အခန်း ၂၀၀
Vol. 20 Ch. 200
Chapter 200
~
အခန်း ၂၀၀ : တာဝန်ခံဝမ်... " မင်း ဘယ်သူ့ကို ဘာလုပ်ချင်တာလဲ.. "
~
အဘိုးဝမ်၏ နောက်ပြောင်မှုကို ယန်ကျီဝမ်က လုံးဝ လျစ်လျူရှုလိုက်ပြီး ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည် ။
" ဟ ကောင်စုတ်လေး.. မင်း ငါ့ကို အဖက်တောင် မလုပ်ပါလား.. "
အဘိုးဝမ်က မျက်နှာထား ပြင်လိုက်ပြီး လေးနက်စွာဖြင့်..
" ကောင်လေး.. ပြီးခဲ့တဲ့တစ်ခေါက်က ငါ့မိန်းမဆီကို မင်းမိန်းမ ခေါ်လာခဲ့မယ်လို့ ကတိပေးထားတယ်လေ.. ဘာလို့ ဒီလောက်ကြာတဲ့အထိ ပေါ်မလာတာလဲ.. "
ယန်ကျီဝမ်၏ မျက်နှာ အမူအရာက အေးခဲသွား၏ ။ သူ မကြာသေးမီက ရည်ရွယ်ချက်မရှိ လုပ်ချင်ရာ လျှောက်လုပ်နေခဲ့သဖြင့် ထိုကိစ္စကို မေ့နေခြင်းပင် ။
သို့သော် သူက..
" ကျွန်တော် ခုတလော အရမ်း အလုပ်များနေလို့ပါ.. "
" အလုပ်များတယ်.. "
အဘိုးဝမ်က ရယ်လိုက်ပြီး..
" မင်း အဲ့ဒီစကားကို အဘွားလင်းဆီ သွားပြောလိုက်.. သူ မင်းကို ယုံမယုံ ကြည့်ရသေးတာပေါ့.. "
" အဘွားလင်းက ကျွန်တော့်ကို အချစ်ဆုံးပဲ.. မယုံဘဲ နေမလား. "
ယန်ကျီဝမ်က ခေါင်းမာစွာ ပြန်ပြောသည် ။
" မင်းပြောတော့လည်း ဟုတ်သလိုလိုတော့ ရှိသား .. "
ယန်ကျီဝမ်က ရယ်လိုက်ပြီး..
" အဘွားလင်းကို ပြောပေးပါ.. ပိတ်ရက် ကျွန်တော့်မိန်းမကို သေချာပေါက် ခေါ်လာခဲ့ပါ့မယ်လို့.. "
အဘိုးဝမ်က မျက်နှာမဲ့လိုက်ပြီး..
" ငါ ဘာလို့ မင်းကို ကူညီပေးရမှာလဲ.. ငါ့အတွက် ဘာအကျိုးအမြတ်ရှိလို့လဲ.. "
ရွေးချယ်စရာ မရှိတော့သဖြင့် ယန်ကျီဝမ်က အဘိုးဝမ်ကို ငါးစာ ဝေမျှပေးလိုက်ရတော့သည် ။
...
သံမဏိစက်ရုံ ...
စားသောက်ခန်းမ( ကန်တင်းနော်.. ခုထိ ဘယ်ဟာ ရေးရမလဲ မသဲကွဲဘူး 🤣🤣) ....
မနက် ကိုးနာရီဝန်းကျင်ခန့်တွင် ရှာကျူး စက်ရုံမီးဖိုချောင်သို့ ရောက်လာသည် ။
တနေ့က ယွီလီ၏ လှောင်ပြောင်မှုကို ခံခဲ့ရသဖြင့် သူ့စိတ်အခြေအနေ မကောင်းသောကြောင့် မနေ့က သူ ခွင့်ယူခဲ့သည် ။
သို့သော် သူ အနည်းငယ်မျှပင် စိုးရိမ်စိတ်မရှိ ။ သူ့စွမ်းရည်ဖြင့် တာဝန်ခံဝမ်က သူ့အပေါ် မကျေနပ်လျှင်ပင် သည်းခံရမည်သာ ဖြစ်သည် ။ မည်သို့ပင် ဆိုစေကာမူ ခေါင်းဆောင်များ၏ သီးသန့်မီးဖိုချောင်က သူ ချက်ပြုတ်ပေးမည့်အချိန်ကို စောင့်နေရဆဲပင် ။
မီးဖိုချောင်ထဲ ဝင်ဝင်ချင်း ရှာကျူးက ကုလားထိုင်တစ်လုံးကို ရှာ၍ ထိုင်လိုက်ကာ ခြေချိတ်လိုက်ပြီး..
