အခန်း ၂၃၅
Vol. 20 Ch. 235
အခန်း (၂၃၅) စီနီယာရဲ့ ကြီးမားလှသော ကျေးဇူးတရားက ကျူးရှို့တိုက်ကြီးကို အကျိုးပြုနေခြင်း
“အီအီအီအီအီ...”
အမြီးလေးက နှုတ်ခမ်းစူ၍ ချမ်ချန်ကန်းကို ကြည့်လိုက်၏။
ဤသည်က မတရားဘူးဟု ပြောနေသကဲ့သို့ပင်။
ဘာဖြစ်လို့ သူမကျမှ မိစ္ဆာကောင်အများကြီးရဲ့ တိုက်ခိုက်တာကို ခံရတာလဲ...။
အမြီးလေးကို ပို၍ စိတ်ဓာတ်ကျစေသောအရာမှာ စမ်းသပ်ချက်မျှော်စင်တွင် အထပ်ပေါင်း ဆယ့်ရှစ်ထပ်ရှိနေခြင်းဖြစ်သည်။
သူမက တတိယအထပ်ကိုပင် မကျော်ဖြတ်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးကြည့်မိခဲ့ချေ။
ချမ်ချန်ကန်း၏ တပည့်တစ်ယောက်အနေဖြင့် တကယ့်ကို ရှက်စရာကောင်းလွန်းလှ၏။
သူမက တိတ်တဆိတ်နေချင်ပြီး အခြား ကျင့်ကြံသူများ ဤကိစ္စကို မသိစေချင်ပေ။
သို့သော်လည်း အမြီးလေး မသိခဲ့သောအရာမှာ စမ်းသပ်ချက်မျှော်စင် အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို အလင်းဖန်သားပြင်မှတစ်ဆင့် အပြင်ဘက်မှ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရခြင်းပင်ဖြစ်၏။
အမြီးလေး စမ်းသပ်မှု ကျရှုံးသွားပြီး ထိုမိစ္ဆာကောင်များ၏ လက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့သည်ကို သူတို့က ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့ရပြီးဖြစ်၏။
ထို့ပြင်ကျရှုံးသွားခြင်းကြောင့် သူမ၏ အင်အားက မည်မျှအားနည်းကြောင်းကို အမြီးလေး နားလည်သဘောပေါက်သွားခဲ့သည်။
အစ်မပေါင်အာက ဘာဖြစ်လို့ ပိုပြီး အစွမ်းထက်လာအောင် ကြိုးစားအားထုတ်နေရသလဲဆိုတာကို သူမ နောက်ဆုံးတော့ နားလည်သွား၏။
သူမက စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။
နောင်တွင် သူမကလည်း ပိုမို အစွမ်းထက်လာရန်အတွက် အစ်မပေါင်အာကဲ့သို့ သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံတော့မည်ဖြစ်၏။
ထို့ကြောင့် အစားလျှော့စားမယ်၊ အိပ်တာ လျှော့မယ်၊ ကစားတာကိုလည်း လျှော့မယ်...။
ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌။
တပည့်လက်ခံပွဲ ဆက်လက် ကျင်းပနေသည်ကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာရှိနေသေး၏။
လက်ရှိအချိန်အထိ ဆယ့်ရှစ်ထပ် စမ်းသပ်ချက်မျှော်စင်ဖြစ်၍ ဤတပည့်လက်ခံပွဲက အချိန်တိုအတွင်း ပြီးဆုံးမည်မဟုတ်ချေ။
သေချာသည်က အထပ်အရေအတွက် မြင့်မားလေလေ ကြုံတွေ့ရမည့် မိစ္ဆာကောင်များက ပိုမို အစွမ်းထက်လေလေ ဖြစ်သည်။
ထို့ပြင် ရရှိမည့်ဆုလာဘ်များကလည်း ပိုမို ကောင်းမွန်လိမ့်မည် ဖြစ်၏။
ဥပမာအားဖြင့် အစွမ်းထက်ဆေးလုံးများ၊ အင်မော်တယ်လက်နက်များ စသည်တို့က နည်းပါးလှသည် မဟုတ်ချေ။
