သိုင်းကွက်များစွာ သိုင်းမာယာ
Vol. 36 Ch. 502
အခန်း (၅၀၂) သိုင်းကွက်များစွာ သိုင်းမာယာ
သူ့အရှေ့မှ လူရွယ်သိုင်းဆရာသခင်ကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်သည်။
“နှုတ်ဆက်ပါတယ်...”
ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ၏အကြည့်များက ရန်ကျောက်ကဲအနောက်ဘက်ရှိ ကျောက်သားရုပ်တုထက်သို့ကျရောက်သွားပြီး သူတို့ကိုကြည့်ရသည်မှာ အတော်လေး ပဟေဠိ ဖြစ်သွားဟန်ပင်။
ဖန်းကျောက်ဟုန်က ကျောက်ရုပ်တုကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်မဝင်စားဟန်ဖြင့် ရန်ကျောက်ကဲကို ပြန်ကြည့်လိုက်သည်။
“မင်းအချိန်ရရင် ငါတို့ ကြံ့ဝိညာဉ်ဂိုဏ်းကို အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
ရန်ကျောက်ကဲကဲက ပြုံးကာ ခေါင်းခါယမ်းရင်း...
“ငါက ချန်လီတောင်ကို သွားမလို့ ၊ မင်းတို့ဆီလိုက်မလည်နိုင်တော့ဘူး ၊ နောင်တစ်ချိန် အကူအညီလိုအပ်ရင်တော့ လာအနှောက်အယှက်ပေးမယ်ဗျာ”
ဖန်းကျောက်ဟုန်က...
“ဒါဖြင့် အချိန်မရွေးပါဗျာ”
ရန်ကျောက်ကဲက သူ့အနောက်မှ ကျောက်ရုပ်တုကို လှည့်ကြည့်ကာ ပြုံးလိုက်ရင်း...
“ဒီ သီးခြားနယ်မြေထဲမှာ ဒီရုပ်တုကို တွေ့တာပဲ ၊ အခုချိန်ထိ ဘာမှန်း နားမလည်သေးတာတော့ ငါ့ရဲ့ ညံ့ဖျင်းမှုပဲ”
သူက ဆက်ပြောသည်။
“ကြည့်ရတာ ပစ္စည်းကောင်းတစ်ခု ဖြစ်ပုံရတယ် ၊ ပိုင်းခြားသိမြင်ဖို့လည်း ခက်ခဲတယ် ၊ မင်းတို့ဂိုဏ်းကရော ဒီပစ္စည်းနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ”
ဖန်းကျောက်ဟုန်က လက်တစ်ဖက်ကာပြရင်း...
“တခြားသူဆိုရင်တော့ ငါတို့ဂိုဏ်းက ဒီပစ္စည်းကိုရဖို့ တိုက်ခိုက်မှာပါ ၊ ပိုင်ရှင်မရှိတဲ့ပစ္စည်းဆိုတာက တစ်ယောက်တည်းနဲ့ ဆိုင်တဲ့အရာမဟုတ်ဘူးလေ ၊ ဘယ်သူမဆို ယူလို့ရတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းက ငါတို့ဂိုဏ်းကလူတွေကို ရှားလော်ဂိုဏ်းလက်က ကယ်တင်ခဲ့တာကတစ်ကြောင်း ၊ မင်းကလည်း အရင်ရောက်ပြီး ဒီရတနာပစ္စည်းကို ရှာဖွေတွေ့ရှိတာက တစ်ကြောင်းဖြစ်တော့... ငါတို့မင်းနဲ့ပြိုင်ကပြီးလုယူဖို့ စိတ်ကူးမရှိပါဘူး”
ထိုသို့ပြောပြီးသည်နှင့် သူက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ထိုရတနာပစ္စည်းနှင့်ပတ်သက်၍ ရန်ကျောက်ကဲနှင့် အငြင်းမပွားလိုဟန် အမူအရာပြလိုက်သည်။ ယန်ချူးဖန်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများသည်လည်း သူနှင့်အတူ နောက်သို့ ဆုတ်သွားကြသည်။
ကြည့်ရသည်မှာ သူတို့ သီးခြားနယ်မြေမှ ထွက်ခွာသွားတော့မည့်ဟန်ပင်။
ဖန်းကျောက်ဟုန်က ပြုံးရင်း...
