အခန်း ၉၃၆
Vol. 89 Ch. 936
အခန်း (၉၃၆) - လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ရှစ်ဆယ့်တစ်လွှာ မိုးကြိုးပြာကပ်ဘေးနှင့် လေဟာနယ်ကို ဖြတ်ကူးနိုင်သော ရုပ်ခန္ဓာ (၃)
မှန်ပေ၏၊ သူမသည် မိမိ၏ ညီအစ်မများနှင့် မိမိယောက်ျားကို အစောကြီးကတည်းက စီစဉ်ချင်ခဲ့သော်လည်း တစ်ဖက်လူက လက်မခံမည်ကိုသာ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုကြည့်ရသည်မှာ စစ်ယွီရှီးတွင် ထိုသို့သော အတွေးမျိုး အစောကြီးကတည်းက ရှိနေခဲ့ပုံရသည်။
"နင်ကလည်း ဘယ်လိုစကားမျိုး ပြောနေတာလဲ... ကိုယ့်ယောက်ျားအတွက် မိန်းမ လိုက်ရှာပေးနေရတယ်လို့..."
ထောင်ချီလီက အံကြိတ်လိုက်ပြီး မည်သို့ပြောရမှန်းပင် မသိတော့ဘဲ ပိုင်စုကျဲ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်လက်၍ ရှာဖွေပေးနေမည်ဆိုပါက သူမတို့၏ ယောက်ျားတွင် ဇနီးမယား မည်မျှရှိလာမည်ကိုပင် မသိနိုင်တော့ချေ။
"ဘာမကောင်းတာ ရှိလို့လဲ... ကျွန်မထင်တာတော့ ယောက်ျားရဲ့ လက်ရှိမယားတွေက နည်းလွန်းနေသေးတယ်... ကျွန်မအပါအဝင်ဆိုရင်တောင် နှစ်ယောက်သုံးယောက်ပဲ ရှိသေးတာလေ... အနာဂတ်လူသားမျိုးနွယ် ဧကရာဇ်တစ်ပါးအနေနဲ့ ဒီလောက်မယားလေးပဲ ရှိတာက တကယ်ကို နည်းလွန်းအားကြီးနေတယ်..."
"ကျွန်မခမည်းတော်လို ကိုယ်လုပ်တော် သုံးထောင်လောက် ရှိစရာ မလိုဘူးဆိုရင်တောင်..."
"အနည်းဆုံး အယောက်ဒါဇင်လောက်ကတော့ သေချာပေါက် လိုအပ်မှာပဲလေ..."
ပိုင်စုကျဲ့က လက်ချောင်းများကို ရေတွက်ကာ အတိအကျ ပြောပြလိုက်၏။
ဤသည်မှာ အမှန်တကယ်တမ်း ဝိညာဉ်ကမ္ဘာရှိ လူသားမျိုးနွယ်များ၏ မျိုးရိုးဗီဇအနက်ရှိုင်းဆုံးနေရာတွင် ကိန်းအောင်းနေသည့် အနာဂတ်အန္တရာယ်ကို စိုးရိမ်စိတ်ကြောင့် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းသန်းချီအတွင်း လူသားမျိုးနွယ်သည် အလွန်အမင်း အားနည်းခဲ့ပြီး မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်နှင့် အမြဲတစေ ရင်ဆိုင်နေခဲ့ရသောကြောင့်ပင်။
မျိုးတုံးပျောက်ကွယ်မည့် အခြေအနေမှ လွတ်မြောက်လိုပါက ကလေးအများအပြား မွေးဖွားရန် လိုအပ်သည် မဟုတ်ပါလော။
ထို့အပြင် များများမွေးဖွားနိုင်လေ ပိုကောင်းလေ ဖြစ်၏။
ဤသို့ဆိုလျှင် လူသားမျိုးနွယ်တွင် အဆုံးအစမရှိသော မျိုးဆက်သစ်များ အမြဲတစေ ပေါ်ထွက်လာပေမည်။
