← Chapters

အခန်း ၉၃၃

Vol. 89 Ch. 933

အခန်း ၉၃၃

Vol. 89 Ch. 933

အခန်း (၉၃၃) - တစ်ဦးတည်းအင်အားဖြင့် လူသားမျိုးနွယ်အား ထောက်ပံ့ခြင်း၊ ရေမြင့်လျှင် ကြာတင့်သည် (၃)

"ကျုပ်ရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်းကတော့ မဆိုးပါဘူး..."

ဝူတိက အလွန်ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်လေသည်။

ပြေးလုံးဝူဖြစ်သည့် သူသည် ယခင် အောက်ဘုံတွင်ရှိနေစဉ်က နေရာအနှံ့ ခြေဆန့်ခဲ့ဖူးရာ သဘာဝကျကျပင် ဆေးဖော်စပ်ခြင်းပညာရပ်ကို သင်ယူတတ်မြောက်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကိုယ့်ဘာသာ လုပ်ဆောင်ခြင်းကသာ နေရေးစားရေးအတွက် ပြည့်စုံစေနိုင်သည် မဟုတ်ပါလော။

ကိုယ်တိုင် ဆေးလုံးများ ဖော်စပ်နိုင်သရွေ့ အခြားသူများကို တောင်းပန်တိုးလျှိုးနေရန် မလိုအပ်တော့ချေ။

ထို့ကြောင့် သူ၏ ဆေးဖော်စပ်မှုအဆင့်မှာလည်း ပဉ္စမအဆင့် အဆင့်မြင့်ပိုင်းတွင် ရှိနေခဲ့၏။

ဤသည်က အခြေခံအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများကြားတွင် ထိပ်တန်းအဆင့်၌ ရှိနေခြင်းပင် ဖြစ်၏။

"အို... မဆိုးဘူးပဲ။ အကယ်လို့ ဒီလိုဆိုရင်တော့ မင်း အကျိုးပြုမှတ်တွေကို မြန်မြန်ဆန်ဆန် ရနိုင်လိမ့်မယ်..."

"ဖုန်းရှီးကျွန်းပေါ်မှာ ဆေးဖော်စပ်ခြင်း မြို့တော်တစ်ခုလည်း ရှိတယ်။ အဲဒီထဲမှာ ဆေးဖော်စပ်ပညာရှင်တွေချည်းပဲ နေကြတာ..."

"အကယ်လို့ မင်းသာ အဲဒီထဲကို ဝင်နိုင်ပြီး နေ့တိုင်း ဆေးလုံး အမြောက်အမြားကို ဖော်စပ်နိုင်မယ်ဆိုရင် အကျိုးပြုမှတ် အမြောက်အမြားကို ရရှိနိုင်မှာပဲ..."

"ခန့်မှန်းခြေ နှစ်တစ်ထောင်လောက်ဆိုရင်တော့ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို လဲလှယ်ဖို့ အကျိုးပြုမှတ် အလုံအလောက် ရနိုင်လောက်မယ်..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က သေချာစဉ်းစားပြီးနောက် ပြောလိုက်၏။

မည်သို့ပင်ဆိုစေ ဖုန်းရှီးကျွန်းအတွက်မူ ဆေးဖော်စပ်ပညာရှင်များမှာ အလွန်ပင် ရှားပါးနေဆဲ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်ပညာရှင်ဆိုသည်မှာ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်တစ်ခုဖြစ်ပြီး ဆေးဖော်စပ်ပညာရှင်တစ်ယောက်ဖြစ်လာရန် အတိုင်းအတာတစ်ခုအထိ ပါရမီပါရန် လိုအပ်သောကြောင့်ပင်။

ထို့အပြင် ပါရမီပါသည့်တိုင် နှစ်ပေါင်းများစွာ အချိန်ယူ၍ ဆေးဖော်စပ်ကာ အတွေ့အကြုံများ စုဆောင်းမှသာလျှင် ထိပ်တန်းဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ဝူတိကဲ့သို့သော ပဉ္စမအဆင့် အဆင့်မြင့်ပိုင်း ဆေးဖော်စပ်ပညာရှင်တစ်ယောက်မှာ အလွန်တရာကို ကြိုဆိုလက်ခံခြင်း ခံရမည်သာ ဖြစ်၏။

"နှစ်တစ်ထောင် ဟုတ်လား..."

"အကယ်လို့ နှစ်တစ်ထောင်လောက် အချိန်ပေးပြီး ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရနိုင်မယ်ဆိုရင်တော့ လုံးဝကို ရတနာပုံဆိုက်ကိန်းဆိုက်တာပဲ..."

