အခန်း ၁၉၉
Vol. 20 Ch. 199
Chapter 199
~
အခန်း ၁၉၉ : ခေါက်ဆွဲခြောက်ထုတ်
~
ညစာစားပွဲ ပြီးဆုံးသွားသည့် အချိန်၌ ည ၇ နာရီခန့်ပင် ရှိနေပေပြီ ။
လျှိုလန်နှင့် မာဟွာတို့က ပွဲသိမ်းကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်လာခဲ့ကြသည် ။
လျှိုလန်က ညည်းတွားရင်း ယန်ကျီဝမ်အား နောက်ပြောင်လိုက်သည် ။
" တကယ်ပဲ.. အဲ့ဒီခေါင်းဆောင်တွေ စားသွားတာ ပြောင်သလင်းခါနေတာပဲ.. စားကြွင်းစားကျန် တစ်ဖက်လေးတောင် မကျန်ဘူး.. ဆရာယန်.. အဲ့တာ ဆရာ့လက်ရာ အရမ်းကောင်းလွန်းလို့နေမှာ.. အဲ့ဒီခေါင်းဆောင်တွေ ပန်းကန်ကိုတောင် လျှာနဲ့ လျက်မလို့ လုပ်နေကြတာ .."
မာဟွာက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝင်ပြောသည် ။
" ဒါပေါ့.. ကျုပ်ဆရာရဲ့ လက်ရာက ပြိုင်ဘက်မရှိဘူးလေ .."
ယန်ကျီဝမ်က ခေါင်းခါရင်း ရယ်လိုက်ပြီး...
" ကဲပါ.. အချိန်လည်း လင့်နေပြီ.. ငါ ပြန်တော့မယ် .."
" ဆရာယန်.. ပင်ပန်းသွားပါပြီ .."
" ဆရာ.. ပင်ပန်းသွားပါပြီ .."
ယန်ကျီဝမ်က လက်ဝေ့ယမ်းပြလိုက်ပြီး မာဟွာအား ...
" ဟင်းချက်သင်တဲ့ နေရာမှာ အရေးအကြီးဆုံးက ဓားကိုင်ကျွမ်းကျင်မှုပဲ.. ဒီနေ့ ငါသင်ပေးလိုက်တဲ့ အတိုင်း သေချာ ကြိုးစားပြီး လေ့ကျင့်.. မင်းရဲ့ ဓားကိုင်စွမ်းရည် ကျွမ်းကျင်လာပြီဆိုတာနဲ့ ဟင်းချက်နည်းတွေကို ငါ စသင်ပေးမယ် .."
ထိုစကားကို ကြားသောအခါ မာဟွာက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး...
" စိတ်ချပါ ဆရာ.. ကျွန်တော် ကြိုးကြိုးစားစား လေ့ကျင့်ပါ့မယ် .."
" ကောင်းပြီ.. ငါ သွားပြီ .."
" ဆရာ.. ကျွန်တော် လိုက်ပို့ပေးမယ် .."
" မလိုပါဘူး.. မင်းတို့သာ ပြန်ကြတော့ .."
ယန်ကျီဝမ် အိမ်ပြန်ရောက်သောအခါ ည ၇ နာရီခွဲပင် ရှိနေပြီဖြစ်သည် ။
အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ယွီလီက သူမ ချုပ်လက်စ အဝတ်အစားများကို ချထားလိုက်ပြီး ....
" ကျီဝမ်.. ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ .."
ပုံမှန်ဆိုလျှင် ယန်ကျီဝမ်က သူမ အလုပ်ဆင်းချိန်တွင် အမြဲ လာကြိုတတ်သည် ။ ယခုကဲ့သို့ နောက်ကျမှ ပြန်လာခြင်းက မကြုံစဖူးပင် ။
ယန်ကျီဝမ်က သူ၏ အဝတ်အိတ်ကို ချလိုက်ပြီး သက်ပြင်းချကာ...
