← Chapters

အခန်း ၂၂၅

Vol. 19 Ch. 225

အခန်း ၂၂၅

Vol. 19 Ch. 225

အခန်း (၂၂၅) အင်မော်တယ်အင်ပါယာ၊ ကောင်းမွန်သောခေတ်က ဆူပူလှုပ်ရှားမှုဖြစ်လာတော့မည်

ကျန်းယုချန်က ကျန်းမိသားစုကို မပါဝင်စေချင်ခဲ့သော်လည်း သူမ ကောင်းကောင်းသိထား၏။

ကျန်းမိသားစုက သေချာပေါက် ပါဝင်မည် ဖြစ်သည်။

ကျန်းမိသားစုက ပါဝင်ရုံသာမကဘဲ နေရာအနှံ့အပြားမှ အင်မော်တယ်ကျောက်တုံးများ၊ အထူးသဖြင့် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကိုပင် စုဆောင်းနေကြပြီဖြစ်၏။

လေလံပွဲတွင် အခြားသောအင်အားကြီး အင်မော်တယ်မိသားစုများနှင့် ယှဉ်ပြိုင် လေလံဆွဲရန် ပြင်ဆင်နေကြပြီး မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။

ဝူမင်နှင့် လင်းပေါင်အာတို့နှင့် ပတ်သက်၍မူ သူတို့က ဟွမ်ဖူမိသားစု၏ အစောင့်များနှင့်အတူ ဟွမ်ဖူမိသားစု၏ နယ်မြေသို့ ရောက်ရှိလာပြီးနောက် ဤနေရာတွင် ရပ်တန့်မနေခဲ့ကြပေ။

ခဏမျှတွေးတောပြီးနောက် ဝူမင်က တာအိုစည်းချက်ပစ္စည်းနှစ်ခုကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ထားခဲ့ပြီး ကျန်ရှိနေသည်များကို ဟွမ်ဖူမိသားစုထံသို့ လေလံတင်ရန် အပ်နှံခဲ့၏။

ဤတာအိုစည်းချက်ပစ္စည်းနှစ်ခုက ဗုဒ္ဓတာအိုပစ္စည်းနှစ်ခုဖြစ်သည်။

ရှမီအင်မော်တယ်နယ်မြေသို့ သွားပြီးနောက် ဘုန်းကြီးအိုကြီးအချို့ကို ရှာဖွေကာ အင်မော်တယ်ကျောက်တုံး အများအပြားဖြင့် လဲလှယ်နိုင်မည်မှာ သေချာလှ၏။

ဟွမ်ဖူမိသားစုတွင် ကျင်းပမည့် တာအိုစည်းချက်ပစ္စည်းများ လေလံပွဲနှင့် ပတ်သက်၍မူ ဝူမင်နှင့် လင်းပေါင်အာတို့က ပါဝင်ရန် အစီအစဉ်မရှိကြပေ။

ဟွမ်ဖူမိသားစု၏ နယ်မြေဖြတ်ကျော်ခြင်း တယ်လီပိုအစီအရင်ကို တိုက်ရိုက်အသုံးပြု၍ ရွှယ်ဝူအင်မော်တယ်နယ်မြေမှ ထွက်ခွာလာခဲ့ကြပြီး ရှမီအင်မော်တယ်နယ်မြေသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြသည်။

ဝူမင်က သူ့တာဝန်ကို ကောင်းကောင်း မှတ်မိနေ၏။

၎င်းမှာ လင်းပေါင်အာကို ဓားအင်မော်တယ်၏ အမွေအနှစ်ရရှိရန် ခေါ်ဆောင်သွားပေးရန် ဖြစ်သည်။

ထိုဓားအင်မော်တယ်က လင်းပေါင်အာနှင့် တူညီသော အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထား၏။

အကယ်၍ လင်းပေါင်အာသာ ဓားအင်မော်တယ်၏ အမွေအနှစ်ကို ရရှိနိုင်ပါက သူမ၏ ခွန်အားက သေချာပေါက် အံ့မခန်း တိုးတက်လာမည်ဖြစ်သည်။

ဖေးရှန့်တောင်သို့ ပြန်ရောက်သောအခါ သခင်က သူ့ကို သေချာပေါက် ဆုချီးမြှင့်လိမ့်မည်ဖြစ်၏။

ဤသည်ကား ဝူမင်ကို မျှော်လင့်ချက် ကြီးမားသွားစေသည်။

“ဆရာတော်ဝူမင်… ဆရာတော်ပြောတဲ့ ဓားအင်မော်တယ်ရဲ့ အမွေအနှစ်က ဘယ်မှာလဲ...”

