အခန်း ၉၃၂
Vol. 89 Ch. 932
အခန်း (၉၃၂) - တစ်ဦးတည်းအင်အားဖြင့် လူသားမျိုးနွယ်အား ထောက်ပံ့ခြင်း၊ ရေမြင့်လျှင် ကြာတင့်သည် (၂)
မည်သို့ပင်ဆိုစေ ဖုန်းရှီးကျွန်း တစ်ကျွန်းလုံးကို တစ်ပေါင်းတစ်စည်းတည်း စီမံကိန်းချမှတ်ထားခြင်းဖြစ်ပြီး ကျပန်း မြို့များ တည်ဆောက်ထားခြင်းမျိုး မဟုတ်ပေ။
မြို့တိုင်းတွင် ကွဲပြားသော လုပ်ဆောင်ချက်များ ရှိနေမည် ဖြစ်၏။
အခြေခံအားဖြင့် ဖုန်းရှီးကျွန်းတွင် နေထိုင်သော လူသားတိုင်းသည် အတိုင်းအတာတစ်ခုအထိ တာဝန်များကို ယူရမည်ဖြစ်သည်။
ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါးခွဲခြားခြင်း၊ သတ္တုတူးဖော်ခြင်း စသည်တို့ ဖြစ်၏။
ကျွန်းတစ်ကျွန်းလုံးသည် မိမိဖာသာ ရပ်တည်နိုင်ရန် လိုအပ်ပေသည်။
ဤသို့ဆိုလျှင် ဖုန်းရှီးကျွန်းမှ မထွက်ခွာနိုင်ပါကလည်း ကျွန်းပေါ်ရှိ အရင်းအမြစ်များဖြင့် ကျင့်ကြံသူများစွာ၏ ကျင့်ကြံခြင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကာ လူသားမျိုးနွယ်ကျင့်ကြံသူများကို လျင်မြန်စွာ ကြီးထွားလာစေရန် ကူညီပေးနိုင်လေသည်။
ဖုန်းရှီးကျွန်းသည် ပြီးပြည့်စုံသော နိုင်ငံတစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုနှင့် အမှန်တကယ်ပင် များစွာကွာခြားမှု မရှိတော့ဟု ဆိုနိုင်ပေသည်။
"ဒီလိုဆိုရင် ဖုန်းရှီးကျွန်းပေါ်က လူဦးရေက အရမ်းများနေမှာပေါ့..."
ဝူတိက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
တစ်ဖက်လူ၏ ပြောပြချက်များအရ ဖုန်းရှီးကျွန်းပေါ်တွင် နေထိုင်သည့် လူဦးရေသည် ရေတွက်၍မရနိုင်လောက်အောင် များပြားနေမည်မှာ သေချာလှပေသည်။
သို့မဟုတ်ပါက ဤမျှကြီးမားသော ကျွန်းကြီးကို မည်ကဲ့သို့ တိုးတက်အောင် လုပ်ဆောင်နိုင်ပါမည်နည်း။
"မှန်တယ်။ လောလောဆယ် ဖုန်းရှီးကျွန်းရဲ့ လူဦးရေက ဘီလီယံတစ်ရာ့သုံးဆယ်လောက် ရှိမယ်..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က သေချာစဉ်းစားပြီးနောက် ခန့်မှန်းခြေ ကိန်းဂဏန်းတစ်ခုကို ပြောပြလာလေသည်။
"လူဦးရေ ဘီလီယံတစ်ရာကျော်... ဒီကျွန်းက ဒီလောက်များတဲ့ ကျင့်ကြံသူတွေကို ကျွေးမွေးနိုင်လို့လား..."
ဝူတိမှာ လုံးဝကို ကြက်သေသေသွားခဲ့ရချေသည်။
သူမည်မျှပင် တွေးတောမှန်းဆကြည့်စေကာမူ ဖုန်းရှီးကျွန်းပေါ်ရှိ လူဦးရေသည် ဤမျှအထိ များပြားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဤသည်မှာ အလွန်ပင် ချဲ့ကားလွန်းရာကျနေပေသည်။
ဘီလီယံတစ်ရာကျော်သော လူဦးရေထဲတွင် ကျင့်ကြံသူမည်မျှ မွေးဖွားလာမည်ကိုပင် မသိနိုင်ချေ။ ဤသည်မှာ ထိုက်တောင်ကြီးကိုထိုင်စားနေသကဲ့သို့ ဖြစ်ပြီး ကျွန်းတစ်ကျွန်းလုံး ပြောင်သလင်းခါသွားသည်အထိ စားသုံးပစ်ရန် လုံလောက်လေသည်။
"ဟားဟား… ပြဿနာမရှိတာ သေချာတာပေါ့။ ဒါတင်မကသေးဘူး ပိုတောင်ပိုနေသေးတယ်..."
