← Chapters

အခန်း ၂၂၇

Vol. 19 Ch. 227

အခန်း ၂၂၇

Vol. 19 Ch. 227

အခန်း (၂၂၇)ဖိအားပေးခြင်း၊ ပထမအဆင့် စမ်းသပ်မှု

ထို့နောက် ချက်ချင်းပင် ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌။

လက်မြှောက်ထားသော ကျင့်ကြံသူများ အားလုံးက သက်တံ့ရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားကြ၏။

သူတို့ ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ ဧရာမ ရင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ဤနေရာက ချမ်ချန်ကန်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး စမ်းသပ်ချက်မျှော်စင်၏ ပထမဆုံးအထပ်လည်း ဖြစ်၏။

လူတိုင်းက ဤဧရာမရင်ပြင်ကြီးထဲတွင် ပေါ်လာကြပြီး လူပေါင်းသိန်းနှင့်ချီ၍ ရှိနေသည်။

အထူးသဖြင့် ဤကျင့်ကြံသူများအကြားတွင် အဆင့်ပေါင်းစုံမှ ကျင့်ကြံသူများရှိနေကြ၏။

အခြေတည်စိတ်ဝိညာဉ်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်နှင့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များပင် ရှားပါးလှသည် မဟုတ်ပေ။

ထို့နောက် မိုဝန်ထျန်း၏ မျက်စိရှေ့တွင် မြင်ကွင်းများ ဝေဝါးသွားပြီး ဤဧရာမ ရင်ပြင်ကြီးထဲသို့ ရောက်လာကာ ပတ်ဝန်းကျင်ကို စပ်စုချင်စိတ်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။

ဤအခိုက်အတိုင်းတွင် ဖာထျန်းကလည်း ဤနေရာသို့ ရောက်လာ၏။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဖာထျန်းက မိုဝန်ထျန်းကို မြင်လိုက်ရသောအခါ မူလက တည်ငြိမ်နေသော သူ၏ အကြည့်များက ရုတ်တရက် တုန်လှုပ်သွားပြီး မျက်လုံးအိမ်များပင် ကျဉ်းမြောင်းသွား၏။

မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်ရသည့်အလားပင်။

မိုဝန်ထျန်းကလည်း ဖာထျန်း ရုတ်တရက် ပေါ်လာခြင်းကြောင့် လန့်ဖြန့်သွားသည်။

လျှို့ဝှက်ရတနာကို ထုတ်ယူကာ နောက်သို့ ဆုတ်၍ ဖာထျန်းနှင့် အလှမ်းဝေးအောင် နေလိုက်၏။

တစ်ချိန်တည်းမှာပင် အသိစိတ်ပင်လယ်ထဲရှိ မျက်လုံးတစ်ဖက်လပ် အင်မော်တယ်အင်ပါယာကို ရင်ဆိုင်ရန် အသင့်ပြင်ထားစေလိုက်သည်။

*သောက်ကျိုးနည်း... တပည့်လက်ခံပွဲ စစချင်းမှာပဲ ဖာထျန်းနဲ့ လာတွေ့နေရတယ်။ ငါက ဖာထျန်းလက်ထဲမှာ သေရတော့မှာလား..*

ဖာထျန်းနှင့် ပတ်သက်၍မူ မိုဝန်ထျန်း အသက်ရှင်နေသေးသည်ကို တွေ့ရသဖြင့် အလွန်တုန်လှုပ်သွား၏။

လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်ထျန်းမြို့တွင် သူက မိုဝန်ထျန်းကို သေချာပေါက် သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။

ဤမိုဝန်ထျန်းက ဘာကြောင့် အသက်ရှင်နေသေးသနည်း။

ဤသည်က သူ လုံးဝ မထင်မှတ်ထားခဲ့သောအရာဖြစ်၏။

အထူးသဖြင့် မိုဝန်ထျန်းထံမှ ထွက်ပေါ်နေသော အငွေ့အသက်များနှင့် လှိုင်းထန်နေသော စွမ်းအားအရှိန်အဝါများကြောင့် ဖြစ်သည်။

သေချာလှ၏။

သူ့ရှေ့မှကောင်က မိုဝန်ထျန်းပင် ဖြစ်သည်။

“မင်းက ဘာလို့ အသက်ရှင်နေသေးတာလဲ...”