" မာဟွာ.. ငါ့ကို လက်ဖက်ရည် တစ်ခွက် ယူခဲ့စမ်း.. "
" ဟုတ်ကဲ့.. လာပါပြီ.. "
ဟင်းသီးဟင်းရွက် လှီးနေသော မာဟွာက သူ့အသံကို ကြားလျှင် လက်ဖက်ရည် သွားငှဲ့ပေးလေသည် ။
သူက ရိုးသားသူ တစ်ယောက်ဖြစ်ပြီး ယန်ကျီဝမ်အား ဆရာအဖြစ် ခံယူထားသောကြောင့် မာနထောင်လွှားလာခြင်း မရှိချေ ။ ရှာကျူးက ကန်တင်း၏ ခေါင်းဆောင်စားဖိုမှူးဖြစ်ပြီး သဘောထားသေးသိမ်သူ ဖြစ်၏ ။ အကယ်၍ သူ့ကို စော်ကားမိလျှင် ငါးပါးမောက်ပေရော့မည် ။
သို့သော် လျှိုလန်ကတော့ ရှာကျူးကို မကြောက် ။
လျှိုလန်က လျှောက်လာပြီး လှောင်ပြုံးပြုံးကာ..
" ရှာကျူး.. နင့်အလုပ် ပြုတ်တော့မယ်ဆိုတာ နင် သိရဲ့လား.. "
" မင်း ဘယ်သူ့ကို လာခြောက်နေတာလဲ.. "
ရှာကျူးက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည် ။
" ငါ့ကို အလုပ်ဖြုတ်ပစ်နိုင်တဲ့ အရည်အချင်း ဘယ်သူ့ဆီမှာ ရှိလို့လဲ.. သူ့ကို လာပြောခိုင်းလိုက်စမ်း.. ငါ ယုံမယုံ ကြည့်ရသေးတာပေါ့.. "
ပထမဆုံးအနေဖြင့် သူ၏ လက်ရှိအလုပ်က ခိုင်မာသော အလုပ်တစ်ခုဖြစ်ပြီး ကြီးမားသော အမှား မလုပ်ခဲ့ဖူးချေ ။ ထို့ကြောင့် သူ့ကို အလုပ်ထုတ်ရန် မည်သူ့တွင် အခွင့်အရေး ရှိပါမည်နည်း ။ ထို့အပြင် ထိုခေါင်းဆောင်များက သူ့စွမ်းရည်အပေါ် မှီခိုနေရသဖြင့် သူ့ကို မည်သို့မှ အလုပ်ဖြုတ်နိုင်မည် မဟုတ်ပေ ။
လျှိုလန်က ရှာကျူး၏ ယုံကြည်မှု မည်သည့်နေရာမှ လာသည်ကို ရှင်းလင်းစွာ သိထားသည် ။
သူမက ပြုံးလိုက်ပြီး..
" ရှာကျူး.. ခေါင်းဆောင်တွေက နင့်ကို မရှိမဖြစ် လိုအပ်တယ်လို့ ထင်ပြီး နင့်ကျွမ်းကျင်မှုကို အားကိုးနေတာပဲ.. "
" ဟုတ်တော့ရော ဘာဖြစ်လဲ.. "
ရှာကျူးက ဂုဏ်ယူဝင့်ကြွားစွာဖြင့်....
" ဒါဆိုရင် နင် သတိထားတာ ပိုကောင်းမယ်.. "
လျှိုလန်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး..
" အမှန်အတိုင်း ပြောရရင် နင် မနေ့က မလာတော့ ခေါင်းဆောင်တွေ အရမ်း ဒေါသထွက်သွားကြတယ်.. သူတို့က ဟင်းချက်ဖို့ တခြား ဆရာတွေကိုတောင် ဖိတ်ခေါ်လိုက်သေးတယ်.. အခုချိန်ကစပြီး သီးသန့် မီးဖိုချောင်အတွက် နင့်ကိုတောင် လိုအပ်ချင်မှ လိုတော့မှာ.. "
" အဓိပ္ပာယ်မရှိတာ.. "
ရှာကျူးက ဒေါသတကြီး ပြောလိုက်သည် ။
" စက်ရုံတစ်ခုလုံးမှာ ငါ့ထက် လက်ရာ ပိုကောင်းတဲ့သူ ဘယ်သူရှိလို့လဲ.. "
" နင် ငါ့ကို မယုံဘူးလား.. "
လျှိုလန်က ...