"ပထမဆုံးက အစားအသောက် ပြဿနာမလား။ ဆိုတော့ ကျုပ်တို့က နေ့တိုင်း ကန္တာရသားရဲ အမြောက်အမြားကို အမဲလိုက်နိုင်တယ်လေ..."
"ဒီကန္တာရသားရဲတွေရဲ့ အသားတွေက ကျုပ်တို့ရဲ့ ထမင်းဝိုင်းပေါ်က အစားအစာတွေ ဖြစ်လာတာပေါ့..."
"တစ်ချိန်တည်းမှာပဲ ကန္တာရသားရဲတွေရဲ့ သွေး၊ အရေခွံ၊ အကြေးခွံ၊ လက်သည်း စတဲ့ အစိတ်အပိုင်းတွေကလည်း အစီအရင်၊ အဆောင်လက်ဖွဲ့နဲ့ မှော်ရတနာတွေအတွက် ကုန်ကြမ်းတွေ ဖြစ်လာနိုင်တယ်။ ကျင့်ကြံခြင်းအတွက် ကျုပ်တို့ရဲ့ လိုအပ်ချက် အမျိုးမျိုးကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်..."
"ဒါ့အပြင် စီနီယာကျိုးက ဝိညာဉ်ဆေးပင် စိုက်ပျိုးတဲ့ နည်းလမ်းကိုလည်း ကျွမ်းကျင်တယ်။ ကျုပ်တို့ ဖုန်းရှီးကျွန်းပေါ်က ဆေးခင်းများစွာမှာ ဝိညာဉ်ဆေးပင် အမြောက်အမြားကို စိုက်ပျိုးထားပြီး စိုက်ပျိုးချိန်ကိုပါ တိုတောင်းအောင် လုပ်ထားသေးတယ်။ အချိန်တိုအတွင်းမှာတင် ဝိညာဉ်ဆေးပင် အမြောက်အမြားကို စိုက်ပျိုးနိုင်တယ်..."
"ဒါကြောင့် ဖုန်းရှီးကျွန်းကနေ ထွက်တဲ့ ဆေးလုံးတွေဟာ အရင်တုန်းက ဖုန်းရှီးမြို့တော်တုန်းကထက်တောင် ပိုပြီး ဈေးသက်သာသေးတယ်..."
လူအများကလည်း အသီးသီး ဝင်ရောက်ဆွေးနွေးလာကြသည်။
အစပိုင်းတုန်းက သူတို့သည်လည်း ကျွန်းတစ်ကျွန်းတည်းဖြင့် ဤမျှများပြားသော လူသားများကို ကျွေးမွေးရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ သူတို့ကိုယ်တိုင်ပင် အပိုများကို တွေးပူနေခဲ့မိကြောင်း သိရှိလာခဲ့ကြရသည်။
အဘယ်ကြောင့်ဆိုသော် ကြယ်ကွဲပင်လယ်၏ အရင်းအမြစ် ကြွယ်ဝမှုမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် များပြားလှသောကြောင့် ဖြစ်လေသည်။
ရေတွက်၍မရနိုင်သော ကန္တာရသားရဲများရှိနေခြင်းကပင်လျှင် ၎င်းတို့အတွက် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ် အမြောက်အမြားကို ထောက်ပံ့ပေးနိုင်သည်။
ကျွန်းပေါ်တွင် ဖော်ထုတ်ထားသော ဝိညာဉ်စိုက်ခင်းများ၊ ဆေးခင်းများနှင့် အခြားအရာများအကြောင်းကို ပြောနေရန်ပင် မလိုတော့ချေ။ ၎င်းတို့သည် ဝိညာဉ်ဆန်နှင့် ဝိညာဉ်ဆေးပင်များကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်စွမ်းရှိပြီး မည်သည့်ကျင့်ကြံသူ၏ လိုအပ်ချက်ကိုမဆို ဖြည့်ဆည်းပေးရန် လုံလောက်ပေသည်။
ခြေတစ်လှမ်းမျှ အိမ်အပြင်မထွက်လျှင်ပင် သူတို့သည် အရင်းအမြစ် အလုံအလောက်ကို ရရှိနိုင်စွမ်း ရှိကြ၏။
တစ်ခုတည်းသော အားနည်းချက်မှာ ဖုန်းရှီးကျွန်းပေါ်တွင် တွင်းထွက်သတ္တုကြောများ ရှားပါးနေခြင်းပင် ဖြစ်သည်။ ဤသည်က လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ ကုန်ကြမ်းအများအပြား ပြတ်လပ်မှုဆီသို့ ဦးတည်သွားစေသည်။
သို့သော် ဤအချက်မှလွဲ၍ ကျန်သည့် ကျင့်ကြံခြင်း အရင်းအမြစ်များမှာ လုံးဝ ပြတ်လပ်မှု မရှိချေ။
ထို့အပြင် လက်တွေ့တွင်မူ ဤမျှဆိုလျှင် လုံးဝ လုံလောက်နေခဲ့ပြီ ဖြစ်၏။