လူများကို မနာလိုဖြစ်စေလောက်အောင် အကျိုးကျေးဇူးများစွာရှိနေသည်။
ထို့ပြင် စမ်းသပ်ချက်မျှော်စင်အတွင်း၌ ရှင်းလင်းခံရသော ကျင့်ကြံသူများက ပိုပိုပြီး များပြားလာ၏။
ရှင်းလင်းခံရသော ကျင့်ကြံသူတိုင်းက သေရာမှ ပြန်လည်ရှင်သန်ခြင်းကို ကြုံတွေ့ခဲ့ကြရသည်။
အသက်ပြန်ရှင်လာပြီးနောက် သေခြင်းရှင်ခြင်းအပေါ် ပိုမို နက်ရှိုင်းသော နားလည်သဘောပေါက်မှုများ ရရှိသွားကြ၏။
ထို့ကြောင့် ၎င်းက သူတို့၏ ကျင့်ကြံခြင်းအတွက် များစွာအထောက်အကူ ဖြစ်စေသည်။
တစ်ချိန်တည်းမှာပင် အဆင့်ချိုးဖြတ်ဆေးလုံးနှင့် လျိုဝေတီဟွမ်ဆေးလုံးတို့ကလည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေ၏။
ထိုမိစ္ဆာကောင်များကို သတ်ဖြတ်ပြီးနောက် သူတို့က သက်ဆိုင်ရာ အတွေ့အကြုံ အမှတ်များကို ရရှိကြမည် ဖြစ်သည်။
သူတို့ရရှိခဲ့သော အတွေ့အကြုံအမှတ်များမှာ အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်၏ စွမ်းအားပင်ဖြစ်၏။
စမ်းသပ်ချက်မျှော်စင်မှ ရှင်းလင်းခံလိုက်ရပြီးနောက်တွင်ပင် သူတို့၏ အရည်အချင်းများ တိုးတက်လာကြောင်း၊ ကျင့်ကြံမှုအဆင့်များ ပိုမို အစွမ်းထက်လာကြောင်းနှင့် ခွန်အားများ ပိုမို ကြီးမားလာကြောင်းကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်ကြသည်။
ကျင့်ကြံသူများစွာက စမ်းသပ်မှုကို ကျော်ဖြတ်ရာတွင် သေခြင်းရှင်ခြင်းကို ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ စမ်းသပ်ချက်မျှော်စင်မှ ထွက်ခွာလာကြသောအခါ ကြီးမားလှသော အင်မော်တယ်စွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ကျင့်ကြံမှုအဆင့်က တိုက်ရိုက် တက်လှမ်းသွားကြ၏။
ဤနည်းဖြင့် ချမ်ချန်ကန်းအတွက် နယ်မြေတန်ဖိုး အမြောက်အမြားကို ယူဆောင်လာပေးခဲ့သည်။
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“ထင်တဲ့အတိုင်းပဲ... ဖန်တီးထားတဲ့ ဒီစမ်းသပ်ချက်မျှော်စင်က ဒီကျင့်ကြံသူတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါပေမဲ့ ရလဒ်က ဒီလောက်ထိ သိသာထင်ရှားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...”
လက်ရှိ အခြေအနေအရ။
ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ဤကျင့်ကြံသူများ အဆင့်တက်လှမ်းခြင်းမှ ချမ်ချန်ကန်းအတွက် ထောက်ပံ့ပေးသော နယ်မြေတန်ဖိုးများဖြင့် ပြိုင်ဘက်ကင်းနယ်မြေကို တောင်ပေါင်းတစ်သိန်းတောင်တန်း၏ ဆယ်ရာခိုင်နှုန်းအထိ လွှမ်းခြုံသွားအောင် ချဲ့ထွင်ရန်က သူ့အတွက်ပြဿနာ မဟုတ်တော့ချေ။
“ငါ့ရဲ့ ကြက်သွန်မြိတ်လေးတွေ... မင်းတို့ အမြန်ကြီးထွားလာမှဖြစ်မယ်...”
