← Chapters

အခန်း ၂၃၂

Vol. 20 Ch. 232

အခန်း ၂၃၂

Vol. 20 Ch. 232

အခန်း (၂၃၂) အပျက်အစီးဓားခန္ဓာ ပိုင်ဆိုင်ထားသော အမျိုးသမီး

စမ်းသပ်ချက်မျှော်စင် အတွင်းရှိ တပည့်လက်ခံပွဲက ချောမွေ့စွာ ကျင်းပနေချိန်တွင်ပင် မြေအောက်နန်းတော်ထဲတွင် အားမြောင်က အင်မော်တယ်အမွေအနှစ်ကို အောင်မြင်စွာ ရရှိသွားခဲ့၏။

သို့သော်လည်း အင်မော်တယ်အမွေအနှစ်ကို ရရှိပြီးနောက် သူမက အနည်းငယ်မျှ အံ့အားသင့် ဝမ်းသာခြင်း မရှိခဲ့ချေ။

ထိုအစား သူမမှာ ငိုချင်လျက်လက်တို့ဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမ အင်မော်တယ်အမွေအနှစ်ကို ရရှိရန် ရက်အနည်းငယ် ကြာမြင့်ခဲ့ကြောင်းကို ဟေးကျောင်းလုံထံမှ သိလိုက်ရသောကြောင့် ဖြစ်၏။

ယခုအခါ တပည့်လက်ခံပွဲက စတင်နေပြီ ဖြစ်သည်။

“ဟေးကျောင်းလုံ... ငါက ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ...”

အားမြောင်မှာ အလွန်ဝမ်းနည်းနေ၏။

မူလက သူမက စီနီယာ၏ တပည့် ဖြစ်လာရန်အတွက် တပည့်လက်ခံပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အင်မော်တယ်ယောင်ချီရေကန်သို့ လာရောက်၍ အင်မော်တယ်အမွေအနှစ်ကို ရယူခဲ့ခြင်း းဖြစ်သည်။

ယခုမူ သူမက အင်မော်တယ်အမွေအနှစ်ကို ရရှိခဲ့သော်လည်း တပည့်လက်ခံပွဲကို လွဲချော်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။

“ငါ မလာခဲ့သင့်ဘူး...”

ဟေးကျောင်းလုံက ဘေးမှနေ၍ သက်ပြင်းချကာ ပြောလိုက်၏။

“အားမြောင်... ဒီကိစ္စအတွက် တခြားနည်းလမ်း မရှိဘူး။ တပည့်လက်ခံပွဲမှာ အင်အားကြီးသူတွေနဲ့ အင်မော်တယ်နယ်မြေက ပါရမီရှင်တွေ စုဝေးနေတာကို မပြောနဲ့ဦး မင်းက အင်မော်တယ်အမွေအနှစ်ကို ရထားရင်တောင် တပည့်လက်ခံပွဲမှာ အနိုင်ရဖို့ လွယ်မှာ မဟုတ်ဘူး။ စိတ်ကို လျှော့ထားလိုက်တာ ပိုမကောင်းဘူးလား...”

အနီးအနားတွင် ထို့ပါယဲ့၊ ရုပ်သေးအိုကြီးနှင့် ချင်ဟွမ်ရွှေတို့လည်းရှိနေကြ၏။

သူတို့အားလုံးက ဤနေရာတွင် စောင့်ဆိုင်းနေကြသည်။

ချင်ဟွမ်ရွှေက အားမြောင်ကို ခပ်ဖွဖွ ကြည့်လိုက်၏။

“သူပြောတာမှန်တယ်... မင်းက အင်မော်တယ်အမွေအနှစ်ကို ရထားပေမဲ့ မင်းရဲ့ အခြေခံက အားနည်းနေသေးတယ်။ တပည့်လက်ခံပွဲမှာ ချင်ရှို့ဝမ်နဲ့ တွေ့ရင်လည်း မင်း ရှုံးမှာပါပဲ...”