" မပြောပါနဲ့တော့.. ရွှီတာမော့ ဆိုတဲ့ကောင်လေ.. ကိုယ့်ကို တမင်သက်သက် အလုပ်ရှာပေးနေလို့ပေါ့ .."
ထို့နောက် ဟင်းချက်ရန် ဆွဲထားခံရသည့် အကြောင်းကို သူ ပြန်ပြောပြလိုက်သည် ။
ယွီလီက ပြုံးလိုက်ပြီး...
" ကန်တင်း ကလည်း မဆိုးပါဘူး.. အနည်းဆုံးတော့ ရှင် ဟိုပြေးဒီပြေး လုပ်စရာ မလိုတော့ဘူးလေ.. ပြီးတော့ ခေါင်းဆောင်တွေအတွက် ချက်ပေးရတာ တခြားလူတွေဆို အားကျနေကြမှာ .."
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...
" ထားလိုက်ပါတော့.. အဲ့ ဌာနပြောင်းခံရရင် တစ်နေ့လုံး စက်ရုံထဲမှာ နေရတော့မှာ..ပျင်းစရာကြီး.."
ယွီလီက အကူအညီမဲ့ဟန်ဖြင့်...
" ရှင့်သဘောပါပဲ.. ရှင် ဘယ်လိုဆုံးဖြတ် ဆုံးဖြတ် အဆင်ပြေပါတယ် .."
ထို့နောက် ယွီလီက ထပ်မေးလိုက်သည် ။
" ရှင် ထမင်းစားပြီးပြီလား.. အမေက ရှင့်အတွက် ဟင်းချန်ထားပေးတယ်.. ကျွန်မ သွားယူပြီး နွှေးလိုက်မယ်နော် .."
" ဒုက္ခခံမနေပါနဲ့.. ငါ လွယ်တာပဲ စားလိုက်တော့မယ် .."
ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။ စကားပြောနေရင်း သူက ကုတင်အောက်တွင် စမ်းသပ်ရှာဖွေလိုက်ရာ အနီရောင် ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည် ။
" ဒါက ဘာလဲ .."
ယွီလီက ယန်ကျီဝမ် လက်ထဲရှိ ပန်းကန်လုံးပုံစံ အနီရောင် ပစ္စည်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည် ။
ထိုအရာက ယန်ကျီဝမ် ရမှတ်စတိုးမှ လဲလှယ်ထားသော ခေါက်ဆွဲခြောက်ဘူး ပင် ။
" ဒါကို ခေါက်ဆွဲခြောက် လို့ခေါ်တယ် .."
ယန်ကျီဝမ်က ရှင်းပြလိုက်ပြီး ....
" အိမ်မှာ ရေနွေးရှိလား .."
" ရှိတယ် .."
ယွီလီက သူ့အတွက် ရေနွေး သွားယူပေးလိုက်ပြီး မေးလိုက်၏ ။
" ရှင် ဒါကို ကုတင်အောက်မှာ ဘယ်တုန်းက ထားလိုက်တာလဲ.. ကျွန်မ သန့်ရှင်းရေး လုပ်တုန်းက မတွေ့ပါဘူး.."
" နေ့လယ်တုန်းက ထားလိုက်တာ .."
ယန်ကျီဝမ်က အမြန် ပြန်ဖြေလိုက်ပြီး ခေါက်ဆွဲခြောက်ကို စတင် ပြင်ဆင်လေသည် ။
" ဒီအတိုင်း စားလို့ရပြီလား .."
ယွီလီက တစ်ခါမှ မမြင်ဖူးသဖြင့် အလွန် စိတ်ဝင်စားနေသည် ။
ယန်ကျီဝမ်က ရှင်းပြလိုက်သည် ။
" သုံး မိနစ်ပဲစောင့် .."
မိနစ်အနည်းငယ် ကြာပြီးနောက် ။
ယန်ကျီဝမ်က ခေါက်ဆွဲခြောက်ဘူးပေါ်ရှိ ကပ်ခွာစက္ကူကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့သည့် ရနံ့ပြင်းပြင်းက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည် ။
ယွီလီက တံတွေးမြိုချလိုက်ပြီး...