ချမ်ချန်ကန်းတွင် နောက်ထပ် အကြံဉာဏ် တစ်ခုရလာ၏။
သူက အမြီးလေးနှင့်အတူ ဖေးရှန့်တောင်မှ ပျောက်ကွယ်သွားသည်။
စမ်းသပ်ချက်မျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။
ရွှေရောင်မျှော်စင်က ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။
ကျူးရှို့ဒယ်စောက်မှလည်း တောက်ပသော အလင်းတန်းများ စီးဆင်းနေ၏။
အလင်းဖန်သားပြင်အချို့က စမ်းသပ်ချက်မျှော်စင် အတွင်းရှိ မြင်ကွင်းများနှင့် တစ်ပြိုင်တည်း ထုတ်လွှင့်ပြသနေသည်။
သူတို့က စမ်းသပ်ချက်မျှော်စင်အတွင်းရှိ ပါရမီရှင်များနှင့် မိစ္ဆာကောင်များကြားမှ တိုက်ပွဲကို စောင့်ကြည့်နေကြ၏။
အထူးသဖြင့် ဖာထျန်း၊ ပိုင်ယွဲ့၊ ချင်ရှို့ဝမ်နှင့် မိစ္ဆာမျိုးနွယ်မှ လူငယ်လေးတို့က သူတို့၏ အာရုံစိုက်မှုကို ရရှိထားသည်။
သူတို့အဆင့်တက်၍ စမ်းသပ်ချက်မျှော်စင်၏ ပိုမြင့်သော အထပ်များသို့ သွားရောက်မည့် အချိန်ကို စောင့်ဆိုင်းနေကြရင်း အခြားတစ်ဖက်တွင်မူ ဤအစွမ်းထက် ပါရမီရှင်များ အမြန်ဆုံးဆုံတွေ့ကြရန် မျှော်လင့်နေကြပြီး သူတို့ကြားမှ တိုက်ပွဲကို မျှော်လင့်စောင့်စားနေကြ၏။
ထိုအချိန်၌။
ချမ်ချန်ကန်းနှင့် အမြီးလေးတို့ ထွက်ပေါ်လာမှုက ရုတ်တရက် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်သွားသည်။
စမ်းသပ်ချက်မျှော်စင် အတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြသနေသော အလင်းဖန်သားပြင်များကို အမြီးလေး မြင်လိုက်ရသောအခါ သူမ၏ မျက်နှာက နီတစ်ခါ ဖြူတစ်လှည့် ဖြစ်သွား၏။
*အီအီအီ... သေပါပြီ... သေပါပြီ…*
*စမ်းသပ်ချက်မျှော်စင်ထဲက သူမရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို အပြင်ဘက်က ဒီကျင့်ကြံသူတွေ သေချာပေါက် မြင်တွေ့သွားကြလောက်ပြီ*
ဤသို့ဖြစ်မည်မှန်း စောစောကတည်းက သိခဲ့လျှင် အပျော်အပါးလိုက်စားဖို့အတွက် ဤတပည့်လက်ခံပွဲကို သူမ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မည် မဟုတ်ချေ။
အမြီးလေးက သူမ၏ စိတ်ထဲတွင် မခံမရပ်နိုင်အောင် ဖြစ်သွား၏။
တစ်စုံတစ်ခုကို ပြောချင်နေသကဲ့သို့ပင်။
*ကလေးလေးတော့ ရင်ကွဲပါပြီ…*
“စီနီယာပဲ...”
“စီနီယာက ဘာလို့ဒီနေရာကို ရောက်လာတာလဲ...”
“ငါ့လာမေးနေတော့ ငါက ဘယ်သူ့သွားမေးရမှာလဲ...”
“စီနီယာက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဆရာသခင်ပီပီ ပြိုင်ဘက်ကင်းတဲ့ ကျက်သရေနဲ့ ခမ်းနားထည်ဝါမှုတွေရှိနေပြီး လူပြည်ကိုဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါးလိုပဲ...”
