အခန်း ၂၃၁
Vol. 20 Ch. 231
အခန်း(၂၃၁) ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရေး မိစ္ဆာကောင်များ
စူးရှသော အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ထိုကျင့်ကြံသူများက မည်သည့်အရာ ဖြစ်ပျက်သွားမှန်း မသိကြချေ။
အသံလာရာဆီသို့သာ အပြေးအလွှား သွားလိုက်ကြ၏။
သို့သော်လည်း သူတို့ မြင်လိုက်ရသည်က ကျင့်ကြံသူ၏ အလောင်းသာဖြစ်သည်။
သေဆုံးမှုက ကြောက်မက်ဖွယ် ကောင်းလှပြီး သူ၏ ရင်ဘတ်ကို တစ်စုံတစ်ရာက ဖောက်ထွင်းသွားခြင်းဖြစ်၏။
ဤသည်က တတိယအထပ်ရှိ ဂြိုလ်သားမိစ္ဆာကောင်ဖြစ်တန်ကောင်းသည်။
ကျင့်ကြံသူများစွာမှာ စိတ်လေးလံသွားကြ၏။
တတိယအထပ်ကို ကျော်ဖြတ်ရန် မလွယ်ကူလှသည်မှာ သေချာနေပြီ ဖြစ်သည်။
ထို့အပြင် ယခုအခါ လူတိုင်း၏ ကျင့်ကြံမှုအဆင့်က တူညီနေပြီး အချို့လူများက ဤမျှ မြန်ဆန်စွာ သေဆုံးသွားကြ၏။
ဆိုလိုသည်မှာ တတိယအထပ်တွင် ပုန်းအောင်းနေသော ဂြိုလ်သားမိစ္ဆာကောင်များက အလွန် အစွမ်းထက်နေခြင်းဖြစ်သည်။
မိုဝန်ထျန်းက သူ၏ အသိစိတ်ပင်လယ်ထဲရှိ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာကို မေးလိုက်၏။
“အဘိုးကြီး... ခင်ဗျား ကူညီပေးနိုင်မလား....”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလာသည်။
“ညီလေး... ဒီအဘိုးကြီးက အခု မင်းကို မကူညီနိုင်ဘူး။ အဲ့ချမ်ချန်ကန်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ သူက မင်းခန္ဓာကိုယ်ထဲက စွမ်းအားတွေကို လုံးဝ ဖိနှိပ်ထားတယ်။ ငါအဘိုးကြီးက နတ်ဝိညာဉ် လျှို့ဝှက်ချက်ကို သုံးရင်တောင် မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို အတင်းအဓမ္မ မြှင့်တင်ပေးလို့ မရနိုင်ဘူး....”
“ထင်တဲ့အတိုင်းပဲ... ခင်ဗျားကြီးက အားကိုးလို့ မရဘူး....”
မိုဝန်ထျန်းက သက်ပြင်းချလိုက်၏။
သူက လက်ထဲမှ သံဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်၍ ပတ်ဝန်းကျင်ကို အလွန်သတိထားကာ အကဲခတ်လိုက်သည်။
စောင့်ကြည့်သူ တစ်ဦးအနေဖြင့် ချမ်ချန်ကန်းက တတိယအထပ်ရှိ ကျင့်ကြံသူများကို တိတ်တဆိတ် စောင့်ကြည့်နေ၏။
ဤအခိုက်၌ တတိယအထပ်ရှိ ကျင့်ကြံသူ များစွာက တစ်စုတစ်ဝေးတည်း စုဝေးနေကြသည်။
ကြည့်ရသည်မှာ ထိုဂြိုလ်သားမိစ္ဆာကောင်များ၏ တိုက်ခိုက်မှုကို ခံရမည် စိုးရိမ်နေကြပုံပင်။
ဤသည်က ချမ်ချန်ကန်း မြင်တွေ့ချင်သော အရာမဟုတ်ချေ။
စိတ်အာရုံဖြင့် ကျင့်ကြံသူ အားလုံးကို တတိယအထပ်ရှိ နေရာအသီးသီးသို့ ဆင့်ခေါ်ပို့ဆောင်လိုက်၏။
ဤနေရာရှိ ဂြိုလ်သားမိစ္ဆာကောင်များကို တစ်ကိုယ်တည်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဖာထျန်းက သူ၏ အေးစက်စက် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
မှောင်မိုက်ထဲတွင် ပုန်းကွယ်နေသော အန္တရာယ်များကို သူက ထက်မြက်စွာ သတိပြုမိသွားသည်။
“ထွက်ခဲ့စမ်း....”