အမှန်စင်စစ်အားဖြင့် လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ ကုန်ကြမ်းဆိုသည်များမှာလည်း မှော်ရတနာများ ဖန်တီးရာတွင် အသုံးပြုရန်သာ ဖြစ်ပေသည်။
သို့ရာတွင် ယခုအချိန်၌ ၎င်းတို့အနေဖြင့် အခြားရန်သူများနှင့် တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ မှော်ရတနာများ၏ စွမ်းအားက အနည်းငယ် ညံ့ဖျင်းနေလျှင်ပင် ကိစ္စမရှိပေ။ လုံလောက်သော ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများ ရှိနေသရွေ့ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်က အဆက်မပြတ် တက်လှမ်းနေနိုင်မည်သာ မဟုတ်ပါလော။
ထို့ကြောင့် ဤနှစ်များအတွင်း ဖုန်းရှီးကျွန်းတွင် မွေးဖွားလာခဲ့သည့် ကျင့်ကြံသူများမှာ ရေတွက်၍မရနိုင်အောင်ပင် များပြားလှသည်။
သာမန်လူသား အများစုပင်လျှင် ကိုယ်ခံပညာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရရှိခဲ့ကြပြီး ကိုယ်ခံပညာမှတစ်ဆင့် တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ်အမြစ်များ မွေးဖွားလာနိုင်ခဲ့ကြ၏။
"အဲဒီ စီနီယာကျိုးက သတ္တမအဆင့် အစီအရင်ပညာရှင်တင် မကဘဲ ဝိညာဉ်ဆေးပင် စိုက်ပျိုးတာကိုလည်း ကျွမ်းကျင်သေးတယ်လား..."
ဝူတိတစ်ယောက် လုံးဝကို အံ့ဩမှင်တက်သွားခဲ့ရပြန်သည်။
"ဝိညာဉ်ဆေးပင် စိုက်ပျိုးတာကို ကျွမ်းကျင်ရုံတင်မကဘူး။ သူကိုယ်တိုင်ကလည်း သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက်လေ..."
"အချိန်ကာလတစ်ခု ကြာတိုင်း တန်ဖိုးကြီးဆေးလုံး အမြောက်အမြားကို ဖော်စပ်လေ့ရှိတယ်..."
"အရင်တုန်းကဆို ကျုပ်တို့ ဖုန်းရှီးကျွန်းမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ရာဂဏန်းလောက်ပဲ ရှိတာ။ ဒါပေမဲ့ အခုတော့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်က ထောင်ဂဏန်းအထိ ရောက်နေပြီ။ အရေအတွက်က အဆပေါင်းများစွာကို တိုးလာတာ..."
"ဒီလိုအခြေအနေမျိုး ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ စီနီယာကျိုးက နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံတဲ့ ကျင့်ကြံသူတွေကို လေဟာနယ်သန့်စင်ခြင်းအဆင့်ဆီ အောင်အောင်မြင်မြင် တက်လှမ်းနိုင်အောင် ကူညီပေးတဲ့ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးတွေကို မကြာခဏဆိုသလို ဖော်စပ်ပေးနေလို့ပဲ..."
"မင်းရဲ့ ကျင့်ကြံမှုအဆင့်ကလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံတဲ့အထိ ရောက်နေပြီလို့ ထင်တယ်။ အကယ်လို့ ဖုန်းရှီးကျွန်းမှာသာ အကျိုးပြုမှတ် အလုံအလောက် စုဆောင်းနိုင်မယ်ဆိုရင် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး တစ်လုံးကို လဲလှယ်နိုင်ကောင်း လဲလှယ်နိုင်လိမ့်မယ်..."
ကျင့်ကြံသူအများအပြားက အပြုံးပန်းဝေဆာစွာဖြင့် ဝူတိကို ကြည့်လိုက်ကြ၏။
'ဘာ...'
