အခန်း ၉၃၈
Vol. 89 Ch. 938
အခန်း (၉၃၈) - လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ရှစ်ဆယ့်တစ်လွှာ မိုးကြိုးပြာကပ်ဘေးနှင့် လေဟာနယ်ကို ဖြတ်ကူးနိုင်သော ရုပ်ခန္ဓာ (၅)
"ဒီလိုဆိုရင်တော့ တာအိုရောင်းရင်းကျိုးက လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပြီပေါ့... စွမ်းရည်တွေ ဘယ်လောက်တောင် တိုးတက်သွားမလဲမသိဘူး... ပြီးတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့်နဲ့လည်း ပိုပိုပြီး နီးကပ်လာခဲ့ပြီလေ..."
"မြန်လွန်းတယ်... တာအိုရောင်းရင်းကျိုးရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ယုံကြည်နိုင်စရာမရှိလောက်အောင်ကို မြန်ဆန်လွန်းတယ်... ဘယ်လိုပါရမီမျိုးကို ပိုင်ဆိုင်ထားလို့ ဒီလောက်တောင် တိုးတက်မှုမြန်ဆန်နေရတာလဲ..."
ကျင့်ကြံသူအများအပြားသည် အချင်းချင်း ဆွေးနွေးပြောဆိုနေကြပြီး လွန်စွာ အံ့ဩတုန်လှုပ်နေကြသည်။
သူတို့သည် ကျိုးစွေ့အပေါ် ယုံကြည်မှု အပြည့်အဝ ရှိကြသော်ငြား ကျိုးစွေ့က လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားသည်ကို တကယ်တမ်း မြင်တွေ့လိုက်ရသောအခါ တစ်ယောက်ချင်းစီတိုင်းသည် ယုံကြည်နိုင်စရာမရှိလောက်အောင် အံ့သြနေမိဆဲပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အသက်အရွယ်အရ တွက်ကြည့်မည်ဆိုပါက ကျိုးစွေ့သည် အသက် ၁၁၀၀ ခန့်သာ ရှိသေးသောကြောင့်ပင်။
အခြားသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်ကြည့်ပါက ဤမျှငယ်ရွယ်သော အသက်အရွယ်သည် လူငယ်တစ်ဦးမျှသာ ဖြစ်လေသည်။
မည်သည့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမဆို နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြသူများသာ ဖြစ်ပြီး အချို့ဆိုလျှင် နှစ်ပေါင်း တစ်သောင်းကျော်ပင် ရှိနေကြပြီ ဖြစ်သောကြောင့်ပင်။
သာမန်လူသားများအတွက်မူ ၎င်းတို့၏ ဖြစ်တည်မှုကိုယ်တိုင်က စိတ်ကူးမယဉ်နိုင်လောက်အောင် ရှည်လျားသော သမိုင်းဝင် ဇာတ်လမ်းရှည်ကြီးများ ဖြစ်ပေသည်။
"ဒီလို ကျင့်ကြံမှုအမြန်နှုန်းမျိုးနဲ့ဆိုရင် တာအိုရောင်းရင်းကျိုးက မကြာခင်မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာတော့မယ်ဆိုတဲ့ သဘော မဟုတ်ဘူးလား..."
"ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့မယ်ဆိုရင် ကျုပ်တို့ ဖုန်းရှီးကျွန်းရဲ့ အင်အားက ချက်ချင်းကို အဆတစ်ရာလောက် တိုးလာနိုင်တယ်..."
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်လေသည်။
"အဆတစ်ရာ တိုးလာရုံလောက်လေးတင် ဘယ်ကမလဲ..."
"တာအိုရောင်းရင်းကျိုးရဲ့ သားရဲယဉ်ပါးစေတဲ့ ပညာရပ်သာ သတ္တမအဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် အဲဒီအချိန်ကျရင် ခန္ဓာပေါင်းစည်းခြင်းအဆင့် သားရဲရိုင်းတွေကိုပါ ယဉ်ပါးသွားအောင် လုပ်နိုင်လိမ့်မယ်..."
