အခန်း ၉၃၉
Vol. 89 Ch. 939
အခန်း (၉၃၉) - သတ္တမအဆင့် အိပ်မက်ဝိညာဉ်ကူ၊ ကူပိုးကောင်များ၏ နက်နဲသောလျှို့ဝှက်ချက်၊ ကူပိုးကောင်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသပင် (၁)
အကယ်၍ ကျင့်ကြံမှုကို ပိုမိုခိုင်မာအောင် မလုပ်ဆောင်ထားပါက အုတ်မြစ်မခိုင်မြဲသော အခြေအနေသို့ ဦးတည်သွားနိုင်ပေသည်။
ဝုန်း... ဝုန်း… ဝုန်း…
ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်လိုက်ရာ ကြီးမားလှသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများက အရှိန်အဟုန်ဖြင့် လိမ့်ဆင်းလာပြီး သူ၏ ခန္ဓာကိုယ်နေရာအနှံ့ရှိ သွေးကြောများအတွင်းသို့ ဝင်ရောက်လာကာ တစ်ပတ်ပြီးတစ်ပတ် စက်ဝန်းပုံစံ လည်ပတ်သွားတော့သည်။
ဤအချိန်တွင် သူသည် ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်တည်မှုသို့ ရောက်ရှိသွားပြီး ကောင်းကင်၊ မြေကြီးနှင့် သဘာဝတရားတို့ဖြင့် ပေါင်းစည်းသွားဟန် ရှိပေသည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လေဟာနယ်အကာအကွယ်တစ်ခုက သဘာဝကျကျပင် ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စက်လုံးတစ်လုံးကဲ့သို့ ရစ်ပတ်ထားလိုက်၏။
ဤအချိန်တွင် သူသည် လေဟာနယ်အတွင်းသို့ ပေါင်းစည်းသွားသကဲ့သို့ပင် ဖြစ်လေသည်။
ဤသည်ကား လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်စွမ်းရည်ပင် ဖြစ်၏။ ၎င်းတို့သည် လေဟာနယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်နိုင်ကာ လေဟာနယ်အကာအကွယ်ကို ဖန်တီးနိုင်ပြီး လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်သည်။
အဆင့်နိမ့်ကျင့်ကြံသူများ၏ စွမ်းအားများဖြင့် သူ့အပေါ်သို့ တိုက်ခိုက်လာပါကလည်း ထိုအကာအကွယ်က လွယ်လွယ်ကူကူပင် ကာကွယ်ပေးထားနိုင်လိမ့်မည် ဖြစ်သည်။
မူလခန္ဓာကိုယ်မှာမူ ဆံခြည်တစ်မျှင်မျှပင် ထိခိုက်မည် မဟုတ်ချေ။
"မဆိုးဘူး... လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်လို့ ပြောရလောက်အောင်ကို တိုက်ခိုက်ရေးစွမ်းရည်တွေ တော်တော်လေး တိုးတက်လာတာပဲ..."
ဤအချိန်တွင် စက်ဝန်းပုံစံ တစ်ပတ်လည်ပတ်ခြင်း အဆုံးသတ်သွားပြီးနောက် ကျိုးစွေ့က မျက်လုံးများကို ဖွင့်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာကာ အလွန်ပင် ကျေနပ်သွားမိလေသည်။
တစ်လကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင် သူသည်လည်း လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံမှုကို အပြီးတိုင် တည်ငြိမ်သွားစေခဲ့ပြီ ဖြစ်၏။
သူသည် မိမိခန္ဓာကိုယ်အတွင်းမှ တစ်ဆထက်မက ရုတ်တရက် မြင့်တက်လာသော ဤစွမ်းအားနှင့်လည်း လုံးဝ ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။
သူ၏ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ၊ လေဟာနယ်၏ စွမ်းအားများကို ဆွဲဆောင်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် မိမိကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့်ပင် လီသောင်းပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ကို လက်သီးတစ်ချက်တည်းဖြင့် ပြန့်ပြူးသွားအောင် လုပ်နိုင်စွမ်းရှိသည်ဟု သူ ခံစားနေရလေသည်။
သာမန်လက်ချည်းသက်သက်ဖြင့် ကြယ်များကို ခူးဆွတ်မည်ဆိုလျှင်ပင် ကြီးမားသော ပြဿနာတစ်ခု မဟုတ်တော့ချေ။
မှန်ပေသည်၊ ခူးဆွတ်နိုင်သည်က သေးငယ်သော ဂြိုဟ်သိမ်ဂြိုဟ်မွှားများသာ ဖြစ်ပြီး နေကဲ့သို့သော ကြယ်ကြီးများအဆင့်မျိုးတော့ မဟုတ်ပေ။
ဝုန်း...