ဖာထျန်းက အေးစက်စက် အော်ဟစ်လိုက်ပြီး ငြိမ်သက်စွာ မနေတော့ဘဲ သူက ဦးဆောင် တိုက်ခိုက်လိုက်၏။
သူ့လက်ထဲတွင် သံဆေဘာတစ်လက်ကို ကိုင်ဆောင်ထားသည်။
ဆေဘာဖြင့် ခုတ်ချလိုက်၏။
ဤဓားခုတ်ချက်က အလွန်အစွမ်းထက်ပြီး လေထုကို ဆုတ်ဖြဲကာ ဟုန်းခနဲ မြည်ဟည်းသွားသည်။
မာကျောသော အရာဝတ္ထုတစ်ခုခုကို ခုတ်မိသွားသကဲ့သို့ ဖြစ်သွားပြီး ထိုတုန်ခါမှုကြောင့် သူ၏ လက်နှစ်ဖက်ဖြင့် သံဆေဘာကိုပင် မကိုင်ထားနိုင်တော့လုနီးပါး ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် မှောင်မိုက်ထဲမှ ကြမ်းတမ်းမှုနှင့် ဒေါသများ ပြည့်နှက်နေသော မြည်ဟည်းသံတိုးတိုး ထွက်ပေါ်လာသည်။
ဖာထျန်းက ဆေဘာကို ကိုင်၍ နောက်သို့ ဆုတ်လိုက်၏။
မှောင်မိုက်ထဲမှ ဂြိုလ်သားမိစ္ဆာကောင် တစ်ကောင် ပြေးထွက်လာသည်ကို သူ မြင်လိုက်ရသည်။
၎င်း၏ ခန္ဓာကိုယ်က ကြီးမားလှပြီး အရှည် သုံးလေးမီတာခန့်ရှိကာ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်၊ ကြီးမားသောဦးခေါင်း၊ အပြင်သို့ ငေါထွက်နေသော သွားများရှိပြီး အလွန် ထက်မြက်လှ၏။
ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော စွမ်းအား အတက်အကျများကို ထုတ်လွှတ်နေသည်။
၎င်းတွင် ရွံရှာဖွယ်ကောင်းသော အကျိအချွဲများ စီးကျနေသည့် မာကျောသော အရိုးသံချပ်ကာ ရှိ၏။
ထိုအရိုးသံချပ်ကာထဲတွင် ထူးခြားသော တစ်သျှူးများ ပြည့်နှက်နေပြီး ၎င်း၏ အတွင်းကလီစာများကို အပြည့်အဝ ကာကွယ်ပေးထားသည်။
အမြီးရိုးက ထက်မြက်သော လှံတစ်ချောင်းနှင့် တူနေ၏။
သိသာထင်ရှားစွာပင် ယခင်က သေဆုံးသွားသော ကျင့်ကြံသူမှာ ဤဂြိုလ်သားမိစ္ဆာကောင်၏ အမြီးဖြင့် ထိုးဖောက်ခံခဲ့ရခြင်း ဖြစ်သည်။
ဖာထျန်းက မျက်မှောင်ကြုတ်သွား၏။
ဤကဲ့သို့သော ဂြိုလ်သားမိစ္ဆာကောင်မျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
၎င်းက ရုပ်ဆိုးသော်လည်း လူများကို ပြီးပြည့်စုံသော တည်ဆောက်ပုံတစ်ခုကို ခံစားရစေသည်။
ထို့အပြင် စောစောက သူ၏ ဆေဘာခုတ်ချက်က ၎င်း၏ အရိုးသံချပ်ကာပေါ်သို့ ကျရောက်သွားသော်လည်း မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
ဂရား....