ရှမီအင်မော်တယ်နယ်မြေသို့ ရောက်ပြီးနောက် လင်းပေါင်အာက ဝူမင်ကို မေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူမက ပို၍ အစွမ်းထက်လာချင်နေသည်။

သူမက ချမ်ချန်ကန်း၏ ခြေလှမ်းများကို အမီလိုက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပို၍ အစွမ်းထက်လာရန် ကြိုးပမ်းနေခဲ့ခြင်းဖြစ်၏။

“သခင်မလေး... ကျွန်တော့်ကို ဆရာတော်လို့ မခေါ်ပါနဲ့... ဝူမင်လို့ပဲ ခေါ်ပါ... မဟုတ်ရင် ကျွန်တော် အလန့်တကြားဖြစ်ရပါလိမ့်မယ်...”

ဝူမင်က လက်အုပ်ချီ၍ ပြုံးကာ ပြောလိုက်သည်။

လင်းပေါင်အာက အနည်းငယ် ပြုံးလိုက်၏။

“ဒါဆိုရင် ဆရာတော်လည်း ငါ့ကို သခင်မလေးလို့ ခေါ်စရာမလိုပါဘူး... နာမည်ကိုပဲခေါ်ပါ...”

ဝူမင်၏ အမူအရာက တည်ကြည်လေးနက်သွားပြီး ခေါင်းခါလိုက်သည်။

“မရပါဘူး... မရပါဘူး... သခင်မလေးက သခင့်ရဲ့တပည့်ပဲ... သခင်မလေးလို့ ခေါ်ရမှာ သဘာဝကျပါတယ်...”

“တကယ့်ကို အဲ့လိုလုပ်စရာမလိုပါဘူး...”

လင်းပေါင်အာမှာ အလွန်ကူကယ်ရာမဲ့သွားပြီး ထိုသို့ပြောရသည်မှာ အလကားဖြစ်ကြောင်း သိထား၏။

နယ်မြေအရှင်သခင်ဟောင်းတစ်ဦးအနေဖြင့် ဝူမင်က ချမ်ချန်ကန်း၏ ခွန်အားကြီးမားမှု၊ နက်နဲမှုနှင့် သေသူကိုပင် ပြန်လည်ရှင်သန်စေနိုင်သည့် စွမ်းရည်များကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

သူက ချမ်ချန်ကန်းနောက်သို့ လိုက်ရန် ဆုံးဖြတ်ထားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်၏။

ချမ်ချန်ကန်းအပေါ် ဝူမင်က အလွန် ရိုသေလေးစားပြီး သူ့ကို ဆရာသခင်အဖြစ် ရိုးသားစွာ သတ်မှတ်ထားသည်။

ဝူမင်က လင်းပေါင်အာကို သခင်မလေးဟု ရိုသေစွာ ခေါ်ဆိုနေဆဲပင်ဖြစ်၏။

ရှမီအင်မော်တယ်နယ်မြေသို့ ရောက်လာပြီးနောက် ဤနေရာက လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက သူ အုပ်စိုးခဲ့သော နေရာဖြစ်ကြောင်း တွေးမိကာ သက်ပြင်းချလိုက်၏။

ဤနေရာတွင် ဗုဒ္ဓတရားတော်များက အဆုံးအစမရှိ ပျံ့နှံ့နေပြီး ဗုဒ္ဓစွမ်းအားများက အနန္တဖြစ်ကာ လူတိုင်းနီးပါးက ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံကြသည်။

ဗုဒ္ဓဘာသာဝင်များသာ အင်မော်တယ်အဖြစ် ကျင့်ကြံနိုင်ကြ၏။

လင်းပေါင်အာက မျက်တောင်တဖျပ်ဖျပ် ခတ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ဝူမင်... အခု နင်က ပြန်လည်ဝင်စားလာပြီဆိုတော့ ဒီရှမီအင်မော်တယ်နယ်မြေရဲ့ နယ်မြေအရှင်သခင် ဖြစ်နေသေးလား...”