ဤနေရာသို့ တွေးမိသောအခါ ကျိုးစွေ့၏ စိတ်ဆန္ဒအရ သူ၏ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်းပင် ဖွင့်လိုက်တော့သည်။
[ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှုအဆင့် - လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် (တိုးတက်မှု ၅%) ၊ သက်တမ်း - ၁၁၀၀ (၅၀၀၀၀၀နှစ်)]
[ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၆၀%)]
[ဓားတာအို - ဆဋ္ဌမအဆင့် အထွတ်အထိပ် (၉၉%)]
[အဆောင်လက်ဖွဲ့ပညာရပ် - ဆဋ္ဌမအဆင့် အထွတ်အထိပ် (၁၀%)]
[အစီအရင်ပညာ - သတ္တမအဆင့် အထွတ်အထိပ် (၉၉%)]
[ဆေးဖော်စပ်ပညာ - သတ္တမအဆင့် အလယ်အလတ် (၂၀%)]
[လက်နက်ဖန်တီးခြင်း - ဆဋ္ဌမအဆင့် အထွတ်အထိပ် (၁၀%)]
[နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့်]
[ကောင်းကင်မြေကြီးဆေးမီးဖိုပညာရပ် - ပြီးပြည့်စုံခြင်းအဆင့်]
[မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမြိုခြင်း]
[အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ကျမ်း - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကား၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး တိုက်ရိုက်သေဆုံးခြင်း၊ နှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်း (၁၅%)]
[ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း]
[ဓာတ်ငါးပါးမိုးကြိုးမန္တန် - ပြီးပြည့်စုံခြင်းအဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - စတုတ္ထအလွှာ၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့်]
['ချစ်ခြင်းမေတ္တာကူ' - သတ္တမအဆင့် အထွတ်အထိပ်၊ 'ကိုယ်ပွားကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'အရက်ကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ရွှေစားကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'စာအုပ်ကူ' - အဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - သတ္တမအဆင့် အောက်ခြေအဆင့်၊ 'နဂါးဆင်ကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'တည်နေရာပြောင်းကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'အစီအရင်နှလုံးသားကူ' - သတ္တမအဆင့် အထွတ်အထိပ်၊ 'ပစ္စည်းရှာဖွေကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'မိုးကြိုးကပ်ဘေးကူ' - သတ္တမအဆင့် အောက်ခြေအဆင့်၊ 'ဆေးဝါးကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ကံကြမ္မာကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ရွှေပုစဉ်းရင်ကွဲကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်]
'သက်တမ်းက နှစ်ငါးသိန်းအထိ ရောက်သွားပြီလား...'
'မဆိုးဘူး... မဆိုးဘူး... အသက်ရှည်တယ်လို့ သတ်မှတ်လို့ရတယ်...'
ကျိုးစွေ့တစ်ယောက် အလွန်အမင်း ကျေနပ်သွားလေသည်။
ထင်ရှားလှသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်က လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ တက်လှမ်းသွားပြီးနောက် ခန္ဓာကိုယ်၏ အကန့်အသတ်ကိုပါ မြှင့်တင်ပေးလိုက်ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်ထဲတွင် သက်တမ်းရှည်စေသော အရာများကို ပိုမို သိမ်းဆည်းထားနိုင်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် သူ၏ သက်တမ်းမှာ နှစ်ငါးသိန်းအထိ ရောက်ရှိသွားခဲ့တော့သည်။
မှန်ပေသည်၊ ဤသည်ကား အလွန်အမင်း အံ့မခန်းဖွယ်ကောင်းသော သက်တမ်းပမာဏပင် ဖြစ်လေသည်။
ဝိညာဉ်လောက တစ်ခုလုံးတွင် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများမှလွဲ၍ သူ၏သက်တမ်းနှင့် နှိုင်းယှဉ်နိုင်သူ မည်သူမျှ ရှိမည်မဟုတ်ကြောင်း ခန့်မှန်းရပေသည်။
အကယ်၍ ယခင်ဘဝကသာဆိုလျှင် ဤမျှရှည်လျားသော သက်တမ်းဖြင့် မတ်မတ်လျှောက်နိုင်သော လူဝံခေတ်မှ ယနေ့ခေတ်အထိ အသက်ရှင်နိုင်မည် ဖြစ်၏။
'အင်မော်တယ် ကျင့်ကြံခြင်းပညာရပ်တွေက အဆင့်တက်သွားတာမျိုး မရှိပေမဲ့ မဆိုစလောက်တော့ တိုးတက်လာခဲ့သားပဲ...'