သူက အေးစက်စွာ အော်ဟစ်လိုက်၏။

မိုဝန်ထျန်းကလည်း အလျှော့မပေးပေ။

“ငါက ဘာလို့ အသက်မရှင်နိုင်ရမှာလဲ... မင်း တစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား...”

ဖာထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ လွှမ်းမိုးသွား၏။

“ဒါဆိုရင် ငါ မင်းကို နောက်တစ်ကြိမ် ထပ်သတ်ပြမယ်။ မင်း ဘယ်လိုများ အသက်ရှင်နိုင်ဦးမလဲ ကြည့်ကြတာပေါ့...”

သို့သော် ဖာထျန်း စတင် လှုပ်ရှားတော့မည့် အခိုက်အတိုင်းမှာပင် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားမှ ပေါက်ကွဲထွက်ပေါ်လာပြီး တောင်ကျရေနှင့် ဧရာမလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်လာ၏။

ဖာထျန်းအပေါ် ဖိချလိုက်သည်။

ဖာထျန်း၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး ခံနိုင်ရည်မရှိတော့ဘဲ သူ့ နှလုံးသားမှာလည်း ရုတ်တရက် တုန်လှုပ်သွား၏။

တစ်ချိန်တည်းမှာပင် ဧရာမရင်ပြင်ကြီးထဲမှ ချမ်ချန်ကန်း၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

“တပည့်လက်ခံပွဲမှာ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ကြနဲ့။ ဒီအရှင့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ လက်မပါရဘူး။ မဟုတ်ရင် ဒီအရှင်က မင်းတို့ကို သတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး...”

ဖာထျန်းက သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ရုပ်သိမ်းလိုက်ပြီး သူ့အပေါ် ဖိချထားသော ကြောက်မက်ဖွယ် ဖိအားမှတစ်ဆင့် ချမ်ချန်ကန်းက မည်မျှ အစွမ်းထက်ကြောင်း သူ ရှင်းလင်းစွာ သိလိုက်ရ၏။

သူက တိုက်ရိုက်ပင် အလျှော့ပေးလိုက်ပြီး မိုဝန်ထျန်းကို တိုက်ခိုက်မည့် အစီအစဉ်ကို လက်လျှော့လိုက်သည်။

“စီနီယာ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...”

“ကောင်းပြီ... မင်းကို တစ်ကြိမ် လွှတ်ပေးလိုက်မယ်...”

ချမ်ချန်ကန်း၏ အသံ ထွက်ပေါ်လာ၏။

သို့သော် သူက ဖိအားကို ရုပ်သိမ်းမသွားခဲ့ပေ။

ထိုဖိအားက ဧရာမရင်ပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကျင့်ကြံသူ အားလုံးအပေါ် ဖိချလိုက်သည်။

တစ်ခဏချင်းမှာပင် ကျင့်ကြံသူအားလုံး၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားကြပြီး ဧရာမဖိအားကြီး တစ်ခုကို ခံစားလိုက်ကြရ၏။

“တပည့်လက်ခံပွဲကို ဝင်ယှဉ်ပြိုင်ချင်တဲ့သူတွေ အများကြီးရှိပေမဲ့ လူတိုင်းက ပါဝင်ဖို့ အရည်အချင်း ပြည့်မီတာတော့ မဟုတ်ဘူး။ အခု မင်းတို့ရင်ဆိုင်နေရတာက တပည့်လက်ခံပွဲရဲ့ ပထမဆုံး စမ်းသပ်မှုပဲ။ ဒီစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှသာ တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပဲ...”

