← Chapters

အခန်း ၂၂၈

Vol. 19 Ch. 228

အခန်း ၂၂၈

Vol. 19 Ch. 228

အခန်း (၂၂၈) စမ်းသပ်ချက် ရွှေပဲစေ့များ၊ စမ်းသပ်မှု၏ ရက်စက်ကြမ်းကြုတ်မှု

ကျရှုံးသွားသော ဤကျင့်ကြံသူများက မကျေမချမ်း ဖြစ်နေကြသော်လည်း သက်ပြင်းသာ ချနိုင်ကြသည်။

ဘာမှမတတ်နိုင်ပေ။

သူတို့ ကိုယ်တိုင်က လက်လျှော့ခဲ့ကြသည် မဟုတ်ပါလား။

ရင်ပြင်ကြီးထဲတွင် ကျန်ရှိနေသေးသော ကျင့်ကြံသူများအတွက်မူ အမွှေးတိုင် တစ်တိုင်စာအချိန်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဖိအားများ ပျောက်ကွယ်သွားပြီး ချမ်ချန်ကန်းက စကားစလိုက်၏။

“ဇွဲရှိရှိ တောင့်ခံထားနိုင်ခဲ့ကြတဲ့ မင်းတို့အားလုံးကို ဂုဏ်ပြုပါတယ်။ ပထမဆုံး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်ပြီး တပည့်လက်ခံပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ တကယ့်ကို အရည်အချင်း ပြည့်မီသွားကြပါပြီ...”

ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ ဤကျင့်ကြံသူများက နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။

ဖာထျန်း၊ ပိုင်ယွဲ့၊ ချင်ရှို့ဝမ်နှင့် အခြားသော ကျင့်ကြံသူများစွာ၏ မျက်လုံးများက တည်ငြိမ်အေးဆေးနေပြီး ပထမဆုံး စမ်းသပ်မှုကို ဖြတ်ကျော်ရန်က သူတို့အတွက် မခက်ခဲခဲ့ပေ။

အမြီးလေးက ပြုံး၍ သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။

မိုဝန်ထျန်းမှာမူ မိုးရေထဲတွင် စိုရွှဲလာသကဲ့သို့ တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေပြီး အမောတကော ဖြစ်နေသည်။

စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် သူက ချက်ချင်းပင် မြေကြီးပေါ်သို့ ခွေကျသွားသော်လည်း သူ၏ အမူအရာက ဂုဏ်ယူနေပုံရ၏။

“သောက်အဘိုးကြီး... ကျုပ်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်မလား... အခု ဖြတ်ကျော်သွားပြီဆိုတော့ ခံရခက်သွားပြီမလား...”

အသိစိတ်ပင်လယ်ထဲရှိ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဘာဖြစ်လဲ... ဒါက ပထမအဆင့်ပဲ ရှိသေးတာလေ။ လူတစ်သိန်းကျော်တောင် ရှုံးနိမ့်သွားတာပဲ။ ကျန်နေသေးတဲ့ လူငါးသောင်းထဲကနေ မင်းက ထူးချွန်စွာ ထွက်ပေါ်လာနိုင်မယ်လို့ ထင်နေတာလား...”

မိုဝန်ထျန်းမှာ အလွန်ဒေါသထွက်သွား၏။

“ဘာလို့မဖြစ်နိုင်ရမှာလဲ။ သေသင့်တဲ့ အဘိုးကြီး။ ခင်ဗျားက ကျုပ်ဆီမှာနေလာတာ ဆယ်နှစ်ကျော်နေပြီ ကျုပ်အပေါ် ယုံကြည်မှုလေး နည်းနည်းတောင် မထားနိုင်ဘူးလား။ ခင်ဗျားက ကျုပ်ကို နှိမ်ဖို့လောက်ပဲ သိတာပဲ...”

မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက မျက်လုံးလှန်လိုက်၏။

“ငါလည်း အဲဒီလိုပဲထင်တာပဲလေ။ ဒါပေမဲ့ မင်းကို ယုံကြည်ဖို့က ငါ့မှာ တကယ် ယုံကြည်မှုမှမရှိတာ...”

“လိပ်အိုကြီး... ပုပ်စော်နံနေတဲ့လူ...”

မိုဝန်ထျန်းက ကျိန်ဆဲလိုက်ပြီး ထိုအဖိုးကြီးကို ဆက်ပြီး ဂရုမစိုက်ချင်တော့ပေ။

ချမ်ချန်ကန်းက ဤနေရာရှိ ကျင့်ကြံသူများကို စကားပြောလိုက်၏။

“မင်းတို့ ပထမအဆင့်ကို ဖြတ်ကျော်လာနိုင်ပြီ ဆိုမှတော့ တပည့်လက်ခံပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကို ငါ ပြောပြသင့်တယ်...”