ဤဂြိုလ်သားမိစ္ဆာကောင်က ဖာထျန်းကို စူးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပြေးဝင်လာ၏။
ဤအခိုက်၌ ဖာထျန်း းတစ်ယောက်တည်း ဂြိုလ်သားမိစ္ဆာကောင်များကို တိုက်ခိုက်နေရသည် မဟုတ်ဘဲ ကျင့်ကြံသူ များစွာလည်း တိုက်ခိုက်နေကြရသည်။
အပြင်ဘက်ရှိ ကျင့်ကြံသူများက အလင်းဖန်သားပြင်မှတစ်ဆင့် တတိယအထပ်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို စောင့်ကြည့်ရင်း ထိတ်လန့် တုန်လှုပ်နေကြ၏။
ထိုဂြိုလ်သားမိစ္ဆာကောင်များက ဘာတွေလဲ။.
ကြည့်ရသည်မှာ အလွန်ကြောက်စရာ ကောင်းပြီး သူတို့ ပုံမှန် မြင်တွေ့နေကျ မိစ္ဆာကောင်များနှင့် လုံးဝကွာခြားနေသည်။
လှုပ်ရှားမှု အရှိန်အဟုန်၏ သွက်လက်မှုတွင် ဖြစ်စေ၊ ခွန်အား၏ ကြောက်မက်ဖွယ် ကောင်းမှုတွင်ဖြစ်စေ ကွာခြားသည့်အပြင် ၎င်းတို့တွင် အစွမ်းထက်သော ကုသနိုင်စွမ်းပင် ရှိနေသေး၏။
အလင်းဖန်သားပြင်မှတစ်ဆင့် ကြည့်ရှုနေစဉ်အတွင်း ဤဂြိုလ်သားမိစ္ဆာကောင်များ၏ အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းသော နည်းလမ်းများကို သူတို့ မြင်တွေ့လိုက်ရကာ ထိတ်လန့်တုန်လှုပ် သွားကြသည်။
ဤဂြိုလ်သားမိစ္ဆာကောင်များက သတ်ဖြတ်ရန်အတွက် မွေးဖွားလာသည်နှင့် တူပြီး သူတို့က ပြတ်သားကာ ရက်စက်ကြမ်းကြုတ်လှသည်။
များသောအားဖြင့် ရန်သူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်တတ်ကြပြီး သတ်ဖြတ်မှု၏ အမြင်အာရုံ ရိုက်ခတ်မှုက ပို၍ပင် အံ့အားသင့်ဖွယ် ကောင်းကာ ကျောချမ်းစရာ ကောင်းလှ၏။
ထက်မြက်သော လက်သည်းများက ကျင့်ကြံသူ၏ နဖူးထဲသို့ စိုက်ဝင်သွားခြင်း၊ ကျင့်ကြံသူ၏ ခေါင်းကို လက်ဝါးရိုက်ချက်ဖြင့် ရိုက်ခွဲခံရခြင်း၊ အမြီးရိုးက ကျင့်ကြံသူ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားခြင်း၊ ထိုမျှမက ကျင့်ကြံသူကို ထက်ပိုင်းဆွဲဖြဲပစ်ခြင်းတို့ပင် ရှိသေး၏။
၎င်းက ယခင်က ကျင့်ကြံသူများနှင့် မိစ္ဆာကောင်များကြား တိုက်ပွဲများနှင့် လုံးဝ ကွာခြားနေသည်။
အားပါးတရ ရိုက်နှက်မှုများနှင့် ပန်းထွက်လာသော သွေးများက အပြင်ဘက်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏ အာရုံကြောများကို လှုံ့ဆော်ပေးနေ၏။
ကြောက်မက်ဖွယ်ကောင်းပြီး အံ့အားသင့်ကာ ထိတ်လန့်စရာ ကောင်းလှသည်။
