← Chapters

အခန်း ၂၂၄

Vol. 19 Ch. 224

အခန်း ၂၂၄

Vol. 19 Ch. 224

အခန်း (၂၂၄)တုန်လှုပ်ချောက်ချားမှု၊ ကျန်းမိသားစု၏ ဆွေးနွေးတိုင်ပင်ခြင်း

ရွှယ်ဝူအင်မော်တယ်နယ်မြေ။

ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းများနှင့် အဆင့်မြင့် တာအိုစည်းချက်ပစ္စည်းများ အတော်များများကို ဟွမ်ဖူမိသားစုမှ လေလံတင်မည်ဆိုသည့် သတင်းက ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ အင်မော်တယ်နယ်မြေတစ်ခုလုံးကို တိုက်ခတ်သွားသည်။

၎င်းက ရွှယ်ဝူအင်မော်တယ်နယ်မြေရှိ ကြီးငယ်မဟူ မရေမတွက်နိုင်သော အင်အားစုများကို တုန်လှုပ်သွားစေခဲ့သည်ဟုပင် ဆိုနိုင်၏။

တစ်ချိန်တည်းမှာပင် သူတို့က စိတ်လှုပ်ရှားဖွယ် သတင်းတစ်ပုဒ်ကိုလည်း ရရှိခဲ့ကြသည်။

၎င်းမှာ မည်သည့်နေရာမှန်းမသိဘဲ ရုတ်တရက် ပေါ်ထွက်လာသည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးတစ်ဦးအကြောင်းဖြစ်၏။

ဤတာအိုစည်းချက်ပစ္စည်းများကို ပံ့ပိုးပေးသူမှာ သူပင်ဖြစ်သည်။

ထို့အပြင် ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီး၏ ခွန်အားက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ခန့်မှန်း၍မရနိုင်လောက်အောင် နက်နဲကြောင်းကိုလည်း ကြားသိရ၏။

သူ့လက်အောက်ငယ်သားမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက ရှမီအင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်ဖြစ်ခဲ့သော ဝူမင်ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးက သေသူကို ပြန်လည်ရှင်သန်စေနိုင်သည့် နည်းစနစ်ကို တတ်ကျွမ်းထား၏။

သေရာမှ ပြန်လည်ရှင်သန်စေခြင်း။

သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ခြင်း။

နယ်မြေအရှင်သခင်ပင်လျှင် ကျဆုံးသွားနိုင်ပြီး ထာဝရအသက်ရှင်ခြင်းကို မရရှိနိုင်ချေ။

သေသူကို ပြန်လည်ရှင်သန်စေခြင်းဆိုသည့် ဤနည်းလမ်းက သူတို့၏ ယခင် အသိအမြင်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သဖြင့် မည်သူကမျှ မယုံကြည်ကြပေ။

သို့သော်လည်း ထိုနေ့က ဝူမင်နှင့် အခြားသူများကို ကြားဖြတ်တိုက်ခိုက်ခဲ့သော အင်မော်တယ်များကို သိထားရမည်ဖြစ်ပြီး သူတို့အားလုံးက ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်းဖြစ်၏။

သူတို့က ကိစ္စရပ်၏ အမှန်တရားကို သိထားကြသည်။

ထိုနေ့က ဝူမင်က အင်မော်တယ်အင်ပါယာ တစ်ပါး၏လက်ထဲတွင် အမှန်တကယ် သေဆုံးသွားခဲ့ရ၏။

ထို့နောက်တွင် ပြန်လည်ရှင်သန်လာခဲ့ခြင်း ဖြစ်သည်။

ဤသတင်းနှင့် ပတ်သက်၍ ထိုနေ့က ဤအရာအားလုံးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အင်မော်တယ်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်၏။

တစ်ခဏချင်းမှာပင် အင်မော်တယ်လောကကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။

မရေမတွက်နိုင်သော အင်မော်တယ်များကို မှင်တက်သွားစေခဲ့၏။

သူတို့က နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးမှာ မည်သူမည်ဝါဖြစ်သည်ကို အလွန် သိချင်နေကြသည်။

ဤကိစ္စနှင့် ပတ်သက်၍ ချမ်ချန်ကန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ဝူမင်က မည်သည့်အရာမျှ မပြောခဲ့ချေ။

သူ့အမြင်တွင် သခင်က ကျူးရှိူ့တိုက်ကြီး၌ ပုန်းအောင်းနေထိုင်သူ တစ်ဦးဖြစ်သဖြင့် အခြားသူများကို သိစေချင်မည် မဟုတ်သည်မှာ ထင်ရှားလှ၏။

