အခန်း ၂၃၀
Vol. 20 Ch. 230
အခန်း (၂၃၀) ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်၍ အတွေ့အကြုံကို မြှင့်တင်ခြင်း
မရေမတွက်နိုင်သော လူများမှာ စိတ်လှုပ်ရှားနေကြပြီး သူတို့၏ မျက်လုံးများက တောက်လောင်နေ၏။
လူတိုင်းက လျိုဝေတီဟွမ်ဆေးလုံးကို ရယူချင်နေကြသည်။
ချမ်ချန်ကန်းက လူအုပ်ကြီး၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်၍ ခပ်ဖွဖွ ပြုံးလိုက်၏။
“အားလုံးပဲ... ဒီဟာက ပထမအထပ်ကို ကျော်ဖြတ်နိုင်တဲ့အတွက် ဆုလာဘ်သက်သက်ပဲ။ တခြားအထပ်တွေကို ကျော်ဖြတ်ရင်လည်း တခြားဆုလာဘ်တွေ ရှိနေဦးမှာမို့လို့ မျှော်လင့်ထားကြပါ...”
ထို့နောက် ချမ်ချန်ကန်းက လူတိုင်း၏ ရှေ့မှ ပျောက်ကွယ်သွားသည်။
လျိုဝေတီဟွမ်ဆေးလုံးကို ရရှိသွားသော ကျင့်ကြံသူများမှာ ဆေးလုံးကို ရရှိသည်နှင့်တစ်ပြိုင်နက် ဆေးကို းမျိုချ၍ ကျင့်ကြံရန် မစောင့်နိုင်အောင် ဖြစ်နေကြ၏။
ဆေးလုံးကို သောက်သုံးပြီးနောက် ကြီးမားလှသော ဆေးစွမ်းများက သူတို့၏ ခန္ဓာကိုယ်ထဲတွင် တောင်ကျရေကဲ့သို့ ပြည့်လျှံသွားသည်။
အားနည်းသော ကျင့်ကြံမှုအဆင့် ရှိသည့် ကျင့်ကြံသူများမှာ ဤဆေးကို သောက်လိုက်သည်နှင့် တစ်ပြိုင်နက် အဆင့်တက်သွားကြ၏။ တစ်ချိန်တည်းမှာပင် လူထောင်ပေါင်းများစွာ ရုတ်ခြည်း အဆင့်တက်သွားကြသည်။
ကျင့်ကြံမှုအဆင့် မြင့်မားသော ကျင့်ကြံသူများပင်လျှင် လျိုဝေတီဟွမ်ဆေးလုံးကို သောက်ပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအရှိန်က ယခင်ကထက် ဆယ်ဆမျှ တိုးလာကြောင်း ခံစားလိုက်ရ၏။
ပန်းသေပန်းညှိုးရောဂါ ခံစားနေရသူများမှာ ခန္ဓာကိုယ်အောက်ပိုင်းမှ ပူနွေးလာပြီး စွမ်းအင်များ ပြန်လည်နိုးကြားလာသကဲ့သို့ ခံစားလိုက်ရသဖြင့် မျက်ရည်များ စီးကျလာကာ ဒူးထောက်၍ ကန်တော့လိုက်ကြ၏။
“စီနီယာက ကျွန်တော်တို့ကို ဒုတိယအကြိမ် အသက်ပြန်ရှင်ခွင့်ပေးတဲ့ မိဘပါပဲ...”