လူသားမျိုးနွယ် ဧကရာဇ်သည် လူသားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးအနေဖြင့် သဘာဝကျကျပင် စံနမူနာပြကာ ကလေးအများအပြား မွေးဖွားပေးရန် လိုအပ်ပြီး ဤသို့မှသာ မျိုးဆက်မပြတ်စေရန် အာမခံနိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် တော်ဝင်မျိုးနွယ်စု၏ လူဦးရေမှာ အလွန်တရာ ကြီးမားပြားများလှသည်။
အခြေခံအားဖြင့် ဧကရာဇ်မြို့တော်အတွင်း နေထိုင်ကြသူ အများစုမှာ တော်ဝင်မိသားစုဝင် ဆွေမျိုးများ ဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး ဆက်စပ်နေကြလေသည်။
ထို့ကြောင့် သူမသည် မိမိ၏ယောက်ျား လက်ထပ်ထားသော မိန်းမအရေအတွက်မှာ အလွန်အမင်း နည်းပါးလွန်းသည်ဟု ခံစားနေရခြင်း ဖြစ်သည်။
ယခုအချိန်အထိ ဇနီးမယား သုံးဦးသာ ရှိနေခြင်းမှာ ခြိုးခြံချွေတာသော ရသေ့တစ်ပါးကဲ့သို့ပင် ဖြစ်နေချေပြီ မဟုတ်ပါလော။
"အင်း... ယောက်ျားက တကယ်ကို ရသေ့တစ်ပါးလို ဖြစ်နေရှာတာ..."
"သူသာ လက်ညှိုးလေး တစ်ချက်ကွေးပြလိုက်ရုံနဲ့ အမျိုးသမီးကျင့်ကြံသူ ဘယ်လောက်တောင် သူ့ဆီ ပြေးလာကြမလဲ မသိဘူး..."
"အခုချိန်ထိ ငါတို့ သုံးယောက်ပဲ ရှိသေးတယ်ဆိုတော့..."
"အင်း… ဒါတောင် ငါတို့ဘက်ကစပြီး လှည့်ကွက်နည်းနည်း မသုံးခဲ့ရင် အခုလိုတောင် အောင်မြင်နိုင်မှာ မဟုတ်ဘူး..."
ဟွားစစ်ချင်က ခေါင်းညိတ်လိုက်၏။
သာမန်လူများတွင် ဇနီးတစ်ယောက်သာ ရှိကြခြင်းမှာ သူတို့က တစ်ယောက်ကိုသာ ကျွေးမွေးနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယတစ်ယောက် ထပ်တိုးလာပါက ဒေဝါလီခံရရန် အခွင့်အလမ်း အလွန်များသည်။
သို့ရာတွင် သူမတို့၏ ယောက်ျားမှာမူ မတူညီပေ၊ အကန့်အသတ်မရှိသော ကြွယ်ဝမှုများ ရှိနေသည့်အတွက် ထောင်ပေါင်းများစွာကို ကျွေးမွေးမည်ဆိုလျှင်ပင် လုံးဝ ပြဿနာမရှိချေ။
သို့တိုင် ယခုအချိန်တွင် သုံးဦးသာ ရှိနေသေးခြင်းက အတော်လေး ထိန်းချုပ်ထားခြင်းပင် ဖြစ်၏။
"ဟုတ်တယ်... အခြား သူစိမ်းမိန်းမတွေကို အခွင့်အရေး ပေးလိုက်ရမယ့်အစား ငါတို့ညီအစ်မတွေကို အခွင့်အရေး ပေးလိုက်တာက ပိုမကောင်းဘူးလား..."
"အနည်းဆုံးတော့ အားလုံးက တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်း သိနေကြတာပဲလေ..."