သေချာသည်ကတော့ ဝူမင်က ဤနေရာတွင် မပြောခဲ့သော်လည်း ဟွမ်ဖူမိသားစုထံမှ သတင်းများစွာ ထွက်ပေါ်နေခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးက အောက်ဘုံဖြစ်သော ကျူးရှိူ့တိုက်ကြီးတွင် ကျင့်ကြံနေသည်ဟု ကြားသိရ၏။

ခွန်အားက ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းပြီး တကယ့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ့ကို “ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ” ဟုလည်း လူသိများ၏။

သေချာသည်ကတော့ ဤသတင်းမှာ အမှန် ဟုတ်မဟုတ်ကို မည်သူကမျှ မသိနိုင်ကြချေ။

ဤအကြောင်းကို မည်သူမျှ မသိကြသော်လည်း အင်မော်တယ်နယ်မြေရှိ လူတိုင်းက ချမ်ချန်ကန်းကို ကြောက်ရွံ့နေကြခြင်းကိုမူ မတားဆီးနိုင်ပေ။

ကျန်းမိသားစုက ရွှယ်ဝူအင်မော်တယ်နယ်မြေရှိ ထိပ်တန်း အင်မော်တယ် မိသားစုများအနက်မှတစ်ခု ဖြစ်သည်။

ကျန်းမိသားစု၏ ပါရမီရှင်သမီးတော် ကျန်းယုချန်က တစ်ချိန်က အောက်ဘုံဖြစ်သော ကျူးရှိူ့တိုက်ကြီးတွင် ချမ်ချန်ကန်းနှင့် အဆက်အသွယ်ရှိခဲ့ဖူး၏။

သို့သော်လည်း သူမက ချမ်ချန်ကန်း၏ ခန္ဓာကိုယ်ပေါ်မှ အဖျက်အစီး အငွေ့အသက်ကို ရုတ်တရက် ခံစားမိပြီး ချမ်ချန်ကန်းကို အမှောင်ခေတ်အား ကြီးစိုးခဲ့သော ဗုဒ္ဓသခင်ဟု ထင်မှတ်ကာ ကမန်းကတန်း ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

သူမက ယခုတိုင် လှပနေဆဲဖြစ်ပြီး လက်ရှိတွင် အစည်းအဝေးခန်းမ၌ အကြီးအကဲများ၏ စကားဝိုင်းကို နားထောင်နေ၏။

သို့သော် သူမ၏မျက်လုံးများက ဂနာမငြိမ်ဖြစ်နေပြီး စိတ်လွင့်နေကာ တစ်ခုခုကို တွေးတောနေသည်မှာ ထင်ရှားလှသည်။

အကြီးအကဲများက ဆွေးနွေးတိုင်ပင်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေကာ မျက်နှာများမှာလည်း ကြည့်မကောင်းကြချေ။

သူတို့ပြောဆိုနေကြသည်မှာ ဟွမ်ဖူမိသားစု ကျင်းပမည့် လေလံပွဲအကြောင်းဖြစ်၏။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးအကြောင်းလည်း ပါဝင်သည်။

ယနေ့ခေတ်တွင် ကျန်းမိသားစုက အင်အားကြီးမားပြီး ဟွမ်ဖူမိသားစုကို တည်ငြိမ်အောင် ထိန်းထားရန် လိုအပ်၏။

သို့သော် လက်ရှိအခြေအနေအရ ယခု ဟွမ်ဖူမိသားစုက အင်အားကြီးသူကို အားကိုးသွားပြီ ဖြစ်သည်။

ထိုတာအိုစည်းချက်ပစ္စည်းများနှင့်ဆိုလျှင် ကျန်းမိသားစုကို ကျော်တက်သွားရန်မှာ သဘာဝကျလှ၏။

ထိုအချိန်ရောက်လျှင် ဟွမ်ဖူမိသားစုက ရွှယ်ဝူအင်မော်တယ်နယ်မြေတွင် တားဆီး၍မရနိုင်လောက်အောင် အသန်မာဆုံးသော အင်မော်တယ်မိသားစု ဖြစ်လာပေမည်။

သို့သော် ကျန်းမိသားစုအတွက်မူ ဟွမ်ဖူမိသားစုက သူတို့၏ အဆင့်အတန်းကို အပြင်းအထန် ခြိမ်းခြောက်နေသဖြင့် ဤသည်ကို သူတို့ မမြင်တွေ့လိုကြပေ။

“လေလံပွဲမှာ ဘယ်လောက်ပဲ ပေးရပေးရ အဲဒီတာအိုစည်းချက်ပစ္စည်းတွေကို လေလံဆွဲရမယ်...”