ထိုအချိန်၌ လျိုဝေတီဟွမ်ဆေးလုံး၏ ဆေးစွမ်းကို မြင်တွေ့လိုက်ရသည်။
၎င်းက တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ကျင့်ကြံသူအားလုံးကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။
သူတို့က စမ်းသပ်ချက်မျှော်စင်သို့ ဝင်ရောက်၍ အဆင့်ကို ကျော်ဖြတ်ရန် မစောင့်နိုင်အောင်ဖြစ်နေကြသည်။
လျိုဝေတီဟွမ်ဆေးလုံးကို သောက်သုံးပြီးနောက် ကျင့်ကြံမှုအဆင့် တက်သွားကြသော ထိုကျင့်ကြံသူများမှာ ချမ်ချန်ကန်း ပြောခဲ့သည့်အတိုင်းပင် ဖြစ်နေ၏။
အဆင့်တက်သွားပြီးနောက် စမ်းသပ်ချက်ရွှေပဲစေ့ တစ်စေ့ ပေါ်ထွက်လာခဲ့သည်။
သူတို့က ရယ်မောလိုက်ကြ၏။
ဤစမ်းသပ်ချက်ရွှေပဲစေ့ရှိနေခြင်းက သူတို့ စမ်းသပ်ချက်မျှော်စင်အတွင်းသို့ နောက်တစ်ကြိမ် ထပ်ဝင်နိုင်မည်ဟု အဓိပ္ပာယ်ရပြီး သူတို့က ပထမထပ်ကို ကျော်ဖြတ်ဖူးပြီးဖြစ်သည်။
ပထမထပ်ကို ကျော်ဖြတ်ရန်က သူတို့အတွက် ပြဿနာမဟုတ်ချေ။
ထိုအချိန်ကျလျှင် နောက်ထပ် လျိုဝေတီဟွမ်ဆေးလုံးတစ်လုံးကို အလကား ထပ်ရနိုင်ပေမည်။
ဟားဟား... အလကားရသည့် ခံစားချက်က တကယ်ကို မိုက်လှသည်။
အထူးသဖြင့် လျိုဝေတီဟွမ်ဆေးလုံးကို သောက်သုံးပြီးနောက် ၎င်း၏ အံ့မခန်းစွမ်းရည်ကို မြင်တွေ့လိုက်ရသဖြင့် ၎င်းက အင်မော်တယ်ဆေးလုံးတစ်လုံး ဖြစ်ရမည်ဟု ခန့်မှန်းလိုက်မိကြ၏။
ဤသည်က အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်ဖြစ်၏။
အမှန်တကယ်ဆိုလျှင် ဤအရာက သူတို့ တစ်သက်တာလုံး မခံစားနိုင်သော အရာမျိုး ဖြစ်သည်။
သို့သော် ယခုအခါ စမ်းသပ်ချက်မျှော်စင်၏ ပထမထပ်ကို ကျော်ဖြတ်ရုံဖြင့် ၎င်းကို ရရှိခဲ့ကြ၏။
သူတို့ကို မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
တစ်ချိန်တည်းမှာပင် သူတို့က စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာပြီး အခြားအထပ်များကို ကျော်ဖြတ်ပါက ရရှိမည့် ဆုလာဘ်များကိုလည်း မျှော်လင့်နေကြသည်။
ပထမထပ်ကိုကျော်ဖြတ်ရုံဖြင့် ဤမျှ ကောင်းမွန်သောအရာကို ဆုချပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်၏။
သို့ဆိုလျှင် ပိုမြင့်သောအထပ်များကို ကျော်ဖြတ်ပါက မည်သည့် ဆုလာဘ်များ ရရှိမည်နည်း။
ပထမထပ်ကို မကျော်ဖြတ်နိုင်ခဲ့သော ကျင့်ကြံသူများမှာမူ မနာလို ဖြစ်နေကြ၏။
ကျစ်... ဤသို့ဖြစ်မည်မှန်း စောစောကတည်းက သိခဲ့လျှင် နောက်နည်းနည်းလောက် ဆက်ပြီး တောင့်ခံထားသင့်သည်ဟု တွေးလိုက်မိကြသည်။
ဤသို့ဆိုလျှင် သူတို့လည်း လျိုဝေတီဟွမ်ဆေးလုံးတစ်လုံးကို ရနိုင်ပေမည်။
နှမြောစရာပင်။
အလွန်ကို နှမြောစရာ ကောင်းလှ၏။
ချမ်ချန်ကန်းက ဤစမ်းသပ်ချက်မျှော်စင်ကို ဖန်တီးရန်အတွက် အချိန်အတော်ကြာ စဉ်းစားခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် အတွင်းဘက်ရှိ အထပ်များ သတ်မှတ်ခြင်းနှင့် ဆုလာဘ်များ အပါအဝင် အားလုံးကို ချမ်ချန်ကန်းက ကြိုတင် စဉ်းစားထားပြီးဖြစ်၏။