ထို့နောက် ချက်ချင်းပင် ဧရာမရင်ပြင်ကြီး၏ ဗဟိုချက်၌ ချမ်ချန်ကန်း ပေါ်ထွက်လာ၏။

သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ကျော့ရှင်းမှုက ပြိုင်ဘက်ကင်းကာ လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်နေသည်။

နောက်ဆုံး၌ သူတို့က ချမ်ချန်ကန်းကို မြင်တွေ့လိုက်ကြရပြီ ဖြစ်၏။

ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားနေသော ဤပြိုင်ဘက်ကင်းဆရာသခင်ကိုပင်ဖြစ်၏။

ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွား၏။

ချမ်ချန်ကန်း၏ မျက်လုံးများက တည်ငြိမ်ပြီး အေးစက်နေသည်။

လက်ကို မြှောက်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းသွား၏။

“ဒီစမ်းသပ်မှုမှာ အမွှေးတိုင် တစ်တိုင်စာ အချိန်ပဲရမယ်။ အမွှေးတိုင်တစ်တိုင်စာ အချိန် ကုန်ဆုံးသွားတဲ့အထိ ဖိအားကို ခံနိုင်ရည်ရှိပြီး မတ်မတ်ရပ်နေနိုင်တဲ့ သူတိုင်းက စမ်းသပ်မှုကို အောင်မြင်တယ်။ အကယ်၍ ဒူးထောက်ကျသွားတာ ဒါမှမဟုတ် လဲကျသွားတာမျိုးဖြစ်ရင် စမ်းသပ်မှုကို ကျရှုံးတယ်လို့ သတ်မှတ်မယ်...”

ထိုသို့ပြောပြီးနောက် အမွှေးတိုင်က တဖြည်းဖြည်း လောင်ကျွမ်းလာသည်။

ဧရာမရင်ပြင်ကြီးတစ်ခုလုံးတွင် လူတိုင်းက တိတ်ဆိတ်နေကြပြီး ကြောက်မက်ဖွယ် ဖိအားကို တိတ်တဆိတ် ခံစားနေကြ၏။

သို့သော် မကြာမီမှာပင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကျင့်ကြံသူအချို့က ကြောက်စရာကောင်းသည့် ဖိအားကို ခံနိုင်ရည် မရှိတော့ဘဲ ရှုံးနိမ့်သွားကြ၏။

လူတိုင်းအတွက်မူ ကျင့်ကြံခြင်းအဆင့်များ မတူညီကြပေ။

ထို့ကြောင့် အမှန်တကယ်တွင် လူတစ်ဦးချင်းစီ ခံစားရသော ဖိအားကလည်း မတူညီကြချေ။

ဤအဆင့်က သူတို့၏ ဇွဲလုံ့လကို စမ်းသပ်ရန် ပို၍ အရေးကြီးသည်။

ဖိအားက အလွန်ပြင်းထန်ပြီး သူတို့ကို ကြီးမားသော နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ပေးစွမ်းမည် ဖြစ်သော်လည်း ဇွဲရှိရှိ တောင့်ခံထားနိုင်သရွေ့ ဖြတ်ကျော်ရန်မှာ အမှန်တကယ်တော့ မခက်ခဲပေ။

သို့သော် လူတိုင်းက စိတ်ဓာတ်ခိုင်မာကြသည်တော့ မဟုတ်ချေ။

အသက်ရှူကြိမ် အနည်းငယ်မျှပင် မကြာလိုက်ချေ။

လူထောင်ပေါင်းများစွာ ကျရှုံးသွားကြ၏။

သူတို့က နောင်တတရားများဖြင့် နေရာမှ ထွက်ခွာသွားကြပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ပြန်ရောက်သွားကြသည်။

ယနေ့တွင် တောင်ပေါင်းတစ်သိန်းတောင်တန်း၌ အလင်းမျက်မှာပြင်များ အတော်များများ ပေါ်ထွက်နေ၏။

ဤအရာများအားလုံးကို ချမ်ချန်ကန်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်မှတစ်ဆင့် ဖန်တီးထားခြင်းဖြစ်သည်။