"အဲဒီအခါကျရင် ခန္ဓာပေါင်းစည်းခြင်းအဆင့်သားရဲရိုင်း ရာပေါင်းများစွာကိုတောင် ယဉ်ပါးသွားအောင် လုပ်နိုင်လောက်တယ်..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦး၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။
ထင်ရှားလှသည်မှာ သာမန်ကျင့်ကြံသူများ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းသွားပါက လူသားမျိုးနွယ်အတွက် များစွာသော အပြောင်းအလဲများကို ယူဆောင်လာပေးနိုင်မည် မဟုတ်ချေ။ အများဆုံးအနေဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး တိုးလာရုံမျှသာ ဖြစ်ပြီး အကူအညီရနိုင်သော်ငြား ကန့်သတ်ချက် ရှိနေဆဲပင် ဖြစ်လေသည်။
သို့ရာတွင် ကျိုးစွေ့ကမူ မတူညီပေ။
တစ်ကြိမ်သာ အဆင့်တက်သွားခဲ့ပါက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး တိုးလာရုံမျှမကဘဲ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာကိုပါ ယူဆောင်လာနိုင်ပေသည်။
ဤကဲ့သို့သော စစ်ရေးစွမ်းရည် တိုးတက်လာမှုသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
အခြေခံအားဖြင့် လူတစ်ဦးတည်းက စစ်တပ်တစ်ခုအဖြစ် ဖန်တီးနိုင်သည်ဖြစ်ရာ ကောင်းကင်နှင့် မြေကြီး မှောက်ခုံလန်သွားမတတ် အပြောင်းအလဲများ သေချာပေါက် ဖြစ်ပေါ်လာပေမည်။
"မဖြစ်နိုင်ပါဘူး... ဒါက နည်းနည်းလေး ပိုလွန်းနေပြီ..."
"ခန္ဓာပေါင်းစည်းခြင်းအဆင့်သားရဲရိုင်း ရာပေါင်းများစွာလေ... အဲဒါဆိုရင် ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ မြို့တော်များစွာကို တစ်ခဏချင်းအတွင်း ကျော်လွန်သွားတာ မဟုတ်ဘူးလား..."
"ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်အထိတော့ ကျုပ်တို့ လူသားမျိုးနွယ်မှာ ရှိနေတဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်က တစ်ရာကျော်ပဲ ရှိတာလေ..."
တစ်စုံတစ်ယောက်က ကြက်သေသေသွားပြီး ဤအရာသည် အလွန်ပင် ချဲ့ကားလွန်းနေသည်ဟု ခံစားလိုက်ရသည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ... ကြယ်ကွဲပင်လယ်ထဲမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် သားရဲရိုင်းတွေရဲ့ အရေအတွက်က အရမ်းကို များလွန်းတယ်..."
"အနည်းဆုံးတော့ ချန်လုံကုန်းမြေတိုက်ထက်ကို ပိုများနေသေးတယ်..."
"အကယ်လို့ တာအိုရောင်းရင်းကျိုးသာ ခန္ဓာပေါင်းစည်းခြင်းအဆင့် သားရဲရိုင်းများစွာကို ယဉ်ပါးအောင် လုပ်နိုင်မယ်ဆိုရင် မဖြစ်နိုင်စရာ ဘာအကြောင်းမှကို မရှိတာ..."
"ပြဿနာက ဒီလို ယဉ်ပါးစေတဲ့ ပညာရပ်မျိုးမှာ ကန့်သတ်ချက် ရှိ၊မရှိဆိုတာပဲ... လေဟာနယ်သန့်စင်ခြင်းအဆင့် သားရဲ ထောင်ပေါင်းများစွာကို ယဉ်ပါးအောင် လုပ်နိုင်တယ်ဆိုရင်တောင်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် သားရဲ ရာပေါင်းများစွာကို ယဉ်ပါးအောင် လုပ်နိုင်မယ်ဆိုတာ မသေချာဘူးလေ..."
"အဟမ်း... အဟမ်း... ခင်ဗျားတို့က အရမ်းကို အတွေးလွန်နေကြပြီ... တာအိုရောင်းရင်းကျိုးက အခုမှ လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာလေ... ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တကယ်တက်လှမ်းချင်တယ်ဆိုရင်တောင် နှစ်တစ်ထောင်၊ နှစ်ထောင်လောက်မရှိဘဲနဲ့ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူး..."