“ဟုတ်တယ်... အဲဒီတာအိုစည်းချက်ပစ္စည်းတွေနဲ့ဆိုရင် ကျန်းမိသားစုအတွက် ထိပ်တန်းအစွမ်းထက် ကျင့်ကြံသူ အများအပြားကို လေ့ကျင့်ပေးလို့ ရနိုင်တယ်။ ဒီလိုမှပဲ ဟွမ်ဖူမိသားစုကို ဟန့်တားနိုင်မှာပေါ့...”

အခြားအကြီးအကဲတစ်ဦးက သက်ပြင်းချလိုက်၏။

“ဟွမ်ဖူမိသားစုက အဟန့်အတား ဖြစ်လာမှာကို စိုးရိမ်မိတယ်။ ဒီတာအိုစည်းချက်ပစ္စည်းတွေ အထူးသဖြင့် ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတွေကို ဟွမ်ဖူမိသားစုက ဘယ်လိုလုပ် အလွတ်ပေးနိုင်မှာလဲ...”

“ဟုတ်တယ်... ဒါ့အပြင် ဒီတာအိုစည်းချက်ပစ္စည်းတွေက ပထမအသုတ်ပဲရှိသေးတယ်လို့ ကြားတယ်။ နောက်ပိုင်းမှာ တာအိုစည်းချက်ပစ္စည်းတွေ ထပ်ရှိလာဦးမယ်ဆိုတာ အမှန် ဟုတ်မဟုတ်တော့ မသိဘူး...”

“လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးက အင်မော်တယ်သူတော်စင်တစ်ပါး ဖြစ်နေရင်တောင်မှ ဒီလောက် အရည်အသွေးမြင့်တဲ့ တာအိုစည်းချက်ပစ္စည်းတွေကို အများကြီး ထုတ်မပေးနိုင်ပါဘူး။ ဒီသတင်းကို ငါတော့ မယုံဘူး...”

“ဟဲဟဲ... မယုံဘူးလား။ အဲဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကြီးက သာမန်မဟုတ်ဘူးဆိုတာ မင်းလည်း သိတာပဲ။ ဘုံကိုးခုဂိုဏ်းက အင်မော်တယ်အင်ပါယာတစ်ပါးက ဝူမင်ကို ကိုယ်တိုင်သတ်ပစ်ခဲ့တာ။ ဒါပေမဲ့ သူ့ မျက်စိရှေ့မှာတင် သေရာကနေ ပြန်ရှင်လာတာကို သူ ထိုင်ကြည့်နေခဲ့ရတာလေ...”

“ဟုတ်တယ်... လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးအတွက် အဲဒီတာအိုစည်းချက်ပစ္စည်းတွေကို ထုတ်ပေးဖို့ဆိုတာ မခက်ခဲပါဘူး...”

“သေရာကနေ ပြန်ရှင်သန်ခြင်း... ဒီလောကကြီးမှာ ဒီလိုအရာမျိုး တကယ် ရှိနေတာပဲ...”

“ကျစ်... ဘာလို့ ငါတို့ကျန်းမိသားစုက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးနဲ့ တွေ့ဆုံဖို့ အဲ့ဒီလိုကောင်းမွန်တဲ့ အင်မော်တယ် ကံကြမ္မာမျိုးမရှိရတာလဲ...”

“လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးက ကျူးရှိူ့တိုက်ကြီးမှာ ကျင့်ကြံနေတယ်လို့ ကြားတယ်... အမှန်ဟုတ်မဟုတ်တော့ မသိဘူး...”

“ဟွန့်... အဲ့သတင်းက သေချာပေါက် အတုပဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလောက်တယ်။ ဘယ်လိုလုပ် အောက်ဘုံလို သေးငယ်တဲ့ နေရာမျိုးမှာ နေနိုင်မှာလဲ။ အောက်ဘုံရဲ့ ဥပဒေဿတွေက လုံးဝခွင့်ပြုမှာ မဟုတ်တာကို ထည့်မပြောနဲ့ဦး...”

“ဒါနဲ့ စကားမစပ် ယုချန်က လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ကျူးရှိူ့တိုက်ကြီးကို သွားခဲ့ဖူးတယ်...”

ချက်ချင်းပင် ကျန်းမိသားစု အကြီးအကဲများစွာ၏ မျက်လုံးများက ကျန်းယုချန်ထံသို့ စုပုံသွားကြ၏။

“ယုချန်... မင်း ဘယ်လိုထင်လဲ...”