ဝူမင်က ပြုံးလိုက်၏။

“အမိတ္တဘ... လူတွေက လက်ဖက်ရည် သောက်ပြီးတာနဲ့ အေးစက်သွားကြတာပဲ။ အကြောင်းတရားနဲ့ အကျိုးတရားတွေ အားလုံးက ပြန့်ကျဲသွားပြီလေ။ လွန်ခဲ့တဲ့နှစ်သုံးသောင်းက ကျွန်တော်သာဆိုရင်တော့ သေချာပေါက် နယ်မြေအရှင်သခင် ဖြစ်နေတုန်းပဲပေါ့။ ဒါပေမဲ့ အခုက ပြန်လည်ဝင်စားလာတာဆိုတော့ နယ်မြေအရှင်သခင်ဖြစ်ချင်ရင် ကျင့်ကြံဖို့ အချိန်အများစုကို အသုံးပြုရလိမ့်မယ်...”

“ဒါပေမဲ့ ကျွန်တော်သာ ရှမီအင်မော်တယ်နယ်မြေရဲ့ နယ်မြေအရှင်သခင်နေရာအတွက် တကယ် ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ဒီအင်မော်တယ်နယ်မြေရဲ့ အရှင်သခင်က ကျွန်တော်ကလွဲရင် တခြားသူမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ အဲဒီလို အစီအစဉ်မရှိတော့ပါဘူး...”

လင်းပေါင်အာမှာ သိချင်စိတ် ပြင်းပြသွားပြီး နားမလည်နိုင်ဖြစ်သွား၏။

“ဘာလို့လဲဟင်...”

“ဟားဟား... သခင့်မှာ ကြီးမားတဲ့စွမ်းအားတွေ ရှိနေတာလေ။ သူ့ဘေးနားမှာသာနေရင် ကောင်းကောင်းစားပြီး ကောင်းကောင်း နေနိုင်တာပေါ့။ အဲ့ဒါက နယ်မြေအရှင်သခင် တစ်ယောက်နဲ့ ယှဉ်လို့ရတဲ့ အရာမျိုးမှ မဟုတ်တာ...”

“ဒါ့အပြင် နယ်မြေအရှင်သခင်က အစွမ်းထက်ပြီး နယ်မြေတစ်ခုကို ထိန်းချုပ်ထားတယ်ဆိုပေမဲ့ ဘာဖြစ်လဲ။ နယ်မြေအရှင်သခင်အဆင့်မှာက ခြေတစ်လှမ်းရှေ့တိုးဖို့တောင် ကောင်းကင်ကို တက်ရသလို ခက်ခဲနေတာ။ ဒီလောကမှာ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်းတွေဆိုတာလည်း ရှားရှားပါးပါးပဲ။ သခင်နောက်ကို လိုက်မှပဲ အနာဂတ်အတွက် မျှော်လင့်ချက် ရှိနိုင်မှာပေါ့...”

“နယ်မြေအရှင်သခင်က အသန်မာဆုံး မဟုတ်ဘူးလား...”

လင်းပေါင်အာက ထပ်မေးလိုက်၏။

ဝူမင်က ခေါင်းခါလိုက်သည်။

“အင်မော်တယ်တစ်သောင်းနယ်မြေမှာ နယ်မြေအရှင်သခင်တွေက နယ်မြေတစ်ခုကို ကြီးစိုးနိုင်ပြီး ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားတွေဖြစ်ပေမဲ့ သူတို့က အသန်မာဆုံးတော့ မဟုတ်ပါဘူး။ နယ်မြေအရှင်သခင်တွေရဲ့ အထက်မှာ အင်မော်တယ်သူတော်စင်တွေ၊ အင်ပါယာတစ်ပိုင်းတွေနဲ့ အင်မော်တယ်အင်ပါယာတွေရှိသေးတယ်...”

“အင်မော်တယ်တစ်သောင်းနယ်မြေကို ဦးဆောင်ပြီး ကောင်းကင်နဲ့ မြေကြီးကပါ ရိုသေလေးစားရတဲ့ အင်ပါယာဆိုတာ အင်မော်တယ်တွေက အမြင့်ဆုံးတည်ရှိမှုပဲ။ အင်မော်တယ်အင်ပါယာတွေကလည်း အင်မော်တယ်တွေရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပြီး အဲဒါကမှ အသန်မာဆုံးပဲ...”

ဝူမင်၏ စကားကိုကြားသောအခါ လင်းပေါင်အာ၏ စိတ်နှလုံးသားမှာ တုန်လှုပ်သွား၏။

“အင်မော်တယ်အင်ပါယာရှိဖူးလားဟင်...”