“ငါတို့ အပြင်မှာစောင့်နေမယ် ၊ မင်း ချန်လီတောင်ရှိတဲ့ တည်ရာမဲ့ပင်လယ်ဒေသကို သွားချင်တယ်ဆိုရင် ငါတို့ ကြံ့ဝိညာဉ်ပင်လယ်ဒေသကို ဖြတ်သွားရမှာပဲ ၊ လမ်းသင့်တော့ အတူတူခရီးသွားလို့ရတယ်လေ”
သူက ဆက်ပြောသည်။
“ပြီးတော့ မင်းက ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအဆင့်က ကြောက်စရာကောင်းအောင် မြင့်မားနေတာဆိုတော့ ငါတို့ ကြံ့ဝိညာဉ်ကျွန်းက လူငယ်သိုင်းသမားလေးတွေကိုလည်း နည်းနည်းပါးပါး လမ်းညွှန်ချက်လေးဘာလေးပေးနိုင်တာပေါ့”
ရန်ကျောက်ကဲကပြုံးရင်း...
“မင်းက ယဉ်ကျေးလွန်းနေပြီ”
ဖန်းကျောက်ဟုန်တို့အုပ်စု သူ့ရှေ့မှ ထွက်ခွာသွားသော်လည်း ရန်ကျောက်ကဲက ကျောက်ရုပ်တုကြီးနှင့် ထပ်မံဆက်သွယ်ရန် မကြိုးစားတော့ပေ။
သူက ဤ လျှို့ဝှက်ဆန်းကျယ်သော ရုပ်တုကြီးကို သိမ်းဆည်းပြီး သူနှင့်အတူ ယူဆောင်သွားရန် ဆုံးဖြတ်လိုက်၏။
ရန်ကျောက်ကဲက ကျောက်ရုပ်တုကြီးကို သူ၏ကြယ်တာရာချီစွမ်းအားနှစ်သာရများဖြင့် လွှမ်းခြုံလိုက်ပြီး ဆွဲယူရန်ကြိုးစားလိုက်သော်လည်း ၎င်းရုပ်တုက နေရာတွင် အမြစ်တွယ်သည့်အလား မြဲမြံနေသည်။ ရန်ကျောက်ကဲ၏ ပထမဆုံးကြိုးစားမှုဖြင့် လုံးဝ ရွေ့လျားသွားခြင်း မရှိဘဲ အနည်းငယ်သာ တုန်ခါသွားသည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် တောင်တစ်တောင်ကိုပင် အောက်ခြေမှ နှုတ်ယူနိုင်စွမ်းရှိလေသည်။
သိုသော် ယခု ရန်ကျောက်ကဲ ကျောက်ရုပ်တုကိုရွှေ့ရန်ကြိုးစားလိုက်တော့ သီးခြားနယ်မြေတစ်ခုလုံးသာ တုန်လှုပ်သွားသည် ရုပ်တုက ရွေ့မလာခဲ့ပေ။ ရေခဲနဂါးသူတော်စင်၏ နန်းတော်ကြီးတွင် နဂါးအစစ်အမှန်ရုပ်အလောင်းကြီးကို ယူဆောင်စဉ်ကထက်ပင် စွမ်းအားပိုမိုပြင်းထန်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။
ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်သွားပြီး သူ၏ခန္ဓာကိုယ်ထက်မှ ကြည်လင်သော ကြယ်တရာချီစွမ်းအားစီးကြောင်းများ တစ်ပြိုင်တည်းထွက်ပေါ်လာပြီး ကျောက်ရုပ်တုကြီးအတွင်း စိမ့်ဝင်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီး နောက်ဆုံးမှာတော့ လေးလံလှသည် ကျောက်ရုပ်တုကြီး အပေါ်သို့ တက်ကြွလာ၏။
ရန်ကျောက်ကဲက အရိပ်ကျုံ့အိတ်တစ်ခုကို ဖွင့်လိုက်ပြီး ရုပ်တုကြီးကိုထည့်သွင်းရန် ဟန်ပြင်လိုက်သော်လည်း အလွန်တရာ တွန်းကန်နေကြောင်း ခံစားရသည်။ နောက်ဆုံးမတော့ ရေခဲနဂါးကြီးကို ယူဆောင်စဉ်ကလိုပင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို အသုံးပြုလိုက်တော့မှ ထိုရုပ်တုကြီးက အရိပ်ကျုံ့အိတ်အတွင်းသို့ ပေါ့ပါးစွာ ဝင်ရောက်သွားတော့၏။
ထိုအချိန်...