" အရမ်း မွှေးတာပဲ .."
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" မြည်းကြည့်ချင်လား .."
ယွီလီက မြည်းကြည့်ချင်စိတ် ပေါ်လာသော်လည်း ခေါင်းခါလိုက်ပြီး...
" နေပါစေ.. ရှင်မှ မစားရသေးတာ .."
သူမ၏ ယောကျ်ားအတွက် ငဲ့ညှာနေခြင်းဖြစ်သည် ။
ယန်ကျီဝမ်က သဘောကျစွာဖြင့် ပြုံးလိုက်ပြီး...
" ရပါတယ်.. မင်း စားချင်ရင် စားလိုက်ပါ.. ကိုယ်နောက်ထပ် တစ်ဘူး ထပ်လုပ်လိုက်မယ် .."
" ဒါဆို ကျွန်မ နည်းနည်းလောက် မြည်းကြည့်မယ်လေ .."
ခေါက်ဆွဲခြောက် ရနံ့က အလွန် မွှေးလွန်းနေ၍ ယွီလီ နောက်ဆုံးတွင် အရှုံးပေးလိုက်ရသည် ။
သူမက ပလတ်စတစ် ခက်ရင်းကို ယူ၍ တစ်လုပ် စားကြည့်ပြီးနောက် သူမ၏ မျက်လုံးများ ဝင်းပသွားပြီး...
" အရမ်း စားလို့ကောင်းတာပဲ.. အရမ်းမွှေးတယ်.. အသားအရသာတောင် ပါနေသလိုပဲ .."
ခဏအကြာတွင် ။
ခေါက်ဆွဲခြောက် တစ်ဘူးလုံး ပြောင်သလင်းခါသွားပြီး ဟင်းရည် တစ်စက်မှ မကျန်တော့ချေ ။
ယွီလီ မျက်နှာနီရဲသွားပြီး ရှက်ရွံ့ဟန်ဖြင့်...
" ကျီဝမ်.. တောင်းပန်ပါတယ်.. ကျွန်မ မထိန်းနိုင်ဖြစ်သွားပြီး အကုန် စားပစ်လိုက်မိတယ် .."
" ကိုယ့်ကို ဘာလို့ အားနာနေရတာလဲ.. နောက်တစ်ဘူး ထပ်လုပ်လိုက်ရင် ရတာပဲကို .."
ယန်ကျီဝမ်က ပြောရင်း ကုတင်အောက်တွင် စမ်းသပ်ရှာဖွေလိုက်သည် ။ တစ်ချိန်တည်းမှာပင် သူက ကုတင်အောက်တွင် သိမ်းထားရန် နောက်ထပ် ခေါက်ဆွဲခြောက်ဘူး အချို့ကိုပါ လဲလှယ်လိုက်၏ ။
" မိန်းမ.. ကုတင်အောက်မှာ နောက်ထပ် နှစ်ဘူး သုံးဘူးလောက် ကျန်သေးတယ်.. ညဘက် ဗိုက်ဆာရင် ဖျော်စားလိုက်.. ဒါပေမဲ့ ဒီဟာတွေ အများကြီး စားတာ သိပ်မကောင်းဘူးနော်.. တစ်ခါတစ်လေလောက်ပဲ မြည်းကြည့်ပေါ့.. အများကြီး မစားနဲ့ .."
" အင်းပါ .."
ယွီလီက သဘောတူလိုက်ပြီးနောက် ထပ်ပြောသည် ။
" အဖေနဲ့ အမေ့ကိုပါ မြည်းကြည့်ဖို့ နည်းနည်းလောက် ယူသွားပေးရမလား .."
ယန်ကျီဝမ်က ခဏ စဥ်းစားလိုက်ပြီး....
" နောက်နေ့မှပေါ့.. နောက်နေ့မှ ကိုယ် ထပ်ယူလာခဲ့မယ်...အဲ့ကြမှ ပြောကြတာပေါ့ .."
