအိုအစောင့်အရှောက် တစ်ဦးဖြစ်သဖြင့် ယုတ္တိတန်တန် စဉ်းစားကြည့်နိုင်သည်။

အနည်းဆုံးတော့ ချင်ရှို့ဝမ်၊ ပိုင်ယွဲ့နှင့် ဖာထျန်းတို့မှလွဲ၍ အင်မော်တယ်နယ်မြေမှ နောက်ထပ်ပါရမီရှင်တစ်ဦး ရှိနေသင့်၏။

သို့မဟုတ်ပါက ရုပ်သေးအိုကြီးက ချင်ဟွမ်ရွှေကို တိုက်ခိုက်ရန် ပြိုင်ဘက်ကင်းနယ်မြေထဲတွင် လုံးဝ ပေါ်လာမည် မဟုတ်ပေ။

သို့သော် ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်က အလွန်သိုသိုသိပ်သိပ်နေပြီး ကြွားလုံးထုတ်ခြင်းမရှိချေ။

ထို့ကြောင့် ယခုအချိန်အထိ ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်က မည်သည့်နေရာတွင် ရှိနေသည်ကို ချမ်ချန်ကန်း ရှာမတွေ့သေးပေ။

မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် တစ်ခုလုံးသော ပြိုင်ဘက်ကင်းနယ်မြေ၌ ပေါ်လာသည့် ကျင့်ကြံသူများက အလွန် များပြားလွန်းနေ၏။

တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ဤမျှများပြားသော ကျင့်ကြံသူများ တစ်ခါမှ မလာဖူးကြချေ။

သူ့တပည့်လက်ခံပွဲနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ လူများ စုဝေးလာကြပြီး အလွန်စည်ကားနေသည်။

ကောင်းကင်အင်မော်တယ်နယ်မြေမှ ပါရမီရှင်များနှင့် ကျူးရှိူ့ဒယ်စောက်အတွက် ယှဉ်ပြိုင်ရမည်မှန်း သိထားလျှင်တောင်မှ ကောင်းကင်တာအိုအစောင့်အရှောက် နေရာအတွက် ယှဉ်ပြိုင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်၏။

သို့သော် သူတို့က ကြိုးစားကြည့်ချင်နေကြဆဲ ဖြစ်သည်။

အကယ်၍ အောင်မြင်သွားခဲ့လျှင်ရော ထိုအခါ ကောင်းကင်သို့ တက်လှမ်းနိုင်သွားမည်ဖြစ်၏။

ယခုမှစ၍ ရစ်ငှက်မှ ဖီးနစ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ချမ်ချန်ကန်းက ခေါင်းခါ၍ သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။

အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ဂရုမစိုက်တော့ပေ။

ပြိုင်ဘက်ကင်းနယ်မြေသို့ ကျင့်ကြံသူများ ပိုမို ရောက်ရှိလာသည်နှင့်အမျှ အင်မော်တယ်နယ်မြေ၏ ထူးခြားဆန်းကြယ်မှုများမှတစ်ဆင့် နေ့စဉ်နှင့်အမျှ ကျင့်ကြံသူ မည်မျှ အဆင့်တက်သွားကြသည်ကို မသိနိုင်တော့ချေ။

သူတို့အဆင့်တက်သွားပြီးနောက် ချမ်ချန်ကန်းကို နယ်မြေတန်ဖိုးအများအပြား ပံ့ပိုးပေးလိမ့်မည်ဖြစ်၏။

နယ်မြေတန်ဖိုးများကို သုံးစွဲ၍ သူ၏ ပြိုင်ဘက်ကင်းနယ်မြေက အချိန်တိုင်း တိတ်တဆိတ် ကျယ်ပြန့်လာနေသည်။

ထိုအခါ ပြိုင်ဘက်ကင်းနယ်မြေ၏ အစွန်အဖျားတွင် ကျင့်ကြံနေကြသော ကျင့်ကြံသူများနှင့် နတ်ဆိုးများအတွက် အင်မော်တယ်နယ်မြေ ကျယ်ပြန့်လာနေကြောင်းတွေ့ရှိရခြင်းက ပို၍ သိသာထင်ရှားသော ခံစားချက်ဖြစ်လာသည်။

ယခင်က အင်မော်တယ်စွမ်းအင်မရှိခဲ့သော နေရာများတွင် ယခုအခါ အင်မော်တယ်စွမ်းအင်များရှိလာပြီဖြစ်၏။

ဤသည်က အင်မော်တယ်နယ်မြေ ကျယ်ပြန့်လာနေကြောင်း သက်သေပြနေသည်။

ထို့ကြောင့် ထိုကျင့်ကြံသူများနှင့် နတ်ဆိုးများမှာ အလွန် တုန်လှုပ်သွားကြပြီး အတော်လေး သိချင်စိတ်ပြင်းပြနေကြသည်။

တစ်နေ့နေ့တွင် ဤအင်မော်တယ်နယ်မြေက တစ်ခုလုံးသော တောင်ပေါင်းတစ်သိန်းတောင်တန်းအထိ ကျယ်ပြန့်သွားမည်လား။

တောင်ပေါင်းတစ်သိန်းတောင်တန်းအထိ ကျယ်ပြန့်သွားရုံသာမကဘဲ အဝေးဆီသို့ပါ ဆက်လက်ကျယ်ပြန့်သွားဦးမည်လား။