“အခု မင်းတို့ ရောက်နေတဲ့ နေရာက စမ်းသပ်ချက်မျှော်စင်ပဲ...”

“စမ်းသပ်ချက်မျှော်စင်...”

လူတိုင်းက သိချင်စိတ် ပြင်းပြသွားကြသည်။

“တောင်ပေါင်းတစ်သိန်းတောင်တန်းမှာ မင်းတို့ မြင်ခဲ့ရတဲ့ ရွှေရောင်မျှော်စင်ကြီးပဲ...”

လူအုပ်ကြီးက ရုတ်တရက် သဘောပေါက်သွားကြ၏။

ချမ်ချန်ကန်းက ဆက်ပြောလိုက်သည်။

“စမ်းသပ်ချက်မျှော်စင်မှာ အထပ်ပေါင်း ဆယ့်ရှစ်ထပ်ရှိတယ်။ အစောက မင်းတို့ ဖြတ်ကျော်ခဲ့တဲ့ စမ်းသပ်မှုက စမ်းသပ်ချက်မျှော်စင်ရဲ့ ပထမဆုံးအဆင့်ပဲ...”

“အလားတူပဲ... အဲဒါက စမ်းသပ်ချက်မျှော်စင်ရဲ့ ပထမဆုံး အထပ်လည်းဖြစ်တယ်...”

“ဆိုလိုတာက စမ်းသပ်ချက်မျှော်စင်မှာ နောက်ထပ် ဆယ့်ခုနစ်ထပ် ကျန်သေးတယ်။ ပြီးတော့ မင်းတို့ ဖြတ်ကျော်ရမယ့် အဆင့် ဆယ့်ခုနစ်ဆင့်လည်း ကျန်သေးတယ်...”

ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ စမ်းသပ်ချက်မျှော်စင်ထဲမှ ကျင့်ကြံသူများ ဖြစ်စေ၊ အပြင်ဘက်မှ ကြည့်ရှုနေသော ကျင့်ကြံသူများဖြစ်စေ လူတိုင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကြ၏။

တုန်လှုပ်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။

တပည့်လက်ခံပွဲက ခက်ခဲမည်ကို သူတို့ အားလုံး သိထားကြ၏။

သို့သော် ဤမျှခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ပထမအဆင့်မှာတင် ကျင့်ကြံသူ တစ်သိန်းကျော် ကျရှုံးသွားခဲ့ပြီ ဖြစ်ကြောင်းကို သိထားရမည်ဖြစ်သည်။

ကျန်ရှိနေသေးသော အဆင့် ဆယ့်ခုနစ်ဆင့်တွင် မည်မျှများသော လူများက ဖြတ်ကျော်နိုင်ကြမည်နည်း။

သူတို့ကိုယ်တိုင်ပင် ယုံကြည်မှု မရှိကြတော့ချေ။

သေချာသည်ကတော့ ကျင့်ကြံသူအချို့က စိုးရိမ်နေကြပြီး နောက်ထပ် စမ်းသပ်မှုများကို လုံးဝ ဖြတ်ကျော်နိုင်မည်မဟုတ်ဟု ထင်နေကြသည်။

သို့သော်လည်း ယုံကြည်မှုရှိပြီး နောက်ထပ် အဆင့် ဆယ့်ခုနစ်ဆင့်ကို မျှော်လင့်နေကြသော ကျင့်ကြံသူ အများအပြားလည်းရှိနေသေး၏။

အထူးသဖြင့် ဖာထျန်း၊ ချင်ရှို့ဝမ်၊ အမြီးလေးနှင့် ပိုင်ယွဲ့တို့ပင်ဖြစ်ပြီး သူတို့က မျှော်လင့်ချက်အပြည့် ရှိနေကြသည်။

မိုဝန်ထျန်းကား ဤသတင်းကို ကြားသောအခါမူ သူ တစ်ကိုယ်လုံး မှင်တက်သွား၏။

*ဒီအဆင့်တောင်မှ ဒီလောက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေတာကို အမလေး…..နောက်ထပ် အဆင့်ဆယ့်ခုနစ်ဆင့်ကို ဘယ်လိုများ ဖြတ်ကျော်ရမလဲ…*

အသိစိတ်ပင်လယ်ထဲရှိ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက လှောင်ရယ် ရယ်လိုက်သည်။

“ကောင်လေး... မင်း ကြောက်သွားပြီလား...”