" အင်း .."
~
နောက်တစ်နေ့ မနက်ခင်း....
အိပ်ပျော်နေသော ယန်ကျီဝမ်အား ယွီလီ အတင်း လှုပ်နှိုးလိုက်သဖြင့် နိုးလာခဲ့သည် ။
" ကျီဝမ်.. ရှင့်ကို လူတစ်ယောက် လာရှာနေတယ်.. သူ ပစ္စည်းတွေလည်း ယူလာသေးတယ်.. ရှင့်ရဲ့ တပည့်လို့လည်း ပြောတယ် .."
ယန်ကျီဝမ်က အိပ်ချင်မူးတူးဖြင့် ...
" ဘာတပည့်လဲ.. အခု ဘယ်အချိန် ရှိနေပြီလဲ .."
" ခုနစ်နာရီ ထိုးနေပြီ.. မြန်မြန် ထတော့.. သူ့ကို အကြာကြီး စောင့်ခိုင်းမထားနဲ့ .."
ယွီလီက သူမ၏ ယောကျ်ားကို ဆွဲထူလိုက်ပြီး အဝတ်အစား သပ်ရပ်အောင် ပြင်ပေးလိုက်သည် ။
ယန်ကျီဝမ်သည် ယွီလီ၏ ဆွဲခေါ်မှုကြောင့် အိပ်ချင်မူးတူးဖြင့် တံခါးအပြင်သို့ ထွက်လာခဲ့ရ၏ ။
" ဆရာ .."
ရောက်လာသူက မာဟွာပင် ။ ယန်ကျီဝမ် ထွက်လာသည်ကို မြင်လျှင် သူ ချက်ချင်း နှုတ်ဆက်လိုက်သည် ။
သူ အိတ်တစ်လုံး ကိုင်ထားပြီး ထိုအိတ်ထဲတွင် ကြက်ဥအချို့ မြင်နေရ၏ ။
" မင်းကိုးကွ .."
ယန်ကျီဝမ်က တန်တစ်သောင်း လေးသော မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မာဟွာဖြစ်နေသည်ကို မြင်လျှင် မကျေမနပ်ဖြင့် ....
" မင်း ဘာကိစ္စ လာတာလဲ..အချိန်ကြည့်အုံးဟ.. အစောကြီး ရှိသေးတယ် ..ငါ့ အိပ်မက်ကောင်းတွေကို လာနှောင့်ယှက်နေတာ .."
" အာ .."
မာဟွာက ဆွံအသွားပြီး မည်သို့ မည်ပုံ ပြန်ဖြေရမည် မသိ ဖြစ်သွားသည် ။
ယွီလီက မျက်လုံးလှန်ပြလိုက်ပြီး ယန်ကျီဝမ်၏ ခါးကို ဆွဲလိမ်၍ မာဟွာအား ....
" မင်္ဂလာပါ.. ဒါဆို မင်းက ယန်ကျီဝမ် လက်ခံထားတဲ့ တပည့်ပေါ့ .."
" မင်္ဂလာပါ ဆရာကတော်.. ကျွန်တော့်နာမည်က မာဟွာပါ .."
မာဟွာက အိတ်ကို အနေရခက်ဟန်ဖြင့် ကမ်းပေးလိုက်ပြီး...
" ဒါက ကျွန်တော် တပည့်ခံတဲ့ လက်ဆောင်ပါ.. ဆရာနဲ့ ဆရာကတော်တို့ အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ် .."