ထိုစကားများကို ကြားလိုက်ရသောအခါ ဝူတိ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားရပြီး ရူးသွပ်မတတ် ဝမ်းသာလုံးဆို့သွားတော့သည်။
မိမိ၏ ကံတရားအထောက်အပံ့က ဤနေရာတွင် ကျရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ယခင် ယွင်ဇီမြို့တော်၌ ရှိနေစဉ်က ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးတစ်လုံး ရရှိရန်ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ခဲ့၏။
အခြေခံအားဖြင့် အဆိုပါဆေးလုံးများအားလုံးကို ထိုမိသားစုကြီးများကသာ လက်ဝါးကြီးအုပ်ထားလေ့ရှိကြပြီး၊ သူတို့ကဲ့သို့သော အခြေအနေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက် အလှည့်ကျလာရန် အကြောင်းမရှိချေ။
အကယ်၍ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရယူလိုပါက ထိုမိသားစုကြီးများ၏ နောက်လိုက်ခွေးအဖြစ် ခစားရမည်သာ ဖြစ်လေသည်။
သို့သော် သူကဲ့သို့သော အထက်ဘုံ တက်လှမ်းလာသူတစ်ဦးအနေဖြင့် မည်မျှပင် မာနကြီးမားမည်နည်း။ ဤကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ရန် မည်ကဲ့သို့ ဆန္ဒရှိပါမည်နည်း။
ယခုမူကား အရင်နှင့် မတူတော့ချေ။ ဖုန်းရှီးကျွန်းပေါ်တွင် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို အလွယ်တကူ ရရှိနိုင်နေချေသည်။
ဤသည်က အနာဂတ်တွင် သူ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် ရှိလာပြီဖြစ်ကြောင်း ကိုယ်စားပြုနေ၏။
"ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို လဲလှယ်ဖို့ဆိုရင် အကျိုးပြုမှတ် ဘယ်လောက်များ လိုအပ်မလဲ မသိဘူး..."
ဝူတိတစ်ယောက် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"ဒါကတော့ ကျုပ်တို့ ဖုန်းရှီးကျွန်းက အချောင်သမားတွေကို လက်မခံဘူးလေ။ ကျင့်ကြံသူတိုင်းက ကိုယ်ပိုင် အကျိုးပြုလုပ်ဆောင်ချက်တွေ ရှိရမယ်..."
"ဒါပေါ့ သတ်ဖြတ်တိုက်ခိုက်ရတဲ့ အရည်အချင်းတွေကိုတော့ ထည့်မပြောနဲ့တော့။ ကျုပ်တို့ ဖုန်းရှီးကျွန်းမှာ အခုချိန် အဲဒီလို ကျင့်ကြံသူမျိုးတွေ မလိုဘူး..."
"ဒါပေမဲ့ မင်းက ကျင့်ကြံခြင်းပညာရပ် တစ်ရာထဲကနေ တစ်ခုခုကိုတော့ ကျွမ်းကျင်ရမယ်။ ဒါမှသာ ဖုန်းရှီးကျွန်းမှာ အလုပ်လုပ်ပြီး ရှင်သန်နိုင်လိမ့်မယ်..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
သတ္တမအဆင့် အစီအရင်ကြီးနှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲများစွာ၏ ကာကွယ်မှုအောက်တွင် ဖုန်းရှီးကျွန်းမှာ ပြိုင်ဘက်ကင်းလောက်အောင် လုံခြုံနေသည်က သိသာထင်ရှားလှပေသည်။
အခြေခံအားဖြင့် အစောင့်တပ်ဖွဲ့များစွာပင် မလိုအပ်တော့ချေ။
ထို့ကြောင့် ကျင့်ကြံသူ အများစုမှာ ထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်လေသည်။
တိုက်ခိုက်ရေးစွမ်းရည် မလိုအပ်သည်အခါတွင်မူ သဘာဝကျကျပင် ကျင့်ကြံခြင်းဆိုင်ရာ အကူအညီပေးနိုင်မည့် အရည်အချင်းအမျိုးမျိုးကို လိုအပ်လာတော့သည်။
ဥပမာအားဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဆေးဖော်စပ်ခြင်း၊ မှော်ရတနာဖန်တီးခြင်း၊ အဆောင်ရေးဆွဲခြင်း၊ အစီအရင်ချထားခြင်း စသည်တို့ပင် ဖြစ်၏။
အချုပ်အားဖြင့်ဆိုရသော် ဘေးပေါက်အသက်မွေးဝမ်းကျောင်းပညာ မရှိသော ကျင့်ကြံသူများအနေဖြင့် ဖုန်းရှီးကျွန်းတွင် ဆက်လက်ရှင်သန်ရန် နည်းလမ်းမရှိပေ။