ပိုင်စုကျဲ့က အလွန်လေးနက်စွာ ပြောလိုက်သည်။
"ဒီလိုပြောရမယ်ဆိုရင် တကယ် အဓိပ္ပာယ်ရှိတယ်..."
"ညီမလေးပိုင် ပြောတာမှန်တယ်... ယောက်ျားကို အပြင်က အဆင့်အတန်းမရှိတဲ့ မိန်းမတွေ လက်ထပ်စေမယ့်အစား..."
"ညီမလေးစစ်ကို ပါဝင်ခွင့်ပြုလိုက်တာက ပိုကောင်းပါတယ်လေ..."
"ငါတို့ရဲ့ ဖိအားတွေကိုလည်း ခွဲဝေယူရာ ရောက်တာပေါ့..."
ထောင်ချီလီကလည်း မနေနိုင်ဘဲ ခေါင်းညိတ်လိုက်ပြီး ဤအချက်ကို အလွန်သဘောတူလေသည်။
စစ်ယွီရှီးသာ မိမိတို့၏ မိသားစုကြီးထဲသို့ ဝင်ရောက်လာပါက ဆိုးကျိုးထက် ကောင်းကျိုးက ပိုမိုများပြားလိမ့်မည်ဟု သူမလည်း ယူဆမိ၏။
"ဒါပေမဲ့ ကျွန်မလည်း အစွမ်းကုန် ကြိုးစားကြည့်ပြီးပြီ... အရှင်ကျိုးဘက်က တုတ်တုတ်မှမလှုပ်ဘူး..."
"ဟူး… ဒါမှမဟုတ် ကျွန်မရဲ့ ရင်သားတွေက သိပ်မထွားလို့လား... ခြေတံတွေက သိပ်မရှည်လို့လား..."
စစ်ယွီရှီးက အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။
သူမသည် ပုံမှန်အားဖြင့် မိမိ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို အားမနာတမ်း ထုတ်ဖော်ပြသလေ့ရှိသည့်တိုင် ထိုအမျိုးသားကမူ သူမအား လုံးဝ လျစ်လျူရှုထားချေသည်။
သူမအား ဗလာနယ်လေထုတစ်ခုကဲ့သို့ သဘောထားနေသည့်အလားပင် ဖြစ်၏။
ဤသည်က သူမကို ဒေါသထွက်စေကာ မိမိ၏ ဆွဲဆောင်မှု မလုံလောက်ခြင်းကြောင့်လောဟု တွေးတောမိစေသည်။
ယောက်ျားတစ်ယောက်ကိုပင် မျှားမခေါ်နိုင် ဖြစ်နေရသည် မဟုတ်ပါလော။
သို့သော်ငြား သူမသည် ညို့အတတ်များကို ကျွမ်းကျင်သော နတ်ဆိုးမမျိုး မဟုတ်သဖြင့် မည်သို့လုပ်ဆောင်ရမည်ကို နားမလည်ခြင်းက ပုံမှန်ပင် ဖြစ်၏။
"အဲလို လုံးဝ မဟုတ်ပါဘူး... ညီမလေးစစ်ရဲ့ ဆွဲဆောင်မှုက အားလုံး မြင်နေတာပဲ... ငါတို့ထက် ဘာမှ မနိမ့်ကျပါဘူး..."
"ဘယ်ယောက်ျားကများ ညီမလေးရဲ့ ခြေဖျားအောက်မှာ ဒူးမထောက်ဘဲ နေနိုင်မှာလဲ..."
"ယောက်ျား လျစ်လျူရှုနေတာက သူ့ရဲ့ တာအိုနှလုံးသားက အရမ်း ခိုင်မာလွန်းလို့ပဲ..."
"ဉာဏ်ဆင်ပြီး နည်းလမ်းလေး နည်းနည်းသုံးလိုက်ရင် ယောက်ျားက ညီမလေးအပေါ် သေချာပေါက် စိတ်ညွတ်လာမှာပါ..."
