အခန်း ၉၃၄
Vol. 89 Ch. 934
အခန်း (၉၃၄) - လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ရှစ်ဆယ့်တစ်လွှာ မိုးကြိုးပြာကပ်ဘေးနှင့် လေဟာနယ်ကို ဖြတ်ကူးနိုင်သော ရုပ်ခန္ဓာ (၁)
"နောက်ထပ် ကျုပ်တို့ ဘယ်ကိုသွားကြရမှာလဲ..."
ဝူတိက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။
တစ်ဖက်လူက မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို သူ သိချင်နေခဲ့သည်။
"ဒါကတော့ သဘာဝကျကျပဲ ဖုန်းရှီးမြို့တော်ကိုပေါ့..."
"မင်းက ချန်လုံတိုက်ကြီးကနေ ရောက်လာတဲ့ လူသားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်း လူသားမျိုးနွယ်ရဲ့ တိုးတက်မှုအကြောင်းတွေကို သိထားတာကိုး..."
"ဒါက တန်ဖိုးရှိတဲ့ သတင်းအချက်အလက် အရင်းအမြစ်တစ်ခုလို့ ပြောလို့ရတယ်... ဒါကြောင့် ဖုန်းရှီးမြို့တော်က အထက်လူကြီးတွေကလည်း မင်းနဲ့တွေ့ဆုံပြီး တချို့ကိစ္စတွေကို မေးမြန်းချင်နေကြတယ်..."
"ဒီကိစ္စတွေ ပြီးသွားရင်တော့ မင်းလည်း ဒီမှာ ကိုယ့်ရဲ့ ဇာတ်မြစ်ကို စာရင်းသွင်းလို့ရပါပြီ..."
"ဖုန်းရှီးကျွန်းမှာ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရသွားပြီပေါ့..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က ဝူတိအပေါ် သူ၏အစီအစဉ်ကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်၏။
"ကောင်းပါပြီ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝူတိက ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်မိပြီး သူ၏ အနာဂတ်မှာ လုံးဝစိတ်ချရသွားပြီဟု တွေးတောလိုက်မိ၏။
သူ၏ စိတ်ထဲတွင်လည်း အလွန်ပင် ဝမ်းမြောက်နေလေသည်။
'တကယ်ပဲ… အင်အားကြီးအဖွဲ့အစည်းရဲ့ အကာအကွယ်ရတာက ပိုကောင်းတာပဲ... အရင်တုန်းက ငါ ကြယ်ကွဲပင်လယ်မှာ ပေါ်လာတုန်းက တစ်ကောင်ကြွက်ဖြစ်နေတော့ ဘယ်မျိုးနွယ်ခြားကျင့်ကြံသူကမဆို ငါ့ကိုမြင်တာနဲ့ သတ်ဖြတ်ပြီး ရတနာလုချင်ကြတာချည်းပဲ...'
'ဒီကာလအတွင်း ငါ့မယ် အိပ်တောင်မအိပ်ရဲဘဲ အမြဲတမ်း သတိဝီရိယရှိနေခဲ့ရတယ်လို့ ပြောလို့ရတယ်...'
'ဘာမှန်းမသိလိုက်ခင် ရန်သူတွေက ငါ့ခေါင်းကို ခုတ်ဖြတ်သွားပြီး နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တဲ့ ငါ့ရဲ့တာအိုစွမ်းအင်တွေ တစ်ခဏအတွင်းမှာ ပျက်စီးသွားမှာကို အရမ်းကြောက်နေခဲ့ရတာ...'
ဝှစ်...
အချိန်သိပ်မကြာလိုက် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်၏ ဦးဆောင်မှုအောက်တွင် တုန်းရှီးမြို့၏ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို စီးနင်းလိုက်ပြီးနောက် တစ်ခဏအတွင်းမှာပင် ဖုန်းရှီးမြို့တော်ဆီသို့ ရောက်ရှိသွားခဲ့လေသည်။
"ဒီနေရာက ဖုန်းရှီးမြို့တော်လား..."