ချင်ဟွမ်ရွှေ၏ နောက်ခံကိုမူ အားမြောင်က ထို့ပါယဲ့ထံမှ သိထားပြီး ဖြစ်သည်။

ဤအမျိုးသမီးက တာအိုအစောင့်အရှောက် အင်မော်တယ်အရှင်သခင်တစ်ပါး းဖြစ်ပြီး အလွန်အစွမ်းထက်၏။

စီနီယာ၏ စေခိုင်းချက်အရ ဟုန်ယီ၊ ရှဲ့ကျီနယ့်နှင့် သက်ရှည်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဖုန်းချီယွင်တို့ကို ကယ်တင်ရန် မြေအောက်နန်းတော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုအခါ ချင်ဟွမ်ရွှေ၏ စကားကို ကြားပြီးနောက် အားမြောင်က သက်ပြင်းချလိုက်၏။

“စီနီယာ... ကျွန်မက ချင်ရှို့ဝမ်ကို ရှုံးမယ်လို့ ပြောတယ်နော်။ မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ...”

ချင်ဟွမ်ရွှေက သူမကို မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

ထို့ပါယဲ့က ဝင်ပြောလိုက်သည်။

“နဂါးနက်၊ အားမြောင်... မြေအောက်နန်းတော်က အန္တရာယ်များတယ်။ မင်းက အင်မော်တယ်အမွေအနှစ်ကိုရထားပြီဆိုတော့ မြေအောက်နန်းတော်ထဲမှာ ဆက်မနေနဲ့တော့။ စီနီယာတို့နဲ့ ငါက မင်းတို့ကို မြေအောက်နန်းတော် အပြင်ဘက် ရောက်အောင်ပို့ပေးမယ်...”

ဟေးကျောင်းလုံနှင့် အားမြောင်တို့က မြေအောက်နန်းတော်ထဲတွင် ဆက်နေပြီး ချမ်ချန်ကန်း ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင် ထို့ပါယဲ့တို့နှင့်အတူ သွားချင်ကြ၏။

သို့သော်လည်း ချင်ဟွမ်ရွှေက ပြတ်ပြတ်သားသားပင် ငြင်းဆန်ပယ်ချလိုက်သည်။

ဤမြေအောက်နန်းတော်က အန္တရာယ်များကြောင်း သိထားသင့်သည်။

ရုပ်သေးအိုကြီးမှာ တာအိုအစောင့်အရှောက် အဆင့်ရှိသူဖြစ်သော်လည်း တစ်ကြိမ် သေဆုံးခဲ့ဖူးပြီးဖြစ်၏။

ဟေးကျောင်းလုံနှင့် အားမြောင်တို့ကို ဤနေရာတွင် ထားပြီး တာဝန်ကို အတူတူ ထမ်းဆောင်ခိုင်း၍ မည်သည့် အကျိုးရှိမည်နည်း။

ထိုအစား ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်လာပြီး သူတို့ကို ဆွဲချနေလိမ့်မည်ဖြစ်သည်။

ချင်ဟွမ်ရွှေက လမ်းခရီးတွင် အပိုဝန်ထုပ်ဝန်ပိုးနှစ်ခုကို မသယ်ဆောင်သွားချင်ပေ။

ချင်ဟွမ်ရွှေ၏ စကားကိုကြားပြီးနောက် ဟေးကျောင်းလုံနှင့် အားမြောင်တို့မှာ မတတ်နိုင်ကြတော့ချေ။

သူတို့၏ လက်ရှိကျင့်ကြံမှုအဆင့်များအရ အားမြောင်က အင်မော်တယ်အမွေအနှစ်ကို ယခုမှ ရရှိထားကာ ဤမြေအောက်နန်းတော်ထဲတွင် ထို့ပါယဲ့ကို ကူညီပေးနိုင်မည် မဟုတ်ကြောင်း သိထားကြ၏။

ထို့ကြောင့် မြေအောက်နန်းတော်ထဲမှ အမြန်ဆုံးထွက်ခွာသွားခြင်းက ပိုကောင်းပေမည်။

သို့မှသာ ထို့ပါယဲ့တို့ တာဝန်ထမ်းဆောင်ရာတွင် အနှောင့်အယှက် ဖြစ်မည် မဟုတ်ချေ။

“ကောင်းပြီ... မြေအောက်နန်းတော်ထဲကနေ ထွက်သွားကြတာပေါ့...”

