အခန်း ၂၃၄
Vol. 20 Ch. 234
အခန်း (၂၃၄) စမ်းသပ်ချက်မျှော်စင်က ပျော်စရာကောင်းလား
မိုဝန်ထျန်းက ထပ်မံလက်ခုပ်တီးလိုက်၏။
“အဘိုးကြီး... ခင်ဗျားကအံ့မခန်းပဲ။ ကျုပ် သေတော့မယ်လို့တောင် ထင်လိုက်မိတာ...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက သွေးများ ပေကျံနေသော သံဓားကို အထင်သေးစွာဖြင့် ဆွဲနှုတ်လိုက်သည်။
“မင်းအနေနဲ့ ဤတပည့်လက်ခံပွဲက စမ်းသပ်ချက်မျှော်စင်ထဲမှာ သေချာပေါက် သေရမှာပဲ။ ဒါကြောင့် ငါအဘိုးကြီးက မင်းကို သေချာသင်ပေးမယ်...”
“မင်းအသက်ရှင်နိုင်မလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်...”
စကားပြောပြီးနောက် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို မိုဝန်ထျန်းထံ ပြန်ပေးလိုက်၏။
မိုဝန်ထျန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“အဘိုးကြီး... ခင်ဗျားသာ ဆယ်နှစ်ကျော်လောက် ကျုပ်ရဲ့မှော်စွမ်းအင်တွေကို မစားခဲ့ဘူးဆိုရင် တကယ်တော့ ခင်ဗျားက တော်တော်လေး ကောင်းတဲ့သူပါ...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ :
“…”
ထို့နောက် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ အလေးအနက် သင်ကြားမှုအောက်တွင် မိုဝန်ထျန်းက ထိုရက်စက်ကြမ်းကြုတ်သော မိစ္ဆာကောင်များနှင့် ကြုံတွေ့ရသောအခါ ယခင်ကထက် ပိုမို တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လာပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်က လျင်မြန်စွာ တိုးတက်လာခဲ့၏။
မည်သို့ပင်ဆိုစေကာမူ သေခြင်းရှင်ခြင်း တိုက်ပွဲပင်ဖြစ်၏။
မိုဝန်ထျန်းက လုံးဝ ပေါ့ဆခြင်းမရှိတော့ဘဲ ရန်သူကို သတိထားကာ စေ့စပ်သေချာစွာ ကိုင်တွယ်ဖြေရှင်းနေ၏။
သူက ဟွာလုံမြို့သို့ ပြန်၍ သူ၏ညီမလေးရူဟွာကို သွားတွေ့ရဦးမည် ဖြစ်ရာ ဤစမ်းသပ်ချက်မျှော်စင်ထဲတွင် အသေခံ၍ မဖြစ်ချေ။
အခြားတစ်ဖက်တွင် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေ၏ အရှင်သခင် ဖြစ်သည်။
စမ်းသပ်ချက်မျှော်စင် အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ကောင်းကင်ဘုံရှုထောင့်မှနေ၍ စောင့်ကြည့်နေ၏။
သေချာသည်က သူက မိုဝန်ထျန်းကို သတိထားမိလိုက်သည်။
အသိအမှတ်ပြုထားသော ဈေးပေါသည့် ညီလေးမိုက တစ်ခဏမျှ အစွမ်းထက်နေပြီး အင်မော်တယ်နယ်မြေမှ တူညီသော အဆင့်ရှိ ထိုကောင်းကင်ဘုံ ပါရမီရှင်များထက် မနိမ့်ကျဘဲ မိစ္ဆာကောင်များကို အလွယ်တကူ သတ်ဖြတ်နေ၏။
သို့သော်လည်း အတန်ကြာသောအခါ အားနည်းသွားပြီး မိစ္ဆာကောင်များနှင့် အပြန်အလှန် တိုက်ခိုက်နေရကာ အကြိမ်ပေါင်းများစွာ အန္တရာယ် ကြုံတွေ့ရပြီး သေလုနီးပါးပင် ဖြစ်သွားခဲ့သည်။
“ကြည့်ရတာ ဒီညီလေးမိုဆီမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသေးတယ်နဲ့ တူတယ်။ သူက ဒီစမ်းသပ်ချက်မျှော်စင်မှာ တကယ်ပဲ မျှော်လင့်မထားတဲ့ မြင်းနက်တစ်ကောင် ဖြစ်လာနိုင်တယ်...”
