အခန်း ၂၂၆
Vol. 19 Ch. 226
အခန်း (၂၂၆) တပည့်လက်ခံပွဲ ယခုစတင်ပြီ
တပည့်လက်ခံပွဲက တဖြည်းဖြည်း နီးကပ်လာသည်။
ကျင့်ကြံသူများက ပိုပို၍ ရောက်ရှိလာကြ၏။
တောင်ပေါင်းတစ်သိန်းတောင်တန်းတွင် ယခုအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများရှိနေပြီး ပါရမီရှင်များလည်း မနည်းလှပေ။
လူအုပ်ကြီးက စည်ကားသိုက်မြိုက်နေပြီး ဤနေရာသို့ စုရုံးရောက်ရှိနေကြသည်။
သူတို့က ဖေးရှန့်တောင်ကို လှမ်းမျှော်ကြည့်လိုက်ကြ၏။
ဖေးရှန့်တောင်ကို တောင့်တမှုအပြည့်ဖြင့် ကြည့်နေကြသော ကျင့်ကြံသူ မည်မျှရှိမည်ကို မသိနိုင်ချေ။
လူတိုင်း ချမ်ချန်ကန်း၏ တပည့် ဖြစ်ချင်နေကြသည်။
ကျူးရှိူ့ဒယ်စောက်ကို ပို၍ပင် ရယူချင်ကြပြီး ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်ချင်နေကြ၏။
လေးရက်တာ အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ဤလေးရက်အတွင်း ကျင့်ကြံသူများစွာက အချင်းချင်း တိုက်ခိုက်ခဲ့ကြ၏။
သေချာသည်ကတော့ ကျင့်ကြံသူများက ကြိုးစားပမ်းစား ကျင့်ကြံနေကြပြီး တပည့်လက်ခံပွဲမတိုင်မီ သူတို့၏ ခွန်အား အနည်းငယ် တိုးတက်လာစေရန် အားထုတ်နေကြခြင်းဖြစ်သည်။
ဤကျင့်ကြံသူများက တပည့်လက်ခံပွဲကို အလွန်အလေးထားကြောင်း ထင်ရှားလှ၏။
သို့သော်လည်း ယင်းက သူတို့ကိုအလွန် ကူကယ်ရာမဲ့သလို ခံစားရစေသည်။
တပည့်လက်ခံပွဲ မည်သို့ကျင်းပမည် ဆိုခြင်းကိုမူ ယခုတိုင် သူတို့ နားမလည်နိုင်ကြသေးပေ။
သန်းခေါင်ယံအချိန်တွင် ချမ်ချန်ကန်းက သူ၏ လက်များကို နောက်ပစ်လျက် ဖေးရှန့်တောင်ပေါ်၌ ရပ်နေပြီး စမ်းသပ်ချက်မျှော်စင်ကို ကြည့်နေ၏။
ယနေ့ည လွန်မြောက်သွားပါက မနက်ဖြန်တွင် တပည့်လက်ခံပွဲ စတင်တော့မည်ဖြစ်သည်။
အရာအားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။
ပိုင်ယွဲ့ ရောက်လာ၏။
ဤအခိုက်အတိုင်းတွင် ပိုင်ယွဲ့၏ အငွေ့အသက်များက တည်ငြိမ်နေပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအား လှိုင်းဂယက်များက အလွန်အံ့အားစင့်စရာဖြစ်နေ၏။
အင်မော်တယ်တံဆိပ်ကို ပြန်လည်ကျင့်ကြံသော စွမ်းအားမှတစ်ဆင့် ဤအင်မော်တယ်နယ်မြေတွင် ကျင့်ကြံခြင်းများ ပြုလုပ်နိုင်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းကပင် သူမက ဖေးရှန့်တောင်မှ သက်စောင့်ဆေးလုံး အများအပြားကို စားသုံးခဲ့သေး၏။
သူမ၏ ကျင့်ကြံခြင်းက အလျင်အမြန် တိုးတက်လာခဲ့သည်။