"ပြောတာ မှန်တယ်... ခန္ဓာပေါင်းစည်းခြင်းအဆင့် အတားအဆီးက အဲဒီလောက် အလွယ်တကူ ကျော်ဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး... အရင်တုန်းက ကျုပ်တို့ လူသားမျိုးနွယ်မှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိခဲ့ပေမဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအဖြစ် တကယ်တက်လှမ်းနိုင်တဲ့သူက ဘယ်နှယောက်များ ရှိလို့လဲ..."
"ဒါပေါ့... ဒါပေါ့... ကျုပ်တို့လို လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထဲက ဘယ်သူကများ အရင်တုန်းက ပါရမီရှင်လို့ မသတ်မှတ်ခံခဲ့ရတာ ရှိလို့လဲ... လူသားမျိုးနွယ်ရဲ့ အဓိကပြုစုပျိုးထောင်မှုကို ခံခဲ့ရပေမဲ့လည်း အခုတော့ လေဟာနယ်သန့်စင်ခြင်းအဆင့်မှာပဲ အချိန်ဖြုန်းနေရဆဲ မဟုတ်ဘူးလား... လေဟာနယ်သန့်စင်ခြင်းအဆင့်က ကျုပ်တို့ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ပဲ ဖြစ်လိမ့်မယ်..."
"ဟူး... တကယ်လည်း ဒီလိုပါပဲလေ... ခန္ဓာပေါင်းစည်းခြင်းအဆင့်က အရမ်းကို ခက်ခဲလွန်းတယ်... ဒီလိုမှ မဟုတ်ရင်လည်း ဒီအဆင့်ကို ကျွမ်းကျင်သူလို့ သတ်မှတ်ခေါ်ဝေါ်ကြမှာ မဟုတ်ဘူးလေ... ဒီလို ကျင့်ကြံမှုအဆင့်မျိုးနဲ့ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုဆီကို သွားမယ်ဆိုရင်တောင် သူတို့ရဲ့ ဧည့်သည်တော် အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တယ်..."
"ဝိညာဉ်လောက တစ်ခုလုံးမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေကသာ တကယ့် အထွတ်အထိပ်ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ခံရတာပေါ့..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာမှာ အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။
ယခုအချိန်တွင် သူတို့သည်လည်း စိတ်ကူးယဉ်နေမိကြသည်။ အကယ်၍ နောင်တစ်ချိန်တွင် ကျိုးစွေ့သာ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းသွားပါက ဖုန်းရှီးကျွန်းအတွက်မူ စိတ်ကူးမယဉ်နိုင်လောက်သော တိုးတက်မှုကြီးတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။
ဖြစ်နိုင်သည်မှာ မိမိတို့ သက်ရှိထင်ရှား ရှိနေစဉ်ကာလအတွင်း၌ပင် ဤမြင်ကွင်းကို မြင်တွေ့ခွင့်ရနိုင်လောက်ပေမည်။
…………
ရွှစ်...
ဤအချိန်တွင် ကျိုးစွေ့သည်လည်း လေဟာနယ်ထဲမှ ပျံသန်းဆင်းသက်လာကာ စံအိမ်တော်၏ နောက်ဘက်ပန်းခြံအတွင်းသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ပြီး သူ၏တာအိုလက်တွဲဖော် သုံးဦးဖြစ်သော ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ သုံးဦးကို ချက်ချင်းပင် မြင်တွေ့လိုက်ရလေသည်။
ထို့အပြင် စစ်ယွီရှီးသည်လည်း ဤနေရာ၌ ရှိနေခဲ့သည်။
"တာအိုရောင်းရင်းကျိုး လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်..."