ချမ်ချန်ကန်းက ခပ်ဖွဖွ ပြုံးလိုက်သော်လည်း ဂရုမစိုက်ချေ။
မိစ္ဆာကောင်များက ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်ကြသော်လည်း ဤကျင့်ကြံသူများကလည်း မညံ့ကြပေ။
မိစ္ဆာကောင်များကို သတ်ဖြတ်၍ အဆင့်လေးသို့ တက်လှမ်းကာ တတိယအထပ်ကို ကျော်ဖြတ်ခြင်းက ကျင့်ကြံသူများစွာအတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ချေ။
စမ်းသပ်ချက်မျှော်စင်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက မျှော်စင်အတွင်းရှိ ထိုကျင့်ကြံသူများ၏ တိုက်ပွဲများကို စောင့်ကြည့်နေကြပြီး အဆုံးမရှိ ဆွေးနွေးနေကြ၏။
စမ်းသပ်ချက်မျှော်စင်ထဲတွင် သနားစရာကောင်းလောက်အောင် သေဆုံးသွားသော ကျင့်ကြံသူများမှာ အခါအားလျော်စွာ စမ်းသပ်ချက်မျှော်စင် အပြင်ဘက်သို့ ရောက်ရှိလာကြပြီး ဘာဖြစ်သွားမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေကြသည်။
*မိစ္ဆာကောင်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာ မဟုတ်ဘူးလား…*
*ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ…*
သို့သော်လည်း မကြာမီပင် သူတို့က အခြား ကျင့်ကြံသူများထံမှ အကြောင်းရင်း အားလုံးကို သိလိုက်ရ၏။
သူတို့မှာ မအံ့အားသင့်ဘဲ မနေနိုင်ကြချေ။
*ဘာလဲဟ…*
*ဒါကြီးက အရမ်းကြမ်းလွန်းနေပြီ…*
*စမ်းသပ်ချက်မျှော်စင်ထဲမှာ သေဆုံးသွားရင်တောင် ပြန်လည် ရှင်သန်နိုင်တယ်တဲ့လား…*
*အထပ်မြင့်မြင့် ကျော်ဖြတ်နိုင်လေ ဆုလာဘ်တွေ ပိုရလေပဲတဲ့…*
သူတို့ကို စိတ်မလှုပ်ရှားစေဘဲ မနေနိုင်အောင် ဖြစ်စေ၏။
ယနေ့တတိယအထပ်တွင် သေဆုံးသွားသော ကျင့်ကြံသူ သုံးလေးထောင်ခန့်ရှိသည်။
လူတစ်ထောင်ခန့်သာ အဆင့်လေးသို့ တက်လှမ်းနိုင်ခဲ့ပြီး စတုတ္ထအထပ်သို့ သွားနိုင်ခဲ့၏။
ကျင့်ကြံသူများစွာက တတိယအထပ်တွင် အဆင့်တက်ရန် ရုန်းကန်နေရဆဲဖြစ်၏။
ထိုအခိုက်၌။
ကျင့်ကြံသူများ၏ အကြည့်များက အမြန်ဆုံး ကျော်ဖြတ်နိုင်ခဲ့သော ကျင့်ကြံသူများ အပေါ်သို့ အာရုံစိုက်သွားကြသည်။
စမ်းသပ်ချက်မျှော်စင်ကို အပြည့်အဝ ကျော်ဖြတ်နိုင်ပြီး စီနီယာ၏ တပည့် ဖြစ်လာမည့်သူမှာ သူတို့ထဲမှ တစ်ယောက်ယောက်ဖြစ်ရမည်ဟု သူတို့ အခိုင်အမာ ယုံကြည်နေကြ၏။
သူတို့ထဲတွင် အထင်ရှားဆုံးသူများမှာ ဖာထျန်း၊ ပိုင်ယွဲ့၊ ချင်ရှို့ဝမ်နှင့် မျက်လုံးအဖြူရောင်ရှိသော လူငယ် မိစ္ဆာကျင့်ကြံသူတစ်ဦးတို့ပင် ဖြစ်သည်။
သူတို့က အမြန်ဆုံး အရှိန်ဖြင့် ကျော်ဖြတ်သွားကြပြီး အလင်းဖန်သားပြင်မှတစ်ဆင့် စောင့်ကြည့်နေသော အပြင်ဘက်ရှိ ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားကြ၏။