“ဘာကိုကြောက်ရမှာလဲ... မကြောက်ပါဘူး...။ ဆယ့်ခုနစ်ဆင့် ကျန်သေးတာပဲ မဟုတ်လား…။ ကျုပ် မျက်စိမှိတ်ပြီးတောင် ဖြတ်ကျော်နိုင်တယ်”

မိုဝန်ထျန်းမှာ အလွန်ဒေါသထွက်သွား၏။

ဤသေသင့်သည့် အဘိုးကြီးက သူ့အား ထိုးချရန်ပဲသိသည်။

*တစ်နေ့ကျရင် ဒီသေသင့်တဲ့အဘိုးကြီးကို ပန်းတွေ ဘာလို့ ဒီလောက်နီရဲနေရတာလဲဆိုတာကို သိအောင် လုပ်ပေးရမယ်…*

ထို့နောက် ချမ်ချန်ကန်း စကားပြောပြီးနောက် စမ်းသပ်ချက်မျှော်စင်ထဲတွင် တံခါးပေါက်တစ်ခု ပေါ်လာသည်။

ဤတံခါးပေါက်က ဒုတိယအထပ်ဆီသို့ ဦးတည်သွား၏။

မကြာမီမှာပင် ဤကျင့်ကြံသူ အားလုံးက ဒုတိယအထပ်သို့ ဝင်ရောက်သွားကြသည်။

ဒုတိယအထပ်တွင်။

ပထမအထပ်နှင့် လုံးဝ ကွာခြားနေ၏။

ဤနေရာက မီးပင်လယ်ကြီးတစ်ခုဖြစ်ပြီး အင်မော်တယ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ကျင့်ကြံသူအားလုံးက ဤနေရာရှိ ပူပြင်းလောင်ကျွမ်းနေသော အပူချိန်ကို ခံစားမိကြပြီး ခဏအတွင်းမှာပင် ချွေးများ ရွှဲနစ်သွားကြ၏။

ချမ်ချန်ကန်းက ပြောလိုက်သည်။

“မင်းတို့ ဒီမီးပင်လယ်ကြီးကို ဖြတ်သန်းနိုင်သရွေ့ ဒုတိယအထပ်ကို ဖြတ်ကျော်ပြီး တတိယအထပ်ရဲ့ ဝင်ပေါက်ကို မြင်တွေ့ရလိမ့်မယ်...”

၎င်းက မီးပင်လယ်ကြီး၏ အလယ်ဗဟိုမှ မီးပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ သွယ်တန်းနေသော လမ်းကြောင်းတစ်ခု ဖြစ်၏။

ထို့အပြင် လမ်းကြောင်း၏ တစ်ဖက်တစ်ချက်ရှိ မီးပင်လယ်ကြီးထဲတွင် ကြမ်းကြုတ်ရက်စက်သော မီးမြွေများစွာ ရှိနေသည်။

ထို့ကြောင့် ဒုတိယအထပ်ကို ဖြတ်ကျော်သည့် လုပ်ငန်းစဉ်တွင် သူတို့က မီးတောက်များကို ခုခံရုံသာမက ထိုကြမ်းကြုတ်သော မီးမြွေများကိုလည်း ခုခံရမည်ဖြစ်၏။

ဤအထပ်က အားနည်းသူများကို ဖယ်ရှားပစ်ရန် ဖြစ်သည်။

လမ်းကြောင်းပေါ်မှ ထွက်ခွာသွားပြီး မီးပင်လယ်ကြီးထဲသို့ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် စမ်းသပ်မှုကို ကျရှုံးပြီဟု ဆိုလို၏။

စမ်းသပ်ချက်မျှော်စင်မှ တိုက်ရိုက် လွင့်စင်သွားမည် ဖြစ်သည်။

ရှင်းပြပြီးနောက် ချမ်ချန်ကန်းက လူတစ်ဦးစီကို စမ်းသပ်ချက် ရွှေပဲစေ့တစ်စေ့စီ ဝေငှပေးလိုက်သည်။