ယနေ့တွင် နတ်ဘုရားအသွင်ပြောင်းလဲခြင်း ကောင်းကင်ဘုံအလွှာကိုး ကျင့်ကြံခြင်းသို့ ရောက်ရှိနေပြီဖြစ်၏။
သူမကို နောက်ထပ် ရက်အနည်းငယ်သာ အချိန်ပေးလိုက်လျှင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ရန်မှာ ပြဿနာမဟုတ်တော့ပေ။
ဤသည်ကပင် အင်မော်တယ်နယ်မြေမှ ပါရမီရှင်များ၏ ခွန်အားဖြစ်သည်။
ကံမကောင်းစွာဖြင့် အချိန်မရှိတော့ပေ။
မနက်ဖြန်တွင် တပည့်လက်ခံပွဲ စတင်တော့မည် ဖြစ်၏။
ဖာထျန်းနှင့် ချင်ရှို့ဝမ်တို့မှာမူ ပိုင်ယွဲ့ထက်ပင် ပို၍ အစွမ်းထက်နေကြသည်။
ယခုအခါ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ကို ဖြတ်ကျော်သွားကြပြီဖြစ်ကာ ဟင်းလင်းပြင်သန့်စင်ခြင်း ပထမအဆင့်ရှိ အင်မော်တယ်တစ်ပိုင်းအဆင့်များ ဖြစ်နေကြပြီဖြစ်၏။
“ပိုင်ယွဲ့... မနက်ဖြန် တပည့်လက်ခံပွဲ စတော့မယ်... ပစ္စည်းတွေသိမ်းပြီး တောင်အောက်ဆင်းဖို့ ပြင်ထားလိုက်...”
“ဟုတ်ကဲ့ပါ ဆရာ...”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“စမ်းသပ်ချက်မျှော်စင်ရဲ့ ဆယ့်ရှစ်ထပ်မှာ အထပ်တိုင်းရဲ့ စမ်းသပ်မှုတွေက မတူညီကြဘူး။ ပိုင်ယွဲ့... မင်းမှာ ဖြတ်ကျော်နိုင်ဖို့ ယုံကြည်မှုရှိရဲ့လား...”
ပိုင်ယွဲ့က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး...”
အမှန်တကယ်တော့ ပိုင်ယွဲ့၏ အမြင်တွင်မူ သူမက ချမ်ချန်ကန်း၏တပည့် လုံးဝ မဟုတ်သေးသကဲ့သို့ ခံစားနေရ၏။
ချမ်ချန်ကန်းက အခြားသော အကြောင်းပြချက်များကြောင့်သာ သူမကို တပည့်အဖြစ် လက်ခံခဲ့သည်ဟု ထင်ရသည်။
ပိုင်ယွဲ့က ဤအရာကို ခံစားမိ၏။
ထို့ကြောင့် ပိုင်ယွဲ့က မနက်ဖြန် တပည့်လက်ခံပွဲတွင် ထူးချွန်စွာ ထွက်ပေါ်လာနိုင်ရန် မျှော်လင့်နေသည်။
ဤသို့မှသာ အစစ်အမှန် ချမ်ချန်ကန်း၏ တပည့်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်၏။
“ဒါဆိုရင် သွားတော့...”
ချမ်ချန်ကန်းက ပိုင်ယွဲ့ကို တောင်အောက်သို့ ဆင်းသွားစေလိုက်သည်။
တောင်ပေါင်းတစ်သိန်းတောင်တန်းမှ ရောက်လာသော ကျင့်ကြံသူများကို ခံစားမိသဖြင့် မနက်ဖြန် တပည့်လက်ခံပွဲက အလွန်စည်ကားလိမ့်မည်မှန်း သူ သိထား၏။
မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများက ပင်လယ်ပြင်ကြီးတစ်ခုကဲ့သို့ များပြားလှသော်လည်း တပည့်လက်ခံပွဲတွင် ထူးချွန်စွာ ထွက်ပေါ်လာနိုင်သူ တစ်ဦးတည်းသာရှိမည်ဖြစ်သည်။