" ဒါနဲ့ စကားမစပ် နင် အဲ့လူကို သိသင့်တယ်.. ရွှီတာမော့ ပြောတာ ကြားရသလောက်တော့ နင်တို့က ခြံဝင်းတစ်ခုတည်း အတူတူဆိုပဲ ... "
ဤသည်ကို ကြားသောအခါ ရှာကျူးက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့်..
" မင်း ယန်လောင်အာကို ပြောနေတာလား.. "
ခြံဝင်းတစ်ခုလုံးတွင် ယန်လောင်အာ တစ်ကောင်သာ အရည်အချင်း အနည်းငယ် ရှိသည် ။ သူ ဝန်မခံချင်သော်လည်း ယန်လောင်အာ၏ ဟင်းချက်စွမ်းရည်က သူ့ထက် ပို၍ ကောင်းသည်ကို ဝန်ခံရပေမည် ။
အကယ်၍ လျှိုလန် လိမ်ပြောခြင်း မဟုတ်လျှင် ဤကိစ္စက အမှန်ပင် ဖြစ်ရမည် ။ ထိုအခိုက် သူ အနည်းငယ် စိုးရိမ်မိလာ၏ ။
သူ့အလုပ် ပြုတ်ရန် မဖြစ်နိုင်သော်လည်း သီးသန့်မီးဖိုချောင် တာဝန်ကို ဆုံးရှုံးလိုက်ရခြင်းက သူ့ဘဝတွင် အရင်ကလို သက်တောင့်သက်သာ ရှိနိုင်တော့မည် မဟုတ်ပေ ။
ခေါင်းဆောင်များ၏ သီးသန့်မီးဖိုချောင်တွင် ဟင်းချက်ရသောအခါ ညီမချင်ကို ပျော်ရွှင်စေရန် ဟင်းအချို့ကို အိမ်သို့ ယူသွားနိုင်သေးသည် ။ သို့သော် သူသာ သီးသန့်မီးဖိုချောင် တာဝန်ကို ဆုံးရှုံးသွားပါက ထိုအရာက ခက်ခဲသွားပေလိမ့်မည် ။
အနာဂတ်တွင် တာဝန်ခံဝမ်က သူ့ကို ဒုက္ခပေးလာနိုင်သည် ။ ယခင်က တာဝန်ခံဝမ်သည် သူ့အား မည်သည့်အကြောင်းကြောင့် သည်းခံခဲ့သနည်း ။ သီးသန့် မီးဖိုချောင်ကြောင့်ပင် မဟုတ်ပေဘူလော။
ယခု ယန်ကျီဝမ်က သီးသန့်မီးဖိုချောင်ကို လွှဲပြောင်းယူလိုက်ပြီဖြစ်၍ တာဝန်ခံဝမ်က သူ့ကို သည်းခံရန် မလိုအပ်တော့ချေ ။
လျှိုလန်က ကျေနပ်အားရဟန်ဖြင့် ရယ်လိုက်ပြီး..
" ယန်လောင်အာဆိုတာကိုတော့ ငါမသိဘူး.. သူ့နာမည်က ယန်ကျီဝမ်တဲ့ ...ဝယ်ယူရေးဌာနမှာ အလုပ်လုပ်တယ်ဆိုတာလောက်ပဲ ငါသိတယ်.. "
' တကယ်ကြီး ဒီကောင် ဖြစ်နေတာပဲ ..'
ရှာကျူး၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှိုင်းညို့သွားသည် ။
လျှိုလန်က ချက်ချင်း ဝမ်းသာသွား၏ ။ ရှာကျူးသည် များသောအားဖြင့် အလွန်မာနကြီးပြီး စကားပြော ရိုင်းစိုင်းတတ်သည် ။ ယခု အခက်တွေ့နေသည်ကို မြင်လိုက်ရသဖြင့် လျှိုလန် ကျေနပ်သွားပေသည် ။
လျှိုလန်က ကျေနပ်မှု မရှိသေးဘဲ ဆက်ပြောသည် ။
" အဲ့ဒါက အကုန်မဟုတ်သေးဘူး.. မနေ့က မာဟွာတောင် ဆရာယန်ဆီမှာ တပည့်ခံလိုက်သေးတယ်... .. "
"ဒိုင်း.."