၄င်း၏ အာနိသင်ကို ရှင်းပြပြီးနောက် စမ်းသပ်မှု စတင်လေတော့၏။

တစ်ခဏချင်းမှာပင် လူများစွာက လမ်းကြောင်းဆီသို့ ပြေးဝင်သွားကြသည်။

အထူးသဖြင့် ကျင့်ကြံသူများက ခွန်အား ပိုကြီးလေ အမြန်နှုန်းက ပိုမြန်လေဖြစ်၏။

သူတို့က လမ်းကြောင်းထဲသို့ အရင် ဝင်ရောက်သွားကြသည်။

မကြာမီမှာပင် အားနည်းသော ကျင့်ကြံသူများက အနောက်တွင် ကျန်ရစ်ခဲ့ကြ၏။

ချမ်ချန်ကန်းက ဤမြင်ကွင်းကို ကြည့်နေသည်။

မကြာမီမှာပင် လူတစ်သောင်းကျော်က ထိုလမ်းကြောင်းကို ဖြတ်သန်း၍ မီးပင်လယ်ကြီးထဲသို့ ဝင်ရောက်သွားကြ၏။

ချမ်ချန်ကန်းက ထိုကျင့်ကြံသူ အုပ်စုကို အာရုံစိုက်လိုက်သည်။

သူ့အမြင်တွင် ဤဒုတိယအထပ်ကို ဖြတ်ကျော်ရန်မှာ မခက်ခဲပေ။

သတိထားရန်သာ လိုအပ်ပြီး မီးပင်လယ်ကြီးထဲတွင် အချိန်မရွေး တိုက်ခိုက်လာနိုင်သော ထိုမီးမြွေများကို သတိထားကာ မီးပင်လယ်ကြီး၏ ပူပြင်းလောင်ကျွမ်းမှုကို ခံနိုင်ရည်ရှိရန်သာ ဖြစ်၏။

ထို့နောက်တွင်မူ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

သို့သော် ဤကျင့်ကြံသူများ သတိထားရမည့် နောက်ထပ် အချက်တစ်ချက် ရှိသေး၏။

သူတို့က အချင်းချင်း တိတ်တဆိတ် တိုက်ခိုက်လာနိုင်ခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤတပည့်လက်ခံပွဲက ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သည်။

ကျင့်ကြံသူ ငါးသောင်းကျော်က နေရာတစ်နေရာတည်းကိုသာ လုယူနေကြခြင်း ဖြစ်၏။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည်ကို စိုးရိမ်ရသည်။

“ငါ ခန့်မှန်းတာမမှားဘူးဆိုရင် မကြာခင် ရှုပ်ယှက်ခတ်သွားတော့မှာပဲ...”

ချမ်ချန်ကန်းက အာရုံစိုက်လျက် ရေရွတ်လိုက်၏။

သူပြောပြီးမကြာမီမှာပင် အရာအားလုံးက ချမ်ချန်ကန်း၏ ခန့်မှန်းချက်များအတိုင်း ဖြစ်လာသည်။

ဒုတိယအဆင့် စမ်းသပ်မှုတွင်။

တကယ့်ကို ရှုပ်ယှက်ခတ်သွား၏။

ထိုကျင့်ကြံသူများက မီးပင်လယ်ကြီး၏ ပူပြင်းလောင်ကျွမ်းမှုကို ခုခံရုံသာမက မီးပင်လယ်ကြီးထဲမှ ရုတ်တရက် တိုက်ခိုက်လာသော မီးမြွေများကိုလည်း ခုခံနေကြရသည်။

အခြားကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကိုပါ ခုခံနေကြရ၏။

ချမ်ချန်ကန်းက ကျင့်ကြံသူတိုင်း၏ လက်ထဲသို့ ဝေငှပေးထားသော ရွှေပဲစေ့များကြောင့် ဖြစ်သည်။

၎င်းကို စမ်းသပ်ချက်ရွှေပဲစေ့ဟုခေါ်၏။

စမ်းသပ်ချက်မျှော်စင်ထဲတွင် အသက်အန္တရာယ်များရှိနေမည်ဖြစ်သည်။

အကယ်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ စမ်းသပ်ချက် ရွှေပဲစေ့များကို ချေမွပစ်လိုက်ပါက စမ်းသပ်ချက်မျှော်စင်မှ လွတ်မြောက်သွားနိုင်၏။

တစ်ချိန်တည်းမှာပင် ဤကျင့်ကြံသူများအတွက် သူတို့လက်ထဲရှိ စမ်းသပ်ချက် ရွှေစေ့များ အခိုးခံရသည်ဖြစ်စေ၊ ပျောက်ဆုံးသွားသည်ဖြစ်စေ ထိုကျင့်ကြံသူများက စမ်းသပ်မှုကို ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပျက်ယွင်းသွားမည်ဟု ဆိုလိုသည်။

ထို့ကြောင့် ကျင့်ကြံသူ ပိုများများကို ဖယ်ရှားပစ်ရန်အတွက် တိုက်ပွဲများ ဖြစ်ပွားလာခြင်းက ရှောင်လွှဲ၍မရပေ။