ဝူတိက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ဤသည်မှာ ဖုန်းရှီးကျွန်း၏ အကြီးဆုံးမြို့တော်ဖြစ်သည့်အလျောက် ဝိညာဉ်ချီသိပ်သည်းဆမှာ အလွန်ကို မြင့်မားလွန်းလှပြီး အခြားမည်သည့်နေရာနှင့်မျှ ယှဉ်၍မရနိုင်ကြောင်း သူ ခံစားလိုက်ရ၏။
သို့ရာတွင် မကြာမီ၌ပင် သူ မော့ကြည့်လိုက်ရာ ကောင်းကင်ယံထက်တွင် အချိန်မည်မျှကတည်းက ပေါ်ပေါက်လာမှန်းမသိသော ထူထဲလှသည့် အနက်ရောင်တိမ်တိုက်လွှာတစ်ခုကို ချက်ချင်းပင် မြင်လိုက်ရပြီး ၎င်းသည် ကီလိုမီတာ သိန်းနှင့်ချီသော ဧရိယာကို ဖုံးလွှမ်းထားလေသည်။
၎င်းသည် ဖုန်းရှီးကျွန်း၏ အဓိကနယ်မြေကို လွှမ်းခြုံထားပုံရပေသည်။
ကောင်းကင်ထက်တွင် တစ်ချက်တစ်ချက်၌ အပြာရောင်ကပ်ဘေးမိုးကြိုးများ ပေါ်ထွက်လာပြီး လူကို ကြက်သီးမွေးညင်းထစေ၏။
"ဒါက လေဟာနယ်သန့်စင်ခြင်းအဆင့် မိုးကြိုးကပ်ဘေးပဲ... တစ်ယောက်ယောက်များ ကပ်ဘေးကျော်ဖြတ်နေတာလား..."
"ဒါပေမဲ့ တကယ်တမ်း ဘယ်သူများ ကပ်ဘေးကျော်ဖြတ်နေတာလဲ... ဘာလို့ ကပ်ဘေးကျော်ဖြတ်တဲ့ ထူးကဲဖြစ်စဉ်က ဒီလောက်တောင် ကြီးမားနေရတာလဲ..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝူတိခမျာ လုံးဝ ကြက်သေသေသွားရတော့သည်။
လူများ ကပ်ဘေးကျော်ဖြတ်သည်ကို သူ မမြင်ဖူးသည်ကား မဟုတ်ပေ။ သို့သော် ကပ်ဘေးကျော်ဖြတ်သည့် ထူးကဲဖြစ်စဉ်သည် အများဆုံးမှ မိုင်တစ်သောင်းခန့်သာ ဖုံးလွှမ်းလေ့ရှိ၏။
သို့သော် ယခုမူကား ၎င်းသည် ကီလိုမီတာ သိန်းပေါင်းများစွာမှသည် ကီလိုမီတာ သန်းပေါင်းများစွာအထိပင် ဖုံးလွှမ်းနေခဲ့ချေပြီ။
ကောင်းကင်ယံထက်တွင် တစ်ချက်တစ်ချက် ပေါ်ထွက်လာသော ကပ်ဘေးမိုးကြိုးများက သူ့ကို ထိတ်လန့်တုန်လှုပ်စေပြီး တဆတ်ဆတ် တုန်ယင်စေလေသည်။
ကျပန်း ကပ်ဘေးမိုးကြိုးတစ်ချက် ပစ်ချလိုက်ရုံဖြင့် သူကိုယ်တိုင် ပြာကျပျောက်ကွယ်သွားနိုင်လောက်သည်။
"ဒါက ၈၁ ဆင့် မိုးကြိုးပြာကပ်ဘေးပဲ..."
"ဒီလောက် အံ့မခန်းဖြစ်စေတဲ့ မိုးကြိုးပြာကပ်ဘေးကို ဆွဲဆောင်နိုင်တာ ဖုန်းရှီးကျွန်းတစ်ခုလုံးမှာ လူတစ်ယောက်ပဲ ရှိတယ်..."
"အဲ့ဒါက တာအိုရောင်းရင်းကျိုးပဲ..."