သေချာသည်က အဆုံးစွန်ထိ တွက်ချက်ကြည့်ပါက အရာအားလုံးက ဤကျင့်ကြံသူများကို ပြိုင်ဘက်ကင်းနယ်မြေ အတွင်း၌ အဆင့်တက်စေရန် ကူညီပေးရန်သာ ဖြစ်သည်။
ထိုအခါမှ ချမ်ချန်ကန်းက နယ်မြေတန်ဖိုးများကို အဆက်မပြတ် ရရှိနိုင်မည် ဖြစ်၏။
ဤကျင့်ကြံသူများက ချမ်ချန်ကန်း၏ မျက်လုံးထဲတွင် အကောင်းဆုံးသော ကြက်သွန်မြိတ်များပင်ဖြစ်သည်။
ထိုကျင့်ကြံသူများအနေဖြင့် ဆုလာဘ်များ ရလိုပါက စမ်းသပ်ချက်မျှော်စင်အတွင်းသို့ ဝင်ရောက်ရမည်ဖြစ်သည်။
စမ်းသပ်ချက်မျှော်စင်အတွင်းသို့ ဝင်ရောက်လိုပါက သူတို့ ပိုမို အစွမ်းထက်လာရန် လိုအပ်ပြီး ကျင့်ကြံမှုအဆင့်တက်ကာ စမ်းသပ်ချက်ရွှေပဲစေ့များကို ရယူရမည် ဖြစ်၏။
ဤနည်းဖြင့် ချမ်ချန်ကန်းက ကြက်သွန်မြိတ် တစ်သုတ်ကို ရိတ်သိမ်းပြီးတိုင်း နောက်ထပ်တစ်သုတ် ထပ်မံထွက်ပေါ်လာမည် ဖြစ်သည်။
အဆက်မပြတ် စီးဆင်းလာပြီး ရိတ်သိမ်းမှုများစွာရရှိမည်ဖြစ်၏။
ထို့ပြင် ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူများစွာကိုလည်း ထပ်မံ ဆွဲဆောင်နိုင်ဦးမည်ဖြစ်သည်။
ပထမဆုံးရောက်လာချိန်တွင် တစ်ခါလောက် သေဆုံးသွားပြီးနောက် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းဖြင့် ပြန်လည် ရှင်သန်လာခြင်းကို မည်သူက ဂရုစိုက်နေမည်နည်း။
“တချို့အချိန်တွေကျရင် ငါ့ကိုယ်ငါတောင် အရမ်းလေးစားမိတယ်။ ငါက တကယ့်ကို အရည်အချင်းရှိတာပဲ...”
ချမ်ချန်ကန်းက ကျေနပ်စွာ ပြုံးလိုက်၏။
ဤလောကတွင် မည်သူက ပိုမို အစွမ်းထက်မလာချင်ဘဲနေမည်နည်း။
*ကောင်းမွန်လှသော ဘဝလေးကို မင်းတို့နဲ့ငါ အပြန်အလှန် လိုအပ်တာကို ယူကြတာပေါ့။ မင်းတို့က အဆင့်တွေ တက်လာတယ်၊ အင်အားတွေ ပိုကြီးလာပြီး ဆုလာဘ်တွေ ရတယ်။ ငါကတော့ နယ်မြေတန်ဖိုးတွေ ရတယ်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အလုပ်လဲ*
စမ်းသပ်ချက်မျှော်စင်၏ တတိယအထပ်ကို နောက်ထပ်စတင်လိုက်သည်။
စိတ်ဓာတ်မခိုင်မာသူများနှင့် ကျင့်ကြံမှုအဆင့် အလွန်အားနည်းသူများကို ရှင်းလင်းလိုက်ပြီးနောက် လူလေးသောင်းသုံးထောင်ကျော် ကျန်ရှိနေသေး၏။
သူတို့၏ ကျင့်ကြံမှုအဆင့်များက ကွဲပြားပြီး အချို့က အားကောင်းကာ အချို့က အားနည်းကြသည်။
သို့သော်လည်း အထပ်နှစ်ထပ်ကို ဆက်တိုက် ကျော်ဖြတ်နိုင်ခြင်းက သူတို့၏ စွမ်းဆောင်ရည်ကို သက်သေပြရန် လုံလောက်နေပြီဖြစ်၏။
ထို့ပြင် သူတို့က ဆုလာဘ်များကိုလည်း အသီးသီးရရှိခဲ့ကြသည်။
ပထမထပ်ကို ကျော်ဖြတ်ပြီး လျိုဝေတီဟွမ်ဆေးလုံး တစ်လုံးဆုရရှိခဲ့၏။
ဒုတိယထပ်ကို ကျော်ဖြတ်ပြီးနောက် အဆင့်ကျော်ဆေးလုံးတစ်လုံးရရှိခဲ့သည်။
လျိုဝေတီဟွမ်ဆေးလုံးနှင့် အဆင့်ကျော်ဆေးလုံး၏ အာနိသင်များကို သူတို့က လျင်မြန်စွာပင် သိရှိခဲ့ကြသည်။
သူတို့မှာ မအံ့အားသင့်ဘဲ မနေနိုင်ကြချေ။
ဤစမ်းသပ်ချက်မျှော်စင်တွင် ပထမဆုံး စမ်းသပ်မှု နှစ်ခုကိုပြီးမြောက်ပြီးနောက် ဤမျှ ကောင်းကျိုးများ ရရှိနိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