ဤလေးယောက်ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သော မိစ္ဆာကောင်များနှင့် ရင်ဆိုင်ရချိန်တွင် အလွန် လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။
နည်းလမ်းများကလည်း အလွန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ အင်အားကို သိမြင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ပထမဆုံး ကျော်ဖြတ်သွားကြသော ဤလူများက အထက်ဘုံမှ ပြန်လည်ဝင်စားလာကြသည့် ပါရမီရှင်များ ဖြစ်ရမည်ဟု ကျင့်ကြံသူများစွာကပင် ခန့်မှန်းနေကြ၏။
ဆယ့်ရှစ်ထပ် စမ်းသပ်ချက်မျှော်စင်။
တတိယအထပ်မှ စတင်ပြီး။
ဆယ့်ခုနစ်ထပ်အထိ။
အထပ်တိုင်းနီးပါးတွင် မိစ္ဆာကောင်များ ပြည့်နှက်နေသည်။
အထပ်အရေအတွက် မြင့်မားလေလေ မင်း ကြုံတွေ့ရမည့် မိစ္ဆာကောင်များက ပိုမို အစွမ်းထက်လေလေဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ပိုမို ခက်ခဲလေလေ ဖြစ်လိမ့်မည်။
တစ်ချိန်တည်းမှာပင် အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံ အမှတ်များကလည်း ပိုမိုများပြားလာမည် ဖြစ်၏။
ထို့ကြောင့် သတ်ဖြတ်ရန် လိုအပ်သော မိစ္ဆာကောင်များလည်း ပိုမို များပြားလာမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာက ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေ ဖြစ်ပြီး မိစ္ဆာကောင်များကို အဆက်မပြတ် ဖန်တီးကာ အသက်သွင်းရန် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်နှင့် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းတို့ကို အသုံးပြုရုံသာ လိုအပ်၏။
ဖာထျန်းမှာမူ နတ်ဘုရားနှင့် နတ်ဆိုးအာဏာရှင်ခန္ဓာကြောင့် တိုက်ခိုက်လေလေ ပိုမို ရဲရင့်လာလေလေ ဖြစ်ပြီး ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်။
တပည့်လက်ခံပွဲတွင် ပါဝင်သည့် ကျင့်ကြံသူ အားလုံးထဲတွင်ဟုဆိုရမည်ဖြစ်သည်။
လက်ရှိ ဖာထျန်းက အမြန်ဆုံး အရှိန်ဖြင့် ကျော်ဖြတ်နိုင်သူဖြစ်ပြီး အခြားသူများ စတုတ္ထအထပ်ကို မကျော်ဖြတ်နိုင်သေးချိန်တွင်။
ဖာထျန်းက ပထမဆုံးအဖြစ် ကျော်ဖြတ်သွားခဲ့ပြီဖြစ်၏။
စတုတ္ထအထပ်မှ ပဉ္စမအထပ်သို့။
ဦးဆောင်သွားခဲ့သည်။
ထို့နောက် ပိုင်ယွဲ့၊ ချင်ရှို့ဝမ်နှင့် အခြားသူများကလည်း အနီးကပ် လိုက်ပါလာကြ၏။
ဖာထျန်း၏ အရှိန်အဟုန်ကို မီအောင် လိုက်လာကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ နေရာများက ကွဲပြားနေကြ၏။
အကယ်၍ သူတို့သာ စမ်းသပ်ချက်မျှော်စင်ထဲတွင် ဆုံတွေ့ခဲ့ကြလျှင် သူတို့ သေချာပေါက် တိုက်ခိုက်ကြမည်ဖြစ်ပြီး ပြိုင်ဘက်ကို သတ်ဖြတ်ခြင်း သို့မဟုတ် ပြိုင်ဘက်၏ လက်ထဲမှ စမ်းသပ်ချက်ရွှေပဲစေ့များကို လုယူခြင်းများ ပြုလုပ်ကြမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤပြိုင်ဘက်ကင်းနယ်မြေအတွင်း၌။