ဝူမင်၏ မျက်လုံးများက နက်ရှိုင်းပြီး အဝေးဆီသို့ ငေးမောသွားကာ လွန်ခဲ့သော နှစ်သိန်းပေါင်းများစွာက ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီကို တွေးတောလိုက်မိသည်။

“နောက်ဆုံး အင်မော်တယ်အင်ပါယာက လွန်ခဲ့တဲ့နှစ်သိန်းပေါင်းများစွာက ပေါ်ထွက်ခဲ့တာပဲ။ သူ့ကို ဗုဒ္ဓသခင်လို့ လူသိများတယ်။ သူက အင်မော်တယ်နယ်မြေ တစ်ခုမှာ မွေးဖွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်တယ်။ သံမဏိလိုခိုင်မာတဲ့ နည်းလမ်းတွေနဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ဖို့နဲ့ အင်မော်တယ်တစ်သောင်းနယ်မြေတွေကို ဦးဆောင်ဖို့ နှစ်သောင်းဂဏန်းပဲ အချိန်ယူခဲ့ရတာ။ အဲဒီလိုနဲ့ အမှောင်ခေတ်ကို ဖန်တီးခဲ့တာပေါ့...”

“ဒါပေမဲ့ ဗုဒ္ဓသခင် သေဆုံးသွားတာ နှစ်တစ်သိန်းကြာသွားပြီဖြစ်ပြီး ဘယ်အင်မော်တယ်အင်ပါယာမှ ထပ်မပေါ်လာတော့ဘူး။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ အင်မော်တယ်တစ်သောင်းနယ်မြေတွေမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ပေါ်ထွက်လာကြတယ်။ ကျွန်တော် အတိတ်နိမိတ် တစ်ခုမြင်ထားတယ်။ အင်မော်တယ်တစ်သောင်းနယ်မြေက ခေတ်ကောင်းတစ်ခု ရောက်လာတော့မယ်ဆိုတာကိုပဲ...”

“ဒါပေမဲ့ ခေတ်ကောင်းဆိုတာက ဆူပူလှုပ်ရှားမှု ဖြစ်လာမှာကို ဆိုလိုတာပဲမလား။ ကောင်းကျိုးလား ဆိုးကျိုးလား ဆိုတာကိုတော့ ဘယ်သူက သိနိုင်မှာလဲ...”

ဝူမင်က ခေါင်းခါလိုက်ပြီး လင်းပေါင်အာကို မည်သည့်စကားမှ ထပ်မပြောတော့ပေ။

သူမကို ဓားအင်မော်တယ်၏ အမွေအနှစ် ရှိရာနေရာသို့ ခေါ်ဆောင်သွားလိုက်၏။

ဓားအင်မော်တယ်၏ အမွေအနှစ်နှင့်ပတ်သက်၍ ဝူမင်က နယ်မြေအရှင်သခင် ဖြစ်လာချိန်တွင် မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် သူက ဓားအင်မော်တယ်၏ အမွေအနှစ်ကို ရယူလိုခဲ့သော်လည်း သူ၏ အရည်အချင်းက မလုံလောက်ခဲ့ပေ။

သို့သော် ယခုအခါ သူက လင်းပေါင်အာကို ခေါ်လာခဲ့ပြီဖြစ်၏။

ဓားအင်မော်တယ်အမွေအနှစ်၏ ပိုင်ရှင်က အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထားပြီး လင်းပေါင်အာ၌ အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်သည်။

ဝူမင်နှင့် ပတ်သက်၍မူ သူက ယခင်က ရှမီအင်မော်တယ်နယ်မြေ၏ နယ်မြေအရှင်သခင်ဖြစ်ခဲ့ဖူးသဖြင့် အင်မော်တယ်နယ်မြေနှင့် ပို၍ အားကောင်းသော တုံ့ပြန်မှုရှိနေ၏။

နေရာအနှံ့အပြားရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ကျောင်းတော်များတွင် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ထူးခြားသည့် နိမိတ်လက္ခဏာများ ပေါက်ကွဲထွက်ပေါ်လာသည်။

ယင်းက ရှမီအင်မော်တယ်နယ်မြေသို့ ဗုဒ္ဓတစ်ပါးရောက်ရှိလာကြောင်း ဆိုလိုနေ၏။

တစ်ခဏချင်းမှာပင် ရှမီအင်မော်တယ်နယ်မြေရှိ အဓိက ဗုဒ္ဓဘာသာနှင့် တာအိုအင်အားစုများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ဗုဒ္ဓကို ရှာဖွေရန် လူများစေလွှတ်လိုက်ကြသည်။