စဉ်းစားကြည့်နိုင်ပေသည်။

အင်မော်တယ်နယ်မြေ ကျယ်ပြန့်လာသည်ကို တွေ့ရှိပြီးနောက် ကျင့်ကြံသူများနှင့် နတ်ဆိုးများ၏ စိတ်က မည်မျှ တုန်လှုပ်သွားခဲ့မည်နည်း။

သေချာသည်ကတော့ သူတို့၏ စိတ်ထဲတွင် ဤသည်က အလွန်အဓိပ္ပာယ်မဲ့နေပုံလည်း ရ၏။

မြင့်မြတ်နယ်မြေက ဆက်လက် ကျယ်ပြန့်လာနိုင်သည်ဟု သူတို့တစ်ခါမှ မကြားဖူးခဲ့သလို အင်မော်တယ်နယ်မြေ ဆက်လက် ကျယ်ပြန့်လာနိုင်သည်ဟုလည်း တစ်ခါမှ မတွေးဖူးခဲ့ကြချေ။

အကယ်၍ ကျယ်ပြန့်လာသည် ဆိုလျှင်တောင်မှ ကန့်သတ်ချက်တစ်ခုတော့ ရှိရမည်ဖြစ်သည်။

စမ်းသပ်ချက်မျှော်စင်က ရွှေရောင်အလင်းတန်းများ တောက်ပနေ၏။

ယနေ့တွင် ၎င်းက တစ်ခုလုံးသော တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်လာပုံရသည်။

ဤနေရာသို့ရောက်လာကြသော ကျင့်ကြံသူ အားလုံးနီးပါးက စမ်းသပ်ချက်မျှော်စင် ရှိရာဆီသို့ ဦးတည်သွားကြသည်။

အထူးသဖြင့် အမြီးလေးက စမ်းသပ်ချက်မျှော်စင်တွင် ရုတ်တရက် ပေါ်လာပြီးကတည်းကပင်ဖြစ်၏။

သူတို့က သံသယဝင်နေကြ၏။

ဤစမ်းသပ်ချက်မျှော်စင်က တပည့်လက်ခံပွဲနှင့် ပတ်သက်နေရမည် ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်က ဆက်လက် ကျယ်ပြန့်နေဆဲ ဖြစ်သော်လည်း ချမ်ချန်ကန်းကမူ မကျေနပ်သေးပေ။

နောက်တစ်ချက်က ယခု သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို ဗားရှင်း ၅.၀ သို့ အဆင့်မြှင့်တင်ပြီးဖြစ်ကာ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းလုပ်ဆောင်ချက်ကို ရရှိထားသည်။

ဗားရှင်း ၆.၀ ၏ အဆင့်မြှင့်တင်မှု သတ်မှတ်ချက်များနှင့် ပတ်သက်၍မူ ချမ်ချန်ကန်း၌ မည်သည့် သဲလွန်စမျှ မရှိသေးချေ။

စနစ်ကိုမေးကြည့်ရာ စနစ်က ရှားရှားပါးပါး ပြန်ဖြေလာခဲ့၏။

လောလောဆယ်တွင် မကိုက်ညီသေးကြောင်းသာ ပြောခဲ့သည်။

ထိုအခါ ချမ်ချန်ကန်းက မည်သို့လုပ်ရလျှင် သတ်မှတ်ချက်များနှင့် ကိုက်ညီမည်နည်းဟု စနစ်ကို မေးလိုက်၏။

စနစ်က ချမ်ချန်ကန်းကို ပြန်ဖြေခဲ့သည်။

၎င်းမှာ ပြိုင်ဘက်ကင်းနယ်မြေကို ဆက်လက် ချဲ့ထွင်ရန်ပင်ဖြစ်သည်။

ထို့အပြင် ပြိုင်ဘက်ကင်းနယ်မြေကို မည်မျှအထိ ချဲ့ထွင်ရလျှင် သတ်မှတ်ချက်များနှင့် ကိုက်ညီမည်နည်း။

ဤနေရာတွင် ကောင်းသွား၏။

ချမ်ချန်ကန်းက စနစ်ထံမှ ကျေနပ်ဖွယ် အဖြေတစ်ခုကိုရရှိခဲ့သည်။

၎င်းမှာ ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်ကို တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး လွှမ်းခြုံသွားသည်အထိ ပြုလုပ်ရန်ဖြစ်သည်။

ထိုသို့ဆိုလျှင် သတ်မှတ်ချက်များနှင့် ကိုက်ညီသွားပြီး ဗားရှင်း ၆.၀ အတွက် အဆင့်မြှင့်တင်မှု သတ်မှတ်ချက်များကို ဖွင့်လှစ်နိုင်ကာ ချမ်ချန်ကန်း ဗားရှင်း ၆.၀ သို့ အဆင့်မြှင့်တင်နိုင်မည် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အဆင့်မြှင့်တင်မှု တစ်ခုစီတိုင်းမှ ဖွင့်လှစ်ပေးလိုက်သော လုပ်ဆောင်ချက်များက အလွန် အစွမ်းထက်ပြီး ကြမ်းတမ်းလှသည်။

အထူးသဖြင့် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

ဗားရှင်း ၆.၀ ပြိုင်ဘက်ကင်းနယ်မြေကို ဖွင့်လှစ်ပြီးနောက် မည်သို့သော လုပ်ဆောင်ချက် အသစ်များကို ရရှိလာမည်နည်းဟု ချမ်ချန်ကန်း မျှော်လင့်မနေဘဲ မနေနိုင်တော့ပေ။

All Chapters