ကျူးရှိူ့ဒယ်စောက်ကိုရယူပြီး ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာမည်။
စမ်းသပ်မှု၏ ရက်စက်ကြမ်းကြုတ်မှုကို ခန့်မှန်းကြည့်နိုင်သည်။
လုံးဝ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
“ရှောင်ဟေးက အခုထိ ပြန်မလာသေးဘူး... သူ အားမြောင်နဲ့ အတူထွက်သွားတာကို ငါ မှတ်မိတယ်…”
ရှောင်ဟေးနှင့် ပိုင်ယွဲ့တို့ထံမှတစ်ဆင့် အားမြောင်လည်း တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချမ်ချန်ကန်း ကြားသိထားခဲ့၏။
သို့သော် ယခုအခါ ရှောင်ဟေးနှင့် အားမြောင်တို့ ပြန်မလာကြသေးပေ။
အန္တရာယ်တစ်ခုခုများ ကြုံတွေ့နေရသလား။
သို့မဟုတ် တစ်ခုခုများ နှောင့်နှေးနေသလား။
ချမ်ချန်ကန်းက ခေါင်းခါ၍ ယင်းအကြောင်းကို ဆက်မတွေးတော့ချေ။
ဤအရာများအတွက် စိုးရိမ်နေ၍လည်း အလကားပင်။
ရှောင်ဟေးနှင့် အားမြောင်တို့ တကယ်အန္တရာယ် ကြုံနေရလျှင်တောင်မှ သူသည် ဤနေရာမှ များစွာကူညီပေးနိုင်မည် မဟုတ်ပေ။
သမ်းဝေလိုက်ပြီးနောက် ချမ်ချန်ကန်းမှာ အနည်းငယ် အိပ်ချင်လာ၏။
မည်သို့ပင်ဆိုစေကာမူ စမ်းသပ်ချက်မျှော်စင်ကို စီစဉ်ရန်အတွက် ဤရက်များအတွင်း သူ သေချာ အနားမယူရသေးပေ။
အိပ်ရာဝင်ရန်သာ ရှိတော့သည်။
ဒုတိယနေ့တွင် နေမင်းကြီး ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက စိတ်လှုပ်ရှားနေကြ၏။
နောက်ဆုံးတော့ စောင့်စားနေကြသည့် တပည့်လက်ခံပွဲ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မရေမတွက်နိုင်သော လှိုဏ်ဂူများထဲတွင် ရက်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့ကြသော ပါရမီရှင်များလည်း ထွက်လာကြသည်။
ချင်ရှို့ဝမ်၏ မျက်နှာက ရောဂါသည်တစ်ဦးကဲ့သို့ ဖြူရော်နေသော်လည်း ပန်းကလေးများ၊ ကျောက်စိမ်းလေးများကဲ့သို့ လှပသော ဇနီးဆယ့်ကိုးယောက်၏ ခြံရံမှုဖြင့် ထွက်လာပြီး ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏။
“အချစ်လေးတို့... မင်းတို့ယောက်ျားဆီက သတင်းကောင်းကို စောင့်နေကြ။ ဒီနေ့ တပည့်လက်ခံပွဲက သေချာပေါက် ကိုယ့်ရဲ့ အောင်ပွဲပဲ။ ကျူးရှိူ့ဒယ်စောက်ကိုရပြီးရင် ကိုယ်က ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာမယ်။ အဲဒီအခါကျရင် ကိုယ်တို့အားလုံး အင်မော်တယ်လောကကို အတူတူ ပျံသန်းသွားကြတာပေါ့...”
“ယောက်ျားက သိပ်ကောင်းတာပဲ...”
“အရမ်းကောင်းတာပဲ ယောက်ျားရယ်... ကျွန်မတို့ကို ထားမသွားနဲ့နော်...”
“ကိုကိုရယ်...”