"တာအိုရောင်းရင်းကျိုးက လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို တက်လှမ်းတော့မှာလား... ဒါက အရမ်းကို မြန်လွန်းနေပြီ..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်မှာ မျက်ဆန်များ ကျုံ့ဝင်သွားပြီး တီးတိုးရေရွတ်လိုက်ကာ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ တုန်လှုပ်သွား၏။
သူသည် ယခုအခါတွင် အံ့သြဝမ်းသာဖြစ်နေ၏။
"တာအိုရောင်းရင်းကျိုး ကပ်ဘေးကျော်ဖြတ်နေတာလား... လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို တက်လှမ်းတော့မှာလား..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝူတိ၏ မျက်လုံးများက တောက်ပသွား၏။
တာအိုရောင်းရင်းကျိုးဆိုသည်မှာ မည်သူဖြစ်ကြောင်းကို သူ သဘာဝကျကျပင် သိထားပေသည်။
အမှန်အတိုင်းဆိုရလျှင် သူ့ရှေ့မှောက်ရှိ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ ဤမျှ ရိုသေလေးစားနေသည့်ပုံစံအရ ဖုန်းရှီးကျွန်းကို အံ့မခန်း အပြောင်းအလဲများ ယူဆောင်လာပေးခဲ့သည့် ကျိုးစွေ့မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။
ထို့အပြင် ဤစီနီယာကျန်းဖန်သည် အဘယ်ကြောင့် ဤမျှတုန်လှုပ်ပြီး မယုံကြည်နိုင်ဖြစ်နေရသည်ကိုလည်း သူ နားလည်လေသည်။
အဘယ်ကြောင့်ဆိုသော် ယခင်သတင်းအချက်အလက်များအရ ထိုကျိုးစွေ့သည်လည်း သူ့နည်းတူ အောက်ကမ္ဘာမှ တက်လှမ်းလာသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ယခုအချိန်အထိ အသက်မှာ တစ်ထောင့်တစ်ရာမျှသာ ရှိသေးသောကြောင့်ပင်။
သူ့ကိုယ်သူနှင့် နှိုင်းယှဉ်ပါက မည်မျှပင် ငယ်ရွယ်နေသေးသည်ကို မှန်းဆ၍ပင် မရနိုင်ပေ။
သို့သော် ယခုမူကား တစ်ဖက်လူသည် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ချိုးဖြတ်တော့မည်ဖြစ်ပြီး သူကိုယ်တိုင်မှာမူ နတ်ဘုရားအသွင်ပြောင်းခြင်း ပြီးပြည့်စုံသောအဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။
တကယ်ကို လူအချင်းချင်း နှိုင်းယှဉ်မိလျှင် ဒေါသထွက်စရာပင်။ တစ်ဦးနှင့်တစ်ဦးကြားရှိ ကွာဟချက်မှာ တကယ်ကို ကြီးမားလွန်းလှပေသည်။
လုံးဝကို တစ်တန်းတည်းထား၍ မရနိုင်ပေ။
အမှန်အတိုင်းဆိုရလျှင် ထိုကျိုးစွေ့တစ်ယောက် မည်သို့ ကျင့်ကြံနေသည်ကို သူ မသိပေ။ ကျင့်ကြံမှုအမြန်နှုန်းမှာ တကယ်ကို အလွန်အမင်း ချဲ့ကားထားသကဲ့သို့ ဖြစ်နေလေသည်။
"ဒါပေမဲ့ ဒါကလည်း ကောင်းတဲ့ကိစ္စတစ်ခုပါပဲ..."
"ချိုးဖြတ်တာ အောင်မြင်သွားပြီဆိုရင် ခန္ဓာပေါင်းစည်းခြင်းအဆင့်နဲ့ သိပ်မဝေးတော့ဘူးလေ..."
"အကယ်လို့ တာအိုရောင်းရင်းကျိုးသာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်လာမယ်ဆိုရင် ဖုန်းရှီးကျွန်းက တကယ်ကို ကောင်းကင်နဲ့ မြေကြီး မှောက်ခုံလန်သွားသလို အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်တယ်..."
"အဲ့ဒီအချိန်ရောက်ရင် ဒီပင်လယ်ပြင်မှာ နေရာတစ်နေရာကို သိမ်းပိုက်နိုင်လိမ့်မယ်..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
သူသည် ကျိုးစွေ့၏ တိုးတက်မှုအပေါ်တွင် မည်သည့်မနာလိုစိတ်မျှ မရှိချေ။ မည်သို့ပင်ဆိုစေ တစ်ဦးနှင့်တစ်ဦးကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသဖြင့် သူသည် မနာလိုဖြစ်ရန်ပင် မတတ်နိုင်ဘဲ ရင်ထဲမှ လှိုက်လှဲသောလေးစားမှုသာ ရှိလေသည်။
ထို့အပြင် ကျိုးစွေ့၏ ကျင့်ကြံခြင်းစွမ်းရည် ပို၍ အားကောင်းလာလေလေ ဖုန်းရှီးကျွန်းနှင့် လူသားကျင့်ကြံသူတိုင်းအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာလေလေပင် ဖြစ်သည်။