ဤသည်က သူတို့တစ်ကြိမ်မျှ မျှော်လင့်မထားခဲ့သော အရာပင်ဖြစ်သည်။
တတိယအထပ်တွင်မူ ဤတစ်ကြိမ်၌ အင်မော်တယ်စွမ်းအင်များက အလွန် သိပ်သည်းနေ၏။
၎င်းက အပြင်လောကရှိ အင်မော်တယ်စွမ်းအင်ထက် ဆယ်ဆမက ပိုမို သိပ်သည်းနေသည်။
သူတို့ တတိယအထပ်သို့ ရောက်ရှိလာသောအခါ သူတို့၏ ကျင့်ကြံမှုအဆင့်က တိုက်ရိုက် ဖိနှိပ်ခံလိုက်ရ၏။
လူတိုင်း၏ ကျင့်ကြံမှုအဆင့်က တူညီသော အဆင့်တစ်ခုတည်းသို့ ဖိနှိပ်ခံလိုက်ရသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို အခြေခံထားခြင်း ဖြစ်၏။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက် မြင့်မားသော ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ဖိနှိပ်ခံလိုက်ရသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက်နိမ့်သော ကျင့်ကြံသူများအတွက်မူ သူတို့၏ ကျင့်ကြံမှုအဆင့်က ရုတ်တရက် မြင့်တက်လာပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွား၏။
အထူးသဖြင့် ဖာထျန်း၊ ချင်ရှို့ဝမ်နှင့် အခြားသူများဖြစ်သည်။
သူတို့၏ နှလုံးသားများက တုန်လှုပ်သွားကြ၏။
ချမ်ချန်ကန်းက ဤမျှကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ထားပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များကို တိုက်ရိုက် ဖိနှိပ်နိုင်လောက်အောင် အလွန် ကြီးစိုးနိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
ပို၍ အရေးကြီးသည်က သူတို့တွင် ခုခံနိုင်စွမ်းပင်မရှိခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့၏ ရှေ့၌ နောက်ထပ် လက်နက်တိုက်တစ်ခု ထပ်တိုးလာပြီး သံလက်နက်များ အပြည့် ရှိနေ၏။
ဆေဘာများ၊ ဓားရှည်များ၊ ပုဆိန်များ၊ တူများ... စသည်ဖြင့် အစုံအလင် ရှိနေသည်။
ထိုအခိုက်၌ ချမ်ချန်ကန်း၏ အသံ ထွက်ပေါ်လာ၏။
“စမ်းသပ်မှုတွေ ဆယ့်ခြောက်ထပ် ကျန်ရှိနေသေးတယ်။ အထပ်တိုင်းမှာ သာမန်ဂြိုလ်သားမိစ္ဆာကောင်တွေ အများကြီး ရှိတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က မင်းတို့ထက် နည်းနည်း ပိုမြင့်တယ်။ အလားတူပဲ အထက်တန်းအဆင့် ဂြိုလ်သားမိစ္ဆာကောင်တွေလည်းရှိပြီး သူတို့ရဲ့ အင်အားက ပိုတောင် အစွမ်းထက်သေးတယ်။ နောက်ဆုံးအနေနဲ့ကတော့ အရှင်သခင်အဆင့် ဂြိုလ်သားမိစ္ဆာကောင်တွေပဲ။ မင်းတို့ သူတို့ကို သတ်ဖြတ်နိုင်သရွေ့ အတွေ့အကြုံတွေ ရရှိနိုင်ပြီး မင်းတို့ရဲ့အဆင့်ကို မြှင့်တင်ဖို့ အသုံးပြုနိုင်မယ်။ လက်ရှိမှာ မင်းတို့ရဲ့ အဆင့်က အဆင့်သုံးဖြစ်ပြီး အတွေ့အကြုံ အမှတ်က တစ်ရာဖြစ်တယ်။ တစ်ရက်အတွင်း အဆင့်လေးအထိမြှင့်တင်နိုင်ရင် စမ်းသပ်မှုကို အောင်မြင်ပြီး နောက်တစ်ထပ်ကို တိုက်ရိုက် သွားနိုင်မယ်။ ဒါပေမဲ့ အဆင့်လေးအထိ မတက်လှမ်းနိုင်ဘူးဆိုရင်တော့ စမ်းသပ်မှု ကျရှုံးပြီး စမ်းသပ်ချက်မျှော်စင်ကနေ အဝေးကို ဆင့်ခေါ်ပို့ဆောင်ခံရလိမ့်မယ်...”