ဝူမင်ကလည်း ဤအရာကို သတိပြုမိ၏။

သူ ရှမီအင်မော်တယ်နယ်မြေသို့ ပြန်ရောက်လာခြင်းက အဓိကဗုဒ္ဓဘာသာ ဘုရားကျောင်းများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်မှန်း သူ သိထားသည်။

အကယ်၍ အရင်ကသာဆိုလျှင် သူက အလွန် ဝမ်းသာနေမည်ဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုရားကျောင်းများမှ ဘုန်းကြီးများနှင့် သီလရှင်များက သူ့ကို လာရောက်၍ ဆရာသခင်အဖြစ် ကိုးကွယ်ကြရန် စောင့်မျှော်နေမည်ဖြစ်၏။

သို့သော် ယခုမူ မတူတော့ချေ။

သူက သိုသိုသိပ်သိပ်သာ နေချင်တော့သည်။

ပထမဆုံး လင်းပေါင်အာကို ဓားအင်မော်တယ်၏ အမွေအနှစ်ရရှိရန် ကူညီပေးပြီးနောက် အဓိက ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၏ အင်မော်တယ်ကျောက်တုံးများကို ခိုးယူကာ သခင့်ကို ပေးအပ်မည်ဖြစ်၏။

ထိုဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ကျောင်းတော်များ၏ အင်မော်တယ်သတ္တုတွင်းများ မည်သည့်နေရာတွင်ရှိသည်ဆိုခြင်းကိုမူ ယခင်ဘဝက နယ်မြေအရှင်သခင်ဖြစ်ခဲ့သောကြောင့် သူက အလွတ်ရနေသည်။

အထူးသဖြင့် အမွှေးတိုင်များ ထွန်းညှိပူဇော်မှု များပြားသော ထိုဗုဒ္ဓဘာသာ ဘုရားကျောင်းများက သူ၏ အဓိကပစ်မှတ်များဖြစ်၏။

ရှမီအင်မော်တယ်နယ်မြေတွင် နှစ်ရက်ကြာ လျှောက်လှမ်းပြီးနောက်...

နောက်ဆုံးတွင် ဝူမင်က လင်းပေါင်အာကို ဓားအင်မော်တယ်၏ အမွေအနှစ်ရှိရာနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

နှစ်ပေါင်းသုံးသောင်း ကြာမြင့်သွားပြီဖြစ်ပြီး အရာရာပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း ဓားအင်မော်တယ်၏ အမွေအနှစ် ရှိရာနေရာကမူ မည်သည့်ပြောင်းလဲမှုမျှ မရှိသေးပေ။

ကောင်းကင်သို့ ထိုးထွက်နေသော ဓားတောင်ထွတ်တစ်ခုက ဖြောင့်မတ်ပြီး မတ်စောက်နေသော်လည်း ရှေးဟောင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

“သခင်မလေး... ဓားအင်မော်တယ်ရဲ့ အမွေအနှစ်က ဒီနေရာမှာပဲ...”

ဝူမင်က လင်းပေါင်အာကို ဓားတောင်ထွတ်၏ အောက်ခြေသို့ ခေါ်ဆောင်သွားခဲ့သည်။

ဗုဒ္ဓသုတ္တန်အချို့ကို ရွတ်ဆိုပြီးနောက် အစီအရင်၏ စွမ်းအားများက လှိုင်းထန်လာ၏။

ထိုအစီအရင်က အားကောင်းပြီး အစွမ်းထက်သော စွမ်းအားလှိုင်းဂယက်များကို ထုတ်လွှတ်နေသည်။

၎င်းက သာမန်အစီအရင်တစ်ခု မဟုတ်သည်မှာ ထင်ရှားလှ၏။

အစီအရင် ပွင့်သွားသောအခါ ဓားအင်မော်တယ် အမွေအနှစ်၏ ဝင်ပေါက်က နောက်ဆုံးတွင် ဝူမင်နှင့် လင်းပေါင်အာတို့၏ ရှေ့၌ ပေါ်ထွက်လာခဲ့သည်။

၎င်းက မြေအောက်နန်းတော်တစ်ခု၏ ဝင်ပေါက်ဖြစ်၏။

အတွင်းပိုင်းက မှောင်မည်းနေပြီး သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေကာ လင်းပေါင်အာ ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေသော ပါးစပ်ဟထားသည့် တောရိုင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

“သခင်မလေး... ဓားအင်မော်တယ်ရဲ့ အမွေအနှစ်က ဓားတောင်ထွတ်အောက်က မြေအောက်နန်းတော် တစ်ခုထဲမှာရှိတာ။ ကျွန်တော်အရင်က ဒီမြေအောက်နန်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုက လျှို့ဝှက်ဆန်းကြယ်ပြီး လမ်းကြောင်းမျိုးစုံရှိနေတာကို တွေ့ခဲ့ဖူးတယ်။ အဲဒီထဲမှာက ကျယ်ပြောပြီး အဆုံးအစမရှိတဲ့အပြင် အရာအားလုံးက ပြည့်စုံပြီး သာမန်မဟုတ်ဘူးလို့ ပြောလို့ရတယ်...”