ဝူတိမှာ အလွန် စိတ်လှုပ်ရှားနေမိသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏အသက်မှာ နှစ်သုံးထောင်သာ ရှိသေးသောကြောင့်ပင်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် အသက်ခြောက်ထောင်အထိ နေထိုင်နိုင်စွမ်း ရှိသည့်အတွက် အသက်လေးထောင်အရွယ်၌ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရရှိလျှင်ပင် လူလတ်ပိုင်းအရွယ်ဟု သတ်မှတ်နိုင်သေးသည် မဟုတ်ပါလော။

အကယ်၍ အဆင့်တက်လှမ်းနိုင်ခဲ့ပါက တစ်မုဟုတ်ချင်းမှာပင် အသက် တစ်သောင်းနှစ်ထောင်အထိ အသက်ရှည်နိုင်ခွင့်ကို ရရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် နှစ်တစ်ထောင်မျှသာ စောင့်ဆိုင်းရမည့်အချိန်မှာ လုံးဝကို စောင့်ပျော်ပေသည်။

ရွှစ်...

သိပ်မကြာမီမှာပင် ဝူတိသည် လူအုပ်နှင့်အတူ တုန်းရှီးမြို့တော်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

မြို့တော်ကြီး၏ အသွင်အပြင်ကို သူ ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။ မြို့တစ်မြို့လုံးကို လေးထောင့်စတုရန်းပုံစံ အချိုးကျကျနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် စီစဉ်တည်ဆောက်ထားသည်။ ပတ်ပတ်လည်တွင် ကျောက်တုံးအိမ်လေးများကို ဆောက်လုပ်ထားကာ တားမြစ်အစီအရင်များစွာကို ထွင်းထုထားပေသည်။

ပြင်ပရန်သူ မရှိလျှင်ပင် မြို့တော်တိုင်း၌ အစီအရင်များကို ချထားဆဲပင်။

ဤသည်ကား အဆိုးရွားဆုံး အခြေအနေများအတွက် ကြိုတင်ကာကွယ်ထားခြင်းလည်း ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ မြူခိုးပင်လယ်နယ်မြေသာ ကျိုးပေါက်သွားခဲ့ပါက ဤတားမြစ်အစီအရင်များက ရန်သူများကို ခေတ္တမျှ တားဆီးပေးထားနိုင်စွမ်း ရှိပေသည်။

မှန်ပေသည်၊ သူက မြို့တော်၏ အသွင်အပြင်ကို သိပ်ပြီး ဂရုမစိုက်မိခြင်းပင်။ ဤကဲ့သို့သော မြို့တော်မျိုးကို သူ မြင်ဖူးသည်မှာ အလွန်များပြားနေပြီ ဖြစ်ကာ အခြေခံအားဖြင့် အားလုံးမှာ တစ်ပုံစံတည်းသာ ဖြစ်သဖြင့် တကယ်တမ်းတွင် ကြည့်စရာဘာမျှ မရှိလှချေ။

အမှန်တကယ် သူ ပို၍ အာရုံစိုက်မိသည်မှာ မြို့တော်အတွင်း၌ နေထိုင်ကြသော သာမန်လူသားများအပေါ်တွင် ဖြစ်၏။

ယွင်ဇီမြို့တော်မှ လူသားများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ လူသားများက အဆပေါင်းများစွာ ပို၍ သန်မာနေသည်ဟု သူ ခံစားလိုက်ရ၏။

လူတိုင်း၏ သွေးချီအရှိန်အဝါများမှာ ဆူပွက်နေကြပြီး သာမန် ချီသန့်စင်ခြင်းအဆင့်နှင့် အခြေတည်အဆင့် ကျင့်ကြံသူများထက် အနည်းငယ်မျှပင် နိမ့်ကျမနေချေ။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေကြ၏။

အချုပ်အားဖြင့်ဆိုရသော် သာမန်လူသားများနှင့် ကျင့်ကြံသူများ အတူတကွ နေထိုင်ကြသည့် မြင်ကွင်းမှာ အလွန်ပင် သဟဇာတဖြစ်နေပုံပေါ်သည်။

"စီနီယာ... ဒီနေရာက သာမန်လူသားတွေက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..."

ဝူတိမှာ မျက်လုံးများ ပြူးကျယ်သွားရပြီး ရင်ထဲတွင် အလွန်တုန်လှုပ်သွားလေသည်။

ဤနေရာရှိ လူသားများ၏ သန်မာမှုမှာ အနည်းငယ် လွန်ကဲနေပြီး ကျင့်ကြံသူများအောက် အနည်းငယ်မျှပင် နိမ့်ကျမနေကြောင်း သူ ခံစားမိ၏။

ထို့အပြင် အရေအတွက်မှာလည်း များပြားလှပေသည်။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သူသည် ဤမျှများပြားသော စွမ်းအားကြီး သာမန်လူသားသိုင်းသမားများကို မည်သည့်အချိန်က မြင်ဖူးခဲ့ပါမည်နည်း။

"ဒါက ပုံမှန်ကိစ္စပဲ မဟုတ်ဘူးလား..."