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။
ထင်ရှားလှသည်မှာ သူ၏ လက်နက်ဖန်တီးခြင်း၊ အဆောင်လက်ဖွဲ့ စသည့် ပညာရပ်များအားလုံး ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်၏။
ဆေးဖော်စပ်ပညာအဆင့်ကလည်း သတ္တမအဆင့် အလယ်အလတ်သို့ တက်သွားခဲ့ပြီး အခြေခံအားဖြင့် သတ္တမအဆင့် အလယ်အလတ် ရတနာဆေးလုံးများကို ဖော်စပ်နိုင်နေပြီ ဖြစ်လေသည်။
အစီအရင်များနှင့် ပတ်သက်၍မူ သတ္တမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေဆဲ ဖြစ်၏။
ဤသည်မှာလည်း တတ်နိုင်သည့်ကိစ္စ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်သို့ ရောက်ရှိသွားပြီးနောက် နောက်တစ်ဆင့်သို့ ထပ်မံတက်လှမ်းရန် အတော်လေး ခက်ခဲသောကြောင့်ပင် ဖြစ်လေသည်။ ရာစုနှစ်တစ်ခုမျှသော အချိန်တိုလေးအတွင်း အဆင့်တစ်ခုလုံး ပြောင်းလဲသွားစေရန် မလုံလောက်ပေ။
ပို၍အရေးကြီးသည်မှာ ယခုအခါ 'အစီအရင်နှလုံးသားကူ' သည်လည်း ဖေးဟော်လျှို့ဝှက်နယ်မြေရှိ အဋ္ဌမအဆင့် တားမြစ်အစီအရင်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသဖြင့် အဋ္ဌမအဆင့် အစီအရင်အဆင့်သို့ ရောက်ရှိရန် များစွာ လိုအပ်နေသေးခြင်းပင်။
ဓားတာအိုအဆင့်ကလည်း ဆဋ္ဌမအဆင့် အထွတ်အထိပ်၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး သတ္တမအဆင့် ဓားတာအိုအဆင့်ကို ထိတွေ့နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
မှန်ပေသည်၊ သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ သတ္တမအဆင့် ဓားတာအိုအဆင့်သို့ ထိတွေ့ရန်မှာ အလွန်အမင်း ခက်ခဲလွန်းလှပေသည်။
တစ်သက်လုံး ကြိုးစားလျှင်ပင် အောင်မြင်နိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူသည် ဆဋ္ဌမမြောက်ဖြစ်သော 'ကြိုတင်သိမြင်ခြင်း နှလုံးသားမျက်လုံး' ကို စတင်ကျင့်ကြံခဲ့သော်လည်း ဤနှလုံးသားမျက်လုံးကို စုစည်းရန် အလွန်ခက်ခဲလှသည်။ နှစ်တစ်ရာတိုင်တိုင် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သော်ငြား ၁၅ ရာခိုင်နှုန်းမျှသာ တိုးတက်လာခဲ့၏။
ဤကဲ့သို့သော တိုးတက်မှုနှုန်းအရဆိုလျှင် နှစ်တစ်ထောင်အတွင်း အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဟု မတွေးထားသင့်ပေ။ သို့သော်ငြား သူ့အတွက်မူ လုံးဝ ဂရုစိုက်စရာ မလိုပေ။
မည်သို့ပင်ဖြစ်စေ နှလုံးသားမျက်လုံး ငါးလုံးကို စုစည်းထားခြင်းက အပြည့်အဝ လုံလောက်နေပြီ ဖြစ်၏။ နောက်ထပ် နှလုံးသားမျက်လုံးတစ်လုံး ပိုလာလျှင်ပင် ပို၍ကောင်းမွန်သွားစေရုံမျှသာ ဖြစ်လေသည်။
ထို့ကြောင့် သူသည် ဤကျင့်စဉ်ကို လျင်မြန်စွာ အောင်မြင်နိုင်ခြင်း ရှိမရှိဆိုသည်ကိုလည်း အလောတကြီး မဖြစ်နေပေ။
'ကူပိုးကောင်တွေရဲ့ တိုးတက်မှုပမာဏကလည်း မနည်းလှဘူးပဲ...'