ထိုသို့ပြောရင်း သူက လင်းပေါင်အာအား အစောကတည်းက ပြင်ဆင်ထားသော မြေပုံတစ်ခုကို ပေးလိုက်၏။

ထိုမြေပုံပေါ်တွင် အနီရောင် လမ်းကြောင်းတစ်ခုဆွဲထားပြီး လမ်းကြောင်းအမျိုးမျိုးက ရှုပ်ထွေး ယှက်နွယ်နေသည်။

သို့သော် မြေအောက်နန်းတော်က ကျယ်ပြောပြီး အဆုံးအစမရှိပေ။

သူက အစပိုင်းတွင် နယ်မြေအရှင်သခင် ဖြစ်ခဲ့သော်လည်း မြေအောက်နန်းတော်၏ အစိတ်အပိုင်းတစ်ခုကိုသာ ရှာဖွေနိုင်ခဲ့၏။

“သခင်မလေး... မြေအောက်နန်းတော်ထဲက ဓားအင်မော်တယ် အမွေအနှစ်ဆီကို သွားတဲ့ လမ်းကြောင်းကို ကျွန်တော် အမှတ်အသား လုပ်ပေးထားတယ်။ အနီရောင်မျဉ်းအတိုင်း သွားရင် ဓားအင်မော်တယ်ရဲ့ အမွေအနှစ် ရှိတဲ့နေရာကိုတွေ့ရလိမ့်မယ်...”

လင်းပေါင်အာက ခေါင်းညိတ်၍ မြေပုံကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ထို့နောက် ဝူမင်က မြေပုံပေါ်တွင် မှတ်သားထားသော အနီရောင်မျဉ်းမှလွဲ၍ အခြားမည်သည့်လမ်းကိုမျှ မသွားရန် လင်းပေါင်အာအား ထပ်ခါတလဲလဲ မှာကြားလိုက်၏။

အခြားလမ်းများတွင် ကြီးမားသော အန္တရာယ်များ ရှိနေနိုင်သည် မဟုတ်ပါလား။

“ဟုတ်ကဲ့...”

ထို့နောက် လင်းပေါင်အာက မြေအောက်နန်းတော်ထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားခဲ့သည်။

ဝူမင်နှင့် ပတ်သက်၍မူ သူက လင်းပေါင်အာနှင့်အတူ လိုက်သွား၍မရပေ။

အကြောင်းမှာ သူ လုပ်စရာအခြားကိစ္စများ ရှိနေသောကြောင့်ဖြစ်၏။

သေချာသည်ကတော့ ဝူမင်က လင်းပေါင်အာ၏ လုံခြုံရေးအတွက် မစိုးရိမ်ပေ။

မြေအောက်နန်းတော်က လျှို့ဝှက်ဆန်းကြယ်၏။

သူ၏ ယခင်ဘဝက မြေအောက်နန်းတော်မှာ ရိုးရှင်းမှုမရှိကြောင်း သူ သိထားသဖြင့် စောင့်ကြပ်ရန် ကျောက်တုံးရဟန္တာရုပ်ထုများကို ချန်ထားခဲ့သည်။

ထိုကျောက်တုံးရဟန္တာကိုးပါးက အလွန်အစွမ်းထက်ကြပြီး ဤနေရာမှ မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်လာသူတိုင်းကို သတ်ဖြတ်ကြလိမ့်မည်ဖြစ်၏။

လင်းပေါင်အာနှင့် ပတ်သက်၍မူ ရဟန္တာ ကိုးပါးကို ထိန်းချုပ်မည့် နည်းလမ်းကို သူမအား သူ ပြောပြထားပြီးဖြစ်သည်။

ရဟန္တာကိုးပါး၏ ကာကွယ်မှုဖြင့် သူမကို ဓားအင်မော်တယ်၏ အမွေအနှစ်ဆီသို့လိုက်ပါ စောင့်ရှောက်ပေးမည်ဖြစ်သဖြင့် သူမ၏ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုတော့ချေ။

All Chapters