သူ အိမ်ပြန်ရောက်သောအခါ ဆရာတစ်ယောက်ထံတွင် တပည့်ခံသည့် အကြောင်းကို မိသားစုအား ပြောပြခဲ့သည် ။ ထိုအချိန်ကြမှ တပည့်ခံသည့် လက်ဆောင် ပေးရသည့် အကြောင်းကို သိခဲ့ရ၏ ။
ထို့ကြောင့် သူ မနက်စောစောထကာ ကြက်ဥအချို့ ဝယ်ပြီး အပြေးလာခဲ့ခြင်းပင် ။
သူ ဝက်သား ယူလာချင်သော်လည်း ဝယ်၍မရခဲ့ပေ ။
ယန်ကျီဝမ်က မကြည်မလင်ဖြင့် ပြောလိုက်သည် ။
" ဘာလို့ ဒီလို အပေါ်ယံတွေ လုပ်နေရတာလဲ.. ငါ့မိသားစုက မင်းဆီက ဒီလောက် ပစ္စည်းလေးတွေကို မလိုပါဘူး .."
မာဟွာ ဆွံ့အသွားပြန်သည် ။
ယွီလီက ယန်ကျီဝမ်၏ ခါးကို ထပ်လိမ်ဆွဲလိုက်ပြီးနောက် မာဟွာအား ပြောလိုက်သည် ။
" မင်းဆရာက ဒီလိုပါပဲ.. စိတ်ထဲမထားနဲ့.. ပစ္စည်းတွေကို အစ်မ လက်ခံလိုက်ပါ့မယ်.. နောက်တစ်ခါကျရင်တော့ ယူမလာနဲ့တော့နော် .."
" ဟုတ်ကဲ့ပါ ဆရာကတော် .."
မာဟွာက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည် ။
ယန်ကျီဝမ်က လက်ဝေ့ယမ်းလိုက်ပြီး ...
" ကဲပါ.. မင်း အလုပ်သွားရအုံးမယ် မလား.. မြန်မြန်သွားတော့.. နောက်ကျနေမယ်.. သြော်.. ပြီးတော့ မင်းရဲ့ ဓားစွမ်းရည်ကို သေချာ လေ့ကျင့်ဖို့ မမေ့နဲ့အုံး .."
" ကျွန်တော် မှတ်ထားပါတယ် ဆရာ .."
မာဟွာ ထွက်သွားပြီးနောက် ယွီလီက ပြောလိုက်သည် ။
" ရှင် တပည့် လက်ခံလိုက်တာကို ကျွန်မကို ဘာလို့ မပြောရတာလဲ .."
ယန်ကျီဝမ်က သမ်းလိုက်ပြီး လက်ဝေ့ယမ်းပြကာ...
" အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ.. ပြောနေစရာ မလိုပါဘူး.. ငါ အရမ်း အိပ်ချင်နေပြီ.. ခဏလောက် ပြန်အိပ်လိုက်အုံးမယ် .."
" မရဘူး.. အရင် သွားပြီး မနက်စာ စားချေ .."
နောက်ဆုံးတွင် ယန်ကျီဝမ်သည် ယွီလီကို မနိုင်၍ နာခံစွာဖြင့် မနက်စာ သွားစားလိုက်ရသည် ။
မနက်စာ စားပြီးနောက် ယန်ကျီဝမ်၏ အိပ်ချင်စိတ်များ လွင့်စင်သွား၏ ။
ထို့ကြောင့် သူက ယွီလီအား လမ်းရုံးသို့ လိုက်ပို့ပေးခဲ့ပြီးနောက် ဟောက်ဟိုင် သို့ သုံးဘီးစက်ဘီးဖြင့် ချီတက်ခဲ့၏ ။
ဟောက်ဟိုင်သို့ ရောက်သောအခါ ငါးမျှားနေသော အဘိုးဝမ်နှင့် တိုက်တိုက်ဆိုင်ဆိုင် သွားဆုံသည် ။
ယန်ကျီဝမ် ရောက်လာသည်ကို မြင်လျှင် အဘိုးဝမ်က နောက်ပြောင်လိုက်သည် ။
" အိုး...အို.. အဝယ်တော်ကြီး ပါလားဟ ... မမြင်တာတောင် ကြာပြီနော် .. ဒီနေ့ ဘယ်လိုဖြစ်လို့ ငါးလာမျှားဖို့ စိတ်ကူးပေါက်သွားတာလဲ .."