ကျိုးစွေ့က သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မြေကြီး ကူပိုးကောင်အသီးသီး၏ အခြေအနေကိုလည်း အာရုံခံကြည့်လိုက်သည်။
ထင်ရှားလှသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်က လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ တက်လှမ်းသွားသည်နှင့်အမျှ ခန္ဓာကိုယ်ပေါ်ရှိ ကူပိုးကောင် အမြောက်အမြားသည်လည်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ အသီးသီး အဆင့်တက်သွားကြခြင်းပင် ဖြစ်၏။
ဥပမာအားဖြင့် 'ကိုယ်ပွားကူ'၊ 'အရက်ကူ'၊ 'ရွှေစားကူ'၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'၊ 'ကံကြမ္မာကူ'၊ 'ဆေးဝါးကူ'၊ 'ပစ္စည်းရှာဖွေကူ'၊ 'တည်နေရာပြောင်းကူ' စသည်တို့မှာလည်း ဆဋ္ဌမအဆင့် အလယ်အလတ်မှ ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ အလိုအလျောက် အဆင့်တက်သွားခဲ့ကြသည်။
၎င်းတို့၏ စွမ်းရည်များကလည်း ယခင်ကထက် များစွာ တိုးတက်လာခဲ့လေသည်။
'ချစ်ခြင်းမေတ္တာကူ' သည်လည်း သတ္တမအဆင့် အထွတ်အထိပ်သို့ အဆင့်တက်သွားခဲ့ပြီး တိုးတက်မှု အလွန်မြန်ဆန်သည်ဟု ဆိုနိုင်ပေသည်။
မှန်ပေသည်၊ 'နဂါးဆင်ကူ'၊ 'မိုးကြိုးကပ်ဘေးကူ'၊ 'စာအုပ်ကူ' နှင့် 'အစီအရင်နှလုံးသားကူ' တို့မှာမူ ကြီးမားသော အပြောင်းအလဲ မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အမြင့်ဆုံးအကန့်အသတ်အထိ ကြီးထွားလာခဲ့ပြီး ဖြစ်သောကြောင့်ပင်။ အချိန်အတိုင်းအတာ တစ်ခုအထိ ကြီးမားသော တိုးတက်မှု ရှိလာမည်မဟုတ်ကြောင်း ခန့်မှန်းရလေသည်။
ဤအချိန်ကာလအတွင်း ၎င်းတို့အနေဖြင့် ထူးခြားသော ကံကြမ္မာ အခွင့်အရေး တစ်ခုခုကို ရရှိခဲ့မှသာလျှင် တစ်မျိုး ဖြစ်သွားနိုင်၏။
သို့ရာတွင် ထူးခြားသော ကံကြမ္မာ အခွင့်အရေးကို ရရှိရန်ဆိုသည်မှာ မည်ကဲ့သို့ လွယ်ကူပါမည်နည်း။
တိုးတက်မှုပမာဏ နှိုင်းယှဉ်ရာတွင် အကြီးမားဆုံးမှာ လွန်ခဲ့သော နှစ်တစ်ရာကမှ ဖန်တီးခဲ့သည့် 'ရွှေပုစဉ်းရင်ကွဲကူ' ပင် ဖြစ်ပေမည်။ ယခုအခါ သူ၏ ဂရုတစိုက် ပြုစုပျိုးထောင်မှုအောက်တွင် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ အဆင့်တက်သွားခဲ့ပြီး ယခင်နှင့် နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အတွင်း၌ ပိုမိုကြီးမားသော သက်စောင့်စွမ်းအင်များ ပါဝင်လာခဲ့ချေပြီ။
ကုသပေးနိုင်သော ဒဏ်ရာပမာဏကလည်း ပိုမိုများပြားလာသလို အကြိမ်အရေအတွက်ကလည်း ပို၍ များလာခဲ့၏။