ရန်ကျောက်ကဲ ဦးခေါင်းထက်တွင် အလင်းရောင်တစ်ချက် ဖျတ်ခနဲ လင်းလက်လာသည်။
ထိုအလင်းရောင်က လေထုထဲတွင် လွင့်ပျံနေပြီး စက်ဝိုင်းသဏ္ဌန် ကြေးမုံမှန်တစ်ချပ်ဖြစ်ကြောင်း တွေ့ရသည်။ လင်းလက်နေသည့် ကြေးမုံပြင်ထက်တွင် ပုံရိပ်တစ်ခု ထင်ဟပ်လျှက်ပင်။
ထိုပုံရိပ်က စောစောကပင် သီးခြားနယ်မြေထဲမှ ထွက်ခွာသွားပြီဖြစ်သော ဖန်းကျောက်ဟုန်၏ပုံရိပ် ဖြစ်လေသည်။
တစ်ဆက်တည်းပင် ရန်ကျောက်ကဲနှင့် လက်မအနည်းငယ်ခန့် အကွာအဝေးတွင် ဖန်းကျောက်ဟုန် ပေါ်လာပြီး သူ့ကို လက်ဝါးဖြင့် အဆက်မပြတ် ရိုက်ချလိုက်၏။ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက ကျောက်ရုပ်တုကို ရယူရာတွင် အသုံးပြုထားသဖြင့် ယခုလို ရုတ်တရက်တိုက်ခိုက်ခံရသည့်အခါ ခုခံကာကွယ်ရန် အလွန်ခဲယဉ်းသည်။
ဖန်းကျောက်ဟုန်၏ လက်ဝါးရိုက်ချက်မှ ကျောက်စိမ်းရောင်တောက်နေသော အင်းသင်္ကေတများစွာ ထွက်ပေါ်လာပြီး အလွန်တရာ နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကျယ်သည်။
သို့သော် သူနှင့် ရန်ကျောက်ကဲကြားတွင် အမှောင်ကမ္ဘာကြီးတစ်ခု ရုတ်တရက် ခြားနားသွားသည်။ အကွာအဝေးက လက်မအနည်းငယ်သာဖြစ်သော်လည်း မိုးမြေတစ်ခုလုံး ခြားနားသွားသည့်ပမာ ခံစားရသည်။
ဖန်းကျောက်ဟုန် စိတ်ထဲပူပန်သွားပြီး လက်ဝါးရိုက်ချက်အနေအထား ပြောင်းလဲလိုက်သည်။ အမှောင်ထုထဲတွင် အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ ရှေ့ဆက်လျှောက်လာခဲ့သည်။
သို့ပေသိ အဆုံးမရှိ အမှောင်ထုထဲတွင် မိုးခြိမ်းသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး အဖြူရောင်လျှပ်စီးကြောင်းတစ်ခုက ပင်လယ်ရေစီးကြောင်းတစ်ခုပမာ ဖန်းကျောက်ဟုန်ထံသို့ ဝင်ရောက်လာသည်။
ဖန်းကျောက်ဟုန် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏လက်ဝါးရိုက်ချက်ကို ပြန်လည်ရုတ်သိမ်းလျှက် နောက်သို့ဆုတ်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်စိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထာဝရညမိုးကြိုးစွမ်းအားဖြင့် လွှမ်းခြုံထားသော ရန်ကျောက်ကဲအသွင်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။
သူက...
“အိုး... ကြံ့ဝိညာဉ်ကျွန်းမှာ ဒီလိုထူးခြားတဲ့ သိုင်းပညာမျိုး ရှိတာလား”
ဖန်းကျောက်ဟုန် မျက်ခုံးများတွန့်ချိုးလိုက်ပြီး ရန်ကျောက်ကဲကို လက်ဝါးဖြင့်လိုက်ချလိုက်စဉ် ကျန်လက်တစ်ဖက်ကို လေထဲသို့ ဝှေ့ယမ်းလိုက်သည်။
လေထဲတွင် ကြေးမုံမှန်အလင်းတန်းများ တောက်ပလာသည်။ ထိုကြေးမုံမှန်က အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။
ဖန်းကျောက်ဟုန်က လျှပ်စီးပမာ လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ရန်ကျောက်ကဲရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။
ကျောက်သားရုပ်တုကြီးထက် လက်တစ်ဖက်တင်ထားရင်းဖြင့် ရန်ကျောက်ကဲက အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ နဂါးဟိန်းသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး အင်္ကျီလက်အတွင်းမှ စိမ်းပြာရောင်ဓားအလင်းတန်း လင်းလက်သွားသည်။
အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သော ‘အစိမ်းရောင်ချောက်နက်ဓား’ က ရန်ကျောက်ကဲ၏ စိတ်စွမ်းအားစေညွှန်ရာအတိုင်း ဖန်းကျောက်ဟုန်၏ ကြေးမုံမှန်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။
“အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်က အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု ပိုင်ဆိုင်ထားတာလား”
ဖန်းကျောက်ဟုန် ရင်ထဲနင့်ရပြန်သည်။
သို့သော် သူ့စိတ်များ ချက်ချင်းတည်ငြိမ်သွားပြီး ကြံ့ဝိညာဉ်ကျွန်း၏ အထွတ်ထိပ်သိုင်းပညာတစ်ရပ်ဖြစ်သော ကြံ့ဝိညာဉ်လက်ဝါးသိုင်းကို အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်အသုံးပြုလိုက်သည်။
ဖန်းကျောက်ဟုန် ထုတ်ဖော်အသုံးပြုသည့် ကြံ့ဝိညာဉ်လက်ဝါးသိုင်းနှင့် ယန်ချူးဖန်အသုံးပြုသည့် ကြံ့ဝိညာဉ်လက်ဝါးသိုင်းတို့က ကမ္ဘာခြားလောက်အောင် စွမ်းအားအဆင့်အတန်း ကွာဝေးသည်။
ဖန်းကျောက်ဟုန်မျက်ဝန်းများထဲတွင် အစိမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေပြီး ကြေးမုံမှန်ထက်တွင် ရန်ကျောက်ကဲ၏ဓားကွက်သာမက အနာဂတ်တွင်ဖြစ်ပေါ်နိုင်သော ဓားကွက်အပြောင်းအလဲများသည်ပင် ထင်ဟပ်လျှက် ရှိသည်။
သူ၏ အစစ်အမှန်အင်းသင်္ကေတအလင်းတန်းများ လှည့်ပတ်သွားပြီး ပတ်ဝန်းကျင်မှ နက်ရှိုင်းသော ရောင်ဝါးစီးကြောင်းများဖြင့် ချိတ်ဆက်သွားသည်။ ဖန်းကျောက်ဟုန်က သူ့ကိုယ်သူ ကျောက်စိမ်းရောင်အလင်းတန်းအဖြစ်ပြောင်းလဲပြိး ရန်ကျောက်ကဲ၏ဓားချက်ကို ရှောင်တိမ်းလိုက်၏။
သူက ရန်ကျောက်ကဲကို တန်ပြန်တိုက်ခိုက်ရန် ဟာကွက်ရှာရင်း သူ၏ဓားသိုင်းမှ အလှည့်အပြောင်းများကို တွက်ချက်နေစဉ် ကျောက်စိမ်းအလင်းတန်းက အဆက်မပြတ် တုန်ခါသွားသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး...
“ဘာလဲ... နတ်ကြံ့တစ်ကောင်လိုစိတ်ထားနဲ့ ရန်သူကို အရင်ရှင်းပစ်မယ်ဆိုတဲ့သဘောလား”
ရန်ကျောက်ကဲမျက်ဝန်းများက ချောက်နက်တစ်ခုပမာ နက်ရှိုင်းလျှက် ပင်လယ်ပမာကျယ်ပြန့်နေသော်လည်း သူ၏ဓားသိုင်းကတော့ ပြောင်းလဲခြင်း မရှိပေ။
ဖန်းကျောက်ဟုန်၏စိတ်သည် အနည်းယင် ယိမ်းယိုင်သွားပြီး သူ့မျက်စိရှေ့တွင် ပင်လယ်ရေနက်ထဲတွင် ဧရာမဝိညာဉ်လိပ်ကြီးတစ်ကောင် မလှုပ်မယှက်ရှိနေသည့်အလားခံစားရသည်။
ပင်လယ်ရေမျက်နှာပြင်သည်လည်း ငြိမ်သက်လျှက် လှိုင်းလေကင်းစင်နေသည့်ပမာပင်။
သူ၏ အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သော ‘ကျောက်စိမ်းအလင်း’ ကြေးမုံမှန်သည် ရန်သူတစ်ဦး၏လှုပ်ရှားမှုကို ခန့်မှန်းကာ ဟာကွက်ကိုရှာပြီးတန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသလို ကြံ့ဝိညာဉ်လက်ဝါးသိုင်းနှင့်လည်း ပြီးပြည့်စုံစွာ သဟဇာတဖြစ်လေ၏။
သို့သော် ယခုအခိုက်အတန့်မှာတော့ သူ့စိတ်ထဲ လုံးဝ ဗလာကျင်းနေပြီး ရန်ကျောက်ကဲ၏ သိုင်းကွက်များကိုပုံဖော်ရန် လုံးဝ နည်းလမ်းမရှိ ဖြစ်နေသည်။
ရန်ကျောက်ကဲက အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းနှင့် ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုထဲက ပင်လယ်ငြိမ်သက်လက်သီးသိုင်းကို ပေါင်းစပ်အသုံးပြုပြီး စိတ်စွမ်းအားဖြင့် စေစားကာ ဖန်းကျောက်ဟုန်၏သိုင်းကွက်ကို ခုခံနေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက သိမ်မွေ့သည့်လေသံဖြင့်...