နောက်ထပ် လှိုဏ်ဂူတစ်ခု။
ဖာထျန်းထွက်လာသောအခါ သူက မောက်မာထောင်လွှားနေပြီး ကျားတစ်ကောင်ကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ သူ၏ စွမ်းအားအရှိန်အဝါများကို အနည်းငယ်မျှ ဖုံးကွယ်မထားပေ။
သူ ဤတပည့်လက်ခံပွဲတွင် အနိုင်ရမည် ဖြစ်၏။
အနိုင်ရရုံသာမက အခြားသော အင်မော်တယ်နယ်မြေမှ ပါရမီရှင်များ အားလုံးကိုလည်း သတ်ဖြတ်ပစ်မည် ဖြစ်သည်။
ထိုနေ့က ချင်ရှို့ဝမ်အတွက် ယနေ့တွင် သေလမ်းတစ်ခုသာ ရှိတော့သည်။
သူက ချင်ရှို့ဝမ်ကို ဤနေရာတွင် သတ်ပစ်မည် ဖြစ်၏။
ဝေးလံခေါင်ဖျားသော လှိုဏ်ဂူတစ်ခုထဲတွင် အိပ်မောကျနေသော မိုဝန်ထျန်းမှာ အသိစိတ်ပင်လယ်ထဲရှိ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာအဖိုးအိုကြောင့် လန့်နိုးသွားခဲ့ရသည်။
သူက သမ်းဝေကာ မျက်လုံးများကို ပွတ်သပ်၍ လှိုဏ်ဂူထဲမှ အိပ်ချင်မူးတူးဖြင့် ထွက်လာခဲ့၏။
“အဘိုးကြီး... ဒီနေ့ တပည့်လက်ခံပွဲမှာ ကူညီပေးဖို့ ယုံကြည်မှုရှိရဲ့လား...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာအဘိုးအိုက လှောင်ရယ် ရယ်လိုက်သည်။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဒီနေရာက အင်မော်တယ်စွမ်းအင်တွေကို စုပ်ယူထားလို့ ငါ့ရဲ့ဝိညာဉ်စွမ်းအားတွေ တော်တော်များများ ပြန်လည်သက်သာလာပြီ။ ငါ့အကူအညီနဲ့ဆိုရင် အဲဒီပါရမီရှင်တွေတောင် မင်းရဲ့ ပြိုင်ဘက်မဟုတ်တော့ဘူး...”
မိုဝန်ထျန်းက နှုတ်ခမ်းမဲ့လိုက်၏။
“အရင်တစ်ခေါက် ခင်ဗျား နတ်ဝိညာဉ် လျှို့ဝှက်ချက်ကိုသုံးတုန်းက ကျုပ် အဲဒီဖာထျန်းရဲ့ အရိုက်ခံလိုက်ရတာကို မေ့သွားပြီလား။ အစ်ကိုကျန်းနဲ့သာမတွေ့ခဲ့ရင် ကျုပ်အလောင်းက အခုလောက်ဆို ပုပ်ဟောင်နေလောက်ပြီ...”
“ဟွန့်... ကောင်လေး... မင်း ဘာသိလို့လဲ... သုံးရက်လောက် ကွဲကွာသွားရင်တောင် လေးလေးစားစားနဲ့ ပြန်ကြည့်ရမယ်ဆိုတဲ့ စကားကို မကြားဖူးဘူးလား...”
မိုဝန်ထျန်းက နောက်စေ့ကို ကုတ်လိုက်၏။
“အစွမ်းထက်တယ်ဆိုရင်လည်း တပည့်လက်ခံပွဲကျမှပဲ ရှင်းရှင်းလင်းလင်း သိရမှာပေါ့...”
ဤအချိန်တွင်။
ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူတိုင်းက အေးစက်သော်လည်း ခမ်းနားထည်ဝါမှု အပြည့်ရှိသော ချမ်ချန်ကန်း၏ အသံကို ကြားလိုက်ကြရ၏။
“တပည့်လက်ခံပွဲကို ဝင်ယှဉ်ပြိုင်ချင်တဲ့သူတွေ... လက်မြှောက်ကြပါ...”
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ ဆူညံသွား၏။
လွန်ခဲ့သော တစ်လအတွင်း ချမ်ချန်ကန်းက လုံးဝနီးပါး ထွက်မလာခဲ့ချေ။
ယခုမူ တပည့်လက်ခံပွဲအတွက် နောက်ဆုံးတွင် ပါးစပ်ဟလာခဲ့ပြီဖြစ်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက စိတ်လှုပ်ရှားနေကြ၏။
သူတို့က မကြာမီ ချမ်ချန်ကန်းကို မြင်တွေ့ရတော့မည် ဖြစ်သည်။
ချမ်ချန်ကန်း၏ စကားအတိုင်း တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက သူတို့၏ လက်များကို အလျင်အမြန် မြှောက်လိုက်ကြသည်။
မရေမတွက်နိုင်အောင်ပင်။
တကယ့်ကို ထောင်သောင်းချီ၍ ရှိနေ၏။
ဖာထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျင့်ကြံသူများစွာ လက်မြှောက်နေကြသည်ကို မြင်သောအခါ အထင်သေးသွား၏။
တပည့်လက်ခံပွဲ တက်ရုံလေးကို လက်မြှောက်ရတယ်ဆိုတာ အရမ်း ကလေးဆန်လွန်းသည်။
ချမ်ချန်ကန်း ဘာတွေတွေးနေမှန်း သူ မသိတော့ချေ။
သေချာသည်ကတော့ ဖာထျန်းအပြင် မိမိကိုယ်ကိုယ်အထင်ကြီး မောက်မာနေကြသော ပါရမီရှင်များစွာကလည်း အထင်သေးနေကြသည်။
သူတို့က တပည့်လက်ခံပွဲကို တက်ရောက်ရုံသာ ဖြစ်ပြီး ချမ်ချန်ကန်းက ဘာကြောင့် သူတို့ကို လက်မြှောက်ခိုင်းရသနည်း။
ထိုအချိန်တွင် ချမ်ချန်ကန်း၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်၏။
“လက်မြှောက်ထားတယ်ဆိုတာက တပည့်လက်ခံပွဲကို ဝင်ယှဉ်ပြိုင်မယ်လို့ ကိုယ်စားပြုတယ်။ ငါက မင်းတို့ကို စမ်းသပ်မှု လုပ်မယ့် နေရာဆီပို့ပေးမယ်... တခြားလူတွေ ရှိသေးလား...”