သေချာသည်က ကံကောင်းထောက်မစွာဖြင့် စမ်းသပ်ချက်မျှော်စင်တွင် တိုက်ခိုက်နေသော သေဆုံးသွားသည့် ကျင့်ကြံသူများက ပြန်လည် ရှင်သန်လာနိုင်ကြောင်းကို သူတို့ သိထားကြခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက တတိယအထပ်တွင်သာ ရှိသေးသော်လည်း ကျင့်ကြံသူ မည်မျှ သေဆုံးသွားမည်ကို မသိနိုင်ချေ။
ချမ်ချန်ကန်းက ပြုံးလိုက်၏။
တတိယအထပ်ရှိ တိုက်ပွဲကို စောင့်ကြည့်နေသည်။
သူ ဒီဇိုင်းဆွဲထားသော တတိယအထပ်အတွက် သူက အလွန်ကျေနပ်နေ၏။
ထိုဂြိုလ်သားမိစ္ဆာကောင်များကို ယခင်ဘဝက သူ ကြည့်ခဲ့ဖူးသော ဂြိုလ်သားများရုပ်ရှင်မှတစ်ဆင့် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
သူက ဤဂြိုလ်သားမိစ္ဆာကောင်များဟု အမည်ပေးခဲ့၏။
သတ်ဖြတ်ရန်အတွက် သူတို့ကို အသက်အသစ် ပေးထားခြင်းဖြစ်သည်။
ဤကျင့်ကြံသူများကို ထိုမိစ္ဆာကောင်များနှင့် တိုက်ခိုက်စေပြီး အထူးသဖြင့် သေခြင်းရှင်ခြင်းကို ကြုံတွေ့ပြီးနောက် သို့မဟုတ် အားရပါးရ တိုက်ခိုက်ပြီးနောက် သူတို့၏ ကျင့်ကြံမှုအဆင့် တက်လှမ်းရန်အတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
ပို၍ အရေးကြီးသည်က ဤမိစ္ဆာကောင်များ အားလုံးကို အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး မိစ္ဆာကောင်များကို သတ်ဖြတ်ပြီးနောက် ကျင့်ကြံသူများရရှိမည့် အတွေ့အကြုံအမှတ်များနှင့် ပတ်သက်၍ အမှန်တကယ်တွင် သူတို့ကို ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ စွမ်းအားများ ပေးအပ်ထားခြင်း ဖြစ်သည်။
သေချာသည်က ဤစွမ်းအားက ယာယီသာ ဖြစ်ပြီး စမ်းသပ်မှု ပြီးဆုံးသွားပြီးနောက် ဤစွမ်းအားက ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။
အမှန်တကယ်တွင် ဂိမ်းကစားသကဲ့သို့ပင် အတွေ့အကြုံများ တိုးလာသည်နှင့်အမျှ မင်း၏ ကျင့်ကြံမှုအဆင့်က ပိုမို အစွမ်းထက်လာပြီး မင်း၏ ခွန်အားက ကဏ္ဍစုံတွင် တိုးတက်လာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေမည်။
သိမ်မွေ့သော နည်းလမ်းဖြင့် ဤကျင့်ကြံသူများကို ပိုမို အစွမ်းထက်လာစေရန် ကူညီပေးခြင်းဖြစ်၏။
နယ်မြေတန်ဖိုး ပိုမိုရရှိရန်အတွက် ချမ်ချန်ကန်းက သူ့ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ သူ အရာရာကို မှန်ကန်စွာ လုပ်ဆောင်ခဲ့ပုံပင်။
စမ်းသပ်ချက်မျှော်စင်၏ နောက်ထပ် ပိုမြင့်သော အထပ်များတွင်လည်း ဤအကြံဉာဏ်ကို ထည့်သွင်းထား၏။
အထပ်တိုင်းတွင် မိစ္ဆာကောင်များစွာ ရှိနေသည်။