ဒုတိယအထပ်မှစတင်၍ ချမ်ချန်ကန်းက ကျင့်ကြံသူများအကြား တိုက်ပွဲများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ချေ။

ဒုတိယအထပ်ကား ရှုပ်ယှက်ခတ်နေ၏။

ဤကျင့်ကြံသူများက စမ်းသပ်မှုကို ဖြတ်ကျော်နေစဉ် အခြားကျင့်ကြံသူများကို အခွင့်အရေးယူ၍ တိုက်ခိုက်လာကြမည် ဖြစ်သည်။

ခဏအတွင်းမှာပင် ကျင့်ကြံသူများစွာ မီးပင်လယ်ကြီးထဲသို့ ပစ်ချခံလိုက်ရ၏။

အော်ဟစ်သံများ ထွက်ပေါ်လာပြီး မီးပင်လယ်ကြီးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်။

မီးပင်လယ်ကြီးထဲသို့ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပြာအဖြစ် လောင်ကျွမ်းသွားမည် ဖြစ်၏။

အပြင်ဘက်ရှိ ကျင့်ကြံသူများက အလင်းဖန်သားပြင်တစ်ဆင့် တိုက်ပွဲ၏ ပြင်းထန်မှုကို မြင်တွေ့လိုက်ကြရသည်။

ထိုမြင်ကွင်းကို ကြည့်ရသည်မှာ သူတို့ကို တုန်လှုပ်ချောက်ချားသွားစေ၏။

ဤအထပ်မှာ။

လူမည်မျှ ဖြတ်ကျော်နိုင်မည်ကို စောင့်ကြည့်ရုံသာ မဟုတ်တော့ပေ။

လူမည်မျှ သေဆုံးသွားမည်နည်းဆိုသည့် အဆုံးသတ်ပင်ဖြစ်၏။

ချင်ရှို့ဝမ်၊ ဖာထျန်းနှင့် ပိုင်ယွဲ့တို့ပင် အခြားသော ပါရမီရှင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်။

သို့သော် ကံမကောင်းစွာဖြင့် ဤကျင့်ကြံသူများ ရန်စမိသော ပစ်မှတ်က သိသာစွာ မှားယွင်းနေခဲ့၏။

ဤအင်မော်တယ်နယ်မြေမှ ပါရမီရှင်များကို ပြဿနာသွားရှာခြင်းက မိမိကိုယ်ကို ဒုက္ခရှာခြင်း သက်သက်သာဖြစ်သည်။

သူတို့ကို ပြဿနာရှာရန် မဆိုထားနှင့် သူတို့၏ အသက်ကို ဤနေရာတွင် လာရောက် မြှုပ်နှံလိုက်ခြင်းသာဖြစ်၏။

တိုက်ပွဲက ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

အားနည်းသော ကျင့်ကြံသူတစ်ဦးအနေဖြင့် စိတ်ဓာတ်ခိုင်မာသည် ဆိုလျှင်တောင်မှ မိမိရှေ့မှ ဤအရာအားလုံးကို မည်သို့ ခံနိုင်ရည် ရှိနိုင်မည်နည်း။

မီးပင်လယ်ကြီးထဲ ပြုတ်ကျမည်လား။

သို့မဟုတ် မီးပင်လယ်ကြီးထဲရှိ အသက်ဝင်နေသော မီးမြွေများ၏ တိုက်ခိုက်မှုကို ခံရပြီး အသက်သေဆုံးမည်လား။

ထို့အပြင် အခြားကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် အသက်သေဆုံးသွားနိုင်ချေလည်း ရှိသေး၏။

ဒုတိယအထပ်တစ်ခုလုံးက ကျူးရှိူ့တိုက်ကြီး၏ အသေးစားပုံစံ တစ်ခုကဲ့သို့ ဖြစ်နေသည်။

ဤလောက၏ ရက်စက်ကြမ်းကြုတ်မှုကို အပြည့်အဝ ဖော်ပြနေ၏။

မတ်မတ်ရပ်ပြီး ထိုလမ်းကြောင်းထဲမှ တတိယအထပ် ဝင်ပေါက်ဆီသို့ ရောက်အောင် ထိုးဖောက်သွားမည်လား။

ဒူးထောက်၍ သေဆုံးမည်လား။

မီးပင်လယ်ကြီးထဲ ပစ်ချခံရပြီး တိုက်ရိုက် သေဆုံးသွားမည်လား။

All Chapters