ပြိုင်ဘက်ကင်းနယ်မြေအတွင်း ချမ်ချန်ကန်းက အကဲခတ်ကြည့်လိုက်၏။
ကျင့်ကြံသူ အရေအတွက် အနည်းငယ်က လက်မမြှောက်ထားကြောင်း တွေ့လိုက်ရသည်။
၎င်းတို့ထဲတွင် ဖာထျန်းလည်း အပါအဝင် ဖြစ်၏။
ချမ်ချန်ကန်းက ဖြည်းညင်းစွာ ပြုံးလိုက်သည်။
“လက်မမြှောက်တဲ့သူတွေကိုတော့ နှုတ်ထွက်တယ်လို့ သတ်မှတ်ပြီး တပည့်လက်ခံပွဲကို ယှဉ်ပြိုင်ခွင့် ပြုတော့မှာ မဟုတ်ဘူး...”
ချမ်ချန်ကန်း၏ ဤစကားများက ဖာထျန်း အပါအဝင် လက်မမြှောက်ထားသော ကျင့်ကြံသူများ၏ မျက်နှာကို ပြောင်းလဲသွားစေ၏။
ဖာထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရွေးချယ်စရာ မရှိတော့သဖြင့် သူ့လက်များကို အမြင့်သို့ မြှောက်လိုက်ရသည်။
အခြားသော ကျင့်ကြံသူများလည်း ထိုနည်းတူပင်။
ချမ်ချန်ကန်းက ပခုံးတွန့်လိုက်၏။
“ငါ့နယ်မြေမှာ ငါကတာဝန်ခံပဲ... မင်းတို့က စကားနားမထောင်ချင်တာလား...”
ထို့နောက် ချမ်ချန်ကန်းက ခေါင်းလှည့်၍ သူ့အနောက်ဘက်ကို ကြည့်လိုက်သည်။
အမြီးလေးက သူမ၏ လက်များကို ချစ်စရာကောင်းစွာ မြှောက်လျက် ချမ်ချန်ကန်းကို ပြုံးပြနေသည်ကို မြင်လိုက်ရ၏။
“မင်းက ကလေးလေးပဲ ရှိသေးတာ... သူတို့နဲ့မပြိုင်ရဘူး...”
“အီးအီးအီး...”
အမြီးလေးက ချွဲနွဲ့ကာ နှုတ်ခမ်းဆူလိုက်သည်။
“ကောင်းပြီ... ဒါဆိုလည်း သွားကစားလို့ ရပြီ...”
ချမ်ချန်ကန်းက အမြီးလေး တပည့်လက်ခံပွဲကို ဝင်ယှဉ်ပြိုင်မည်ဆိုသည်ကို ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်ကင်းနယ်မြေအတွင်းတွင် အမြီးလေးအတွက် အန္တရာယ်မရှိနိုင်ချေ။
ထို့နောက်တွင် ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ လက်မြှောက်ကာ တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသော ကျင့်ကြံသူများက သူတို့၏ စိတ်ထဲတွင် ချမ်ချန်ကန်း၏ အသံကို တစ်ပြိုင်နက် ကြားလိုက်ကြရ၏။
“တပည့်လက်ခံပွဲ... အခုစတင်ပြီ...”