ဟွားစစ်ချင်၏ လှပသော မျက်ဝန်းအစုံက တောက်ပသွားပြီး အကြံအစည်များစွာကို စဉ်းစားမိသွားပုံ ရလေသည်။
"ဉာဏ်ဆင်မယ် ဟုတ်လား... ဘယ်လို နည်းလမ်းမျိုးလဲ မသိဘူး..."
ဤစကားကို ကြားသောအခါ စစ်ယွီရှီးခမျာ အလွန် သိချင်စိတ်ပြင်းပြသွားရပြီး ဟွားစစ်ချင်ကို မော့ကြည့်လိုက်မိ၏။
သူမ၏ စိတ်ထဲတွင်လည်း အလွန်ပင် ဝမ်းသာသွားသည်။
အကယ်၍ ဟွားစစ်ချင်၏ အကူအညီကို ရရှိပါက သူမအနေဖြင့် ကျိုးမိသားစုထဲသို့ ဝင်ရောက်နိုင်ရန်မှာ သေချာလုနီးပါး ဖြစ်သွားပေမည်။
"ဒီကိစ္စကတော့ သေချာလေး ဆွေးနွေးကြည့်ဖို့ လိုမယ်..."
"အမှားအယွင်း မရှိစေမယ့် အစီအစဉ်တစ်ခု ဖြစ်ဖို့ လိုတာပေါ့..."
ဟွားစစ်ချင်က ပြုံးလိုက်၏။
ထို့နောက် အမျိုးသမီးလေးဦးသည် စတင် ဆွေးနွေးကြပြီး အမျိုးမျိုးသော အစီအစဉ်များကို တီးတိုး တိုင်ပင်ကြလေတော့သည်။
...
လွန်ခဲ့သော အချိန်အနည်းငယ်ခန့်က။
ဖုန်းရှီးမြို့တော်၊ အမှတ် (၈၈) တာအိုကျောင်းတော်ရှိ ဂူဗိမာန်တစ်ခု။
ဤနေရာသည်ကား ကျိုးစွေ့ ဆိတ်ငြိမ်ကျင့်ကြံနေသည့် နေရာပင်။
ဝုန်း... ဝုန်း... ဝုန်း...
ယခုအချိန်တွင် ဂူဗိမာန်တစ်ခုလုံး၌ အဆုံးမဲ့သော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများ ဝုန်းဒိုင်းကြဲကာ တိုးဝင်လာနေသည်။
ထိုဝိညာဉ်ချီများသည် ဒြပ်ရှိပုံဆောင်ခဲသဖွယ် ဖြစ်ပေါ်လာပြီး ငွေ့ရည်များအဖြစ် ပြောင်းလဲသွားကာ ဂူဗိမာန်တစ်ခုလုံးကို မြူနှင်းများ ဖုံးလွှမ်းသွားစေသည်။
ငွေ့ရည်တစ်စက်စီတိုင်းတွင် ကြီးမားလှသော ဝိညာဉ်ရည် စွမ်းအင်များ ပါဝင်နေ၏။
ထိုသို့သော ဝိညာဉ်ရည် စွမ်းအင်တစ်စက်သည်ပင် သာမန် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေရန် လုံလောက်လှသည်။
ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်စေလိုက်ရာ ပတ်ဝန်းကျင်ရှိ မြူခိုးများက လှိုင်းတံပိုးများကဲ့သို့ တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ်မှာ တွင်းနက်ကြီးတစ်ခုကဲ့သို့ အရာအားလုံးကို ဝါးမြိုပစ်တော့သည်။
အဆုံးမဲ့သော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီးနောက် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုစွမ်းအားများအဖြစ် ပြောင်းလဲသွား၏။
သူ၏ ဒန်တျန်ချီပင်လယ် နက်ရှိုင်းရာရှိ ကျင့်ကြံမှု စွမ်းအားများသည်လည်း တစ်စတစ်စ တိုးမြင့်လာပြီး နောက်ဆုံးတွင် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်။
'နောက်ဆုံးတော့ လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ် ပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီပဲ...'