ယင်းက မပါဝင်ခဲ့သော ကျင့်ကြံသူများကို ဧရာမရင်ပြင်ကြီးထဲရှိ အခြေအနေကို မြင်တွေ့နိုင်စေသည်။

အမွှေးတိုင်တစ်တိုင်စာအချိန်က မြန်သည်ဟု ဆိုလျှင်လည်း မမြန်သလို နှေးသည်ဟု ဆိုလျှင်လည်း သိပ်မနှေးလှပေ။

သို့သော် မိနစ်တိုင်း စက္ကန့်တိုင်းတွင် ဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ ကျရှုံးသွားသော ကျင့်ကြံသူများရှိနေသည်။

ဤလအတွင်း ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူ တစ်သိန်းကျော် တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက်ခဲ့ကြသော်လည်း ချမ်ချန်ကန်းကမူ ဤပထမဆုံး စမ်းသပ်မှုတွင် သူတို့ထဲမှ အများစု ကျရှုံးသွားကြမည်ကို ကောင်းကောင်းသိထား၏။

အမြီးလေးမှာ သူမ၏ နှုတ်ခမ်းလေးကို ကိုက်၍ ဇွဲရှိရှိ တောင့်ခံနေပြီး သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးတွင် ချွေးများရွှဲနစ်နေသည်။

ချမ်ချန်ကန်းက အမြီးလေးကို မည်သည့် မျက်နှာသာမှ မပေးခဲ့ချေ။

အမြီးလေးက တပည့်လက်ခံပွဲတွင် ဝင်ကစားချင်သည် ဆိုမှတော့ လေးနက်ရမည်ဖြစ်၏။

ပါရမီရှင်များနှင့် ပတ်သက်၍မူ။

ဥပမာအားဖြင့် ဖာထျန်း၊ ချင်ရှို့ဝမ်နှင့် ဤနေရာရှိ ပိုင်ယွဲ့တို့ပင်ဖြစ်သည်။

ဖိအားက ပြင်းထန်သော်လည်း သူတို့က ကြီးမားသော ဇွဲလုံ့လရှိသူများဖြစ်ကြပြီး တည်ငြိမ်စွာ ရင်ဆိုင်နေကြ၏။

အမွှေးတိုင်တစ်တိုင်စာ အချိန်က သူတို့အတွက် မခက်ခဲပေ။

မိုဝန်ထျန်းမှာမူ။

သူက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို တစ်ခါမှ မခံဖူးခဲ့သဖြင့် သွားများ အချင်းချင်း ရိုက်ခတ်နေပြီး ခြေထောက်များ တုန်ယင်နေ၏။

သူ့စိတ်ထဲတွင် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ လှောင်ပြောင်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။

“ကောင်လေး... မင်းက တကယ် ဇွဲရှိတဲ့လူ မဟုတ်ပါဘူး... လက်လျှော့လိုက်ပါ...”

“သောက်အဖိုးကြီး... ခင်ဗျားပါးစပ်က ဘာလို့ ဒီလောက် နံစော်နေရတာလဲ။ ကျုပ်က ဘာလို့ ဇွဲရှိတဲ့လူမဟုတ်ရမှာလဲ...”

သူ အလွန်ဒေါသထွက်သွားပြီး လောင်ကျွမ်းနေသော အမွှေးတိုင်ကို တစ်ချက်ကြည့်ကာ မလှမ်းမကမ်းတွင် တည်ငြိမ်စွာ ရင်ဆိုင်နေသော ဖာထျန်းကို တစ်ချက်ကြည့်လိုက်၏။

စိတ်ထဲမှ အံကြိတ်လိုက်သည်။

*ဒီကောင်တောင် တောင့်ခံနိုင်သေးတာ ငါက ဘာလို့ မခံနိုင်ရမှာလဲ...ငါလည်း လုပ်နိုင်တယ်…*