ဤသည်မှာ ‘လူတစ်ယောက် တာအိုကို နားလည်သဘောပေါက်သွားပါက အနီးနားရှိ ကြက်နှင့် ခွေးများပင် ကောင်းကင်ဘုံသို့ တက်လှမ်းခွင့်ရသည်’ ဆိုသည့်စကားအတိုင်းပင် ဖြစ်၏။
အခြေခံအားဖြင့် ဖုန်းရှီးကျွန်းရှိ လူသားတိုင်းသည် ကျိုးစွေ့၏ ကျင့်ကြံခြင်းစွမ်းရည် တိုးတက်မှုမှ အကျိုးကျေးဇူးများ ရရှိနေကြလေသည်။
နှစ်ဖက်စလုံးသည် စောစီးစွာကတည်းက အကျိုးစီးပွားတူ အဖွဲ့အစည်းတစ်ခုဖြစ်နေပြီး အချင်းချင်း အထောက်အကူပြုနေကြသည်။
မှန်ပေသည်၊ ဤကိစ္စကို လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်သာ သိရှိနေခြင်း မဟုတ်ပေ။
ကောင်းကင်ကပ်ဘေး ပေါ်ထွက်လာသည့်အချိန်မှာပင် ဖုန်းရှီးမြို့တော်တစ်ခုလုံးရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာတို့သည်လည်း ကျိုးစွေ့ ကပ်ဘေးကျော်ဖြတ်တော့မည်ကို ပထမဆုံးအချိန်၌ပင် သိရှိသွားကြလေသည်။ ဤသည်မှာ ဖုံးကွယ်ထား၍ မရနိုင်သော ကိစ္စတစ်ခုလည်း ဖြစ်ပေသည်။
"လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်တော့မယ်တဲ့လား... တာအိုရောင်းရင်းကျိုးက တကယ်ကို အရမ်းစွမ်းလွန်းတယ်... လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ကို တက်လှမ်းတာ ဘယ်နှစ်နှစ်တောင် ရှိသေးလို့လဲ...”
“အစက သူ ချိုးဖြတ်ဖို့ အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ အချိန်ယူရမယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ နှစ်ပေါင်း နှစ်ရာ၊ သုံးရာလောက်ပဲ ကြာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ... ဒီလိုကျင့်ကြံမှုနှုန်းက လူကို အရမ်းတုန်လှုပ်စေတာပဲ..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်၏။
အကယ်၍ သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသာဆိုပါက လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်၏ အဆို့အတားကို ချိုးဖြတ်ရန် မည်သူက နှစ်ထောင်ပေါင်းများစွာ အချိန်မယူရဘဲ နေမည်နည်း။ သို့သော် ယခုမူကား ကျိုးစွေ့သည် အဆို့အတား လုံးဝမရှိသည့်အလား ချိုးဖြတ်မည်ဟု ဆိုလိုက်သည်နှင့် ချိုးဖြတ်သွားလေသည်။
ဤသည်က သူတို့ကို မည်သည့် ကြိုတင်ပြင်ဆင်မှုမျှ မရှိစေခဲ့ပေ။
"အမှန်အတိုင်းပြောရရင် သမိုင်းမှာရှိတဲ့ အင်မော်တယ်စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတွေ ဒါမှမဟုတ် အင်မော်တယ်ဝင်စားတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် ဒီလိုကျင့်ကြံမှုနှုန်းက နည်းနည်းတော့ နှေးနေသေးတာ အမှန်ပဲ... ကြားရသလောက်ဆို အဲ့ဒီအင်မော်တယ်ဝင်စားတဲ့သူတွေက နှစ်တစ်ထောင်အတွင်းမှာပဲ မဟာယာနအဆင့် ကျင့်ကြံသူတွေ ဖြစ်လာနိုင်တယ်တဲ့..."
"ဒီလိုကြည့်ရရင် တာအိုရောင်းရင်းကျိုးက အင်မော်တယ်ဝင်စားတာမျိုး မဟုတ်လောက်ဘူး... ဒီနေ့ ဒီလိုအောင်မြင်မှုမျိုး ရရှိလာတာက သူကိုယ်တိုင်ရဲ့ ပါရမီနဲ့ ကံတရားကြောင့်သက်သက် ဖြစ်နိုင်တယ်..."
အခြားလေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါး၏ မျက်လုံးများက တောက်ပသွားပြီး စိတ်ထဲမှ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်၏။
ယခင်က လူအတော်များများမှာ ကျိုးစွေ့တစ်ယောက် ဤမျှ တိုးတက်မှုမြန်ဆန်နေခြင်းမှာ အင်မော်တယ်ဝင်စားသူ ဖြစ်သောကြောင့်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် ယခု ကျိုးစွေ့၏ တိုးတက်မှုအမြန်နှုန်းကို ကြည့်လိုက်သောအခါ အစစ်အမှန် အင်မော်တယ်ဝင်စားသူများနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ကွာဟနေသေးသည်ကို မသိနိုင်လောက်အောင် ဖြစ်ပုံရချေသည်။