စစ်ယွီရှီးက ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ကျိုးစွေ့ကို ကြည့်လိုက်၏။
အစောပိုင်း ကျိုးစွေ့ ဖုန်းရှီးမြို့တော်သို့ စတင်ရောက်ရှိလာချိန်တွင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
သို့သော် ယခုအခါတွင်မူ တိုတောင်းလှသော ရာစုနှစ်အနည်းငယ်အတွင်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ချေပြီ။
ထို့အပြင် သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း သူမနှင့် တန်းတူညီမျှ ဖြစ်နေခဲ့ပြီ ဖြစ်၏။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူသည် သူမကို လွယ်ကူစွာ ကျော်လွန်သွားနိုင်ပြီး သူမထက် တစ်လှမ်းစော၍ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းသွားနိုင်လောက်ပေသည်။
ဤသည်က မဖြစ်နိုင်သောအရာ မဟုတ်ဘဲ ဖြစ်နိုင်ခြေ အလွန်များပြားလှသော ကိစ္စတစ်ခုပင် ဖြစ်လေသည်။
ယခုမှသာ ဤအမျိုးသားသည် မည်မျှလောက်အထိ အံ့မခန်း ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့တော့သည်။
သူမ၏ ညီမများက ဤအမျိုးသားအပေါ် အဘယ်ကြောင့် ဤမျှလောက်အထိ ယုံကြည်မှုအပြည့် ရှိနေကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အသေးအမွှား မိုးကြိုးပြာကပ်ဘေးလေးက သူ့ကို တားဆီးနိုင်မည် မဟုတ်သည်မှာ သေချာလှ၏။
"အားနာစရာတွေ ပြောနေပြန်ပြီ... လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်လေးပါပဲ..."
"တာအိုကျင့်ကြံတဲ့ လမ်းစဉ်မှာ သေးငယ်တဲ့ ခြေလှမ်းလေး တစ်လှမ်းပါပဲ..."
"ကျုပ် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းသွားတဲ့အချိန်ကျမှ ဂုဏ်ပြုကြရင်လည်း နောက်မကျသေးပါဘူး..."
ကျိုးစွေ့က အသာအယာ ပြုံးလိုက်လေသည်။
သူ့အတွက်မူ လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်းသည် အမှန်တကယ်ပင် ဘာမျှမဟုတ်ဘဲ အတားအဆီးတစ်ခုအဖြစ်ပင် မသတ်မှတ်နိုင်ချေ။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များ လုံလောက်နေသရွေ့ သူသည် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ချက်ချင်းဆိုသလို ဝင်ရောက်သွားနိုင်သည်။
ထို့ကြောင့် သူသည်လည်း ကြီးမားသော ခံစားချက်မျိုး မရှိလှပေ။
မှန်ပေသည်၊ သေးငယ်သော ဝမ်းမြောက်မှုလေးမူကား ရှိနေဆဲပင် ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ၏ ကျင့်ကြံမှုမှာလည်း မသေးငယ်သော တိုးတက်မှုတစ်ခုကို ရရှိခဲ့သောကြောင့်ပင် မဟုတ်ပါလော။
"ခစ်ခစ်... ယောကျ်ား... ကျွန်မတို့ သေးသေးလေးပဲဖြစ်ဖြစ် ဂုဏ်ပြုကြရအောင်လေ... မိသားစုပွဲလေးတစ်ခု ကျင်းပတာပေါ့..."
ပိုင်စုကျဲ့က တခစ်ခစ် ရယ်မောလိုက်သည်။
တစ်လအကြာ။
လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်းသည် အမှန်တကယ်ပင် ဝမ်းသာစရာကိစ္စတစ်ခု ဖြစ်သော်ငြား ကျိုးစွေ့သည် လူမြင်ကွင်းသို့ ထွက်ပေါ်ရသည်ကို မနှစ်သက်သောကြောင့် အိမ်တွင် အသေးစားစားသောက်ပွဲလေးတစ်ခုကိုသာ ကျင်းပခဲ့ပြီး သူ၏ တာအိုလက်တွဲဖော်များနှင့်အတူ ရက်အနည်းငယ်ခန့် ပျော်ပါးပြီးနောက်တွင် ဤဂုဏ်ပြုပွဲကို အဆုံးသတ်လိုက်တော့သည်။
သူသည်လည်း လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံမှုကို ခိုင်မာစေရန် ဂူစံအိမ်အတွင်းသို့ ဝင်ရောက်ကာ တံခါးပိတ်ကျင့်ကြံလေတော့သည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ယခုမှ စတင်ခြေချထားရုံသာ ရှိသေးသောကြောင့်ပင်။