“မင်း ငါ့ကို ဘာလို့တိုက်ခိုက်ရလဲဆိုတာ ငါ မသိဘူး ၊ သိလည်းမသိချင်ဘူး ၊ နားလည်မှုလွဲတယ်ဆိုတဲ့စကားမျိုးတော့ လာမပြောနဲ့”
စကားသံမဆုံးခင်မှာပင် ရန်ကျောက်ကဲ၏ဓားကွက်က ထပ်မံပြောင်းလဲသွားသည်။
စိမ်းပြာရောင်နဂါးက ရှေ့သို့ပျံသန်းလာပြီး ပါးစပ်ကိုဖွင့်လျှက် ကြုံးဝါးသံပြုလိုက်ရာ နဂါးငွေ့တန်းမှ ကြယ်ရောင်အလင်းတန်းများ ချက်ချင်းဆိုသလို လှည့်ပတ်လာပြီး ဖန်းကျောက်ဟုန်ကို ဖုံးအုပ်လျှက် ပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲက ပင်လယ်ငြိမ်သက်လက်သီးသိုင်းကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး စိတ်စွမ်းအားဖြင့်စေစားကာ ဝိညာဉ်စွမ်းအားအလင်းတန်းများ တောက်ပစေလျှက် ဓားကွက်အပြောင်းအလဲတစ်ခုကို ထပ်မံ ပုံဖော်လိုက်သည်။
ရန်ကျောက်ကဲ ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် မရေမတွက်နိုင်သောဖြစ်နိုင်ခြေများဖြင့် ပြည့်နေပြီး များပြားလှစွာသော ဓားကွက်အခွဲများပါဝင်သည်။ ထို့ကြောင့် ဖန်းကျောက်ဟုန်မှာ အပြီးသတ်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
ဓားအလင်းတန်းများစွာက ဖန်းကျောက်ဟုန်ကို ချက်ချင်းပင် ထိမှန်သွားသည်။
ဒဏ်ရာကပြင်းထန်သည်ဟု မယူဆနိုင်သော်လည်း သူ့ခန္ဓာကိုယ်ထက်မှ ဒဏ်ရာများထက် သူ့စိတ်အာရုံထဲမှ မရေမတွက်နိုင်သော ပေါက်ကွဲထွက်တော့မည့် ခံစားချက်က ပို၍ မသက်မသာ ခံစားရစေသည်။
ထိုမသက်မသာခံစားချက်က ဖန်းကျောက်ဟုန်၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်းကို ရပ်တန့်သွားရန်ပင် ဖိအားပေးခဲ့သည်။
“အဟက်... မင်းက သိုင်းကွက်တွေကို ကြိုတင်ခန့်မှန်းတာ အရမ်းကျွမ်းကျင်တယ်မဟုတ်လား... ၊ ဒါလေးတောင် တောင့်မခံနိုင်ဘူးလား”
ရန်ကျောက်ကဲက ကျောက်ရုပ်တုကြီးကို အပြီးတိုင်သိမ်းဆည်းလိုက်ပြီးနောက် ဖန်းကျောက်ဟုန်ကိုကြည့်ရင်း ပြုံးလျှက် ဆိုသည်။
ကျောက်ရုပ်တုကြီးကို သိမ်းဆည်းပြီးသည်နှင့် ရန်ကျောက်ကဲ၏စွမ်းအားက ပိုမိုပြင်းထန်လာသည်။ သူက စောစောကလို သိမ်မွေ့သည့်နည်းလမ်းဖြင့် မတိုက်ခိုက်တော့ဘဲ ပြင်းထန်စွာထိပ်တိုက်ရင်ဆိုင်ရန် စွမ်းအားကို ထုတ်လွှတ်လိုက်၏။
“ရှုတ်ထွေးတဲ့အရာတွေကို မင်း လိုက်မမီဘူးဆိုတော့... ကဲ... နည်းနည်းလောက် ရိုးရိုးရှင်းရှင်းလေး သွားကြည့်ရအောင်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲထံမှ ဓားအလင်းတန်းတစ် ထွက်ပေါ်လာပြီး ကောင်းကင်ကိုထိုးခွင်းသော အရှိန်အဟုန်ဖြင့် ဖန်းကျောက်ဟုန်ဆီသို့ ဝင်ရောက်လာလေတော့၏။