"ဒီနေရာက ကြယ်ကွဲပင်လယ်ဖြစ်ပြီး ကန္တာရသားရဲတွေ ရေတွက်လို့မရအောင် ရှိတယ်ဆိုတာကို သတိရ..."

"ကျုပ်တို့က အဲဒီကန္တာရသားရဲတွေကို အမဲလိုက်တဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တယ်လေ..."

"ဒီကန္တာရသားရဲတွေရဲ့ အသားနဲ့သွေးတွေကို ခန္ဓာကိုယ်သန့်စင်ဆေးလုံး၊ သွေးချီဆေးလုံး စတာတွေအဖြစ် ဖော်စပ်လို့ရတယ်..."

"ဒါ့အပြင် အမြောက်အမြားကို ထောက်ပံ့ပေးနိုင်တာမျိုးပေါ့..."

"အရင်က သာမန်လူတွေ ကိုယ်ခံပညာရွှေအမြုတေအဆင့်ကို မတက်လှမ်းနိုင်ခဲ့တာက အရင်းအမြစ် မလုံလောက်လို့ သက်သက်ပါပဲ..."

"စကားက နားဝင်မချိုပေမဲ့ အရင်းအမြစ်တွေသာ လုံလောက်မယ်ဆိုရင် ဝက်တစ်ကောင်တောင် တာအိုကို နားလည်ပြီး အင်မော်တယ် ဖြစ်လာနိုင်တာပဲ..."

"တကယ်တော့ အခုလည်း ဒီလိုပါပဲ..."

"အရင် ချန်လုံတိုက်ကြီးမှာ ရှိနေစဉ်က သာမန်လူတွေဟာ များပြားလှတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို မရရှိနိုင်ခဲ့ကြဘူး... ဒါကြောင့်မို့လို့ ကိုယ်ခံပညာရွှေအမြုတေအဆင့် ဖြစ်လာတဲ့သူတွေက လက်ချိုးရေတွက်လို့ရလောက်အောင် အရမ်းကို ရှားပါးနေခဲ့တာပေါ့..."

"ဒါပေမဲ့ အခုတော့ မတူတော့ဘူးလေ... ကန္တာရသားရဲအသားတွေကို အများအပြား ထောက်ပံ့မှုရလာတဲ့အတွက် သာမန်လူတွေဟာ ငယ်စဉ်ကတည်းက ကန္တာရသားရဲအသား အမျိုးမျိုးကို စားသုံးလာခဲ့ကြတယ်... သွေးချီတွေ အားကောင်းလာပြီး ကောင်းမွန်တဲ့ အုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြတယ်... ဒါဆိုရင် ကိုယ်ခံပညာရွှေအမြုတေအဆင့်ကို ရောက်ဖို့ဆိုတာ အရမ်းကို လွယ်ကူသွားပြီ..."

"ကိုယ်ခံပညာရွှေအမြုတေကို ရောက်တာနဲ့ စိတ်ဝိညာဉ်အမြစ်ကို စုစည်းပြီးတော့ ကိုယ်ခံပညာကနေတစ်ဆင့် တာအိုလမ်းစဉ်ထဲ ဝင်ရောက်နိုင်ပြီလေ..."

"ဒီလိုဆိုရင် သာမန်လူတွေလည်း ကျင့်ကြံသူတွေ ဖြစ်လာနိုင်ပြီပေါ့..."

"သာမန်လူတိုင်းဟာ ကျင့်ကြံသူတွေအတွက် အရန်အင်အားလို့တောင် ပြောလို့ရတယ်... အခြေခံအားဖြင့်တော့ ဖုန်းရှီးကျွန်းမှာ အားလုံးကို တန်းတူညီမျှ သဘောထားပါတယ်..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က ပြုံးလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

ယခင်က သူသည် သာမန်လူများကို များစွာအထင်မကြီးခဲ့ဘဲ မျိုးဆက်ပွားစေရမည့် အသုံးချခံတစ်ခုအဖြစ်သာ သဘောထားခဲ့လေသည်။

သာမန်လူများကို ကောင်းမွန်စွာ ဆက်ဆံပေးခြင်းမှာလည်း စိတ်ဝိညာဉ်အမြစ်ပါသော လူသားမြောက်မြားစွာကို မွေးဖွားပေးစေချင်သောကြောင့်သာ ဖြစ်၏။

သို့သော် ယခုတွင်မူကား မတူညီတော့ပေ။

သာမန်လူများသည် ယခုအခါ ကျင့်ကြံသူများအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာနိုင်ပြီး စိတ်ဝိညာဉ်အမြစ်ကိုပါ ကိုယ်တိုင် ဖန်တီးလာနိုင်ခဲ့ပြီ ဖြစ်‌သည်။