တစ်ယောက်စီတိုင်းက ပြိုင်ဘက်များ ဖြစ်ကြပြီး မိမိ၏ နေရာကို ခြိမ်းခြောက်လာမည့် အခြားမည်သူ့ကိုမျှ ခွင့်ပြုမည်မဟုတ်ချေ။
အမြီးလေးအတွက်မူ။
ချမ်ချန်ကန်းကလည်း သူမကို သတိထားနေခဲ့၏။
ဒုတိယအထပ်တွင် အမြီးလေးကို ပြဿနာရှာမည့် ကျင့်ကြံသူမရှိခဲ့သော်လည်း။
တတိယအထပ်ကမူ ကွာခြားသည်။
ကျင့်ကြံသူများက သူမကို ပြဿနာမရှာလျှင်ပင် ထိုမိစ္ဆာကောင်များက သူမ၏ နောက်ခံကို ဂရုမစိုက်ဘဲ အမြီးလေးကို တိုက်ရိုက်တိုက်ခိုက်နိုင်၏။
ပို၍ ကံဆိုးသည်က အမြီးလေးမှာ မိစ္ဆာကောင် တစ်ကောင်တည်းနှင့် ကြုံတွေ့ရခြင်း မဟုတ်ချေ။
တစ်အုပ်လုံး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။
ဒါဇင်နှင့်ချီ၍ ရှိနေသည်။
တစ်ကောင်ချင်းစီက အထက်တန်းအဆင့် မိစ္ဆာကောင်များဖြစ်ကြပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ထုတ်လွှတ်နေသော အငွေ့အသက်များက အံ့အားသင့်ဖွယ် ကောင်းကာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ဟိန်းဟောက်သံနှင့်အတူ အမြီးလေးထံသို့ ပြေးဝင်လာကြသည်။
အမြီးလေးမှာ ထိတ်လန့်တကြားဖြင့် မျက်နှာ ဖြူရော်သွား၏။
အမြီးလေး၏ တိုက်ခိုက်ရေး အတွေ့အကြုံက လုံးဝမကြွယ်ဝချေ။
ဤမျှများပြားသော မိစ္ဆာကောင်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံရသည်မှာ အလွန် ကံဆိုးလှသည်။
အကယ်၍ သူမသာ ကောင်းကင်ဘုံ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့လျှင် ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော် ကံမကောင်းစွာဖြင့် သူမက မဟုတ်ချေ။
တစ်ခဏမျှပင် မတိုက်ခိုက်လိုက်ရခင် ထိုမိစ္ဆာကောင်များ၏ လက်ချက်ဖြင့် သူမ သေဆုံးသွားခဲ့ပြီး သေဆုံးမှုက ကြောက်မက်ဖွယ် ကောင်းလှ၏။
စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာမှာ တိုက်ရိုက် မကြည့်ရက်နိုင်အောင် ဖြစ်သွားကြသည်။
ဤအမြီးလေးက စီနီယာ၏ တပည့်ဖြစ်ပြီး နောက်ခံရှိသူ တစ်ယောက်အနေဖြင့် လမ်းတစ်လျှောက်လုံး အတားအဆီးမဲ့ ဖြတ်သန်းသွားနိုင်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း တတိယအထပ်၌ပင် သေဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
တကယ့်ကို သနားစရာ ကောင်းလှသည်။
ဖေးရှန့်တောင်တွင် အမြီးလေးမှာ ထိတ်လန့်တကြားဖြင့် ပြန်လည် ရှင်သန်လာ၏။
ဘေးတွင် ချမ်ချန်ကန်းက သူမကို ပြုံး၍ ကြည့်နေသည်။
“အမြီးလေး... စမ်းသပ်ချက်မျှော်စင်က ပျော်စရာကောင်းလား...”