ကျန်းယုချန်က သတိပြန်ဝင်လာပြီး အကြီးအကဲများက သူမ၏ အဖြေကို စောင့်မျှော်လျက် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။

သူမမျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခုရှိနေသော်လည်း သူမက တည်ငြိမ်နေ၏။

“အကြီးအကဲတို့... ယုချန်လည်း ကျူးရှိူ့တိုက်ကြီး အကြောင်းကို သိပ်မသိပါဘူး။ ကျွန်မက အင်မော်တယ်သစ်သီးကို သွားရှာပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့တာပါ...”

“အဲ့ဒါလည်း ဟုတ်တာပဲ...”

“အောက်ဘုံလို သေးငယ်တဲ့နေရာမှာ ဘာဆက်နေစရာရှိလို့လဲ...”

ထိုအကြီးအကဲများက ကျန်းယုချန်၏ စကားကို ဂရုမစိုက်တော့ဘဲ ထပ်မံ ပြောဆိုနေကြပြန်၏။

ဟွမ်ဖူမိသားစုကို ရင်ဆိုင်ရန် တန်ပြန်အစီအမံများကို တွေးတောနေကြသည်။

လေလံပွဲတွင် ထိုတာအိုစည်းချက်ပစ္စည်းများကို မည်သို့ ရယူရမည်ကိုလည်း စဉ်းစားနေကြ၏။

ကျန်းယုချန်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူမ၏ အမူအရာက အလွန်ရှုပ်ထွေးကာ စိုးရိမ်ပူပန်နေသည်။

ဤသတင်းကို ရရှိသောအခါ ဖေးရှန့်တောင်တွင် ပုန်းအောင်းကျင့်ကြံနေသော ချမ်ချန်ကန်းကို သူမ ရုတ်တရက် သတိရသွား၏။

သက်ရှည်ခန္ဓာကိုယ်ရှိသော ဗုဒ္ဓသခင် ချမ်ချန်ကန်းပင် ဖြစ်သည်။

ယခုအခါ သူက အောက်ဘုံတွင် ပုန်းအောင်းနေ၏။

အင်မော်တယ်တစ်သောင်းနယ်မြေထဲတွင် သူမမှလွဲ၍ ဤအကြောင်းကို သိသူတစ်ဦးမျှ မရှိလောက်ဟု စိုးရိမ်ရသည်။

ယခု ရွှယ်ဝူအင်မော်တယ်နယ်မြေသို့ လူလွှတ်လိုက်ခြင်းက သူ့အစွယ်များကို စတင် ပြသလိုက်ခြင်းများလား။

*အင်မော်တယ်တစ်သောင်းနယ်မြေတွေကို တိုက်ခိုက်ရန် ပြင်ဆင်နေပြီလား*

ကျန်းယုချန်က ခန့်မှန်းကြည့်လိုက်၏။

ချမ်ချန်ကန်းက ဗုဒ္ဓသခင်ဖြစ်နေမှတော့ အလျှော့ပေးပြီး အောက်ဘုံမှာပဲ အချိန်ပြည့် ဘယ်လိုလုပ် ပုန်းအောင်းနေချင်မှာလဲ။

ဤမျှလောက်မြန်မြန်ဆန်ဆန် လှုပ်ရှားလာလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိပေ။

ကျန်းမိသားစုအား ဗုဒ္ဓသခင်၏ သတင်းကို သူမ တကယ်ပြောပြချင်ခဲ့သော်လည်း ထိုအချိန်က သူမအား ကြီးမားသော ကျိန်စာတစ်ခု တိုက်ခဲ့ရမှန်းကိုလည်း သိထား၏။

ဗုဒ္ဓသခင်နှင့် ပတ်သက်သော သတင်းများ မထွက်ပေါ်လာမီမှာပင် သူမ သေဆုံးသွားမည်ကို စိုးရိမ်ရသည်။

အလွန်ဝမ်းနည်းပြီး စိတ်ဆင်းရဲစရာ ကောင်းလှ၏။

ဤသတင်းကြီးကို ရင်ဘတ်ထဲတွင်သာ မြှုပ်နှံထားနိုင်တော့သည်။

ကျန်းယုချန်၏ အမြင်တွင်ပင် အင်မော်တယ်နယ်မြေ၌ ကျင်းပမည့် တာအိုစည်းချက်ပစ္စည်းများ လေလံပွဲနှင့် ပတ်သက်၍ ကျန်းမိသားစုက မပါဝင်ဘဲ နေသည်က အကောင်းဆုံးဖြစ်၏။

ဗုဒ္ဓသခင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိစေနှင့်။

All Chapters