ထိုအချိန်တွင် ကျိုးစွေ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံမှုစွမ်းအားများ လှိုင်းတံပိုးထသကဲ့သို့ လည်ပတ်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမျှင်များတစ်လျှောက် စီးဆင်းကာ မြစ်ကြီးများသဖွယ် ဖြစ်ပေါ်နေ၏။
နှစ်တစ်ရာကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံမှုအပြင် ဆေးလုံးများ၏ အကူအညီကြောင့် သူ၏ကျင့်ကြံမှုအဆင့် တိုးတက်မှုက အံ့မခန်း မြန်ဆန်လှပေသည်။
ထို့ကြောင့် လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ် ပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ သံသယဖြစ်ဖွယ်မရှိ သဘာဝကျလှပေသည်။
'လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းကို တက်လှမ်းဖို့အတွက်လည်း ဘာအဟန့်အတားမှ မရှိတော့တဲ့ပုံပဲ... တစ်ရှိန်ထိုး တက်လှမ်းနိုင်တော့မှာပဲ...'
ကျိုးစွေ့၏ မျက်နှာတွင် ဆန်းပြားသော အမူအရာတစ်ခု ပေါ်လာ၏။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းကျမ်းစာများ၏ မှတ်တမ်းများအရ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတိုင်းသည် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ကူးပြောင်းရာတွင် ကြီးမားလှသော အဟန့်အတား အတားအဆီးများနှင့် ကြုံတွေ့ရလေ့ရှိသောကြောင့် ဖြစ်၏။ ၎င်းသည် ကျော်ဖြတ်နိုင်ရန် အလွန်ခက်ခဲလှသော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ပင်။
ထို့ကြောင့် ကျင့်ကြံသူအများစုကို လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ မတက်လှမ်းနိုင်ရန် ဟန့်တားထားလေသည်။
အကယ်၍ ထိုအတားအဆီးကို ကျော်ဖြတ်လိုပါက နှစ်ပေါင်းထောင်ချီ အချိန်ယူ၍ ဖြည်းဖြည်းချင်း ကျော်ဖြတ်ရမည်သာ ဖြစ်၏။
သို့မဟုတ်ပါက ထူးခြားသော ရတနာဆေးလုံးများကို မှီဝဲပြီး ကြီးမားလှသော ဆေးစွမ်းအင်များ၏ အကူအညီဖြင့်သာ လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ် အတားအဆီးကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။
သို့ရာတွင် ယခုအချိန်တွင် သူ၏အခြေအနေ၌မူ ထိုကဲ့သို့သော အတားအဆီး လုံးဝ မရှိချေ။
အတားအဆီးရှိသည်ဟု ဆိုလျှင်ပင် မပြောပလောက်အောင် အလွန်တရာ သေးငယ်လှသည်။
သူသည် စိတ်အာရုံကို စုစည်းလိုက်ရုံမျှဖြင့် ထိုအတားအဆီးကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ တက်လှမ်းနိုင်မည် ဖြစ်၏။
သို့သော် ဤသည်ကလည်း အလွန်ပင် သဘာဝကျလှ၏။
အဘယ်ကြောင့်ဆိုသော် သူ၏ အခြေခံအုတ်မြစ်က အလွန်တရာ ခိုင်မာလွန်းပြီး ကျင့်ကြံမှုအဆင့်တိုင်းတွင် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံခဲ့သဖြင့် မည်သည့် အားနည်းချက်မျှ မရှိသောကြောင့်ပင် ဖြစ်၏။ ဤအချက်ကြောင့် သူ၏အဆင့်တက်လှမ်းမှုတွင် မည်သည့်အတားအဆီးမျှ မရှိခြင်း ဖြစ်လေသည်။