အထပ်များများ ကျော်ဖြတ်နိုင်လေ မင်း ကြုံတွေ့ရမည့် မိစ္ဆာကောင်များက ပိုမို အစွမ်းထက်လေဖြစ်လိမ့်မည်။
နောက်ပိုင်းရောက်လေလေ မင်း၏ အစစ်အမှန် ခွန်အားကို စမ်းသပ်လေလေ ဖြစ်လိမ့်မည်။
စမ်းသပ်ချက်မျှော်စင်၏ ဆယ့်ရှစ်ထပ်လုံးကို တကယ်ကျော်ဖြတ်နိုင်သော ကျင့်ကြံသူ အရေအတွက်က အလွန်နည်းပါးလှသည်။
ပွဲကြည့်ပရိသတ်တစ်ဦးအနေဖြင့် ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင် အတွင်းရှိ အရာအားလုံးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ချေ။
အရာအားလုံးကို ဤကျင့်ကြံသူများ စိတ်ကြိုက် လွတ်လပ်စွာကစားရန် ခွင့်ပြုထား၏။
ဖာထျန်း၊ ပိုင်ယွဲ့၊ ချင်ရှို့ဝမ် စသည်တို့ကဲ့သို့ သူတို့၏ မူလကျင့်ကြံမှုအဆင့်က မြင့်မားပြီး သူတို့၏ အင်အားက အစွမ်းထက်ကြသည်။
မှော်လက်နက်များကို အသုံးပြု၍ မရသော်လည်း လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအား အမျိုးမျိုးကို သူတို့ ကျွမ်းကျင်ပိုင်နိုင်ကြ၏။
မိစ္ဆာကောင်များကို သတ်ဖြတ်ပြီး အဆင့်လေးအထိ တက်လှမ်းရန် အတွေ့အကြုံ အမှတ်တစ်ရာရရှိရေးမှာ မခက်ခဲလှပေ။
အခြားကျင့်ကြံသူ အများစုအတွက်မူ အတွေ့အကြုံ အမှတ်တစ်ရာရရှိရန်အတွက် ထိုမိစ္ဆာကောင်များကို ကြိုးကြိုးစားစား တိုက်ခိုက်နေရသည်ဟု ဆိုရမည် ဖြစ်သည်။
သေချာသည်က သတိထားပြီး တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းနိုင်သရွေ့ တစ်ရက်အတွင်း အချိန်ကန့်သတ်ချက်ဖြင့် အဆင့်တက်နိုင်မည်ဖြစ်၏။
သာမန်မိစ္ဆာကောင တစ်ကောင်ကို သတ်ဖြတ်ခြင်းက အတွေ့အကြုံအမှတ် ငါးမှတ်သာရရှိစေမည် ဖြစ်သည်။
အထက်တန်းအဆင့် မိစ္ဆာကောင်များကို သတ်ဖြတ်ခြင်းအတွက် အတွေ့အကြုံ အမှတ် နှစ်ဆယ်ရရှိစေမည်ဖြစ်၏။
အထူးသဖြင့် သခင်အဆင့် မိစ္ဆာကောင်များကို သတ်ဖြတ်ပါက အတွေ့အကြုံ အမှတ်တစ်ရာကို တိုက်ရိုက်ရရှိစေမည် ဖြစ်သည်။
မိစ္ဆာကောင်များကို သတ်ဖြတ်ခြင်းမှ အတွေ့အကြုံ အမှတ်များရရှိသောအခါ သူတို့ ပိုမို အစွမ်းထက်လာကြောင်းကို ဤကျင့်ကြံသူများက ရှင်းရှင်းလင်းလင်း ခံစားမိနိုင်ကြသည်။
အကယ်၍ သူတို့သာ အဆင့်လေးအထိ တက်လှမ်းနိုင်ပါက သူတို့၏ ကျင့်ကြံမှုအဆင့်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှ ရွှေအမြုတေအဆင့်သို့ တိုးတက်သွားမည် ဖြစ်၏။
ဤစမ်းသပ်ချက်မျှော်စင်၏ ထူးခြားလှသော လျှို့ဝှက်ဆန်းကြယ်မှုက ဤကျင့်ကြံသူများကို ထိတ်လန့်သွားစေပြီး စိတ်လှုပ်ရှားသွားစေခဲ့သည်။