“ဒါနဲ့... မင်းတို့ တစ်ခုမှတ်ထားဖို့လိုတယ်။ ဒီတပည့်လက်ခံပွဲက လူတစ်ယောက်ကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် အစောဆုံး ကျော်ဖြတ်နိုင်တဲ့သူက ဒီတပည့်လက်ခံပွဲရဲ့ အနိုင်ရသူ ဖြစ်သွားလိမ့်မယ်။ တခြား ကျင့်ကြံသူတွေ နောက်မှ ကျော်ဖြတ်နိုင်ရင်တောင် အလကားပဲ ဖြစ်သွားလိမ့်မယ်...”
“စမ်းသပ်မှု စည်းကမ်းချက်တွေအရ ဘယ်သူမှ ကိုယ်ပိုင်မှော်လက်နက်တွေကို အသုံးပြုခွင့် မရှိဘူး။ မှော်လက်နက်တွေကို အသုံးပြုခဲ့ရင် စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ပြီး စမ်းသပ်မှု ကျရှုံးလိမ့်မယ်။ ဒီနေရာက ဂြိုလ်သားမိစ္ဆာကောင်တွေကို သတ်ဖြတ်ဖို့ လက်နက်တိုက်ထဲက သံလက်နက် အမျိုးမျိုးကိုပဲ အသုံးပြုခွင့်ရှိတယ်...”
ချမ်ချန်ကန်းက သူတို့ကို ဤအချက်ကိုပါ သတိပေးလိုက်ပြီး ပြုံးလျက် ဤကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေလိုက်၏။
အပြင်ဘက်တွင်မူ ထိုကျင့်ကြံသူများက စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေကြသည်။
အလင်းဖန်သားပြင်မှတစ်ဆင့် ဤမြင်ကွင်းကို သူတို့ မြင်တွေ့ခဲ့ရပြီး ချမ်ချန်ကန်း၏ စကားများကိုလည်း ကြားခဲ့ရ၏။
အလွန်စူးစမ်းချင်စိတ် ဖြစ်မိသလို အံ့ဩမိကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤတပည့်လက်ခံပွဲက အလွန်ဆန်းသစ်သည်ဟု သူတို့ ခံစားလိုက်ရ၏။
၎င်းက ကျူးရှို့တိုက်ကြီးတွင် ယခင်က ပြုလုပ်ခဲ့ဖူးသော ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုများနှင့် လုံးဝကွာခြားနေသည်။
တတိယအထပ်ရှိ လူများမှာမူ သူတို့နှင့် သင့်တော်မည့် လက်နက်ကို ရွေးချယ်ရန်အတွက် လက်နက်တိုက် အတွင်းသို့ ဝင်ရောက်ရန် မစောင့်နိုင်အောင် ဖြစ်နေကြသည်။
ထို့နောက် တတိယအထပ်၌ ချမ်ချန်ကန်း ပြောခဲ့သော ဂြိုလ်သားမိစ္ဆာကောင်များကို သူတို့ စတင်ရှာဖွေလိုက်ကြ၏။
တတိယအထပ်၏ ပတ်ဝန်းကျင်က မှောင်မိုက်၊ စိုစွတ်နေပြီး မီးခိုးရောင် သန်းနေသည်။
ပတ်ဝန်းကျင်ကို ကြည့်ချင်လျှင်ပင် ငါးမီတာ ပတ်လည်လောက်ကိုသာ မြင်တွေ့နိုင်၏။
အနည်းငယ် ဝေးသွားသည်နှင့် လူများက ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။
ဤအရာက ကျင့်ကြံသူများကို ဝေခွဲမရ ဖြစ်သွားစေသည်။
*ပတ်ဝန်းကျင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရဘဲ အဆင့်တက်ဖို့၊ အတွေ့အကြုံ အမှတ်တွေ ရအောင် ထိုဂြိုလ်သားမိစ္ဆာကောင်တွေကို ဘယ်လိုလုပ်ပြီး သတ်ရမှာလဲ…*
သို့သော်လည်း ပတ်ပတ်လည်တွင် အန္တရာယ်များ ပြည့်နှက်နေကြောင်းကို သူတို့ မသိကြသေးချေ။
အမှောင်ထုထဲတွင် မှိန်ပျပျအလင်းရောင်များ ပိုမိုထွက်ပေါ်လာသည်။
ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
အချို့သော ကျင့်ကြံသူများမှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ခင် တိုက်ခိုက်ခံလိုက်ရပြီး သူတို့၏ လည်ပင်းများ တိုက်ရိုက် အကိုက်ခံလိုက်ရကာ ချက်ချင်းပင် သေဆုံးသွားကြသည်။
ပွဲချင်းပြီး စမ်းသပ်မှု ကျရှုံးသွား၏။