ဟေးကျောင်းလုံက ပြောလိုက်၏။

အားမြောင်က ဝင်ပြောလိုက်သည်။

“ထို့ပါယဲ့... နင်နဲ့ စီနီယာနှစ်ယောက် တာဝန်ကို ဆက်ပြီး လုပ်ဆောင်ကြပါ။ ငါ နဂါးနက်နဲ့အတူ လာရာလမ်းကနေပဲ ပြန်လှည့်သွားမယ်။ နင်တို့ လိုက်ပို့ပြီး အချိန်ဖြုန်းနေစရာမလိုပါဘူး...”

“မြေအောက်နန်းတော်က အန္တရာယ်များတယ်...”

ထို့ပါယဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်၏။

အားမြောင်က ပြုံးလိုက်သည်။

“ငါနဲ့ နဂါးနက်က လာရာလမ်းကနေပဲ ပြန်လှည့်သွားမှာပါ။ အလာတုန်းကလည်း ဘာအန္တရာယ်မှ မကြုံခဲ့ရဘူးဆိုတော့ အပြန်လည်းကြုံရမှာ မဟုတ်ပါဘူး...”

ထို့ပါယဲ့က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ...”

သို့သော်လည်း ဤအခိုက်၌ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ချဉ်းကပ်လာကြောင်း ချင်ဟွမ်ရွှေက ရုတ်တရက် သတိပြုမိသွားသည်။

သူမက ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး ကာကွယ်ရေးအင်မော်တယ်လက်နက် တစ်ခုကို ထုတ်ယူကာ ကျောက်စိမ်းဒယ်စောက် တစ်ခုအဖြစ်ပြောင်းလဲ၍ လူတိုင်းကို ၎င်းထဲတွင် လွှမ်းခြုံထားလိုက်၏။

ဘုန်း...။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်လာပြီး ကျောက်တုံးအိမ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၏။

ကျောက်တုံးအိမ်၏ အပြင်ဘက်တွင် အပျက်အစီးဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးက ချင်ဟွမ်ရွှေနှင့် အခြားသူများကို အေးစက်စက် ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဤသူ ပိုင်ဆိုင်ထားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ အပျက်အစီးဓားခန္ဓာဖြစ်ကြောင်းကို ချင်ဟွမ်ရွှေက မြင်မြင်ချင်းပင် မှတ်မိသွား၏။

ဤကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးက အင်မော်တယ်တစ်သောင်းနယ်မြေတွင် မပေါ်ထွက်လာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

ဤသေးငယ်သော ကျူးရှို့တိုက်ကြီးတွင် ဤကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ပိုင်ဆိုင်ထားသူ ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

ထို့ပါယဲ့၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

ယခင်တစ်ခေါက် မြေအောက်နန်းတော်သို့ ရောက်လာပြီး သူ၊ ဟုန်ယီနှင့် ရှဲ့ကျီနယ့်တို့ကို တိုက်ခိုက်ခဲ့သူမှာ ဤအမျိုးသမီးပင်ဖြစ်၏။

သူက အေးစက်စက် မေးလိုက်သည်။

“မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့... ဟုန်ယီ၊ ရှဲ့ကျီနယ့်နဲ့ ဖုန်းချီယွင်တို့ အခုဘယ်မှာလဲ...”