ထို့ကြောင့် သာမန်လူများနှင့် ကျင့်ကြံသူများအကြားတွင် တကယ်တမ်း၌ ကြီးမားသော ကွာခြားချက် မရှိတော့ချေ။

ထို့အပြင် ဤသို့ဆိုပါက ဖုန်းရှီးကျွန်းရှိ လူသားမျိုးနွယ်၏ အင်အားသည်လည်း အဆပေါင်းများစွာ မြင့်တက်လာပေလိမ့်မည်။

အနာဂတ်တွင် အဆင့်မြင့်ကျင့်ကြံသူများ ပေါ်ထွက်လာနိုင်ခြေမှာလည်း ပို၍ကြီးမားလာလေသည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အချိန်ကာလအတွင်း၌ ဖုန်းရှီးကျွန်း၏ အင်အားမှာလည်း ကောင်းကင်နှင့် မြေကြီး ‌မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ချေပြီ။

"ဒါကြောင့်လည်း ကိုယ်ခံပညာရှင်တွေ ဒီလောက်တောင် များနေတာကိုး... အရင်းအမြစ်တွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်လို့များလား..."

ဝူတိတစ်ယောက် ရုတ်တရက် နားလည်သဘောပေါက်သွား၏။

သူသည် လူသားမျိုးနွယ်၏ အလားအလာကို အနည်းငယ် အထင်သေးမိခဲ့ကြောင်း ခံစားလိုက်ရ၏။

ယခင်က လူသားမျိုးနွယ်၏အင်အား အားနည်းနေရခြင်းမှာ သာမန်လူများ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်ခဲ့သောကြောင့်ပင် ဖြစ်ပေသည်။

အကယ်၍ နောင်တစ်ချိန်တွင် လူသားမျိုးနွယ်တိုင်းသာ စိတ်ဝိညာဉ်အမြစ်ကို ဖန်တီးနိုင်မည်ဆိုပါက လူတိုင်းသည် ကျင့်ကြံသူများ ဖြစ်လာကြမည်ဖြစ်ပြီး ဤသည်မှာ အလွန်တရာမှကို အံ့မခန်းဖြစ်ပေလိမ့်မည်။

လူသားမျိုးနွယ် အင်အားတိုးတက်လာမည့် အမြန်နှုန်းမှာ အခြားမျိုးနွယ်စုများထက် မည်မျှအထိပင် များပြားမည်ကို မှန်းဆ၍မရနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ လူသားကျင့်ကြံသူများ၏ တိုးတက်မှုအမြန်နှုန်းမှာ အခြားမျိုးနွယ်စုမှ ကျင့်ကြံသူများထက် များစွာပို၍ မြန်ဆန်ပေသည်။

အချိန်ကာလ နှစ်ရာပေါင်းများစွာအတွင်း၌ပင် ဝိညာဉ်သန္ဓေသားအဆင့် သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများကိုပင် ဖန်တီးနိုင်စွမ်း ရှိလေသည်။

"မှန်တယ်... အရင်းအမြစ်တွေက တကယ်ကို အရမ်းအရေးကြီးတာပေါ့..."

"အရင်က ကျုပ်တို့လူသားတွေဟာ အခြေခံအားဖြင့် အာဟာရချို့တဲ့နေတဲ့ အခြေအနေမှာ ရှိနေခဲ့ကြတာလေ..."

"ဒီလိုဆိုရင် အခြားမျိုးနွယ်စုတွေရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..."

"အကယ်လို့ ကျုပ်တို့လူသားတိုင်းသာ ကောင်းမွန်တဲ့ ပြုစုပျိုးထောင်မှုတွေ ရရှိခဲ့မယ်ဆိုရင် အဆင့်မြင့် သိုင်းပညာရှင် အများအပြားကို သေချာပေါက် မွေးထုတ်ပေးနိုင်မှာပဲ..."

"အဲ့ဒီအချိန်ရောက်ရင် ဝိညာဉ်လောကရဲ့ ဧရာမမျိုးနွယ်စုကြီးတစ်ခု ဖြစ်လာဖို့ဆိုတာတောင် မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်တော့ဘူး..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က လက်သီးဆုပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ပြင်းပြသော ရည်မှန်းချက်များ ပေါ်လွင်နေ၏။

လူသားမျိုးနွယ်သာ ဤအတိုင်း ဆက်လက်တိုးတက်သွားမည်ဆိုပါက ကြယ်ကွဲပင်လယ်၌ အနှေးနှင့်အမြန် နေရာတစ်နေရာ ရရှိလာနိုင်လိမ့်မည်ဟု သူ တွေးတောမိတော့၏။

All Chapters