“…”
လူအုပ်ကြီးက သူတို့၏ အကြည့်များတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေပြီး တီးတိုးဆွေးနွေးနေကြ၏။
ချမ်ချန်ကန်း၏ မျက်နှာက တည်ငြိမ်နေပြီး သူ၏ နည်းလမ်းကို အသုံးပြုလိုက်သည်။
ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စမ်းသပ်ချက်မျှော်စင်အနီးရှိ ဧရိယာတစ်ခုလုံး လုံးဝရှင်းလင်းသွား၏။
၎င်းက မြင့်မားသော တောင်တန်းကြီးများ ဖြစ်စေ၊ သစ်တောကြီးများ ဖြစ်စေ အရာအားလုံးနီးပါးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားသည်။
ကျင့်ကြံသူ အားလုံးကို ချမ်ချန်ကန်း၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းများကြောင့် အံ့ဩမှင်တက်သွားစေ၏။
အရာအားလုံးကို ဖျက်ဆီးပစ်ပြီးနောက် ချမ်ချန်ကန်းက ဤနေရာကို ရင်ပြင်တစ်ခုအဖြစ် ပြောင်းလဲရန် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ရင်ပြင်၏ ဗဟိုချက်တွင် စမ်းသပ်ချက်မျှော်စင်က မားမားမတ်မတ် ရပ်တည်နေ၏။
ရင်ပြင်တစ်ခုလုံးတွင် ချမ်ချန်ကန်းက အင်မော်တယ်နယ်မြေအတွင်းရှိ အင်မော်တယ်စွမ်းအင်များကို ပိုမို သိပ်သည်းလာစေရန် ကြိုးစားလိုက်ပြီး ၎င်းတို့ကို ရင်ပြင်၌ စုစည်းလိုက်သည်။
၎င်းက ကျင့်ကြံခြင်းဝင်္ကပါတစ်ခုနှင့် တူနေ၏။
ရင်ပြင်ထဲတွင် ကျင့်ကြံနေသရွေ့ကျင့်ကြံခြင်း အရှိန်က အဆပေါင်းများစွာ တိုးတက်လာနိုင်မည်ဖြစ်သည်။
ဤသို့ဖြင့်။း သူတို့က စမ်းသပ်ချက်မျှော်စင် အတွင်း၌ စမ်းသပ်မှုများကို ဖြတ်သန်းပြီးနောက် ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားရန် ရင်ပြင်သို့ သွားရောက်ပါက သူတို့၏ ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးလိမ့်မည်ဖြစ်၏။
ပိုမိုမြန်ဆန်စွာ အဆင့်တက်လှမ်းနိုင်မည် ဖြစ်သည်။
ချမ်ချန်ကန်းက ဟင်းလင်းပြင်ထဲမှ ဧရာမ ရင်ပြင်ကြီးတစ်ခုကို ဖန်တီးလိုက်သည်ကို မြင်သောအခါ ကျင့်ကြံသူအားလုံးမှာ လုံးဝ ထိတ်လန့် တုန်လှုပ်သွားကြ၏။
ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းဆရာသခင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တောင်တန်းသစ်တောကြီးကို ရင်ပြင်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု မည်သူမျှ တွေးကြည့်ရဲမည် မဟုတ်ချေ။
ဤအရာအားလုံးကို ချမ်ချန်ကန်း လုပ်ဆောင်ပြီးစီးသွားသောအခါ သူက စကားဆိုလိုက်သည်။
“စမ်းသပ်ချက်မျှော်စင်ကို တည်ဆောက်ခဲ့တဲ့ မူလ ရည်ရွယ်ချက်က တပည့်လက်ခံပွဲ အတွက်မဟုတ်ဘဲ ကျူးရှို့တိုက်ကြီး အတွက်ပဲ...”
“လက်ရှိစမ်းသပ်ချက်မျှော်စင်က ငါ့ရဲ့မူလ အယူအဆမျှသာဖြစ်ပြီး မပြည့်စုံသေးတဲ့ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်။ တပည့်လက်ခံပွဲ ပြီးဆုံးသွားပြီးနောက် စမ်းသပ်ချက်မျှော်စင်ထဲကို ဝင်ရောက်ပြီး စမ်းသပ်မှုတွေ ခံယူဖို့နဲ့ ပိုမို အစွမ်းထက်လာဖို့ မင်းတို့က စမ်းသပ်ချက်ရွှေပဲစေ့တွေကိုပဲ အားကိုးဖို့ လိုအပ်တယ်...”