အားမြောင်နှင့် ဟေးကျောင်းလုံတို့မှာမူ ထို့ပါယဲ့နှင့်မတူဘဲ ဤအမျိုးသမီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

သူမကို လင်းပေါင်အာဟု လုံးဝ ထင်မှတ်သွားကြ၏။

ဤအခိုက်၌ ထို့ပါယဲ့က သူမကို မေးခွန်းထုတ်နေသည်ကို ကြားလိုက်ရသောအခါ သူတို့ နှစ်ယောက်စလုံးမှာ ဝေခွဲမရ ဖြစ်သွားကြသည်။

ထို့ပါယဲ့က အားမြောင်နှင့် ဟေးကျောင်းလုံတို့ကို အလျင်အမြန် ပြောပြလိုက်၏။

ရှေ့မှ အမျိုးသမီးက လင်းပေါင်အာနှင့် ရုပ်ချင်းတူနေသော်လည်း လင်းပေါင်အာ လုံးဝ မဟုတ်ကြောင်း ရှင်းပြလိုက်သည်။

ထို့ပါယဲ့၏ စကားကို ကြားသောအခါ အားမြောင်နှင့် ဟေးကျောင်းလုံတို့မှာ မအံ့အားသင့်ဘဲ မနေနိုင်ကြချေ။

ဤလောကတွင် ဤမျှရုပ်ချင်းတူသော လူနှစ်ယောက် ရှိနေသည်ပေါ့လေ။

ထိုအမျိုးသမီးက ထို့ပါယဲ့၏ စကားကို ပြန်မဖြေဘဲ လူအုပ်ကိုသာကြည့်နေ၏။

သူမ၏ မျက်လုံးများထဲတွင် ယှဉ်နိုင်စွမ်းမရှိသော အေးစက်မှုများရှိနေပြီး မည်သည့် ခံစားချက်မျှ မရှိသကဲ့သို့ အပိုစကားများလည်း မဆိုချေ။

လက်ထဲမှ အပျက်အစီးဓားကို ကိုင်ဆောင်၍ ရှေ့သို့ ပြေးဝင်လာသည်။

တပည့်လက်ခံပွဲကား ဆက်လက် ကျင်းပနေဆဲပင်။

တတိယအထပ်ရှိ မိစ္ဆာကောင်များက အလွန် အစွမ်းထက်ကြ၏။

သို့သော်လည်း ဤကျင့်ကြံသူများအတွက်မူ ၎င်းတို့ကို သတ်ဖြတ်နိုင်မည့် အခွင့်အရေး ကြီးမားစွာရှိနေသေးသည်။

အထူးသဖြင့် ဖာထျန်း၊ ပိုင်ယွဲ့၊ ချင်ရှို့ဝမ် စသည့် မူလကတည်းက အလွန်အစွမ်းထက်သော ကျင့်ကြံသူများအတွက် ပို၍ မှန်ကန်၏။

စောစောစီးစီးပင် မိစ္ဆာကောင်များကို လုံလောက်စွာ သတ်ဖြတ်ပြီးနောက် သူတို့က အဆင့်လေးသို့ အောင်မြင်စွာ တက်လှမ်းသွားကြပြီး စမ်းသပ်ချက်မျှော်စင်၏ ပိုမြင့်သော အထပ်သို့ ဝင်ရောက်သွားကြသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့နှင့် ကျူးရှို့တိုက်ကြီးမှ ပါရမီရှင် ကျင့်ကြံသူများကြားရှိ ကွာဟချက်ကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

ယခုအခါ ကျင့်ကြံမှုအဆင့်က တူညီသော အဆင့်တစ်ခုတည်းတွင် ဖိနှိပ်ခံထားရလျှင်ပင် ကျူးရှို့တိုက်ကြီးမှ ထိုပါရမီရှင် ကျင့်ကြံသူများနှင့် ယှဉ်၍မရနိုင်ချေ။

ချမ်ချန်ကန်းက တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ဆက်၍ အာရုံမစိုက်တော့ချေ။