*ငါ မိုဝန်ထျန်းက အနာဂတ်မှာ သေချာပေါက် ထူးချွန်စွာထွက်ပေါ်လာပြီး အဲဒီပြိုင်ဘက်ကင်းဆရာသခင်ရဲ့ တပည့် ဖြစ်လာမယ့်သူပဲ... တပည့်လက်ခံပွဲရဲ့ ပထမဆုံးအဆင့်မှာတင် ဘယ်လိုလုပ် ရှုံးနိမ့်လို့ရမှာလဲ..*

ချမ်ချန်ကန်းက ဧရာမရင်ပြင်ကြီး တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်၏။

ဝန်ခံရမည် ဖြစ်သည်။

ကြီးမားသော ဇွဲလုံ့လရှိကြသည့် ပါရမီရှင် ကျင့်ကြံသူများစွာရှိနေသေး၏။

“ဟင်... အဲဒီကောင်လေး မိုဝန်ထျန်းက ဆက်ပြီး တောင့်ခံနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး...”

ချမ်ချန်ကန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။

မည်သို့ပင်ဆိုစေကာမူ မိုဝန်ထျန်း၏ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်၍ သူ ကောင်းကောင်း ရှင်းလင်းစွာ သိထား၏။

ရှုံးနိမ့်မသွားဘဲ ဆက်လက် တောင့်ခံနိုင်ခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။

အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက စောင့်ကြည့်နေကြပြီး ကျင့်ကြံသူ တစ်ယောက်ချင်းစီ၏ ကျရှုံးမှုကို မြင်တွေ့နေရ၏။

သူတို့မှာ တုန်လှုပ်သွားကြသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤစမ်းသပ်မှုက မလွယ်ကူကြောင်း သိနိုင်၏။

ယခုခဏလေးအတွင်းမှာပင် လူတစ်သောင်းနီးပါး ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

ကျရှုံးသွားသော ကျင့်ကြံသူများမှာ နောင်တရကာ မကျေမချမ်းဖြစ်နေကြ၏။

*ဘာကြောင့်များ ဆက်ပြီး မတောင့်ခံနိုင်ခဲ့ရတာလဲ*

*အမွှေးတိုင် တစ်တိုင်စာ အချိန်လေးပါပဲ... ဇွဲရှိရှိ တောင့်ခံထားရင် သေချာပေါက် အောင်မြင်မှာပဲကို…*

သူတို့က ညည်းညူလိုက်ကြသည်။

ထိုဖိအားအောက်တွင် ရှိနေခဲ့စဉ်က အဆုံးအစမရှိ နာကျင်ပြီး ခံနိုင်ရည် မရှိတော့သလို ခံစားခဲ့ကြရ၏။

သို့သော် ကျရှုံးပြီးနောက်တွင်မူ ထိုဖိအားက အမှန်တကယ်တော့ ဤလောက်ပါပဲလားဟု ခံစားနေကြရသည်။

ဇွဲရှိရှိတောင့်ခံထားပြီး လက်မလျှော့သရွေ့ သူတို့ သေချာပေါက် အောင်မြင်မည်ဖြစ်၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယင်းက သူတို့၏ ဇွဲလုံ့လမရှိခြင်းသာဖြစ်သည်။

နောက်ဆုံးတွင် အမွှေးတိုင်တစ်တိုင်စာအချိန် ကုန်ဆုံးသွား၏။

ထို့အပြင် ပထမအဆင့် စမ်းသပ်မှုလည်း နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ချမ်ချန်ကန်းက ရင်ပြင်ကြီးကို ကြည့်လိုက်၏။

မူလက တပည့်လက်ခံပွဲကို တက်ရောက်လာသူ တစ်သိန်းကျော် ရှိခဲ့သော်လည်း ယခုအခါ လူငါးသောင်းနီးပါးသာ ကျန်ရှိတော့သည်။

ပထမအကျော့ အသေးစား စမ်းသပ်မှုမှာတင် လူသုံးပုံနှစ်ပုံ ကျရှုံးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ချမ်ချန်ကန်း၏ တပည့်လက်ခံပွဲက အလွန် ရက်စက်ကြမ်းကြုတ်ဆဲဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

All Chapters