ဤသည်ကို ကြားလျှင် ရှာကျူးက ကုလားထိုင်ကို ဒေါသတကြီး ရိုက်ချလိုက်ပြီး ..
" ဘာ.. အဲ့ဒီ လူယုတ်မာ ယန်လောင်အာက ငါ့လူကိုတောင် ခိုးသွားသေးတယ်ပေါ့လေ.. မာဟွာ.. ဒီကို လာခဲ့စမ်း.. "
ထိုအချိန်တွင် မာဟွာက လက်ဖက်ရည်ကို ယူလာပေးနေခိုက် ဖြစ်သည် ။
" ဆရာဟဲ.. တခြား ကိစ္စရှိသေးလို့လား.. မရှိတော့ဘူးဆိုရင် ကျွန်တော် ဟင်းသီးဟင်းရွက် သွားလှီးတော့မယ်.. "
ရှာကျူးက မေးခွန်းထုတ်လိုက်သည် ။
" မာဟွာ.. မင်း ယန်လောင်အာကို ဆရာတင်လိုက်တာလား.. "
လျှိုလန်က ဘေးမှ ဝင်ရှင်းပြသည် ။
" ယန်လောင်အာဆိုတာ ဆရာယန်ကို ပြောတာ.. "
မာဟွာက ရုတ်တရက် နားလည်သွားပြီး ခေါင်းညိတ်လိုက်ကာ..
" ဟုတ်တယ်.. ကျွန်တော် ဆရာယန်ကို ကျွန်တော့်ဆရာအဖြစ် ခံယူလိုက်တာပါ.. "
" တောက်.. ခွေးကောင်.. "
ရှာကျူးက ဒေါသတကြီး ....
" မင်းက ဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့ ကျေးဇူးကန်းတဲ့ကောင်.. မင်း မီးဖိုချောင်မှာ ဆက်မနေချင်တော့ဘူး ထင်တယ်.. "
မာဟွာ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားပြီး ကြောက်လန့်သွားသည် ။
သို့သော် လျှိုလန်က မကြောက် ။ သူမက သူ့ကို နှစ်သိမ့်ပေးလိုက်သည် ။
" မာဟွာ.. သူ့ကို မကြောက်နဲ့.. သူ့ဆီမှာ အဲ့ဒီလောက် စွမ်းရည် ရှိလို့လား.. ကန်တင်းက သူ အမိန့်ပေးဖို့ လုပ်ထားတာ မဟုတ်ဘူး.. "
" ပြီးတော့ သူက နင့်ကို တပည့်အဖြစ် တစ်ခါမှ လက်မခံခဲ့တာကို ဒီကိစ္စက ဘယ်လိုလုပ်ပြီး ဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တာ ဖြစ်သွားရတာလဲ.. "
ရှာကျူးက ခေါင်းမာစွာ ပြောလိုက်သည် ။
" ငါ သူ့ကို စမ်းသပ်နေတာလေ.. သူ့ကို လက်ခံဖို့ ငါ အစကတည်းက ရည်ရွယ်ထားတာ.. "
လျှိုလန်က နှုတ်ခမ်းမဲ့လိုက်ပြီး..
" ဟာသပဲ.. နင်သာ သူ့ကို လက်ခံချင်ရင် အစောကြီးကတည်းက လုပ်ပြီးနေလောက်ပြီ.. "
ထို့အပြင် ရှာကျူးသည် သူ၏ဟင်းချက်နည်းများကို ဖုံးကွယ်ထားတတ်သည့် အကျင့်ကြောင့် မာဟွာက သူ့တပည့် အမှန်တကယ် ဖြစ်လာလျှင်ပင် များများစားစား သင်ယူနိုင်မည် မဟုတ်ဟု သူမ ခံစားမိသည် ။
ဆရာယန်ကတော့ ပို၍ ချဉ်းကပ်ရ လွယ်ကူသည် ။ တပည့်အဖြစ် စတင်ဝင်ရောက်သည့် ပထမဆုံးနေ့မှာပင် သူ၏ စစ်မှန်သော ကျွမ်းကျင်မှုများကို စတင်သင်ကြားပေးခဲ့သဖြင့် သူမ အလွန်ပင် မနာလိုဖြစ်ခဲ့ရသည် ။
ထို့အပြင် ဆရာယန်က စကားပြောရ လွယ်ကူပြီး ချောမောခန့်ညား၏ ။ ရှာကျူးထက် ရှုထောင့်ပေါင်းစုံမှ ပိုသာပေသည် ။
" မင်းနဲ့ ဘာဆိုင်လို့လဲ.. ဘာလို့ ဒီလောက် စကားများရတာလဲ.. "
ရှာကျူးက လျှိုလန်ကို ဟောက်လိုက်ပြီးနောက် မာဟွာကို ကြည့်ကာ..