တပည့်လက်ခံပွဲ၏ အနိုင်ရသူမှာ လမ်းတစ်လျှောက်လုံး ကြီးမားသော တိုးတက်မှုများရရှိခဲ့သည့် ပိုင်ယွဲ့၊ ချင်ရှို့ဝမ်နှင့် ဖာထျန်းတို့ကဲ့သို့ ကျင့်ကြံသူများထဲမှ ထွက်ပေါ်လာမည်မှာ သေချာကြောင်း သူ ခန့်မှန်းလိုက်မိ၏။

ချမ်ချန်ကန်းက အင်အား အလယ်အလတ်ရှိသူများနှင့် အလယ်အလတ်အထက်ရှိသော ကျင့်ကြံသူများကို ပို၍ အာရုံစိုက်နေခဲ့သည်။

ဤကျင့်ကြံသူများဖြစ်၏။

သူတို့က မိစ္ဆာကောင်များကို တိုက်ခိုက်ကြရာတွင် ရှုံးနိမ့်သူများ ရှိသကဲ့သို့ အနိုင်ရသူများလည်းရှိကြသည်။

သို့သော်လည်း ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သေခြင်းရှင်ခြင်း တိုက်ပွဲကို သူတို့ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ၎င်းက သူတို့အတွက် များစွာအထောက်အကူ ဖြစ်စေသည်။

အထူးသဖြင့် ကျင့်ကြံခြင်းအပိုင်းတွင် တိုးတက်မှုက အလွန်မြန်ဆန်လှ၏။

ထိုမိစ္ဆာကောင်များ၏ လက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရသော ကျင့်ကြံသူများမှာ စမ်းသပ်ချက်မျှော်စင်၏ အပြင်ဘက်တွင် ပြန်လည်ရှင်သန်လာကြသည်။

ထို့နောက် သူတို့က အဆင့်ချိုးဖြတ်ဆေးလုံးနှင့် လျိုဝေတီဟွမ်ဆေးလုံးတို့ကို သောက်သုံးကြပြီး အင်မော်တယ်နယ်မြေ အတွင်း၌ ကျင့်ကြံခြင်းမှာ လျင်မြန်လှ၏။

အဆင့်ကျော်ဖြတ်ခြင်းက လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာသည်။

ယနေ့ ဤကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့် တက်လှမ်းခြင်းကပင် အချိန်တိုအတွင်း ချမ်ချန်ကန်းအတွက် နယ်မြေတန်ဖိုး သန်းပေါင်းများစွာကို ယူဆောင်လာပေးခဲ့၏။

ဤတိုးတက်မှုသာ ဆက်လက်ဖြစ်ပေါ်နေပါက ထိုတာအိုစည်းချက်မှော်ရတနာများကို လေလံတင်၍ ရရှိလာမည့် အင်မော်တယ်ကျောက်တုံးများကို မိန်နျင်နှင့် ဝူမင်တို့ ပြန်ယူလာမည့် အချိန်အထိ စောင့်ဆိုင်းနေရန် မလိုတော့ကြောင်း ချမ်ချန်ကန်းက တွက်ဆလိုက်သည်။

ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာမှု အပေါ်တွင်သာ အပြည့်အဝ မှီခိုပြီး နေ့စဉ် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ လာရောက်ကြသော ကျင့်ကြံသူများကို သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းမှတစ်ဆင့် တိတ်တဆိတ် တစ်ကြိမ်သတ်ဖြတ်ကာ ပြန်လည်ရှင်သန်စေပြီး ကြက်သွန်မြိတ် တစ်သုတ်ကို ရိတ်သိမ်းလိုက်ရုံဖြင့် ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်ကို တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံးကို လွှမ်းခြုံသွားအောင် သူ ချဲ့ထွင်နိုင်ပေမည်။

ချမ်ချန်ကန်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

“ဒီတပည့်လက်ခံပွဲကနေတစ်ဆင့် စမ်းသပ်ချက်မျှော်စင်ရဲ့ နာမည်ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်ပြီး ပိုမို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ဒီနေရာကို လာဖို့ဆွဲဆောင်နိုင်လောက်ပြီ မဟုတ်လား...”

All Chapters