ချမ်ချန်ကန်း၏ အသံက အလောတကြီး မရှိသကဲ့သို့ နှေးကွေးလွန်းခြင်းလည်းမရှိပေ။
တည်ငြိမ်ပြီး ခပ်ဝေးဝေးမှ လာသကဲ့သို့ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွား၏။
ကျင့်ကြံသူအားလုံးက ချမ်ချန်ကန်းကို နတ်ဘုရား တစ်ပါးကဲ့သို့ ကြည်ညိုလေးစားကြပြီး အလွန်အမင်း ရိုသေကိုင်းရှိုင်းသွားကြသည်။
အထူးသဖြင့် ချမ်ချန်ကန်း၏ စကားများကို ကြားလိုက်ရသောအခါ သူ့အပေါ် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွား၏။
စီနီယာက မွန်မြတ်ပြီး ဖြောင့်မတ်မှန်ကန်လှကာ ကျူးရှို့တိုက်ကြီးကို အမှန်တကယ် အကျိုးပြုနေခြင်းဖြစ်သည်။
အထူးသဖြင့် တပည့်လက်ခံပွဲတွင်ပါဝင်ခဲ့ပြီး စမ်းသပ်ချက်မျှော်စင်ကို ဖြတ်သန်းခဲ့ကြသော ထိုကျင့်ကြံသူများဖြစ်၏။
သူတို့က ချမ်ချန်ကန်းကို အဆုံးအစမဲ့ ကြည်ညိုလေးစားသွားကြသည်။
သူတို့၏ ကျင့်ကြံခြင်းအတွက် စမ်းသပ်ချက်မျှော်စင်၏ အထောက်အကူကို သူတို့က အလွန်ရှင်းရှင်းလင်းလင်း သိထားကြ၏။
မင်းက ရှင်းလင်းခံလိုက်ရလျှင်ပင် မင်း၏ ကျင့်ကြံမှုအဆင့် တိုးတက်လာမှုက ကိုယ်တိုင် ကျင့်ကြံခြင်းထက် များစွာသာလွန်ကြောင်း ခံစားမိနိုင်ပေသည်။
ထို့ပြင် နောက်ထပ် အရေးကြီးသော အချက်တစ်ချက်ရှိသေး၏။
စမ်းသပ်ချက်မျှော်စင်အတွင်း၌ သူတို့က အားရပါးရ တိုက်ပွဲများကို ကြုံတွေ့ခဲ့ရပြီး သေခြင်းရှင်ခြင်း စမ်းသပ်မှုကိုလည်း ကြုံတွေ့ခဲ့ရကာ ၎င်းက သူတို့၏ ကျင့်ကြံခြင်းအတွက် အထောက်အကူ အဖြစ်ဆုံးပင်ဖြစ်၏။
သေခြင်းရှင်ခြင်းစမ်းသပ်မှုဖြစ်လျှင်ပင် နောက်ဆုံး၌ စွမ်းရည်က အခြားသူများလောက် မကောင်းမွန်ဘဲ စမ်းသပ်ချက်မျှော်စင်ရှိ ထိုမိစ္ဆာကောင်များ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လျှင်၊ အခြား ကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လျှင်ပင် ကိစ္စမရှိချေ။
အဘယ်ကြောင့်ဆိုသော် သူတို့က ပြန်လည် ရှင်သန်လာနိုင်သောကြောင့်ဖြစ်၏။
မင်း မှန်းဆကြည့်နိုင်သည့်အတိုင်းပင်။
ဤစမ်းသပ်ချက်မျှော်စင်က သူတို့အတွက် မည်မျှ ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသနည်း။
အလားတူပင် စမ်းသပ်ချက်မျှော်စင် အတွင်းသို့ မဝင်ရောက်ခဲ့ရသော ထိုကျင့်ကြံသူများမှာ အပြင်ဘက်မှနေ၍ စောင့်ကြည့်နေရုံသာ ဖြစ်သော်လည်း။
အပြင်ဘက်မှ ကြည့်နေလျှင်ပင် စမ်းသပ်ချက်မျှော်စင် အတွင်း၌ ရှင်းလင်းခံလိုက်ရသော ကျင့်ကြံသူများကြားမှ ကွာခြားချက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
စမ်းသပ်ချက်မျှော်စင်၏ အရေးပါမှုကိုလည်း သူတို့သိရှိသွားကြ၏။
ဤသည်က သူတို့ကို မည်သို့ စိတ်မလှုပ်ရှားစေဘဲ နေနိုင်မည်နည်း။
စီနီယာ၏ ကြီးမားလှသော ကျေးဇူးတရားက ကျူးရှို့တိုက်ကြီး၏ အကျိုးအတွက်ဖြစ်ပြီး ရိုးရှင်းစွာပင် ပြန်လည်ပေးဆပ်၍ မရနိုင်တော့ချေ။