" မာဟွာ.. မင်း အခု ငါ့တပည့်အဖြစ် ပြောင်းဝင်မယ်ဆိုရင် ဘာမှ မဖြစ်ခဲ့သလို ငါ သဘောထားပေးမယ်.. အဲ့လိုမှမဟုတ်ရင် ဟမ့်.. "
မာဟွာက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အသံမထွက်ဘဲ နေလိုက်သည် ။
လျှိုလန်က သတိပေးလိုက်သည် ။
" မာဟွာ.. နင် လုံးဝ သဘောမတူနဲ့နော်.. ဒါက နင် ကံကောင်းလို့ ရထားတဲ့ အခွင့်အရေးပဲ.. "
မာဟွာက အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာဖြင့်..
" တောင်းပန်ပါတယ် ဆရာဟဲ.. ကျွန်တော် မလုပ်နိုင်ဘူး.. "
သူ တုံ့ဆိုင်းနေခဲ့ခြင်းမှာ ရှာကျူးက သူ့ကို ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်ပြီး ယန်ကျီဝမ်ကို သစ္စာဖောက်ချင်သောကြောင့် မဟုတ်ပေ ။
" ကောင်းတယ်.. သိပ်ကောင်းတယ်..ဟားဟား... "
ရှာကျူးက ဒေါသတကြီး ရယ်လိုက်ပြီး နှာခေါင်းရှုံ့ကာ..
" မာဟွာ.. မင်းက တကယ့် ယောကျ်ားပဲ.. ဒီနေ့ကစပြီး မင်းအတွက် လွယ်ကူတဲ့ အချိန်တွေ ရှိမှာမဟုတ်ဘူး.. ဒါ ငါ ရှာကျူး ပြောလိုက်တဲ့ စကားပဲ.. "
" ဘာပြောလိုက်တာလဲ.. "
ထိုအချိန်တွင် တာဝန်ခံဝမ် အပြင်မှ ဝင်လာသည် ။ သူက ရှာကျူးကို ပြုံး၍ ကြည့်ကာ..
" ရှာကျူး.. မင်း ဘယ်သူ့ကို ဘာလုပ်ချင်တာလဲ ... ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း.. "
ရှာကျူးက နောက်မဆုတ် ။ သူ နှာခေါင်းရှုံ့လိုက်ပြီး..
" ကျုပ် ပြောချင်တာကို ပြောတယ်ဗျာ.. မာဟွာကို လွယ်လွယ်ကူကူ နေခွင့် ပေးမှာမဟုတ်ဘူးလို့ ပြောတာ.. ခင်ဗျား ဘာလုပ်ချင်လဲ.. "
" ဟီးဟီး.. "
တာဝန်ခံဝမ်က ပြုံးလိုက်ပြီး..
" ဒါဆိုရင်တော့ ကန်တင်းရဲ့ တာဂန်ခံတစ်ယောက်အနေနဲ့ ငါ မကြားသလို ဟန်ဆောင်နေလို့ မရတော့ဘူး.. "
" မာဟွာ.. ရှာကျူးက မင်းကို ဒုက္ခပေးမယ်ဆိုရင် ငါ့ကိုသာ လာပြောလှည့်.. မင်းနောက်မှာ ငါ ရှိတယ်.. "
ထိုသို့ပြောပြီးနောက် သူက ရှာကျူးကို ထပ်ကြည့်လိုက်ပြီး..
" ရှာကျူး.. မင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဒုက္ခပေးနေတာကို ငါ သိရရင် ငါ သနားညှာတာမှု ကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့.. "